February 19, 2015

ယိုပေါက်ကြီးများ


       မြတ်စွာဘုရား ဟောထားတာကတော့ လောကမှာ စီးပွားရေးပစ္စည်းဥစ္စာတွေရဲ့ ယိုပေါက်
ကြီး ၆ -ခုဆိုတာ ဘာလဲဆိုတော့ ပစ္စည်းဥစ္စာဟာ ဘယ်တော့မှ မတည်ဘူးတဲ့၊ မြန်မာတွေကတော့ 
ပြောကြတယ်၊ “လူမိုက်နဲ့ငွေ အတူမနေ" ဘူးတဲ့၊ ပစ္စည်းဥစ္စာဟာ ပျောက်သွားတယ်၊ မြတ်စွာဘု
ရားက ဘာကို ဟောသလဲဆိုရင် ==

         နံပါတ် (၁) က အာလသျ - လူပျင်းနဲ့ဆိုရင် ငွေဟာ အတူမနေဘူးတဲ့၊ ပျင်းရိလို့ရှိရင် - 
ပျင်းတယ် ဆိုတာ- ပူလွန်းတယ်၊ အေးလွန်းတယ်၊ မိုးချုပ်လွန်းတယ်၊ ဆာနေသေးတယ်၊ မစားရ
သေးဘူး၊ စားပြီးပြီ၊ ဗိုက်လေးတယ် ဆိုတဲ့ အချက်တွေကို အကြောင်းပြပြီး အလုပ်မလုပ်ဘဲနဲ့နေ
တာကို ပျင်းတယ်လို့ ခေါ်ပါတယ်။ အဲဒီလိုပျင်းရိမှုဟာလည်း ပစ္စည်းဥစ္စာရဲ့ ယိုကျဖို့ရာ အပေါက်
တစ်ခုပါပဲ။
         နံပါတ် (၂) ကတော့ ပမာဒ တဲ့၊ အပျော်အပါးတွေဘက်ပဲ စိတ်ဝင်စားတယ်၊ ကောင်းကျိုး
ချမ်းသာဖြစ်ဖို့ စိတ်မ၀င်စားဘူး၊ လုပ်ငန်းကိုလည်း စိတ်မ၀င်စားဘူး၊ အပျော်အပါးတွေကို အမြဲ
တမ်း စိတ်ဝင်စားနေရင်လည်း ပျက်စီးနိုင်ပါတယ်။
         နံပါတ် (၃) က အနုဋ္ဌာန - လုပ်ငန်းတစ်ခုကို လုပ်တဲ့အခါမှာ တက်တက်ကြွကြွ မရှိဘူး၊ 
ဝတ်ကျေ တမ်းကျေပဲ လုပ်တယ်၊ သွက်သွက်လက်လက် လုပ်ရမယ့်ဟာကို သွက်သွက်လက်လက် 
မလုပ်ဘူး၊ ပျင်းပျင်းရိရိ လုပ်တယ်၊ အဲဒီလိုဟာမျိုး မဖြစ်ရဘူးတဲ့၊ ကြိုးကြိုးစားစား လုပ်ရမယ်၊ 
အဲဒီတော့ ပျင်းရိခြင်းဟာလည်း ဥစ္စာရဲ့ယိုပေါက် တစ်ခုပါပဲ။
         နံပါတ် (၄) က ကာမဂုဏ်အာရုံတွေထဲမှာ စိတ်ကို လွှတ်ထားပြီးတော့ ပျော်ပါးခြင်း 
ဟာလည်း ပစ္စည်းဥစ္စာရဲ့ ယိုကျတဲ့အပေါက်တစ်ခုပါပဲ။
         နံပါတ် (၅) က မစောင့်စည်းခြင်း၊ ကိုယ့်စိတ်ကိုလည်း မစောင့်စည်း၊ ကာယကံ ၀စီကံကို
လည်း မထိန်းသိမ်း မစောင့်ရှောက်၊ ကိုယ်ကျင့်တရားကိုလည်း မထိန်းသိမ်း မစောင့်ရှောက်၊ 
အဲဒါဟာ- စီးပွားရေး ယိုပေါက်တစ်ခုပါပဲ။
         နံပါတ် (၆) က အအိပ်ကြူးခြင်း၊ ဘယ်တော့ဖြစ်ဖြစ် အိပ်တာပဲ၊ အအိပ်များနေတယ်၊
အဲဒီဟာလည်းပဲ ပျက်စီးခြင်း အကြောင်းတစ်ခုပါပဲ။
         ဘာအလုပ်မှ မလုပ်ဘဲ အမြဲတမ်းအချိန်ကို ရွှေ့ချင်တယ်၊ စောသေးတယ်၊ အချိန်ရွှေ့
လိုက်တယ်၊ ၈-နာရီလောက် အလုပ် လုပ်ရမှာကို မလုပ်သေးပါဘူး၊ ၉-နာရီမှ လုပ်မယ်၊
၉-နာရီကျတော့လည်း ၁၀-နာရီကျမှ သွားတော့မယ်၊ အဲဒီလိုအချိန်တွေကို ရွှေ့ရွှေ့သွားတာမျိုးကို 
ဆိုလိုပါတယ်။
         အဲဒီအပေါက် ၆-ပေါက်ကို ပိတ်နိုင်မှပါ၊ မပိတ်နိုင်လို့ရှိရင် ပစ္စည်းဥစ္စာဟာ လူတွေနဲ့အတူ 
မရှိနိုင်ဘူးလို့ မြတ်စွာဘုရားက ဟောထားပါတယ်၊ အဲဒီလို-အပေါက် ၆ ပေါက်ကို ပိတ်တာ
တွေဟာ ကိုယ့်အတွက် ပစ္စုပ္ပန်ဘ၀မှာ ကောင်းကျိုး ရနိုင်သလို သံသရာအတွက်လည်း ကောင်းကျိုး
ရနိုင်ပါတယ်၊ မကောင်းတဲ့ အချက်အလက်တွေကို ရှောင်ပြီးတော့ ကောင်းတဲ့ အချက်အလက်တွေကို 
ကိုယ့်သန္တာန်မှာ ကျင့်ဆောင်ဖို့ အရေးကြီးပါတယ်။
         ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း အဲဒီလို-အပေါက် ၆ ပေါက်ကို 
ပိတ်တာတွေဟာ ကိုယ့်အတွက် ပစ္စုပ္ပန်ဘ၀မှာ ကောင်းကျိုး ရနိုင်သလို သံသရာအတွက်လည်း 
ကောင်းကျိုးရနိုင်တယ်လို့ နားလည်သဘောပေါက်ကြကာ ကိုယ်စီကိုယ်ငှ သဘောကျပြီးတော့ 
ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။ ။
 {၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော် (၄)ရက်နေ့၊ (၂၃-၁-၂၀၁၁) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ
ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ထေရ၀ါဒပသာရဏီ သိမ်တော်ကြီးအတွင်း ဒေါက်တာ အရှင်နန္ဒမာလာ
ဘိဝံသ  ဟောကြားအပ်သော“အခွင့်ကောင်းကို ရအောင်ယူ” တရားတော်မှ ကောက်နုတ်ရေးသား 
ပူဇော်ပါသည်။}
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment