October 30, 2015

ဝေဒနာနုပဿနာ သတိပြုစရာ

ခံစားမှု=ဝေဒနာကို ရှုရာမှာ သတိထားစရာ အချက်ကလေးတွေ ရှိပါတယ်။ ပထမဆုံး သတိပြုဖို့ကတော့ မဟာသတိပဋ္ဌာနသုတ် ဝေဒနာနုပဿနာအခန်းမှာ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူချက်အရ ခံစားမှု မှန်သမျှ ကောင်းကောင်း ဆိုးဆိုး ရှုသိနေရမှာ ချည်းပဲ ဆိုတာ သတိပြုဖို့ပါပဲ။ ချမ်းသာခံစားမှု (သုခဝေဒနာ) ပဲဖြစ်ဖြစ်၊ ဆင်းရဲခံစားမှု (ဒုက္ခဝေဒနာ) ပဲဖြစ်ဖြစ်၊ မချမ်းသာ မဆင်းရဲ ၀မ်းမနည်း ၀မ်းမသာ ခံစားမှု (ဥပေက္ခာဝေဒနာ) ပဲဖြစ်ဖြစ် ရှုသိနေရမှာချည်းပါပဲ။

တချို့က နာမှု၊ ကျင်မှုစတဲ့ ဒုက္ခဝေဒနာကို ရှုရင် အကုသိုလ်ဖြစ်တာမို့ မရှုကောင်းဘူးလို့ ယူဆကြပါတယ်။ နာမှု ကျင်မှုကို ခံစားနေရင်တော့ ဒေါသ ဒေါမနဿဖြစ်တာ မှန်ပါတယ်။ မြတ်စွာဘုရားက အဲဒီလို ခံစားနေဖို့ မိန့်ကြားတာ မဟုတ်ပါဘူး။ မခံသာတဲ့ ခံစားမှု ဆင်းရဲတဲ့ ခံစားမှု (ဒုက္ခဝေဒနာ) ကို ရှုသိနေဖို့ မိန့်ကြားတော် မူတာပါ။

ဒုက္ခသစ္စာ=ဆင်းရဲအမှန်တရားကို ပိုင်းပိုင်းခြားခြား သိရမယ် ဆိုတဲ့အတိုင်း သိအောင် ရှုနေခြင်း (သမ္မာသတိ) နှင့် မခံသာတဲ့ သဘောပဲလို့ အမှန်အတိုင်း သိနေခြင်း (သမ္မာဒိဋ္ဌိ) ဟာ အကုသိုလ် မဟုတ်ကြောင်း၊ ပုဗ္ဗဘာဂမဂ်ရဲ့ အစိတ်အပိုင်း မဂ္ဂင်တရားတွေသာ ဖြစ်ကြောင်း အားထုတ်ဖူးသူတိုင်း သိနိုင်လောက်ပါတယ်။

ဒါကြောင့်ပဲ မြတ်စွာဘုရားက ဆင်းရဲခံစားမှုကို ခံစားရလျှင်လဲ ဆင်းရဲခံစားမှုကို ခံစားရတယ်လို့ သိ၏ လို့ မဟာသတိပဋ္ဌာနသုတ် ဒေသနာတော်မှာ တိုက်ရိုက် မိန့်ကြားတော်မူတာပါ။

ဒီတော့ ထိုင်ပြီးရှုမှတ်တာ ကြာလာလို့ ညောင်းမှု ကျင်မှု၊ ထုံမှု၊ နာမှု၊ ကိုက်ခဲမှု စတဲ့ ဒုက္ခဝေဒနာ ဖြစ်လာရင် မူလ ရှုမြဲအာရုံကို လွှတ်ပြီး ညောင်းတယ် ကျင်တယ် ထုံတယ် နာတယ် စသည်ဖြင့် အဲဒီဝေဒနာ ရှိနေသမျှ ထပ်ခါထပ်ခါ ရှုရပါတယ်။

ဝေဒနာပြင်းထန်လာရင်လဲ သည်းခံပြီး ရှုနိုင်သမျှရှုရပါတယ်။ ဒီလို ရှုတာဟာ ခံစားမှု ဝေဒနာက္ခန္ဓာရဲ့ သဘောကို သဘာဝအတိုင်း သိရအောင် ရှုနေခြင်းပါပဲ။ ဒုက္ခဝေဒနာ ပျောက်သွား ပြေသွားအောင် ရှုရတာ မဟုတ်ပါဘူး။

သို့သော်လဲ ရှုပါများလို့ စိတ်တည်ငြိမ်မှု သမာဓိ အားကောင်းလာတဲ့အခါမှာ ဝေဒနာဟာ လျော့ရင်လဲ လျော့သွားတတ်ပါတယ်။ ဆက်မဖြစ်တော့ဘဲ အဖြစ်ရပ်ပြီး ပျောက်သွားရင်လဲ ပျောက်သွားတတ်ပါတယ်။

တရားထိုင်စမရှိတဲ့ ပုဂ္ဂိုလ်များမှာ အားထုတ်စမယ် ထိုင်လို့ ၁၀ မိနစ်လောက် ကြာရင်ပဲ ညောင်းတာ၊ ကျဉ်တာ၊ နာတာ၊ ကိုက်တာ စတဲ့ ဒုက္ခဝေဒနာ တခုခုကို ခံစားရတတ်ပါတယ်။ ထိုင်နေကျသူများမှာတော့ အားထုတ်စမှာ တနာရီခန့်ကြာမှ ဒုက္ခဝေဒနာ တခုခုကို ခံစားရတတ်ပါတယ်။

ဒီလို ဒုက္ခဝေဒနာ ဖြစ်ပေါ်လာတဲ့အခါ အလွန်မထင်ရှားသေးရင် ပင်တိုင်အာရုံဖြစ်တဲ့ ဖောင်းမှု ပိန်မှု ထိုင်မှု ထိမှုကိုသာ ရှုမြဲရှုပေးရပါတယ်။ ပင်တိုင်အာရုံကို ရှုလို့ မရလောက်အောင် ညောင်းညာ၊ နာ၊ ကျဉ်၊ ကိုက်ခဲက ထင်ရှားလာမှသာ ကျဉ်တယ် ကျဉ်တယ် ၊ ကိုက်တယ် ကိုက်တယ် စသည်ဖြင့် တင်းတင်းရင်းရင်း စူးစူးစိုက်စိုက် ရှုပေးရပါတယ်။ ဝေဒနာအားသေးရင် မကြာမီမှာ လျော့ရင်လဲ လျော့သွားတတ်ပါတယ်။ ပျောက်ရင်လဲ ပျောက်ပျောက်သွားတတ်ပါတယ်။ ဝေဒနာအားကောင်းနေရင်တော့ ကြာကြာရှုမှတ်ပေမယ့်လဲ လျော့လဲမသွား၊ ပျောက်လဲမသွားဘဲ ပိုဆိုးလာတယ်လို့တောင် ထင်ရတတ်ပါတယ်။ အမှန်တော့ ပိုဆိုးလာတာ မဟုတ်ပါဘူး။ ဒုက္ခဝေဒနာရဲ့ မခံသာတဲ့ သဘော အခံခက်တဲ့သဘောကို ပိုသိလာခြင်းသာဖြစ်ပါတယ်။

ဝေဒနာကို ရှုရာမှာ လျော့တာ၊ ပျောက်တာ၊ သက်သာတာ၊ ပိုဆိုးတာက ပဓာန မဟုတ်ပါဘူး၊ ဝေဒနာရဲ့ သဘာဝလက္ခဏာ သာမညလက္ခဏာကို သိရေးသာလျှင် လိုရင်းပဓာနပါ။

အဲဒီ မခံသာတဲ့ ထိတွေ့ဆင်းရဲခံစားမှုကို နာတယ် နာတယ် ၊ ကျဉ်တယ် ကျဉ်တယ် စသည်ဖြင့် ရှုသိနေတာက သတိပဋ္ဌာန်ဝိပဿနာ ကုသိုလ်စိတ်ပါ။

မခံသာတဲ့ ဆင်းရဲကို ခံစားတဲ့သဘော ဒုက္ခဝေဒနာက ဒေါမနဿအကုသိုလ်၊ အဲဒီ ခံစားမှု အကုသိုလ် ဒေါမနဿဝေဒနာကို သတိဦးစီးတဲ့ စိတ်နဲ့ရှုသိနေတာက ၀ိပဿနာကုသိုလ်စိတ်လို့ ခွဲခွဲခြားခြား ကွဲကွဲပြားပြား သိပြီး ရှုမှတ်ဖို့လိုပါတယ်။

ခွဲခွဲခြားခြား နားလည်သဘောပေါက်ပြီး ဝေဒနာကို နာတယ် နာတယ် ၊ ကျဉ်တယ် ကျဉ်တယ် စသည်ဖြင့် အတတ်နိုင်ဆုံး သည်းခံပြီး တင်းတင်း ရင်းရင်း စူးစူးစိုက်စိုက် ရှုမှတ်ရင် စိတ်တည်ငြိမ်လာတာနှင့်အမျှ ပထမဆုံး မခံသာတဲ့သဘော ဆင်းရဲတဲ့သဘောကို ပိုပို သိလာပါတယ်။ ဒါဟာ ဒုက္ခဝေဒနာရဲ့ သီးသန့် ပင်ကိုယ်ရင်း သဘော သဘာဝလက္ခဏာကို ပိုင်းပိုင်းခြားခြား သိလာတာပါပဲ။

အဲဒီလို သိရာကနေပြီး တဖြည်းဖြည်း ဝေဒနာ လျော့ရင်လဲ လျော့သွားတတ်ပါတယ်။ ပျောက်ရင်လဲ ပျောက်သွားတတ်ပါတယ်။ ပျောက်သွားရင်တော့ ပင်တိုင်အာရုံဖြစ်တဲ့ ဖောင်းမှု ပိန်မှုကို ရှုနေကျအတိုင်း ပြန်ရှုရပါတယ်။

မလျော့ဘဲ မပျောက်ဘဲ ပိုပြီး နာကျဉ်လာတယ် ဆိုရင်လဲ ရှုမှတ်မှု လွှတ်မပစ်ရပါဘူး၊ သည်းညည်းခံ နိဗ္ဗာန်ရောက် ဆိုတဲ့ စကားကို စိတ်မှာ ထားပြီး သည်းခံနိုင်သမျှ အောင့်အည်း သည်းခံကာ ဆက်လက် ရှုမှတ်ရပါမယ်။

ဖြစ်ပေါ်လာတိုင်းသော ဆင်းရဲကို ကြီးမားသော ၀ီရိယဖြင့် လွှမ်းမိုး၍ ၀ိပဿနာဘာဝနာကို ပြီးစီးစေ၏ ဆိုတဲ့ မဟာဋီကာ မှာ လာရှိတဲ့ စကားကို စိတ်မှာထားပြီး မလျှော့တဲ့ ဇွဲလုံ့လ၀ီရိယနဲ့ သဲသဲမဲမဲ ရှုမှတ်ရပါတယ်။

အဲဒီလို ဇွဲကောင်းကောင်းနဲ့ ရှုမှတ်ရင် မကြာမီဘဲ နာမှုနဲ့ ရှုသိစိတ်၊ ကျဉ်မှုနဲ့ ရှုသိစိတ် စသည်ဖြင့် တစုံစီ တစုံစီ တတွဲစီ သိလာရပါတယ်။ ဒါဟာ အရှုခံ နာမ်တရားနဲ့ ရှုသိတဲ့ နာမ်တရားကို ပိုင်းပိုင်းခြားခြား သိခြင်းပါပဲ။ ဒီအခါမှာ နာမှု ကျဉ်မှုရဲ့ တည်ရာ လက် ခြေ ခါး စသည်ကို မတွေ့ရတော့ဘူး။ ပုဂ္ဂိုလ်သတ္တ၀ါ အနေနဲ့လဲ မတွေ့တော့ပါဘူး။ နာသဘော ကျဉ်သဘော သက်သက်ပဲ သိရ တွေ့ရပါတော့တယ်။ ဒါဟာ သက္ကာယဒိဋ္ဌိကို ၀ိပဿနာဉာဏ်က တဒင်္ဂပဟာန်အနေနဲ့ ပယ်သတ်ထားတာပါပဲ။

အဲဒီလိုအခါမှာ ရှုမှတ်လို့ အလွန်အရသာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုဂ္ဂိုလ်သတ္တ၀ါ ငါ မပါတော့တဲ့ အတွက် နာမှု ကျဉ်မှုစတဲ့ ခံစားမှုသဘောမျှကိုသာ ရှုလိုက်တိုင်း သိရုံမျှ သိရုံမျှ သိနေရလို့ပါပဲ။

အဲဒီလို နာမှုကျဉ်မှုစတဲ့ ဒုက္ခဝေဒနာတွေကို မခံသာတဲ့သဘော၊ ဆင်းရဲတဲ့သဘော သက်သက်မျှပါလားလို့ ကိုယ်တွေ့ဉာဏ်နဲ့ သိနေတာက ဒုက္ခဝေဒနာရဲ့ အရှိသဘာဝကို အရှိအတိုင်း သိနေခြင်းပါပဲ။ ငါနာတယ် ငါကျဉ်တယ် လို့ ပုဂ္ဂိုလ် သတ္တ၀ါအနေနဲ့ မသိ မမြင်ဘဲ နာမှုကျဉ်မှုသဘောနဲ့ ဒီသဘောကို သိနေတဲ့ စိတ်ကလေးမျှပဲလို့ အရှိအတိုင်း သိနေပါတယ်။ ဒီလို ငါ မပါတဲ့ အသိကို အတွေးအမြင် ဒဿနပညာနဲ့ ဆင်ခြင်တွေးခေါ်လို့ မသိနိုင် မရနိုင်ပါဘူး။ ရုပ်နဲ့ နာမ်ကို သူ့အရှိသဘာဝအတိုင်း စောင့်ရှုရာက ဖြစ်ပေါ်လာတဲ့ ကိုယ်တွေ့ (ဘာဝနာ) ဉာဏ်နဲ့မှသာ သိနိုင် ရနိုင်ပါတယ်။

အဲဒီလို ရှုနေဆဲမှာ ဝေဒနာဟာ အမြင့်ဆုံး အခြေအနေအထိ တက်သွားပြီး တဖြည်းဖြည်း လက်သန်း တထောက်စာ နေရာကလေးမှာ စုခဲလာရာက ဖြာခနဲပေါက်ကွဲ ကျေပျက်ရင်လဲ သွားတတ်ပါတယ်။ တဖြည်းဖြည်း တရစ်စီ တရစ်စီရင်လဲ ပျောက်ပျောက်သွားတတ်ပါတယ်။ ဒါဟာ ဝေဒနာရဲ့ မတည်မြဲတဲ့သဘော အနိစ္စ လက္ခဏာကို သိခြင်းပါပဲ။ မတည်မြဲတဲ့သဘောကို သိမြင်ရတော့ ဆင်းရဲတဲ့သဘော ဒုက္ခလက္ခဏာ၊ အလိုအတိုင်း မဖြစ်တဲ့သဘော အနတ္တလက္ခဏာကိုလဲ သိရ မြင်ရတော့တာပါပဲ။

ဒီ အနိစ္စ ဒုက္ခ အနတ္တ သဘောသုံးမျိုးဟာ ရုပ်တိုင်း နာမ်တိုင်းမှာ ရှိလို့ သူတို့ကို ရုပ်နာမ်တို့ရဲ့ သာမည လက္ခဏာများလို့ ခေါ်ပါတယ်။

ဝေဒနာကို အောင့်အည်းသည်းခံကာ ၀ီရိယ ကြီးကြီးထား သမ္မာဝါယမ အားသွင်းပြီး စူးစူးစိုက်စိုက် ရှုမှတ်ရင် အခုပြောခဲ့တဲ့အတိုင်း သဘာဝလက္ခဏာ၊ သာမညလက္ခဏာတွေကို သိတဲ့ သမ္မာဒိဋ္ဌိ=အသိမှန် အမြင်မှန် ၀ိပဿနာဉာဏ်တွေ ဖြစ်ရုံမျှမက ဝေဒနာကို မြန်မြန်လဲ ကျော်လွန်နိုင်ပါတယ်။

အဲဒီနောက် တရားရင့်လာတဲ့အခါကျတော့ နာတာလေး ပေါ်လာလိုက်၊ ရှုလိုက်၊ ဖြုတ်ကနဲ ပျောက်သွားလိုက်၊ ကျဉ်တာလေး ပေါ်လာလိုက်၊ ရှုလိုက်၊ ဖြုတ်ကနဲ ပျောက်သွားလိုက် ဒီလို တွေ့ရပါတယ်။

ဖြုတ်ကနဲ ဖြုတ်ကနဲ ပေါ်၊ ရှု၊ ပျောက်။ ပေါ် ၊ ရှု ၊ ပျောက် နဲ့ ခဏကလေးတောင်မှ တည်မနေဘဲ ချက်ချင်း ပျောက်ပျောက်သွားတာပဲ တွေ့ရတတ်ပါတယ်။ ဝေဒနာ ဗုဗ္ဗုဠုပမာ= ဝေဒနာစက် ရေပွက်ပမာ ဆိုတဲ့ ရှင်တော်မြတ်ဘုရားရဲ့ တရားတော် အလွန်မှန်တာကို ဘာဝနာဉာဏ်နဲ့ တွေ့ရတော့ အတိုင်းမသိ ၀မ်းသာ ရပါတယ်။ ၀မ်းသာတော့လဲ .. ၀မ်းသာတယ် ၀မ်းသာတယ် .. လို့ မလွတ်တမ်း ရှုလိုက်ရပါမယ်။

အခုပြောခဲ့တဲ့အတိုင်း အရှုခံရုပ် အရှုခံနာမ်တွေ ဖြုတ်ကနဲ ပျောက်ပျောက်သွားတာကို သိမြင်နေရတာလဲ ဖြစ်မှု ပျက်မှု အရှိသဘာဝကို အရှိအတိုင်း အမှန်အတိုင်း ကိုယ်တိုင်တွေ့သိနေခြင်းပါပဲ။

အဲဒီလို သိလာတဲ့အခါမှာ ဝေဒနာကို ရှုရတဲ့ တန်ဖိုး ဘယ်လောက်ကြီးမားတယ်၊ ဘယ်လောက် အဖိုးတန်တယ် ဆိုတာ သဘောပေါက်ရသလို ဝေဒနာကို မဆုတ်မနစ် အားမာန်သစ်ပြီး ရှုဖို့ရာ ဘယ်လောက် အရေးကြီးတယ် ဆိုတာလဲ သိမြင်လာပါတယ်။

ဒါထောက်ခြင်းအားဖြင့် ဝေဒနာကို ရှုတာဟာ မခံသာတဲ့ အခံခက်တဲ့ ဒုက္ခဝေဒနာ ပျောက်ငြိမ်းသွားဖို့ ရှုရတာ မဟုတ်ဘူး။ ဝေဒနာရဲ့ အရှိသဘာဝကို အမှန်အတိုင်း သိဖို့ ရှုရတယ်ဆိုတာ အလွန်ထင်ရှားပါတယ်။

ဒုက္ခဝေဒနာကို ရှုရာမှာ ရှုနည်း သုံးနည်း ရှိပါတယ်။ ပထမနည်းက စစ်ပွဲမှာ သူနိုင်ကိုယ်နိုင် ရင်ဆိုင် တိုက်သလို ဝေဒနာကို မရှောင်ဘဲ အလျှော့မပေးဘဲ တင်းတင်းရင်းရင်း စူးစူး စိုက်စိုက် အင်နဲ့ အားနဲ့ ဖိပြီး ရှုတဲ့ နည်းပါ။

ဒီနည်းဟာ အကြမ်းနည်းဖြစ်လို့ ပင်ပန်းတော့ ပင်ပန်းပါတယ်။ သို့သော်လဲ ဝေဒနာရဲ့ သဘောကို မြန်မြန်သိပြီး ဝေဒနာကို မြန်မြန် ကျော်လွန်စေတဲ့နည်း ဖြစ်ပါတယ်။

ဒုတိယနည်းက ရန်သူ့တပ်က ကိုယ့်တပ်နဲ့ မယှဉ်သာအောင် အား အလွန်ကောင်းနေတဲ့အခါမှာ ရင်ဆိုင် မတိုက်ဘဲ ပြောက်ကျားစနစ်သုံးပြီး တိုက်ရတာမျိုးပါပဲ။ ဝေဒနာကို စွမ်းနိုင်သမျှ စူးစူးစိုက်စိုက် ရှုလိုက်ပြီး ဝေဒနာက လျော့မသွားဘဲ တင်းခံနေလို့ နည်းနည်းမောလာရင် ဖောင်းမှုပိန်မှုကိုဖြစ်စေ၊ တခြားရှုလို့ရတဲ့ အာရုံ တခုခုကိုဖြစ်စေ ပြောင်းရှု ရပါတယ်။ နေပူလွန်းတော့ အရိပ်မှာ ခဏ၀င်ခိုတဲ့ သဘောပါပဲ။ ရှုအား ရှိလာ ပြန်တော့ ဝေဒနာကို ရှုလိုက်၊ မောပြန်တော့ တခြား အာရုံ တခုခုကို ရှုပြီး အရိပ်ခိုလိုက်၊ ဒီအတိုင်း ဝေဒနာကို ငြိမ်းသည်အထိ ရှုရပါတယ်။

တတိယနည်းကတော့ ရန်သူကို ချော့သတ်တဲ့ သဘောမျိုးပါပဲ။ ဝေဒနာ ဘယ်လောက် ပြင်းထန်ပြင်းထန် စူးစူးစိုက်စိုက် မရှုဘဲ ဝေဒနာကို မလွတ်ရုံကလေး ဖော့ဖော့ သာသာလေး ရှုရပါတယ်။ အဲဒါက မပင်ပန်းပါဘူး။ မြစ်ထဲမှာ လက်ပစ်ကူးလို့ မောလာတဲ့ လူဟာ တွေ့ရာ ၀ါးလုံးကလေး သို့မဟုတ် သစ်ချောင်းကလေးကို လက်ကလေးနဲ့ အသာမှေး ကိုယ်ကိုဖော့ပြီး ရေစီးအတိုင်း မျှောလိုက်နေတဲ့ သဘောမျိုးပါပဲ။ ဒီ ရှုနည်းက လူတော့ သက်သာပါတယ်။ ဝေဒနာကို သိဖို့နဲ့ လွန်ဖို့ကျတော့ အချိန်ကြာတတ်ပါတယ်။

အကောင်းဆုံးကတော့ ဒီသုံးနည်းကို အခြေအနေအရ လျော်သလို ပြောင်းလဲသုံးတာ အကောင်းဆုံးပါပဲ။

နောက်တစ်ခု သတိပြုဖို့က ဒုက္ခဝေဒနာကို ရှုမှတ်တဲ့အခါ လက်ဦးမှာ ဝေဒနာဟာ ပိုပိုပြင်းထန်လာတယ်လို့ ထင်ရပါတယ်။ ဒါကြောင့် တိုးရှုမှတ်ရင် တိုးနာလာမှာပဲလို့ ယူဆပြီး ဝေဒနာကို ရှုရမှာ ကြောက်ရွံ့ တွန့်ဆုတ် နေတတ်ပါတယ်။

အမှန်ကတော့ ဝေဒနာဟာ ပိုတိုးလာတာ မဟုတ်ပါဘူး။ သမာဓိမဖြစ်ခင် စိတ်မတည်ငြိမ်သေးလို့ သိပ်ပြီး ထင်ထင်ရှားရှား မသိရတဲ့ဝေဒနာကို စိတ်ငြိမ်လာ သမာဓိဖြစ်လာတော့ ရှုစိတ်က ပိုပြီး ထင်ထင်ရှားရှား ပြတ်ပြတ်သားသား သိလာလို့ ပိုပြီးနာလာတယ်လို့ ထင်ရတာပါ။ ဒါကြောင့် ရဲရဲဝံ့ဝံ့သာ ဆက်ပြီး ရှုပါ။ ဝေဒနာရဲ့ သဘာဝအမှန်ကို သိပြီး မကြာခင် လျော့သွား ပျောက်သွားမှာပါ။

ပြီးတော့ နောက်တခု သတိပြုဖို့က တရားရှုမှတ်တဲ့အခါ တွေ့လာရတဲ့ ဝေဒနာကိုသာ ရှုရမယ်။ ပကတိ ရောဂါဝေဒနာကို မရှုရဘူးလို့ ထင်မှတ် နေတတ်ပါတယ်။ အဲဒီ အထင်ဟာ မမှန်ပါဘူး။ တရား ဝေဒနာလဲ ရုပ်ကို မှီဖြစ်တဲ့ နာမ်တရား၊ ပကတိ ရောဂါဝေဒနာလဲ ရုပ်ကို မှီဖြစ်တဲ့ နာမ်တရားပါပဲ။ ရုပ်နာမ် မှန်သမျှ မှန်သမျှ ရှုရမယ့် တရားချည်းပါပဲ။ မရှုရမည့် ရုပ်နာမ်တရားဆိုတာ မရှိပါဘူး။ ဒါကြောင့် တရားဝေဒနာပဲဖြစ်စေ၊ ရောဂါဝေဒနာပဲဖြစ်စေ ဝေဒနာမှန်သမျှ သူရဲ့ မမြဲ ဆင်းရဲ ပုဂ္ဂိုလ် သတ္တ၀ါ အတ္တ မဟုတ်တဲ့သဘောကို အမှန်အတိုင်း သိအောင် ရှုရမှာချည်းပါပဲ။

သို့သော် တခုသတိပြုဖို့ကတော့ ဝေဒနာကို ရှုတာဟာ ပျောက်ဖို့ ရှုတာမဟုတ်၊ သိဖို့ ရှုတာဆိုတဲ့ အချက်ပါပဲ။

ဒါကြောင့် ခံစားမှုဝေဒနာမှန်သမျှ တရားဝေဒနာပဲဖြစ်စေ၊ ရောဂါဝေဒနာပဲဖြစ်စေ၊ ကောင်းကောင်းဆိုးဆိုး သူ့အရှိသဘာဝအတိင်း သိရအောင် စူးစူးစိုက်စိုက် ရှုမှတ်ရမှာချည်းပါပဲ။

မြတ်စွာဘုရားကလဲ ကောင်းခံစား= သုခဝေဒနာ၊ ဆိုးခံစား= ဒုက္ခဝေဒနာ၊ မကောင်းမဆိုး ခံစား= ဥပေက္ခာဝေဒနာ၊ ဒီ သုံးမျိုးမှာ ဘယ်ဝေဒနာပဲပေါ်ပေါ် ရှုသိနေဖို့ ဟောတော်မူပါတယ်။

ဒုက္ခဝေဒနာ ရှုမှုနဲ့ ပတ်သက်လို့ ဝေဒနာကို အစွမ်းကုန် အောင့်အည်းသည်းခံပြီး ရှုမှတ်သော်လဲ လျော့မသွား ပျောက်မသွားရင်တော့ သည်းမခံနိုင်တဲ့အဆုံးမှာ ပြင်ချင်စိတ် ဖြစ်ပေါ်လာတာဟာ သဘာဝပါပဲ။ အဲဒီလို ပြင်ချင်စိတ် ပေါ်လာရင် ပြင်ပြီး ဆက်မထိုင်ပါနဲ့။ ပြင်ပြီး ဆက်ထိုင်ရင် အကျင့်ပါသွားပြီး နောက်ကျတော့ နည်းနည်း နာရုံကလေးနဲ့ဖြစ်စေ၊ လုံးဝ မနာကျဉ်ဘဲနဲ့ ထိုင်တာ အချိန်ကြာလို့ဖြစ်စေ ပြင်ချင်စိတ်ပေါ်ပြီး ချက်ချင်း ပြင်ပြင် ပစ်တတ်ပါတယ်။ ဒီလိုဆိုရင် သမာဓိအရှိန် ပျက်ပျက်သွားပါတယ်။

ဒါကြောင့် မခံသာလွန်းလို့ ပြင်ချင်စိတ် ဖြစ်နေရင် ပြင်မထိုင်ဘဲနဲ့ ထပြီး စင်္ကြန်လျှောက်ပါ။ လျှောက်တဲ့ အခါမှာလဲ အနာပျောက် အညောင်းပြေရုံ ခဏကလေး မလျှောက်ပါနဲ့၊ အနည်းဆုံး တနာရီ တနာရီသာသာ လျှောက်ပါ။ ပြီးမှ ပြန်ထိုင်ပါ။

ဝေဒနာနဲ့ပတ်သက်လို့ နောက်တခုက နာတာ ကျဉ်တာ စိတ်ဆင်းရဲတာကို ရှုမှတ်ဖို့ သတိရလွယ်ပေမယ့် ကောင်းတာ ချမ်းသာတာကျတော့ ရှုမှတ်ဖို့ တော်တော်နဲ့ သတိမရဘဲ သာယာနှစ်သက်ပြီး ရှုမှတ်မှု လွတ်နေတတ်တာမို့ အထူးသတိထားရပါတယ်။

ကောင်းတာ ချမ်းသာတာကိုလဲ ရှုမှတ်ရမှာပဲလိုက အမြဲ သတိရှိပြီး ၀မ်းသာရင် ၀မ်းသာတယ် ၀မ်းသာတယ် ၊ ပျော်ရင် ပျော်တယ် ပျော်တယ် ၊ ရှုမှတ်လို့ကောင်းရင် ကောင်းတယ် ကောင်းတယ် ၊ ငြိမ့်ရင် ငြိမ့်တယ် ငြိမ့်တယ် ၊ နှစ်သက်ရင် နှစ်သက်တယ် နှစ်သက်တယ် ၊ သာယာရင် သာယာတယ် သာယာတယ် ၊ သဘောကျရင် သဘောကျတယ် သဘောကျတယ် ၊ ပီတိဖြစ်ရင် ပီတိဖြစ်တယ် ပီတိဖြစ်တယ် ၊ စသည်ဖြင့် ပျောက်သွားသည်အထိ စူးစူးစိုက်စိုက် ရှုမှတ်ရပါမယ်။

ဒီလို အဆက်မပြတ် ရှုမှတ်ပွားများအားထုတ်မှသာ ဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့ အလိုတော်ကျ တရားလဲ ရနိုင်ပါတယ်။

မေတ္တာဖြင့်
tno

မှတ်ချက်။ ။ ချမ်းမြေ့ဆရာတော်ဘုရား ညွှန်ကြားပြသသော သတိပဋ္ဌာန်ဝိပဿနာ အားထုတ်ပုံ တရားတော်အား ဆီလျော်သလို ပြန်လည်၍ မှတ်စုထုတ်ရေးသားပါသည်

https://www.facebook.com/permalink.php?story_fbid=160729557603364&id=100009989626063

https://www.facebook.com/%E1%80%93%E1%80%99%E1%81%BC%E1%80%95%E1%80%AB%E1%80%9C-1451534851734569/

“အပိုအလုပ်တွေနဲ့ အလုပ်တွေမပိုပါစေနဲ့”

ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဆောင်ရွက်နေကြတဲ့ ကိစ္စများအနက် တချို့ဘာသာရေး ကိစ္စတွေဟာ မလိုအပ်ပါဘဲ အစဉ်အလာ အရ ဆောင်ရွက်နေကြ ရတယ်။ နှစ်ကာလကြာလာတော့ မလိုအပ်ဘဲ ဆောင်ရွက်နေတဲ့ ကိစ္စများကိုပင် အဓိကအဖြစ် မှတ်ယူလာကြတယ်။

 အဲဒီကိစ္စကို မဆောင်ရွက်က မဖြစ် ဆိုတာမျိုးတွေထိတောင် အသိတွေက လွဲချော်လာကြတယ်။ အပိုအလုပ် တွေနဲ့  အလုပ်တွေ ပိုလာကြတယ်။ ဒါကြောင့် အပိုအလုပ်တွေ မလုပ် ကြဘဲ အဓိကကုသိုလ် အလုပ်ကို ဇောက်ချလုပ်ဆောင် ခြင်းဖြင့် ကုသိုလ်များများရအောင် ဆောင်ရွက်တတ်ဖို့ကို အကြံပြုလိုက်ပါတယ်။

အခု နွေရောက်ပြီ ၊ကျောင်းတွေပိတ်ပြီမို့ ဗုဒ္ဓဘာသာများပီပီ သားများမြေးများကို သာသနာ့အမွေ ရှင်ပြုရဟန်းခံ ကုသိုလ်ပွဲများ ဆောင်ရွက်ကြတော့ မယ်။ ရှင်ပြုပွဲတို့တွင် ကုသိုလ်မရတဲ့ အပိုအလုပ်တွေကို မလုပ်ကြတော့ဘဲ ကုသိုလ်စစ်စစ် ရတဲ့ ရှင်ပြုပွဲတွေ ဆောင်ရွက်ကြရအောင်ပါ။ ယခု ကမ္ဘာ မှာရော မြန်မာမှာပါ ယခု စီးပွားရေးတွေ လုပ်လို့ကိုင်လို့ မကောင်းဘူးဟု အများစုငြီးတွားနေကြတဲ့ အသံတွေကို ကြားနေရတာမို့ အပိုအလုပ်တွေကို မလုပ်ခြင်းင်းဖြင့် ချွေတာရာလည်းကျ။ကုသိုလ်လည်း အပြည့်ရဖို့ ဖြစ်တယ်။

အလွဲကို လွဲတယ်လို့ မသိဘဲ အမှန်လို့ ထင်မြင်ယူဆ ဆောင်ရွက်ကြခြင်းဟာ အမှားကို အမှန်ထင်၊ အနှစ်ကိုအကာ မြင်လို့ ဖြစ်ပါတယ်။ အကာကို အနှစ်လို့ မြင်ရင် အနှစ်ကို ပစ်၊ အကာကို အလေးထား ချစ်ခင်တတ်တာ လူ့သဘာဝပါ။ ထိုအခါ အချိန် ငွေကြေး လုပ်အားစတဲ့ ကုသိုလ်မရတဲ့ အလုပ် အပိုတွေကို ပိုလုပ်ကြရပါမယ်။

ရှင်ပြုတဲ့အခါ နတ်ပြတဲ့ကိစ္စဆိုပါတော့။ ရဟန်းတော်များ သိကြပါတယ်။ ကိုရင်ဝတ်ခြင်းနဲ့ နတ်ပြခြင်း ဘာမှမဆိုင် ဆိုတာ၊ ဒါပေမယ့် အစဉ်အလာ အရ ဆောင်ရွက်လာကြတော့ မပြောသာတော့ဘူး။ ကာလကြာလာတာနဲ့အမျှ ဘာသာရဲ့ ဓလေ့ထုံးစံ၊ လူမျိုးရဲ့ ယဉ်ကျေးမှု့ လို ဖြစ် ပြီး နေရာ ယူလာ တယ်။ နတ်ပြစရာမလိုဘူးဟု ပြောရင် အလှူဒကာ၊ အလှူ့အမတို့က လက်မ ခံချင်ကြဘူး၊ နတ်မပြရင်ဘဲ သားမောင် ရှင်ေ လာင်း တစ်ခုခုဖြစ်မလားလို့ စိုးရိမ်လာတတ်ကြတယ်။

“လူကြီးသူမတို့ကလည်း နတ်ပြဖို့ လုပ်ကြလေ” ဟု ဆိုကာ လက်ချာပေးတတ်ကြတယ်။ အမှန်တော့ သူတို့လည်း ဂဃဏန သိကြတာမဟုတ်၊ အစဉ် အလာအရ လုပ်ရတဲ့ကိစ္စမို့သာ လူကြီးပီပီ ပြောရခြင်း ဖြစ်တယ်။

နတ်မပြလည်း ဘာမှမဖြစ်ပါ၊ မောင်ရှင်လောင်းနတ်ပြခြင်းဟာ ဘယ်ခေတ်က ပေါ်ပေါက်ခဲ့တယ်ဆိုတာတော့ တိတိကျ ကျ မသိရ။ ဒါပေမဲ့ ဘုရား အလောင်း သိဒ္ဓတ္တမင်းသား ထွက်တော်မူ နန်းကခွါတဲ့အခါ မြို့တံခါးအထွက်မှာ မာရ်နတ်ကတားပါတယ်။ တောမထွက်ပါနဲ့ (၇)ရက်အတွင် စကြာ ရတနာဆိုက်ပြီး ကျွန်းငယ်နှစ်ထောင်ခြံရံပြီး ကျွန်းလေးကျွန်းကို အုပ်စိုးနိုင်တဲ့ စကြာမင်းဖြစ်ပါလိမ့်မယ်လို့ မက်လုံးပေးတယ်။ မာရ်နတ်တားနေ ဟန် ပုံသဏ္ဍာန်ကို မြင်ဖူးကြမှာပါ။

“စကြာမင်းစည်းစိမ် မလိုကြောင်း၊ ဘုရားအဖြစ်သာ လိုကြောင်း၊ထို့ကြောင့် ရှေးကဖယ်ပါ”  ဆိုကာ ထွက်တော်မူပါ တယ်။ မာရ်နတ်ကြီးကလည်း ဘုရားမဖြစ်အောင် ဘုရားဖြစ်တဲ့အထိ လိုက်ပါ နှောက်ယှက်တယ်။ ဘုရားဖြစ်သွားရင် သုံးဆဲ့တစ်ဘုံဟူသော ဝဋ်နှောင်အိမ် အတွင်းမှနေ ဘုရားရှင်နဲ အတူ လူနတ်ဗြဟ္မာသတ္တဝါအားလုံး လွတ်မြောက်ခြင်းကို မလိုလားလို့ ဖြစ်တယ်။

စာရေးသူတို့ ငယ်စဉ်က သင်္ကန်းဝတ်ကြမဲ့ မောင်ရှင်လောင်းများဟာ သစ်ပင်ပေါ်စတဲ့ အမြင့်တွေကို မတက်ကြရ ဘူး။ မာရ်နတ်က တွန်းချတတ် တယ်လို့ ဒေသအယူရှိကြတယ်။ အလှူ့ဒါယကာထံမှ ငွေရဖို့ အပျော်ရှင်လောင်းဖွက်ကြတယ် ဆိုတာကလည်း မာရ်နတ်က နှောက်ယှက်သလိုမျိုး ကြန့်ကြာအောင် ဖေါ်ဆောင်ကြခြင်း ဖြစ်တာကို တွေးမိပါတယ်။

အဲဒီနတ်ပြခြင်းကိစ္စ ဆောင်ရွက်နိုင်ဖို့ အချိန်ပေးကြရတယ်၊ ရန်ကုန်မြို့တော်မှာဆို သီးသန့်ကားစီစဉ်ကြရတယ်။ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းနဲ့ လုပ်ဆောင်ကြရတယ်။ ကန့်တော့ပွဲပြင်ရတယ်၊ နတ်ကတော်(သို့မဟုတ်)နတ်ကိစ္စ ဆောင်ရွတ်တတ်သူ ရှာရတယ်။ ကျေးလက်တွေမှာဆို အဲဒီနတ်ပွဲကို ရွက်ပြီး ရွာပတ် ရှင်းလောင်းလှဲ့ လိုက်ရတဲ့သူ မသက်သာ လှဘူး။

စာရေးသူရဲ့ အမေ့မျိုးရိုးကြတော့ နတ်ပြရုံမျှ မရ၊ နတ်ဒိုးတီးပြီး နတ်ကျေနပ်စေရန် ဆောင်ရွက်ပေးရတယ်။ အချို့ ဆို နတ်ကနားပင် ကပေးကြရ တယ်။ အချိန်ကုန် ငွေကုန်ဖြစ်မည့်အပြင် အလုပ်များကာ ခေါင်းရှုပ် လိုက်မည်ဖြစ်ခြင်း စဉ်းစာဖို့ပါ။

အမရပူရမြို့၊မဟာဂန္ဓာရုံကျောင်းတိုက်နေစဉ်က ဆရာတော်ကြီးက အလှူဒကာ/အလှူအမတွေကို အမြဲဆုံးမတယ်။ ဘယ်လို ဆုံးမလဲဆိုရင် “ရှင်ရာဟုလာ၊ ရှင်ဘုရင့် မြေး၊ ရှင်ပဏ္ဍိတ သူဋ္ဌေးသားလေး၊ရှင်ရေဝတ  အရှင်သာရိပုတြာညီ သင်္ကန်း ဝတ်တယ်၊ ဘယ်နတ်မှ မပြဘူး၊ ရှင်လောင်း မလှည့်ဘူး၊ ကျောင်းတော်သွား သင်္ကန်းဝတ်လိုက်တာဘဲ”  နတ်မပြနဲ့ ရှင်လောင်း မလှည့်နဲ့ မလိုဘူး၊ အပိုအလုပ်တွေတဲ့။

အဲဒါကြောင့် နတ်ပြခြင်းဟာ မာရ်နတ် မနှောက်ရှက်အောင်၊ မာရ်နတ်ကျေနပ်စေရန်  တောင်းပန်ခြင်း ၊ပြသခြင်းဖြစ် တယ်ဆိုရင်တော့ ဗုဒ္ဓနည်းလမ်း ကို ဆန့်ကျင်ရာလည်း ရောက်ပါတယ်။

လောကကြီးကိုယ်တိုင်က  အပို အလုပ်တွေနဲ့ အလုပ်ပိုတွေ ပိုလုပ်နေရတာကို အသားကျနှစ်ခြိုက်နေလေတော့ ပြောရခက်လှတယ်။ အစဉ်အလာနဲ့ အရိုးကို အရွက်မဖုံးပါနဲ့ဆိုကာ အပြစ်တင်တတ်၍ အပိုအလုပ်တွေကို လုပ်ကိုင်နေကြ ရတယ်။ တကယ် လုပ်ကြရမဲ့ အနှစ်အပိုင်း မှာကျတော့ လစ်ဟာသွားပြန်ရော။ ကုသိုလ်နဲတာပေါ့။

အမှန်တော့ လှူဒါန်းကြတယ်ဆိုတာ ပူပန်မှု့ကင်းပြီး အေးအေးချမ်းချမ်း လုပ်ဆောင်ရမှာ ဖြစ်တယ်။ မပူမပင်ကြရတော့ စိတ်လည်းကြည်လင်တယ်။ အလှူဆိုတာ စိတ်ကြည်လင်မှု့ရှိပါမှ အကျိုးရကြောင်းကို ဗုဒ္ဓဘုရားရှင်က မိန့်တော်မူခဲ့ပါတယ်။

စာရေးသူရဲ့ ကျောင်းခွဲသည် အမှတ်(၁) စစ်မှုထမ်းဟောင်းရွာ၊(လေးဒေါင့်ကန်)ဒဂုံမြို့သစ်တောင်ပိုင်းမှာရှိတယ်။ ကျောင်းကလဲအသစ်၊ ရွာကလဲ တည်စဖြစ်၍ နတ်စင်နတ်ကွန်းမရှိ၊ တချို့အလှူရှင်များက ရှင်လောင်း+ရဟန်းလောင်းများကို နတ်ပြချင်ကြတယ်။ စာရေးသူက မပြလည်းရပါတယ် ဆိုတာကို လက်မခံချင်ကြဘူး။ ရွှေတိဂုံဘုရား သွားဖို့ရာမှာလည်း မတတ် နိုင်ကြ။ ဒါကြောင့်  “ကျောင်းရှေ့က သစ်ပင်မှာ နတ်ရှိတယ်၊ အဲဒီ သစ်ပင်မှာ ပြကြလို့”  စာရေးသူက ပြောလိုက်တယ်။ အဟုတ် ထင်ပြီး ပြကြတယ်။ ယခုတော့ စာရေးသူ နောက်မှန်သိသွားကြ၍ မပြကြတော့ဘူး။

ဒါ့အပြင် ငွေကုန်ကြေးကျ အမြောက်အများ အကုန်ကျခံ အပြိုင်အဆိုင် မောင်ရှင်လောင်း လှည့်ကြတယ်။ အဲဒါလည်း ရှင်ပြုတာနဲ့ ဘာမျှ မပတ်သက်ပါ။ အသိဒကာတစ်ဦး ပြောသလို “တပည့်တော်သား ရှင်ပြုရင် တောပြန်အလှူပေးမယ်” တဲ့။

ဘာလို့လဲဆိုတော့ “ဒါမှ သား မြင်းစီးပြီး ရွှေထီး ဆောင်ဖူးအောင်” တဲ့။ မှတ်သားလောက်ပါတယ်။ ရှင်လောင်းလှည့် တာ ထိုဒကာ ပြော သလို ရွှေထီးဆောင်း မြင်းစီးရခြင်း အကျိုးသာရှိပါတယ်။ ထူးပြီးတော့ ကုသိုလ်အပိုတော့ မရပါ။ သားငယ် မြေးငယ် မောင်ရှင်လောင်း များက ရှင်လောင်းလှည့်ချင်တဲ့ ဆန္ဒရှိရင်တော့လည်း တစ်မျိုးပေါ့နော်။

စာရေးသူတို့ ရန်ကုန်မြို့ကြီးမှာတော့ ရှင်လောင်းအမေနဲ့အမများက ပိုပြီးရှင်လောင်းလှည့်လိုကြ မလားဘဲ၊ ဘာကြောင့်လဲ ဆိုရင် ရှင်လောင်း အမေနဲ့အမတွေ ရှင်လောင်းလှည့်ရာမှာ ပြင်ဆင်ချယ်သထားလိုက်တာ သတိုးသမီးတောင်း ရှုံးလောက်တယ်။ ရှင်ပြုခြင်းနဲ့ မပတ်သက်ခြင်း၊ ကုသိုလ် မရခြင်းကို ပြောပြလိုတာပါ။ ရှင်းလောင်းလှည့်တာကို အပြစ်တင်ခြင်းမဟုတ်။

ဝိသာခါ သူဋ္ဌေးရဲ့ဇနီး ဒေါ်ဓမ္မဒိန္နာ ရဟန်းမဝတ်စဉ်က သူဋ္ဌေးက ဇနီး ရဟန်းမလောင်းလျာကို ရွှေထမ်းစင်ပေါ် တင်ပြီး ခန်းခန်းနာနားနဲ့ ကျောင်းတော်သို့ ပို့ဆောင်ပေးတယ်။ အလားတူ သီရိဓမ္မာသောကမင်းကြီးရဲ့ ညီတော်အိမ်ရှေ့မင်းသား တိဿကုမာရ ရဟန်းပြုတော့လည်း မင်းခန်းမင်းနာနဲ့ ကျောင်းတော်ကို ပို့ဆောင်ပေးပါတယ်။ ဘုရားအလောင်း သိဒ္ဓတ္တမင်းသား တော်ထွက်တော်မူစဉ်ကလည်း ကဏ္ဍကမြင်းကို စီးပြီး ထွက်တော်မူ နန်းကခွါတယ်။

ဒါတွေကို အတူပြုပြီး ယနေ့ခေတ် မြင်း၊ ထမ်းစင်၊ ဆင်၊ မော်တော်ကားများနဲ့ ရှင်လောင်းလှည့်ခြင်း ဖြစ်ဟန်တူပါတယ်။ အချို့ကြတောလည်း ကြွားချင် တာနဲ့ ငွေကြေးတွေ အပိုအကုန်ခံပြီး ရှင်လောင်းလှည့်ကြတယ်။ ဘိသိတ်မြောက်ခြင်း၊ ဆိုင်းဝိုင်းနဲ့ ဧည့်ခြင်းတွေလည်း နည်းတူဖြစ်တယ်။ ရှင်ပြုအလှူနဲ့ မပတ်သက်ဘဲ ပြည့်စုံသူတို့ရဲ့ ပကာသနသက်သက် ဖြစ်တယ်။

မလိုအပ်ဘဲ လုပ်နေရတဲ့ နောက်တစ်မျိုးကတော့ ပွဲပြင်ပေးရခြင်း ဖြစ်တယ်။ မဏ္ဍပ်ထိုးပြီးဆိုကထဲက ဦးရင်တိုင် အတွက် ငှက်ပျောနှစ်ဖီးနဲ့ အုန်းတစ်လုံးပွဲ၊ ရှင်ဥပဂုတ်ပွဲ၊ နတ်ပြရန်အတွက် နတ်ပွဲ၊ ဘုန်းကြီးကန့်တော့ရန်ပွဲကတော့ နှစ်မျိုးပြင်ကြရ တယ်။ ရှင်လောင်းလှည့်ရင် ပထမဆုံး ဘုန်းကြီးကျောင်းလာရတယ်။ ဒီမှာကန့်တော့ပွဲ တစ်ပွဲ၊နောင် သင်္ကန်းဝတ်တော့ ဘွဲ့ခံပွဲ၊ ရှင်အပါးရေအလိုက် နှစ်ပါး ဆို နှစ်ပွဲ။ မြင်းနဲ့လှည့် မယ်ဆို ရင် မြင်းကောင်ရေအလိုက် ပွဲပြပေးရတယ်။ ဆိုင်းပါပြန်တော့ ဆိုင်းအတွက်ပွဲ၊ နောက် ရေစက်ချတရားဟောတဲ့ ဆရာတော့်အတွက် တရားပွဲ-ငှက်ပျော်သုံးဖီးနဲ့ အုန်းတစ်လုံးပွဲတွေ ပြင်ရတာ ကလည်း မနည်းတော့ မသက်သာလှဘူး။

အဲဒီ ပွဲထိုခြင်းယဉ်းကျေးမှုဟာ နတ် ဘိုးတော် မယ်တော် အင်းအိုင်လက်ဖွဲ့စတာတွေက သက်ဆင်းလာဟန်တူပါ တယ်။ ယနေ့တိုင် ရွှေတိဂုံစတဲ့ တန်ခိုးကြီးဘုရားတွေမှာပင် ရွှေငှက်ပျော၊ ရွှေအုန်းသီးတွေနဲ့ ရှယ်ပွဲကြီး အသီးသီးနဲ့ တင်မြောက် ပူဇော်နေကြတာ တွေ့ကြရမှာပါ။

ကျောင်းနားက ကံဘဲ့ရပ်ကွက်မှာ ဟိန္ဒူဘုရားရှိခိုးကျောင်းတွေရှိတယ်။ ဟိန္ဒူပွဲတော်မှာ အုန်းငှက်ပျောနဲ့ပွဲပြင်ပြီး ပူဇော်တာကို တွေ့ရတယ်။ မြန်မာပွဲက အုန်းသီးကို အခွံနဲ့အတူ အုန်းသီးအလုံးလိုက် ပွဲပြင်တယ်။ ဟိန္ဒူဘုရားပွဲက အုန်းသီးကို အခွံ နွှာပွဲပြင်တယ်။ဒါဘဲ ထူးပါတယ်။

စာရေးသူတို့အရပ်မှာ အုန်းငှက်ပျော အလွန်ရှားလှတယ်။ ရှင်ပြုမယ်ဆိုက တစ်လတန်စေ၊ နှစ်လတန်စေ ကြိုးပြီး အုန်းသီးများကို ရှာဖွေစုဆောင်း ရတယ်။ ပွဲမပါရင် ရှင်ပြုလို့ မဖြစ်နိုင်ဟုပင် ရိုးသားပြီး သိနားလည်ခြင်းမရှိကြတဲ့ ကျေးလက် လူတို့က စွဲနေကြတယ်။ သူတို့အစွဲကို ရွာဦးကျောင်း ဆရာတော်ကလည်း ရှင်းမပြဘူး။ ရှင်းမပြတဲ့အပြင် ငှက်ပျောလှလှ၊ အုန်း ရင့်ရင့် လုပ်ကွနော်-ဟုပင် တချို့ကျောင်းထိုင်းက ခိုင်းတတ်သေးတယ်။ မခက်လား။

ကျောင်းကျက်သရေခန်းမှာ နွေရာသီကုန်ဆုံးသွားရင် အုန်းသီးတွေက ပစ်စလက်ခတ် ဖြစ်ကျန်ခဲ့တာ များလှတယ်။ ငွေကုန်ပြီး အကျိုးမများလှတာကို သိစေချင်တာပါ။

စာရေးသူငယ်စဉ်က အများစုကျောင်းထိုင် ဘုန်းတော်ကြီးများက ကြီးမှရဟန်းဖြစ်ကြတဲ့ နိက္ခမတွေများတယ်။ ငယ်ဖြူဆိုရင်လည်း ပိဋကတ်တတ် ကျွမ်းခြင်းမရှိကြတော့ ရှင်ပြုရာမှာ အုံးငှက်ပျောပွဲကို မပါမဖြစ်လို့ဘဲ အသိလွဲနေတော့ ဒကာ/ဒကာမတွေ အသိလွဲနေတာကို အပြစ်မဆိုသာဘူး။

အမှန်တော့ ရှင်ပြုတယ်ဆိုတာ ကိစ္စသုံးမျိုးဆောင်ရွက်တာ။ တစ်-ရှင်လောင်းရဲ့ခေါင်းပေါ်က ဆံပင်ကို ရိတ်ခြင်း၊ နှစ်-ဖန်ရေစွန်းတဲ့ အဝါရောင်သင်္ကန်း ဝတ်ပေးခြင်း၊ သုံး-သရဏသုံးပါး ဆောက်တည်ခြင်းတို့ဘဲ ဖြစ်ပါတယ်။

ဆံပင် ရိပ်ဖြတ်တဲ့အခါ “ ဆံပင် မွေးညှင်း ခြေသည်းလက်သည်း သွား အရေ”  ဆိုပြီး တစပဉ္စက ကမ္မဋ္ဌာန်းကို ရှင်လောင်းက ခေါင်းရိပ်ခံနေရင်း ဆိုနေရမယ်။ ဆရာဘုန်းတော်ကြီး ကိုယ်တော်တိုင် ကြောင့်ကြစိုက် ဆံချပေးခြင်းနဲ့ ကမ္မဋ္ဌာန်း (ဩဝါဒ)ပေးရပါမယ်။ ဒါမှ ရှင်လောင်း က ပိုပြီး အားကိုးလေးစားမှာ ဖြစ်တယ်။

ဘုရားရှင်လက်ထက်တော်က ခုနစ်နှစ်သား မောင်ရှင်လောင်းများဟာ ဆံရိတ်ပြီးတာနဲ့ ရဟန္တာများဖြစ်ကြသတဲ့။ ပါရမီရှင် ဖြစ်က တရားထူး တရားမြတ်ကို သိမြင်အောင် တစပဉ္စကကမ္မဋ္ဌာန်းကို နှလုံးသွင်းပြီး ခေါင်းရိပ်ခံရတာဖြစ်တယ်။

နေအရုဏ်ကို စောင့်လင့်နေတဲ့ ပဒုမ္မာကြာဟာ နေအရောင်ကို ရလိုက်တာနဲ့ ပွင့်သလိုမျိုး၊ ငုတ်နေတဲ့ပါရမီဟာ တစပဉ္စကကမ္မ ဋ္ဌာန်းသံ ကြားလိုက်တာနဲ့ ဉာဏ်ပွင့်ပြီး အရဟတ္တဖိုလ်တရားထူးကို ရနိုင်တယ်လို့ ဥပမာနဲ့တကွ ခိုင်ခိုင်မာမာ ပြဆိုထားတယ်။

ဒါ့အပြင် “ဆံပင်သည် ပုဂ္ဂိုလ်သတ္တဝါ သူငါတစ်ပါး ယောကျာ်းမိန်းမ မဟုတ်၊ ဆံပင်သည် အဆင်းအားဖြင့်လည်း ကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ ပုံသဏ္ဍာန်အားဖြင့်လည်းကောင်း၊ ဖြစ်ရာအရပ်အားဖြင့်လည်းကောင်း စက်ဆုပ်ရွံ့ရှာဖွယ် ကောင်း၏” ဟုလည်းကောင်း၊ “ငါ၏ကိုယ်မှာ နံ့သာမွေးကြိုင် မြဲခိုင်လှစွာ ကောင်းစွာပြုပြင် တန်ဆာဆင်လည်း အမြင်သာဟုတ်၊ အတွင်းပုတ် စက်ဆုပ်ဖွယ်ရာကြီးပါတကား” ဟုလည်းကောင်း အသုဘကမ္မဋ္ဌာန်းကိုလည်း ခေါင်းရိပ်ခံနေရင်း မောင်ရှင်လောင်း က ဆင်ချင်ရပါတယ်။

ဆံပင်အရှည်က ရှင်ရဟန်းနဲ့မသင့်လျော်ဟု ကြံတွေးတော်မူပြီး ဗုဒ္ဓလောင်းလျာက ဆံတော်ကို ပယ်(ရိတ်)တော်မူ တယ်။ “ဘုရားစင်စစ် ဧကန်ဖြစ်မယ်ဆိုရင် ဆံတော်(ဦးစွန်း)ဟာ ကောင်းကင်မှာတည်ပါစေ” လို့ အဓိဋ္ဌာန်နဲ့ ပစ်မြှောက်တဲ့အခါ သိကြားမင်းက ဆံတော်ကို ခံယူပြီး၊ တာဝတိံနတ်ပြည်မှာ စူဠာမဏိစေတီတည်ပါတယ်။ ဒါကို သာဓကပြုပြီး ရှင်လောင်းရဲ့ဆံပင် ကို ရိတ်ချခြင်းလိုက်တဲ့အခါ ဆံပင် မြေသို့ မကျစေရန် ဆံခံခြင်း ဖြစ်ပါတယ်။

ခေါင်းရိပ်ပြီးရင် လူနံ့ ပျောက်အောင်လို့ ဦခေါင်းကို နနွင်းမှုန့်နဲ့ ပွတ်ပေးပြီးမှ ရေချိုးရတယ်။ ကိုရင်ဝတ်ပြီးစ ဦခေါင်း ကလေးမှာ စိမ်းဖန်ဖန့်လေးနဲ့ ဝါဝင်းနေလို့ ကိုရင်အသစ်ကလေးက အလွန်ကျက်သရေရှိတယ်။

ခေါင်းရိပ်ပြီးနောက် ဖန်ရည်စွန်းတဲ့အဝါရောင်(အညိုရောင်)သင်္ကန်းကို ဝတ်ကြတဲ့အခါ ရိုးရိုးမဝတ်ကြဘဲ ရှေးဆရာ တော်ကြီးများက သင်္ကန်းကပ်၊ သင်္ကန်းတောင်း ၊ရှင်သာမဏေအဖြစ်တောင်းခံ ပါဠိများနဲ့ဝတ်ပေးကြရပါတယ်။

သင်္ကန်းတောင်းပါဠိများဟာ ကိုရင်ဝတ်ကြမဲ့ ရှင်လောင်းများရဲ့ သင်္ကန်းဝတ်ခြင်း ရည်ရွယ်ချက်တို့ကို ပါဠိလို ရေထား တာဖြစ်တယ်။ အားလုံးကြားဖူးကြတဲ့  “သကလဝဋဒုက္ခ” စတဲ့ ပါဠိများပါဘဲ။

“အလုံးစုံ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ တပည့်တော်လက်က သင်္ကန်းကို အလှူခံပါ၊ ပြီးတော့ တပည့်တော်ကို ကိုရင်ပြုပေးပါ။ အလုံးစုံ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ တပည့်တော်ကို သင်္ကန်းပြန်စွန့်ပါ၊ တပည့်တော်ကို ကိုရင်ပြုပေးပါ။အလုံးစုံ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်တဲ့ အနေနဲ့ ကိုရင်ဝတ်ပေးပါ”လို့ တောင်းဆိုတာ ဖြစ်တယ်။

အဘယ်မျှ ကောင်းတဲ့ရည်ရွယ်ချက်ဆိုတာကို သတိထားမိစေချင်ပါတယ်။သို့မှသာ သာသနာ့အမွေခံနိုင်မှာ ဖြစ်တယ်။ အားအားယားယား ရှိလို့ သင်္ကန်းတာဝတ်မဟုတ်ဘူး၊ အရက်ဖြတ်ချင်လို့ သင်္ကန်းတာမဟုတ်ဘူး။ကျန်းမာရေးမကောင်း လို့ ယာယီခန္ဓာ ပျောင်းဖို့ သင်္ကန်းဝတ်တာ မဟုတ်ဘူး။ အဖိုးအဘွား အသက်မထွက်ခင်လေး မြေးကို သင်္ကန်းလေးနဲ့မြင်သွား စေချင်လို့ သင်္ကန်းဝတ်ပေးတာ မဟုတ်ဘူးဆိုတာကို မိဘဖိုးဘွား နဲ့ မောင် ရှင်လောင်းသားငယ်တို့ နားလည်ကြရမယ်။

“သကလ ဝတ်ထား ၊မဝတ်တတ် ချွတ်ထား” ဆိုပြီး သင်္ကန်းမနိုင်သေးတဲ့ အရွယ်သင်္ကန်းဝတ်ပေးကြတာလည်းမကောင်း လှဘူး။ သင်္ကန်းဆိုတာ အရဟတ္တဓဇ-ရဟန္တာရဲ့တံခွန်၊ ဗုဒ္ဓသာသနာရဲ့အောင်လံ ဘုရားအဆူဆူတို့ အလေးထားတော်မူကြတယ်။

မစင်လူးနေတဲ့သင်္ကန်းပင် ဖြစ်စေဦးတော့ ဦထိပ်မှာတင်ပြီး အလေးထားရကြောင်းကို ဗုဒ္ဓကိုယ်တော်တိုင် သွန်သင်တော်မူခဲ့ တယ်။ ဒါကြောင့် သင်္ကန်းပတ်ပေးရုံနဲ့ ကုသိုလ်မရနိုင်တဲ့ အပြင် ကလေးမျာအပြစ်သင့်နိုင်တယ်။

တစ်ချို့မိဘများက ကိုရင်လေးပျော်အောင်ဆိုပြီး ပရိက္ခရာ ကိုးပါးဖြစ်အောင် ဘော်လုံးပါ တစ်ခါတည်းဝယ်ပေး ထားကြတယ်။  “ မဝတ်တတ် ချွတ်ထား တင်မဟုတ်၊ ပုံထားပြီး ဘောကန်” ဖြစ်နေတယ်။သာသနာ့အမွေခံနိုင်အောင် သင်္ကန်းဝတ်ကြတာဆိုတာကို မမေ့ကြဖို့ပါ။ ကလေးပျော်အောင် ဝတ်တာ မဟုတ်။ကလေးပျော်စေချင်ရင် ဟက်ပီဝေါလ် ပို့ပေးပေါ့နော်။

သင်္ကန်းတောင်းပြီး  သင်္ကန်းဝတ်ပေးပါတယ်။ ဒါပေမယ့် ကိုရင်မဖြစ်သေးဘူး၊ ကိုရင်ပြုပေးရန် တောင်းခံရပါသေးတယ်။  နောက်ဆုံး သရဏဂုံ(၃)ပါး ရွတ်ဆိုပြီးမှ ကိုရင်ဖြစ်တယ်။

ဒေသနာတော်အရကတော့ သရဏဂုံ ပီပီသသ ဌာန်ကရိုဏ်းကျအောင် ဆိုနိုင်ပါမှ ကိုရင်ဖြစ်တယ်။မဆိုနိုင်ရင် ကိုရင် မဖြစ်ဘူး။ငယ်လွန်းရင် ဘယ်လိုမှ သရဏဂုံ ပီသအောင် မဆိုနိုင်ကြပါ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-                ဗုဒ် ဓံ သရ ဏံ ဂစ် ဆာ မိ။

ဓမ္မံ သရဏံ ဂစ္ဆာမိ-                ဓမ် မံ သရ ဏံ ဂစ် ဆာ မိ။

သံဃံ သရဏံ ဂစ္ဆာမိ-    သံ ဃံ သရ ဏံ ဂစ် ဆာ မိ။

ဓံ+ဓမ်+ဆာ+ဃံ အက္ခရာများကို သံပြင်းဖိ၍ ဆိုရမယ်။ ယင်းအက္ခရာတို့ရဲ့ရှေးရှိ ဗုဒ် ဂစ် သံ အက္ခရာတို့ကို သံပေါ့ ဆိုရမယ်။ ဓံ ဏံ ဃံ အက္ခရာတို့ကို ဆိုရာတွင် အင်္ဂလိပ်အက္ခရြာ ကို ဆိုသလို အဆုံး၌ နှုတ်ခမ်းပိတ် နှာခေါင်သံပါစေ ရန် အနဲငယ် စွဲပြီး ဆိုရမယ်။

ရှင်ပြုတယ်ဆိုတာ အဲဒီသုံးမျိုး ပြည့်စုံအောင် ဆောင်ရွက်နိုင်မှ ဖြစ်တယ်။ သုံးမျိုးတွင် သရဏံဂုံ ပီသအောင်ဆောက် တည်ခြင်းက အဓိကကျ တယ်။ ကျွေးတာမွေးတာ ဧည့်ခံတာ၊ ဆရာတော်တွေ ဆက်ကပ်တာတွေကတော့ အလှူဖြစ်တယ်။

သားရှင်ပြုအလှူဆိုပေမယ့် ရှင်ပြု မမြောက်တတ်တာကို နားလည်စေချင်တာပါ။ အထက်မှာရေးခဲ့တဲ့အတိုင်း သာမ ညကို အဓိကမှတ်ထင်ပြီး အလေးကဲဆောင်ရွက်ကြခြင်းဖြင့် သားငယ်များ သာသနာ့အမွေခံ မဖြစ်လိုက်တာကို သိကြရပါမယ်။

သင်္ကန်းနိုင်တဲ့အရွယ်၊သရဏံဂုံကို ပီသစွာဆိုနိုင်တဲ့အရွယ်ရောက်ကြပါမှ သင်္ကန်းစီးပေးသင့်တယ်။

စစ်မှန်တဲ့ သာသနာ့အမွေ ဖြစ်ဖို့အတွက် ယနေ့ခေတ်တွင် ဒုလ္လဘကိုရင်ကလေးများကို ခေတ်အသွင်၊ ခေတ်အမြင် နဲ့ စနစ်တကျ ယဉ်ကျေးလိမ္မာ ဗုဒ္ဓစာပေများနဲ့ တရားအားထုတ်နည်းတို့ကို သင်ပြပေးကြတဲ့ တရားစခန်း၊ ကျောင်းသင်္ခမ်းတို့ကို ရွှေးချယ်ပြီး ဝတ်ပေးဖို့ လိုအပ်ပါတယ်။ သို့မှသာ သာသနာ့အမွေ (ပဗ္ဗဇ္ဇ)ပါရမီအထုံ ပါကြမှာဖြစ်တယ်။

ရှေးရိုးအစဉ်အလာအရ ရှင်လောင်းလှည့်ခြင်း၊ နတ်ပြခြင်းတို့ကို အပြစ်ပြောနေခြင်းမဟုတ် ၊မြန်မာ့အလှူရဲ့ ရှင်လောင်းလှည့် ယဉ်းကျေးမှုဟာ မြန်မာ့ အလှ၊ လူမျိုးရဲ့အမွေ၊ နွေဦးကျက်သရေပါ။ ဒါပေမဲ့ အဓိကနဲ့သာမညမှာ သာမညကို အလေး ကဲလိုက်ရင် အဓိကဟာ အားနဲသွားတတ်တာ ဓမ္မတာမို့ အသိပေးလိုက်ရတာပါ။

ဒါ့အပြင် မလိုအပ်ပါဘဲ လုပ်ဆောင်နေကြရလို့ ကုသိုလ်မရဘဲ အပိုကုန်နေကြရတဲ့ငွေကြေးကို ခေတ်ကာလအခြေအနေအရ ချင့်ချိန်ကြရပါမယ်။

ဘာသာတရားတို့သည် ကာလကြာညောင်းလာတာနဲ့အမျှ အနှစ်သာရဖြစ်တဲ့ ကုသိုလ်ဖက်မှာ အားနည်းလာပြီး၊ ကုသိုလ်ပွဲကို အကြောင်းခံ တဲ့ ပျော်ပွဲရွှင်ပွဲ၊ ပွဲထိုးပွဲတင်၊ ပွဲလမ်းသဘင် ၊အဓိဋ္ဌာန်တင်စတာတွေက တစတစ နေရာယူလာတာ ကို တွေ့ကြရမှာ ဖြစ်တယ်။ စည်းရုံးရင်းနဲ့ ဘာသာတရားရဲ့ အနှစ်သာရ နေရာပျောက်ခဲ့ရတယ်။ အကာတွေက အစဉ်အလာကြီးပြီး ရှေးထုံးလို ဖြစ်လာတော့ မဆန့်ကျင်ဝန့် တော့ဘူး ဖြစ် လာတယ်။

ပိုဆိုးတာက ဘာသာခြားတို့အမြင်မှာ ဗုဒ္ဓဘာသာဆိုတာ ပျော်ပွဲရွှင်ပွဲတွေနဲ့ လုံးထွေးနေတယ်လို့ မြင်နေကြမှာပါ။ “ဈေးသုံးလည်း မလွယ်နဲ့၊ ရှေးထုံလည်း မပယ်နဲ့၊ ဈေးသုံးလွယ်တော့ မွဲတတ်တယ်၊ ရှေးထုံးပယ်တော့ လွဲတတ်တယ်” ဆိုတဲ့ အဆိုအမိန့်မှာ ဈေးသုံးလွယ်လို့ အသုံးအဖြုံး ကြီးရင် မွဲမယ်ဆိုတာ မှန်တယ်။ လက်ခံရမယ်၊ စနစ်ရှိရမယ်၊ ကျစ်ကျစ်လစ်လစ် သုံးစွဲတတ်ရမယ်၊ အသုံးနဲ့အဖြုံး နားလည်ရမယ်။ ဒါဟာ စီးပွားရေးနီတိ ဖြစ်တယ်။ ဈေးသုံးလွယ်ရင် ဘယ်လောက်ပဲ ရှာရှာ အိတ်ပေါက်နဲ့ ဖားကောက်မို့ မွဲပေမည်။ စဉ်းစားစရာကို မလို။ အရှင်းသား၊ အထင်းသား၊ ဘာမှစောဒက မတက်လိုပါ။

“ရှေးထုံးမပယ်နဲ့ လွဲတတ်တယ်” ဆိုတာကိုတော့  လူသားတို့အဖို့ စဉ်းစားဖို့ လိုပါလိမ့်မယ်။ မြတ်စွာဘုရားကလည်း “ရှေးအစဉ် အဆက် ဆောင်ရွက် လာတဲ့ကိစ္စဆိုပြီး တထစ်ချ မယုံနဲ့၊ ကိုယ်ပိုင်ဉာဏ်နဲ့ စီစစ်ပါတဲ့” ကာလာမသုတ်မှာ သတိပေးထားပါတယ်။ လွဲနေတဲ့ ရှေးထုံးဆို ဘယ်လို လုပ်မလဲ။ ရှေးထုံးဆိုတာနဲ့ဘဲ စိတ်ချလက်ချ မျက်စိမှိတ် လက်ခံ ပေးကြရတော့မှာလား။   လိုက်နာဆောင်ရွက်ကြရမှာလား။ လူသားရဲ့ အသိနဲ့ ကြောင်းကျိုး ဆက် ဆင်ခြင်ခြင်းဆိုတာကို အသုံးမချရတော့ဘူးလား။ ယနေ့ခေတ်က “ခေါင်းသုံးရတယ်ကွ” ဆိုပြီး နားထင်ကို ပုတ်ပြနေ တဲ့ ခေတ်သို့ ရောက်နေပါပြီ။

ကုသိုလ်ရအောင် ပြုလုပ်ကြရတဲ့ ကုသိုလ်ပွဲတွေမှာ ကုသိုလ်တွေ များများရဖို့ဘဲ လိုအပ်ပါတယ်။ ကြွေတင်ခံပြီး မခံ ချင်စိတ်၊ြ ပိုင်လိုစိတ်၊ အသာစီး ရလိုစိတ် နဲ့ အလှူလုပ်ကြရတာ မဟုတ်ပါဘူး။ စာရေးသူတို့အရပ်မှာဆို ခုတိုင် ချေးငှါးပေါင်နှံပြီး လှူ နေကြတုန်း၊ ဘယ်လောက်ထိ ပြိုင်ကြတုန်းဆိုရင် ဘုန်းကြီးပျံတောင် တုပပြိုင်ဆိုင်ပြီး လုပ်ဆောင်ကြတယ်။ တစ်ဦးနဲ့တစ်ဦး တစ်ရွာထဲနေ တရေတည်းသောက်တွေမို့ အစင်းသိ အချင်းသိတွေမို့ အခြေအနေမှန်ကို မသိရှိပါ့မလား။

ကြွေးမဆပ်နိုင်ရင်ဆိုတဲ့ အသိအခံနဲ့ ရေစက်ချနေရှာတဲ့ အလှူဒကာ အဘယ်မျှ ရင်ပူလိုက်မည်နည်း၊ အလှူပေးသူရဲ့ ဇစ်မြစ်ကို သိနေကြတဲ့ ရပ်သူရွာသားတွေကလည်း မည်သို့ သာဓုခေါ်ရက်နိုင်ကြမှာလဲနော်?

အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)