April 14, 2016

(မိုးကုတ်ဆရာတော်ဘုရားကြီး)

အားကိုးမလွဲစေနဲ့
လောကမှာ အမြင့်မြတ်ဆုံး ဘုရားနဲ့ တွေ့လျက်သားနဲ့ ဘုရားကို အားမကိုးဘဲ
နတ်တွေ ၊ ဘိုးတော် ၊ မယ်တော် စတာတွေကို အထင်ကြီး အားကိုးနေတာဟာ
လူကြားလို့ မကောင်းပါဘူး။ ဒါဟာ ကိုယ့်ဦးနှောက်ကို ကိုယ်အလွဲသုံးစားလုပ်တာပဲ
လောကမှာ ဘုရားကို အားကိုးတာလောက် ၊ ဘုရားစကား
 နားထောင်တာလောက်ကောင်းတာ ဘာမှမရှိဘူး။ သိပ္ပံခေတ် လူသားလုပ်နေပြီး
အတွေးချော်မနေကြနဲ့။
ဓမ္မဒါန
ဓမ္မဒါနဟာ အမတဒါနပါ။ တရားအလှူဟာ မသေခြင်းအလှူပါ။ သူတစ်ပါးကို
တရားပေးလှူရင်  သူတစ်ပါးကို မသေခြင်း ပေးလှူရာ ရောက်ပါတယ်။
မသေဓာတ် ပေးအပ်ရာ ရောက်ပါတယ်။ မသေအောင် လုပ်ပေးရာ ရောက်ပါတယ်။
သူတစ်ပါးကို မသေအောင် လုပ်ပေးရတဲ့ အလုပ်လောက် ကောင်းတဲ့ အလုပ်မျိုး
လောကမှာ ရှိနိုင်ပါဦးမလား။
အချိန်မဖြုန်းနဲ့
ဘာမှ မလုပ်နိုင်တော့တဲ့
သေခါနီးအချိန်ကျမှ
အသက်ရှည်ချင်နေမယ့်အစား
အခုလို အသက်ရှင် ၊ ကျန်းမာတုန်း
တရားများများ အားထုတ်ထားတာက
ပိုပြီး အဓိပ္ပါယ်ရှိပါတယ်။
သတိရှိပါစေ
ကိုယ်သေရင် ကိုယ်ပိုင်ဆိုင်တာတွေ
အကုန်ထားခဲ့ရမှာဖြစ်လို့
ကိုယ့်နောက်မပါတဲ့
အရာတွေအတွက် အချိန်ကုန်မခံနဲ့
ကိုယ့်နောက်ပါမဲ့ တရားကိုသာ
ကြိုးစားရှာ။
ရွှေလက်မြဲမြဲ တွဲကြစို့
ဘယ်လောက်ရုပ်ချောချော ၊ တစ်နေ့ကျ သေမှာပဲ
ဘယ်လောက် ပညာတတ်တတ် ၊ တစ်နေ့ကျ သေမှာပဲ
ဘယ်လောက် ပစ္စည်းရှိရှိ ၊ တစ်နေ့ကျ သေမှာပဲ
ဘယ်လောက်ရာထူးကြီးကြီး တစ်နေ့ကျ သေမှာပဲ
ကိုယ်သေရင် ကိုယ့်နောက်ပါမှာက
ဥစ္စာပစ္စည်း ၊ ရင်းနှီးခင်မင်သူတွေ မဟုတ်ဘူး။
ကိုယ်ပြုလုပ်ထားတဲ့ ကုသိုလ်ကံ
အကုသိုလ်ကံတွေသာ ကိုယ့်နောက်ပါမှာ။
ကုသိုလ်ကံက မိတ်ဆွေနဲ့တူတယ်
ဖြစ်လေရာ ဘ၀မှာ ကိုယ့်ကို ကောင်းကျိုးပေးမယ်။
အကုသိုလ်ကံက ရန်သူနဲ့တူတယ်
ဖြစ်လေရာ ဘ၀မှာ ကိုယ့်ကို ဒုက္ခပေးမယ်။
ဒါကြောင့်မို့  ဒုက္ခမတွေ့ချင်ကြဘူးဆိုရင်
အကုသိုလ် ရန်သူတွေနဲ့ လက်တွဲဖြုတ်ပြီး
ဒါန ၊ သီလ ၊ဘာဝနာ ဆိုတဲ့ ကုသိုလ်မိတ်ဆွေတွေနဲ့
မခွဲ မခွာ ထာဝစဉ် လက်တွဲဖို့ လိုတယ်။
လမ်းခွဲရှိတယ်
ကံ တည်းဟူသော ရေတွေ ခန်းနေပြီ။ ငါး နှင့်တူသော သတ္တ၀ါတွေ သေဖို့နီးနေပြီ။
သေခါနီး ပျော်ပျော်နေတယ်ဆိုတာ ခေါ်လို့ ကောင်းပါ့မလား။ အခုအချိန်ဟာဖြင့် မသေရာရှာဖို့
အချိန်ရောက်ပါပြီ။ သေတာ ထုံးစံပဲလို့ဘဲ ပြောမနေပါနဲ့အုံး။ မသေရာလည်း လမ်းခွဲရှိနေတယ်ဆိုတာ သတိထားပါအုံး။ သူတော့သေပြီ ငါတော့ မသေရာရှာမယ်ဆိုတဲ့ စိတ်ကူးပါအုံး။
(ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဆုံးမစာ)
အားမှသေမှာလား၊ သေမှအားမှာလား…
ကမ္ဘာပေါ်မှာ နေ့စဉ်နဲ့အမျှ လူတွေ မရေမတွက်နိုင်လောက်အောင် သေနေကြတာ အားလို့ သေတဲ့မသာ တစ်ယောက်မှ မရှိပါဘူး။
မအားတဲ့ ကြားက သေသွားကြတဲ့ မသာတွေချည်းပါပဲ။
သေမင်းက သူခေါ်ချိန်တန်ရင် အားတဲ့သူကိုလည်း ခေါ်မှာပါ။ မအားတဲ့သူ ကိုလည်း ခေါ်မှာပါ။
သေမင်းမှာ တပည့်မွေးပြီး လူရွေးတဲ့မူ မရှိပါဘူး။
ဒီတော့ မအားတဲ့ကြားထဲက သေမင်းလာခေါ်ရင် အချိန်မရွေး လိုက်သွားရမှာပဲ ဆိုတာကို ကြိုတင်ပြီးတာ့ နှလုံးသွင်း ဆင်ခြင်ထားမယ် ဆိုရင် မအားလို့ပါ ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားဓမ္မကို မျက်နှာလွှဲတဲ့ အဖြစ်ကို ရောက်မှာ မဟုတ်တော့ဘူး…
(အရှင်ဆန္ဒာဓိက – ရွှေပါရမီတောရ)
ကိုယ်ကျိုးမနည်းဘူးလား…
အားမှလုပ်မယ်၊ အားမှလုပ်မယ် ဆိုပြီး
အားရက်စောင့်မယ် ဆိုလို့ရှိရင်
“ခေါင်း” ထဲ ၀င်တဲ့ နေ့ပဲ။
ဒီလိုဖြစ်ရင် အားရက်ကို မစောင့်နဲ့တော့။
ဒီကနေ့သည် ကိုယ့်အတွက်။
မနက်ဖြန်သည် ကိုယ့်အတွက် မဟုတ်ဘူးလေ။
အနာဂါတ် ဆိုတာ မသေချာဘူးတဲ့။
ကွေးသောလက် မဆန့်ခင် ဆန့်သောလက် မကွေးခင် ဆိုသလို
ညသေသွားရင် ဘယ့်နှယ်လုပ်မလဲ။
ကိုယ်ကျိုးမနည်းဘူးလား….
(အောင်ဆန်းဆရာတော်)
ကျင့်ကြံအားထုတ်ရန်…
- မိမိရဲ့ ရခဲ့တဲ့ လူ့ဘ၀ကို အလွဲသုံးစား အချိန်တွေနဲ့ မဖြုံးလိုက်ပါနဲ့။
- ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
- ဘယ်ဗေဒင်မှ မယုံကြနဲ့၊ ခန္ဓာက သူ့လမ်းသူ ပြေးနေတော့
မနေ့ကထက် ယနေ့ သေဖို့ တစ်ရက် နီးသွားပြီဆိုတာသာ ယုံလိုက်ပါ။
- ခန္ဓာ၏ ၀တ္တရားက အသေရှာတာ၊ ဉာဏ်၏ ၀တ္တရားက အသေရှောင်တာ။
- ခန္ဓာက အပြေးသွားနေတော့ အသေကဦး၍ ဉာဏ်က နောက်ကျသွားလိမ့်မယ်။
- အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿန်မရောက်ခင် မဂ္ဂင်အလုပ် မြန်မြန်လုပ်ပါ။
- အသက်တမ်း ခပ်တိုတိုလေးမှာ ခပ်ခိုခို လုပ်နေမယ် ဆိုရင် အသေစောသွားရင်
ကိုယ်ကျိုးနည်းလိမ့်မယ်။
- သာသနာနဲ့ ကြုံမှ သစ္စာလေးပါး ထွက်မြောက်ရေးတရား ပေါ်တယ်။
- ယခုအချိန်ဟာ အားလုံး အဖက်ဖက်မှ ကြုံပြီး ကျွတ်တမ်းဝင်ရမယ့် ဘ၀ပဲလို့
ဆုံးဖြတ်ချက်ချပြီး အလုပ်သာ လုပ်ပါ။
(မိုးကုတ်ဆရာတော်ဘုရားကြီး)

ဝေဘူဆရာတော်ဘုရားကြီး ဆုံးမစာ

အချိန်……..တစ်ခု
အလုပ်……နှစ်ခု
အကျိုး……များစွာ
ရုပ်နဲ့နာမ်ကို မတွေ့ချင်ပေါင်ဆိုပြီး ရှောင်လို့ တိမ်းလို့များ ရပါ့မလား။ ထွက်လေ၀င်လေ နှစ်ရပ်ဟာ မွေးကတည်းက သေတဲ့အထိရှိနေတာ။ ဘုရားဆုံးမတဲ့အတိုင်း ရုပ်ပေါ် နာမ်ပေါ်ထားရတာ ပင်ပန်း သလား၊ ပိုက်ဆံကော ကုန်သလား၊ ငှားရ ချေးရသေးသလား။
အချိန်ကော ကုန်သလား။ တစ်ပါးသူကော သိသလား။ ထားတာက ၀ီရိယ၊ ထားတဲ့အတိုင်း နေတာ ၀ီရိယဒ္ဓိပါဒ်၊ အခုထား အခုနေ အခုပစ္စုပ္ပန် ချမ်းသာ။ ဒီချမ်းသာ ဆိုက်လောတော့ ၀ီရိယ အရှင်သခင်သိတယ်။ သူများသွားမေးစရာမလိုဘူး။ တစ်နေ့ထက်တစ်နေ့ မတိုးတက်ဘဲ နေပါ့မလား။ ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာမှ တားဆီးပိတ်ပင်လို့ မရဘူး။
ဒီသူတော်ကောင်းထံမှ ချမ်းသာကို ယူမယ်ဆိုပြီး အနိုင်ထက်လုယူလို့ကော ရနိုင်ပါ့မလား။ မြင့်မြတ်လိုက်တာဗျာ။ဘယ် ရိယာပုတ်နဲ့မှ ဖြစ်တာ ၊ ဘယ် ရိယာပုတ်နဲ့တော့ မဖြစ်ဘူးလို့ကော ရှိရဲ့လား။ နေရာကော ရွေးရဦးမှာလား၊ ကိုယ်တစ်ယောက်တည်း နေရင်းကော၊ စေတီရင်ပြင် ဗောဓိရင်ပြင်မှာ နေရင်းကော ၊သားတွေ သမီးတွေ မြေးတွေနဲ့ နေရင်းကော ရပါသဗျာ။
အဲ…ခန္ဓာဝန်ကြီးက ရှိနေလေတော့ မိမိတို့ ရည်ရွယ်မှန်းထားတဲ့ အလုပ်လဲ လုပ်နေရမှာပဲ။ ဒါပေမဲ့ ဘုရားက အဲဒါ အလုပ်မခေါ်ဘူး။ ဒါမှအလုပ်တဲ့။ အဲသလို လုပ်ရင်းကော ဆောင်လို့မရဘူးလား။ တစ်ချိန်တည်းမှာ အလုပ်နှစ်ခု ပြီးပါသဗျာ။ ဒီဟာကို ဆောင်ရင်းနဲ့ လုပ်တော့ ပိုပြီး အလုပ်ပြီးလွယ် တယ်။ အကျိုးပိုများတယ် မဟုတ်လား။ဒီချမ်းသာကို သိပြီလားဆိုမှဖြင့် အားချိန် နားချိန်မျှ မထားဘဲ တစ်ဆက်ထဲ ဆောင်ထားကြတော့တာပဲ။
ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး
(ဆုံးမတော် မူလေ့ရှိသော ဩ၀ါဒတရားမှတ်စု)

ရွှေလက်မြဲမြဲ တွဲကြစို့

အားကိုးမလွဲစေနဲ့

လောကမှာ အမြင့်မြတ်ဆုံး ဘုရားနဲ့ တွေ့လျက်သားနဲ့ ဘုရားကို အားမကိုးဘဲ
နတ်တွေ ၊ ဘိုးတော် ၊ မယ်တော် စတာတွေကို အထင်ကြီး အားကိုးနေတာဟာ
လူကြားလို့ မကောင်းပါဘူး။ ဒါဟာ ကိုယ့်ဦးနှောက်ကို ကိုယ်အလွဲသုံးစားလုပ်တာပဲ
လောကမှာ ဘုရားကို အားကိုးတာလောက် ၊ ဘုရားစကား
 နားထောင်တာလောက်ကောင်းတာ ဘာမှမရှိဘူး။ သိပ္ပံခေတ် လူသားလုပ်နေပြီး
အတွေးချော်မနေကြနဲ့။

ဓမ္မဒါန

ဓမ္မဒါနဟာ အမတဒါနပါ။ တရားအလှူဟာ မသေခြင်းအလှူပါ။ သူတစ်ပါးကို
တရားပေးလှူရင်  သူတစ်ပါးကို မသေခြင်း ပေးလှူရာ ရောက်ပါတယ်။
မသေဓာတ် ပေးအပ်ရာ ရောက်ပါတယ်။ မသေအောင် လုပ်ပေးရာ ရောက်ပါတယ်။
သူတစ်ပါးကို မသေအောင် လုပ်ပေးရတဲ့ အလုပ်လောက် ကောင်းတဲ့ အလုပ်မျိုး
လောကမှာ ရှိနိုင်ပါဦးမလား။


အချိန်မဖြုန်းနဲ့

ဘာမှ မလုပ်နိုင်တော့တဲ့
သေခါနီးအချိန်ကျမှ
အသက်ရှည်ချင်နေမယ့်အစား
အခုလို အသက်ရှင် ၊ ကျန်းမာတုန်း
တရားများများ အားထုတ်ထားတာက
ပိုပြီး အဓိပ္ပါယ်ရှိပါတယ်။

သတိရှိပါစေ

ကိုယ်သေရင် ကိုယ်ပိုင်ဆိုင်တာတွေ
အကုန်ထားခဲ့ရမှာဖြစ်လို့
ကိုယ့်နောက်မပါတဲ့
အရာတွေအတွက် အချိန်ကုန်မခံနဲ့
ကိုယ့်နောက်ပါမဲ့ တရားကိုသာ
ကြိုးစားရှာ။

ရွှေလက်မြဲမြဲ တွဲကြစို့

ဘယ်လောက်ရုပ်ချောချော ၊ တစ်နေ့ကျ သေမှာပဲ
ဘယ်လောက် ပညာတတ်တတ် ၊ တစ်နေ့ကျ သေမှာပဲ
ဘယ်လောက် ပစ္စည်းရှိရှိ ၊ တစ်နေ့ကျ သေမှာပဲ
ဘယ်လောက်ရာထူးကြီးကြီး တစ်နေ့ကျ သေမှာပဲ
ကိုယ်သေရင် ကိုယ့်နောက်ပါမှာက
ဥစ္စာပစ္စည်း ၊ ရင်းနှီးခင်မင်သူတွေ မဟုတ်ဘူး။
ကိုယ်ပြုလုပ်ထားတဲ့ ကုသိုလ်ကံ
အကုသိုလ်ကံတွေသာ ကိုယ့်နောက်ပါမှာ။
ကုသိုလ်ကံက မိတ်ဆွေနဲ့တူတယ်
ဖြစ်လေရာ ဘ၀မှာ ကိုယ့်ကို ကောင်းကျိုးပေးမယ်။
အကုသိုလ်ကံက ရန်သူနဲ့တူတယ်
ဖြစ်လေရာ ဘ၀မှာ ကိုယ့်ကို ဒုက္ခပေးမယ်။
ဒါကြောင့်မို့  ဒုက္ခမတွေ့ချင်ကြဘူးဆိုရင်
အကုသိုလ် ရန်သူတွေနဲ့ လက်တွဲဖြုတ်ပြီး
ဒါန ၊ သီလ ၊ဘာဝနာ ဆိုတဲ့ ကုသိုလ်မိတ်ဆွေတွေနဲ့
မခွဲ မခွာ ထာဝစဉ် လက်တွဲဖို့ လိုတယ်။

မိုးကုတ်ဆရာတော်ဘုရားကြီး အားမှသေမှာလား၊ သေမှအားမှာလား…



လမ်းခွဲရှိတယ်

ကံ တည်းဟူသော ရေတွေ ခန်းနေပြီ။ ငါး နှင့်တူသော သတ္တ၀ါတွေ သေဖို့နီးနေပြီ။
သေခါနီး ပျော်ပျော်နေတယ်ဆိုတာ ခေါ်လို့ ကောင်းပါ့မလား။ အခုအချိန်ဟာဖြင့် မသေရာရှာဖို့
အချိန်ရောက်ပါပြီ။ သေတာ ထုံးစံပဲလို့ဘဲ ပြောမနေပါနဲ့အုံး။ မသေရာလည်း လမ်းခွဲရှိနေတယ်ဆိုတာ သတိထားပါအုံး။ သူတော့သေပြီ ငါတော့ မသေရာရှာမယ်ဆိုတဲ့ စိတ်ကူးပါအုံး။
(ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဆုံးမစာ)

အားမှသေမှာလား၊ သေမှအားမှာလား…


ကမ္ဘာပေါ်မှာ နေ့စဉ်နဲ့အမျှ လူတွေ မရေမတွက်နိုင်လောက်အောင် သေနေကြတာ အားလို့ သေတဲ့မသာ တစ်ယောက်မှ မရှိပါဘူး။
မအားတဲ့ ကြားက သေသွားကြတဲ့ မသာတွေချည်းပါပဲ။
သေမင်းက သူခေါ်ချိန်တန်ရင် အားတဲ့သူကိုလည်း ခေါ်မှာပါ။ မအားတဲ့သူ ကိုလည်း ခေါ်မှာပါ။
သေမင်းမှာ တပည့်မွေးပြီး လူရွေးတဲ့မူ မရှိပါဘူး။
ဒီတော့ မအားတဲ့ကြားထဲက သေမင်းလာခေါ်ရင် အချိန်မရွေး လိုက်သွားရမှာပဲ ဆိုတာကို ကြိုတင်ပြီးတာ့ နှလုံးသွင်း ဆင်ခြင်ထားမယ် ဆိုရင် မအားလို့ပါ ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားဓမ္မကို မျက်နှာလွှဲတဲ့ အဖြစ်ကို ရောက်မှာ မဟုတ်တော့ဘူး…
(အရှင်ဆန္ဒာဓိက – ရွှေပါရမီတောရ)

ကိုယ်ကျိုးမနည်းဘူးလား…


အားမှလုပ်မယ်၊ အားမှလုပ်မယ် ဆိုပြီး
အားရက်စောင့်မယ် ဆိုလို့ရှိရင်
“ခေါင်း” ထဲ ၀င်တဲ့ နေ့ပဲ။
ဒီလိုဖြစ်ရင် အားရက်ကို မစောင့်နဲ့တော့။
ဒီကနေ့သည် ကိုယ့်အတွက်။
မနက်ဖြန်သည် ကိုယ့်အတွက် မဟုတ်ဘူးလေ။
အနာဂါတ် ဆိုတာ မသေချာဘူးတဲ့။
ကွေးသောလက် မဆန့်ခင် ဆန့်သောလက် မကွေးခင် ဆိုသလို
ညသေသွားရင် ဘယ့်နှယ်လုပ်မလဲ။
ကိုယ်ကျိုးမနည်းဘူးလား….
(အောင်ဆန်းဆရာတော်)

ကျင့်ကြံအားထုတ်ရန်…


- မိမိရဲ့ ရခဲ့တဲ့ လူ့ဘ၀ကို အလွဲသုံးစား အချိန်တွေနဲ့ မဖြုံးလိုက်ပါနဲ့။
- ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
- ဘယ်ဗေဒင်မှ မယုံကြနဲ့၊ ခန္ဓာက သူ့လမ်းသူ ပြေးနေတော့
မနေ့ကထက် ယနေ့ သေဖို့ တစ်ရက် နီးသွားပြီဆိုတာသာ ယုံလိုက်ပါ။
- ခန္ဓာ၏ ၀တ္တရားက အသေရှာတာ၊ ဉာဏ်၏ ၀တ္တရားက အသေရှောင်တာ။
- ခန္ဓာက အပြေးသွားနေတော့ အသေကဦး၍ ဉာဏ်က နောက်ကျသွားလိမ့်မယ်။
- အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿန်မရောက်ခင် မဂ္ဂင်အလုပ် မြန်မြန်လုပ်ပါ။
- အသက်တမ်း ခပ်တိုတိုလေးမှာ ခပ်ခိုခို လုပ်နေမယ် ဆိုရင် အသေစောသွားရင်
ကိုယ်ကျိုးနည်းလိမ့်မယ်။
- သာသနာနဲ့ ကြုံမှ သစ္စာလေးပါး ထွက်မြောက်ရေးတရား ပေါ်တယ်။
- ယခုအချိန်ဟာ အားလုံး အဖက်ဖက်မှ ကြုံပြီး ကျွတ်တမ်းဝင်ရမယ့် ဘ၀ပဲလို့
ဆုံးဖြတ်ချက်ချပြီး အလုပ်သာ လုပ်ပါ။
(မိုးကုတ်ဆရာတော်ဘုရားကြီး)

ဆားငန်ရေသောက်မိ၍ ဒုက္ခရောက်ကြသူများ

ဖွားမြင်သည်ကစ၍ မိဘချစ်ရ၊ ဆွေမျိုးညာတိ ချစ်ရနှင့် ချစ်လက်စတီထွင်ကာ အတော်ကြာလျှင် ကစားဖော်ချင်းချစ်ရ ၊ မိတ်ဆွေချင်း ချစ်ရ စသည်ဖြင့် ၀မ်းတွင်းပါ ဓမ္မတာတရားက အချစ်ကိုလမ်း ပြနေသောကြောင့် ရေငတ်ငတ်ရှိ၍ ဆားငန်ရေကို သောက်လိုက်ရာ သောက်ပြီးခါမှ သာ၍ငတ် ၊ ငတ်သည့်အတွက် ထပ်၍သောက် ၊ သောက်လေငတ်လေ ဖြစ်သကဲ့သို့ ကာမဂုဏ်အာရုံတွေကို ငတ်ငတ်ရှိ၍ လိုက်စားခါမှ သာ၍ငတ်ပြီးလျှင် အပြစ်မမြင်နိုင်ဘဲ ချစ်ပင်လယ်ထဲ၌ ၀ဲလှည့်၍ နေကြ ရလေတော့သည်။

အချစ် အချစ် ၊ ချစ်တိုင်းချစ်၍ ၊ ချစ်လေချစ်လေ ၊ ချစ်မပြေတည်း၊ ဆားငန်ရေနောက် ၊ ငတ်တိုင်းသောက်က ၊ သောက်လေ သောက်လေ ၊ ငတ်မပြေသို့၊ ပေမအရာ ၊ တဏှာဖွဲ့ရစ် ၊ ထိုအချစ်လည်း ၊ အပြစ်မမြင် ၊ မဆင်ခြင်ဘဲ ၊ ချစ်လျှင်ပျော်နိုး ၊ ချစ်စပျိုးသည် ၊ ချစ်ရိုး ချစ်စဉ် ချစ်လမ်းတည်း၊(ရှေးပညာရှိပျို့)

ကျွန်တော်သတိထားမိသလောက်တော့ ချစ်သူစုံတွဲ တော်တော်များများ ရန်ဖြစ် လိုက် ပြန်ချစ်လိုက်ကြနဲ့ပဲ လုံးချာလည်လိုက်နေကြပါတယ်။ တကယ်ချစ်ကြပါသည် ဆိုသော အတွဲများပင် စိတ်ညစ်ရလောက်အောင် ပြဿနာတွေ ဖြစ်တတ်သေးသည်။ဒါကလည်း သောကမှန်သမျှ ချစ်ခြင်းကြောင့် ဖြစ်ရတာပဲဟု ဆိုရပေမည်။သို့သော်လည်း အတတ်နိုင်ဆုံး ပြဿနာ မဖြစ်ချင်သော စုံတွဲများအဖို့ အဆင်ပြေစေသော နည်းလမ်းများလည်း ရှိပါသည်။ နည်းလမ်းဆိုလို့ တခြားတော့မဟုတ်။ ဓမ္မနဲ့ အညီနေထိုင်ခြင်းပင်။ နှစ်ယောက်စလုံး လိုက်နာမှသာ စိတ်တူကိုယ်တူမှုတွေ များလာပြီး တစ်ယောက်ကို တစ်ယောက် အကောင်းဆုံးနာလည်လာပါမည်။ တစ်ယောက်ယောက်က မလိုက်နာလျှင်တော့ အကျိုးထူးမည် မဟုတ်ပါ။ တရားသဘောလေးတွေ လေ့လာနေခြင်းဖြင့် ရရှိလာမဲ့ အကျိုးကတော့ တစ်ယောက်အပေါ် တစ်ယောက် သစ္စာဖောက်လို စိတ်မရှိတော့ခြင်း၊ သံသယစိတ်များ မရှိခြင်း၊ နားလည်မှု ပိုမိုရှိလာခြင်း စသဖြင့် အများကြီးပါပဲ။
အနာဂါမ်မဖြစ်သရွေ့ သံယောဇဉ် (ခ) အချစ်သည် ကင်းပြတ်နိုင်အုံးမည် မဟုတ်ပေ။အချစ်နဲ့မ ကင်းသေးသော ဓမ္မမိတ်ဆွေတို့ကို လက်ဆောင်လေးတစ်ခု ပေးချင်ပါတယ်။

ကိုယ်ချစ်ရသောနဲ့ ဘ၀တိုင်းတွေ့ဆုံချင်ပါသလား…တွေ့ဆုံချင်တယ်ဆိုရင်တော့ အောက်ပါလေးချက်နဲ့ ပြည့်စုံရပါမယ်
သဒ္ဓါ၊ သီလ ၊ စာဂ ၊ ပညာ လေးချက်နဲ့ ပြည့်စုံရပါမယ်။ တူညီသော ယုံကြည်မှုရှိခြင်း၊ တူညီသော
ကိုယ်ကျင့်တရား ရှိခြင်း၊ တူညီသောပေးကမ်းစွန့်ကြဲမှု ရှိခြင်း၊ တူညီသော ပညာတရားရှိခြင်း ဆိုတဲ့ အချက် လေးချက်နှင့် ပြည့်စုံရပါမည်။
သက်သေသာဓက အနေနဲ့ကတော့ ဘုရားရှင်နှင့် ယသော်ဓရာမိဖုရား၊ နကုလပိတာ နှင့် နကုလမာတာ ၊ မဟာကဿပကိုယ်တော်မြတ်ကြီးနှင့် မယ်ဘဒ္ဒါ ၊ မဟာကပ္ပိနမင်းနှင့် အနော်ဇာ စသဖြင့် အများကြီး ပဲ ရှိခဲ့ကြပါတယ်။အင်မတန်မှ အတုယူအားကျစရာပါ။

အဆင်မပြေဖြစ်နေသူများ၊အသဲကွဲသူများအတွက်လည်း လက်ဆောင်ပေးချင်ပါသေးတယ်။ ဆရာတော် အရှင်ဆန္ဒာဓိက တရားထဲမှာ မှတ်သားဖူးပါတယ်။ အချစ်ကံခေတာဟာ အနှစ်ကျန်စေဖို့ပါ။ စိတ်မညစ်ချင်ရင် ၊ သိပ်မချစ်ပါနဲ့ ၊ သိပ်ချစ်ရင် ၊စိတ်ညစ်ရပါမယ်။ အသည်း မကျွမ်းချင်ရင် ၊မစွဲလမ်းပါနဲ့ ၊ စွဲလမ်းရင် အသည်းကျွမ်းရမယ်၊ ချစ်စရာတစ်ခုရှိရင် ၊သောက တစ်ခုရှိမယ် ၊ချစ်စရာဆယ်ခုရှိရင်တော့ သောက ဆယ်ခုရှိမှာပါ။ သောကအားလုံးရဲ့ မြစ်ဖျားခံရာ ဟာ အချစ်မှတစ်ပါး အခြားမရှိပါ။ တကယ်တော့ သေချာတွေးကြည့်လေ မှန်လေဆိုတာ သိရမှာ ပါ။ ဘာပဲလိုချင် လိုချင် ဆင်းရဲရတာပါပဲ။ လိုချင်လျှင် ဆင်းရဲသည် ၊ မလိုချင်လျှင် ချမ်းသာသည်။ အလိုမြဲတော့ အမြဲလို ၊ အလိုမမြဲ(ကင်း)တော့ အမြဲပို နေတော့တာပါပဲ။ တကယ်တော့ ကိုယ့်ရဲ့ ပျော်ရွှင်ခြင်းက သူတစ်ပါးအပေါ် သွားမှီခိုနေလို့ အခုလို ဖြစ်ရတာပါ။ ပိုင်တယ်ထင်လို့ တောင့်တနေပါ၊ ဆိုင်တယ်ထင်လို့ ကြောင့်ကြနေတာပါ။ မပိုင်ဘူးထင်ရင် မတောင့်တပါဘူး၊ မဆိုင်ဘူးထင်ရင် မကြောင့်ကြပါဘူး။ ကိုယ့်ကိုယ်တောင်မှ မပိုင်တာ သူများကို သွားပိုင်ချင်ဖို့ ကြိုးစားနေတော့ စစ်မှန်သော ပိုင်ဆိုင်မှု့ မျိုး ရမှာမဟုတ်ပါဘူး။ တကယ်တမ်းပြန်စဉ်းစားကြည့်ရင် ကိုယ်ကြည်နူးသလောက် ကိုယ်ပြန်ခံစားရတာပါ။


အလိုတွေ ရှိနေသမျှ

အလိုက ပြည့်လိမ့်မည်မဟုတ်။

အလိုမရှိတော့မှသာ
အလိုက ပြည့်လိမ့်မည်။
အလိုတွေ ရှိနေသမျှ
အလိုက ကျလိမ့်မည်မဟုတ်။
အလိုမရှိတော့မှသာ
အလိုကကျလိမ့်မည်။
စိတ်ရှိနေသမျှ
စိတ်တိုင်းကျလိမ့်မည်မဟုတ်
စိတ်မရှိတော့မှသာ
စိတ်တိုင်းကျလိမ့်မည်
အနှစ်ပြန်ချုပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ အားလုံးဟာ လူ့ဘ၀ကို အလည်လာတဲ့ ဧည့်သည် တွေပါပဲ။ လူ့ဘ၀ဆိုတာ ရေပွက်ပမာ ဘာမှမကြာပါဘူး။ အဲ့ဒီလို ခဏတာအချိန်လေးအတွင်းမှာ လူလာဖြစ်ရတဲ့အတွက် အကျိုးရှိအောင် အသုံးချစေချင်ပါတယ်။


ချစ်ခြင်း မုန်းခြင်း နှလုံးသွင်းမှာ၊ အချစ်များက အပြစ်များ၍၊ အမုန်းများက အရှုံးပွား၏။ ချစ်ခြင်းမုန်းခြင်း ရှောင်ကြဉ်ကင်း၍၊ မေတ္တာနှလုံး ကျင့်ကာသုံးသည့်၊ အဖြူစင်ဆုံး ဤကျင့်ထုံးကား၊ အပြစ်လည်းကင်း အရှုံးကင်းမည့်၊ မချစ်မမုန်း အကောင်းဆုံးတည်း။
(မနာပဒါယီ အရှင်ဝိစိတ္တ)

ဆားငန်ရေကိုသောက်မိ၍ ဒုက္ခရောက်ခြင်းဘေးမှ ကင်းဝေးကြပါစေ

မေတ္တာများစွာဖြင့်

“ထိတ်လန့်သံဝေဂယူဖွယ်ရာ ဝဋ်မှာအမြဲ”

(န အန္တလိက္ခေ)အစရှိသော ဒေသနာတော်ကိုသာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်၌သုံးဦးသောသူတို့ကို အကြောင်းပြု၍ ဟောကြားတော်မူ၏။ မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူ၏။ ရဟန်းတို့သည် ဆွမ်းအလို့ငှာ ရွာသို့ကြွဝင်တော်မူကြ၏။

မီးကွင်းလည်ဆွဲ ကျီးမိုက်မဲ
ရွာသူတို့သည် ရဟန်းတို့အား ဆွမ်းဘောဇဉ်တို့ကို ဆက်ကပ်၏။ ထိုစဉ်အခိုက် အိမ်တစ်အိမ်မှ မိန်းမတစ်ယောက်သည် ဟင်းလျာချက်ပြုတ်နေစဉ် မီးတောက်သည် သက်ငယ်အမိုးကို လောင်၏။ သက်ငယ်အခွေတစ်ခွေသည် ကောင်းကင်သို့ မီးတောက်နှင့်တကွ လွှင့်တက်သွား၏။ ကျီးတစ်ကောင်သည် ပျံသန်းလာရင်း ထိုမီးကွင်းထဲသို့ တိုးဝင်မိ၍ တစ်ကိုယ်လုံးလောင်ကျွမ်းပြီး ကောင်းကင်မှကျ၍ သေလေ၏။ ရဟန်းတော်များက ထိုကျီးမိုက်၏ ဝဋ်ကြွေးကို မြတ်စွာဘုရားရှင်သာလျှင် သိတော်မူ၏။ ကျောင်းသို့ရောက်လျှင် လျှောက်ထားအံ့ဟု ကြံ၏။

အိုးထုပ်လည်ဆွဲ ရေနက်ထဲသို့
အခြားရဟန်းတို့သည် မြတ်စွာဘုရားကို ဖူးမြော်ရန် အလာ လှေကြုံစီး၍ လာကြ၏။ သမုဒ္ဒရာ အလယ်သို့ ရောက်လျှင် လှေသည် မတုန်မလှုပ် ရပ်၍နေ၏။ လှေသူကြီးသည် ဤလှေပေါ်၌ ယုတ်မာသူ ပါရှိလိမ့်မည်ဟု ပြောဆို၍ စာရေးတံမဲ နှိုက်ကြစေ၏။ ငယ်ရွယ်သေးသော လှေသူကြီး၏ မယားသည် မဲကျ၏။ သုံးကြိမ်သုံးခါတိုင်တိုင် ထိုအမျိုးသမီးငယ်၌ မဲကျသော် လှေသူကြီးက တစ်ယောက်အတွက် အများဒုက္ခမခံနိုင်၊ ရေလယ်သို့ ပစ်ချကြကုန်လော့ဟု အမိန့်ပေး၏။ထိုသူမငယ် ရေထဲမှတဖန် ပေါ်လာသည်ကို ငါမမြင်လို၊ သဲအိုးကို လည်ပင်း၌ဆွဲပြီး တစ်ခါတည်း မြုပ်သွားအောင် ပစ်ချကြဟု အမိန့်ပေး၏။ ထိုသို့ အမိန့်တိုင်းပြုလုပ်ကြသော် ငါးလိပ်တို့သည် လုယက်၍စားကုန်ကြ၏။ ရဟန်းတို့သည် ဤအချင်းအရာကို ကြည့်၍ အဘယ်သို့ဖြစ်လေသနည်း၊ မြတ်စွာဘုရားရှင်သည်သာ သိပေမည်။ မေးမြန်းလျှောက်ထားကုန်အံ့ဟု စိတ်ကူးထားကြ၏။

ဂူတွင်ပိတ်မိနေသော ရဟန်းခုနစ်ပါး
အခြားတစ်နေရာ၌လည်း ရဟန်းခုနစ်ပါးတို့သည် မြတ်စွာဘုရားထံဖူးမြင်ရန် လာကြ၏။ ညနေချမ်း လမ်းခရီး၌ ကျောင်းတစ်ခုသို့ ဝင်၍တည်းခိုကြ၏။ ကျောင်းရှိရဟန်းတို့က ဂူလိုဏ်တွင် အင်ပျဉ်ခုတင် ခုနစ်လုံးရှိသည်ဖြစ်၍ ဂူလိုဏ်အတွင်း နေရာခင်းကျင်းပြီး အာဂန္တုက ရဟန်းတို့အား ပေး၏။ ညဉ့်အချိန်ရောက်လျှင် တောင်ေ

"မြန်မာနှစ်သစ်ကူး ဆုတောင်း"

အားလုံးပဲ မင်္ဂလာပါ။ နှစ်သစ်မင်္ဂလာ နေ့ရက်အခါ၌ မိခင်၊ဖခင်ကျေးဇူးရှင်၊ ဆရာသမား၊ ဆွေးမျိုးညီအစ်ကိုမောင်နှမများ၊ အပေါင်းအသင်း သူငယ်ချင်းမိတ်ဆွေများ၊ သာသနာတော်ကို ပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းကြကုန်သော ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမများ၊ နိုင်ငံအသီးသီးမှာရောက်ရှိနေထိုင်ကြကုန်သောဗုဒ္ဓဘာသာဝင်သူတော်စင်များ၊ အမိမြန်မာနိုင်ငံတော်မှ အားလုံးသော ဗုဒ္ဓဘာသာဝင်သူတော်စင်များ၊ ဦးဇင်းဘလော့သို့လာရောက်အားပေးဖတ်ရှုကြကုန်သော ဓမ္မမိတ်ဆွေများနှင့် အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာ၊ အရပ်ဆယ်မျက်နှာ အနန္တစကြာဝဠာမှာ ရှိကြကုန်သော ပုဂ္ဂိုလ် သတ္တဝါအားလုံးတို့၏ အိမ်တွင်း အိမ်ပနှစ်ဌာန၊ ကိုယ်တွင်းကိုယ်ပ နှစ်ဌာနတို့၌ ကျရောက်တတ်သော ဘေးအမျိုးမျိုး၊ ဒဏ်အမျိုးမျိုး၊ ရန်အမျိုးမျိုး၊ အန္တရာယ်အမျိုးမျိုး၊ ရောဂါအမျိုးမျိုး၊ ကပ်အမျိုးမျိုးဟုဆိုအပ်သော မကောင်းအနိဋ္ဌဟူသမျှကင်းစင်လွင့်ပျောက်၍..

 ကောင်းမြတ်အလိုရှိသော အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဥာဏ်ပညာကြီးခြင်း၊ ဘုန်းတန်ခိုးအာနုဘော်ကြီးခြင်း၊ မရသေးသော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်ဟုဆိုအပ်သော လောကုတ္တရာကောင်းကျိုးချမ်းသာအဖြာဖြာ သမ္ပတ္တိတို့သည် ဖြစ်ပေါ်ရရှိလာအောင်ကျင့်ကြံနိုင်ခြင်း၊ ရရှိပြီးသော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်ဟုဆိုအပ်သော လောကုတ္တရာကောင်းကျိုးချမ်းသာ အဖြာဖြာသမ္ပတ္တိတို့သည် အကျိတ်အခဲအမြဲတည်၍ ကြီးပွားတိုးတက်အောင်ဆောင်ရွတ်နိုင်ခြင်း၊ မရရှိသေးသော ရာထူး၊ ဂုဏ်သိမ်၊ စည်းစိမ်ဥစ္စာရတနာတည်းဟူသော လောကီကောင်းကျိုးချမ်းသာ အဖြာဖြာသမ္ပတ္တိတို့ကိုရရှိခြင်း၊ ရရှိပြီးသော ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာရတနာအပေါင်းတို့သည် အကြိမ်အခဲအမြဲတည်ခြင်း၊ ကြီးပွားတိုးတက်ခြင်းစသော ကောင်းကျိုးချမ်းသာ မင်္ဂလာတရားတို့နှင့်ပြည့်စုံ၍..

မိမိသဏ္ဌာန်တွင် ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားများကို ပယ်စွန့်နိုင်ခြင်းဆိုတဲ့ သမ္မပ္ပဓာန်လုံ့လ၊ မဖြစ်ပေါ်သေးသော အကုသိုလ်တရားများကို ဖြစ်ပေါ်ခွင့်မရအောင် ကျင့်ကြံနိုင်အားထုတ်နိုင်ခြင်းလို့ခေါ်တဲ့သမ္ပပ္ပဓာန်လုံ့လ၊ မိမိတို့သဏ္ဌာန်ဝယ် မဖြစ်ပေါ်သေးသော ကုသိုလ်တရားများကို ဖြစ်ပေါ်ရရှိအောင် ကျင့်ကြံနိုင်တဲ့ သမ္မပ္ပဓာန်လုံ့လ၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားများ ကြီးပွားတိုးတက်အောင် ကျင့်ကြံနိုင်ခြင်းလို့ခေါ်တဲ့ သမ္မပ္ပဓာန်လုံ့လ၊ ဆိုခဲ့ပြီးသော သမ္မပ္ပဓာန်တရားလေးပါးတို့ကို အညီအမျှလက်ကိုင်ထားကာဖြင့် ဆင်းရဲခြင်းအမှန်တရားဖြစ်တဲ့ ဒုက္ခသစ္စာကို ပိုင်းခြားသိမြင်ခြင်း( ပရိညာတဗ္ဗကိစ္စ)၊ ထိုဒုက္ခသစ္စာဖြစ်ကြောင်း တဏှာ(လောဘ)တည်းဟူသော သမုဒယသစ္စာကို ပယ်ခွာခြင်း(ပဟာတဗ္ဗကိစ္စ)၊ ထိုဒုက္ခသစ္စာ(ဆင်းရဲခြင်းအမှန်တရား)၊ သမုဒယသစ္စာ(ဆင်းရဲကြောင်းအမှန်တရား) တို့၏ ချုပ်ငြိမ်းရုပ်သိမ်းရာ နိဗ္ဗာန်တည်းဟူသော နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း(သစ္ဆိကာတဗ္ဗကိစ္စ)၊ ထိုဒုက္ခသစ္စာ(ဆင်းရဲခြင်းအမှန်တရား)၊ သမုဒယသစ္စာ(ဆင်းရဲကြောင်းအမှန်တရား) တို့၏ချုပ်ငြိမ်းရာနိဗ္ဗာန်တည်းဟူသော နိရောဓသစ္စာကို မျက်မှောက်ပြုရန် အကျင့်ကောင်းအကျင့်မှန်ဖြစ်သောမဂ္ဂသစ္စာကိုပွားများခြင်း(ဘာဝေတဗ္ဗကိစ္စ) တည်းဟူသော မဂ်ကိစ္စလေးချက် တပြိုင်နက်ဖြစ်ကြကုန်လျက်  ဒုက္ခခပ်သိမ်းချုပ်ငြိမ်း ကိလေသာခပ်သိမ်းငြိမ်းအေးရာဖြစ်သော နိဗ္ဗာန်တရားတော်မြတ်ကို အရဟတ္တဖိုလ်ပေါက် ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေဟူ၍ ဆုတောင်းလိုက်ရပါသည်။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

"လမ်းဆိုးလမ်းညစ်(မိစ္ဆာမဂ္ဂင်) နှင့် လမ်းကောင်း လမ်းမြတ်(အရိယာမဂ္ဂင်)"

မြတ်စွာဘုရားရှင်သည် ဘေးရန်ကင်း၍ ကောင်းကျိုးချမ်းသာဖြစ်စေတတ်သော
လမ်းကောင်း(အရိယာမဂ်)ကို ဖွင့်ပေးတော်မူခဲ့ပြီး၊ ဘေးရန်ထူပြော၍ ပင်ပန်းဆင်းရဲခြင်း ကြီးစွာဖြစ်စေတတ်သော လမ်းဆိုး(မိစ္ဆာမဂ်)ကိုလည်း ပိတ်ပင်တော်မူခဲ့သည်။ ဘေးရန်ကင်းသော လမ်းကောင်းဆိုသည်မှာ အရိယာမဂ္ဂင်ရှစ်ပါး၏အမည်တည်း။ ဘေးအန္တရာယ်ရှိသော လမ်းဆိုးဟူသည်မှာ မိစ္ဆာမဂ္ဂင်ရှစ်ပါးတို့၏ အမည်တည်း။
မိစ္ဆာမဂ္ဂင်ရှစ်ပါးဟူသည်မှာ
၁။ မှားသောအမြင်။ (မိစ္ဆာဒိဋ္ဌိ)
၂။ မှားသာအကြံအစည်( မိစ္ဆာသင်္ကပ္ပ)
၃။ မှားသော စကား (မိစ္ဆာဝါစာ)
၎။ မှားသော ပြုလုပ်မှု (မိစ္ဆာကမ္မန္တ)
၅။ မှားသော အသက်မွေးမှု (မိစ္ဆာအာဇီဝ)
၆။ မှားသော အားထုတ်ခြင်းလုံ့လ (မိစ္ဆာဝါယာမ)
၇။ မှားသော အောက်မေ့မှု (မိစ္ဆာသတိ)
၈။ မှားသောတည်ကြည်ခြင်း (မိစ္ဆာသမာဓိ) တို့ဖြစ်၏။

အရိယာမဂ္ဂင်ရှစ်ပါးဟူသည်မှာ
၁။ မှန်ကန်သောဥာဏ်အမြင် (သမ္မာဒိဋ္ဌိ)
၂။ မှန်ကန်သော အကြံအစည် (သမ္မာသင်္ကပ္ပ)
၃။ မှန်ကန်သော ပြောဆိုမှု (သမ္မာဝါစာ)
၎။ မှန်ကန်သော ပြုလုပ်မှု (သမ္မာကမ္မန္တ)
၅။ မှန်ကန်သော အသက်မွေးမှု (သမ္မာအာဇီဝ)
၆။ မှန်ကန်သော အားထုတ်ခြင်းလုံ့လ (သမ္မာဝါယာမ)
၇။ မှန်ကန်သော အောက်မေ့ခြင်း (သမ္မာသတိ)
၈။ မှန်ကန်သောတည်ကြည်ခြင်း (သမ္မာသမာဓိ) တို့ဖြစ်၏။

မိစ္ဆာမဂ္ဂင်ကားပယ်ရမည့်တရားဖြစ်၍ အရိယာမဂ္ဂင်ကား တွယ်ရမည့် ကျင့်ရမည့်တရားဖြစ်၏။ မိစ္ဆာမဂ္ဂင်ကို လက်ကိုင်ထား ကျင့်ကြံပါက လမ်းဆိုးပေါ်လျောက်လှမ်းခြင်းဖြစ်၍ အပါယ်လေးပါးနှင့် အိုခြင်း နာခြင်း သေခြင်းရှိရာအရာသို့ရောက်ကြောင်းဖြစ်ပြီး အရိယာမဂ္ဂင်ကိုလက်ကိုင်ထား ကျင့်ကြံပါက လမ်းကောင်း လမ်းမြတ်ပေါ်လျောက်လှမ်းခြင်းဖြစ်၍ အိုခြင်း နာခြင်း သေခြင်းကင်းရာ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်၏။ လမ်းဆိုး လမ်းမှားဖြစ်သော မိစ္ဆာမဂ္ဂင်ကို ပယ်ကာ လမ်းကောင်း လမ်းမြတ်ဖြစ်သော  အရိယာမဂ္ဂင်ကို လက်ကိုင်ထားကျင့်ကြံ၍ မအို မနာ မသေရာဖြစ်သော နိဗ္ဗာန်သို့ရောက်နိုင်ကြပါစေသတည်း။

ကျမ်းကိုး။         ။ ဝိတက္ကသဏ္ဌာနသုတ် 
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

"ဣဿာ မစ္ဆရိယ ဟူသည်"

ဣဿာ

ဣဿာဆိုတာ သူတစ်ပါးကို ဂုဏ်မပြုနိုင်တာ၊ အကောင်းမပြောနိုင်တာ၊
ဣဿာရှိရင် အကောင်းမပြောနိုင်ဘူး၊
congratulations မလုပ်နိုင်ဘူးပေါ့လေ။

လူတစ်ယောက် အောင်မြင်လာပြီး စည်းစိမ်ချမ်းသာ ရလာတာကို
အခြားတစ်ယောက်က မကျေနပ်နိုင်ဘူး၊ မပျော်နိုင်ဘူး၊
လူတစ်ယောက် ကြီးပွားသွားရင် မကြည့်နိုင်ဘူး၊ မရှု့စိမ့်ဘူး၊
မနာလို မရှုစိမ့်ဖြစ်တယ်လို့ ပြောတယ်၊ Jealousy ပေါ့၊

ဒါကလည်း ဒေသနဲ့ ယှဉ်တွဲပြီး ဖြစ်တာမို့ ဒေါသမူစိတ်မှာ ယှဉ်တယ်၊
စိတ်ဆိုးတာ မဟုတ်ဘူး၊ သို့သော် စိတ်ယုတ်တာ စိတ်ပုတ်တာ ဖြစ်တယ်၊
လူတစ်ယောက် အောင်မြင်နေလို့ရှိရင် မနာလိုဖြစ်တယ်၊
အကောင်းမပြောနိုင်ဘူး၊
ဒါ ဣဿာပဲ။

မစ္ဆရိယ

နောက်တစ်ခု ‘မစ္ဆရိယ’ ဆိုတာ ကိုယ့် အရည်အသွေးမျိုး သူများကို မရစေချင်တာ၊ ကိုယ့်အခြေအနေမျိုး သူများ မရစေချင်တာ၊
ကိုယ်နဲ့ လာယှဉ်ပြိုင်မယ်ဆိုရင် ကိုယ့်အရည်အသွေးမျိုးကို ကိုယ်ပဲ ပိုင်ဆိုင်ထားချင်တယ်၊
ဒါ မစ္ဆရိယ ခေါ်တယ်။

မစ္ဆရိယဆိုတာလည်း အတူတူပဲ၊ ဒေါသနဲ့ ယှဉ်တွဲတယ်၊
အရပ်ထဲမှာတော့ မစ္ဆရိယ ဆိုတာ နှမြောတာ၊
‘နှမြောအိုးမို့ ဘာမှ မလှူဘူး၊ မတန်းဘူး၊ မပေးဘူး၊ မကမ်းဘူး’ လို့ ပြောကြတယ်။

မစ္ဆရိယက နှမြောတာချည်းပဲ မဟုတ်ဘူး၊
မစ္ဆရိယဆိုတာ ကိုယ်ကြီးပွားသလို သူများ မကြီးပွားစေချင်ဘူး၊
ကိုယ်အောင်မြင်သလို သူများ မအောင်မြင်စေချင်ဘူး၊
အဲဒါမျိုးကို မစ္ဆရိယလို့ ပြောတာ။

မစ္ဆရိယ ၅-မျိုး

မစ္ဆရိယ ၅-မျိုးရှိတယ်။

(၁) အာဝါသမစ္ဆရိယ တဲ့၊
ကိုယ့်နေတဲ့ နေရာမှာ သူများလာနေရင် မကြိုက်တာ၊
ဟုတ်လား၊ ကိုယ့်အဆောက်အဦးထဲ သူများလာရင် မကြိုက်တာ ‘အာဝါသမစ္ဆရိယနော်’။ ‘အာဝါသမစ္ဆရိယ’ ဆိုတာ အိမ်မှာတင် မစ္ဆရိယ ဖြစ်တာမဟုတ်ဘူး၊
မီးရထားနဲ့ သွားတာတောင် ပေါင်ကားထိုင်သေးတယ်၊
အနားနားမှာ ဒိပြင်လူ လာထိုင်မှာ စိုးလို့၊ အထုပ်လေး တင်ထားမယ်၊ မထိုင်စေချင်ဘူး၊
နေရာ မပေးချင်ဘူး၊ အဲဒါမျိုး ပြောတာ အာဝါသမစ္ဆရိယ ဆိုတာ။

(၂) ‘ကုလမစ္ဆရိယ’
ကိုယ်နဲ့ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို လာပြီးတော့ မိတ်ဆွေဖွဲ့ရင် မကြိုက်တာ၊ ကုလမစ္ဆရိယ၊ ဘုန်းကြီးတွေကျတော့ ကိုယ့်ဒကာ, ဒကာမများကို
သူများ ဒကာ, ဒကာမဖြစ်မှာ မကြိုက်တာ ကုလမစ္ဆရိယပဲ၊
ကိုယ့်မိတ်ဆွေ သူ့မိတ်ဆွေ လာလုပ်မှာ မကြိုက်ဘူး၊ ကုလမစ္ဆရိယ။


(၃) ‘လာဘမစ္ဆရိယ’၊
ကိုယ်ရတာမျိုး သူများ မရစေချင်တာ လာဘမစ္ဆရိယ။

(၄) ‘ဝဏ္ဏမစ္ဆရိယ’ ဆိုတာ
ကျော်ကြားမှုနဲ့ သတ်သက်လာလို့ ရှိရင် ကိုယ်ပဲကျော်ကြားချင်တယ်၊
သူများ မကျော်ကြားစေချင်ဘူး။

(၅) ‘ဓမ္မမစ္ဆရိယ’ဆိုတာ
ကိုယ်သိတဲ့တရားကို သူများ မပေးချင်ဘူး၊ ကိုယ်သိတဲ့ ဗဟုသုတတွေ သူများကို မဖြန့်ဝေချင်ဘူး၊ သူတစ်ယောက်ထဲပဲ တကယ့်ကို ဂုရုကြီး လုပ်ချင်တယ် ပေါ့လေ၊ တစ်လောကလုံးရဲ့ ဂုရုကြီး၊ သူပဲ သိတယ်၊ ကျန်တဲ့လူတွေ မသိရဘူး၊ အဲဒါမျိုး လုပ်ချင်တာ၊ အဲဒါ ဓမ္မမစ္ဆရိယ လို့ခေါ်တယ်။

‘အာဝါသမစ္ဆရိယ၊ ကုလမစ္ဆရိယ၊ လာဘမစ္ဆရိယ၊ ဝဏ္ဏမစ္ဆရိယ၊ ဓမ္မမစ္ဆရိယ’ ဆိုပြီးတော့ မစ္ဆရိယငါးမျိုး ရှိတယ်၊

မစ္ဆရိယဆိုတာ ကိုယ်ရထားတဲ့ အနေအထားမျိုး သူများကို မရစေချင်တာ အဲဒါကို ပြောတာနော်၊ ဒါလည်းပဲ မရစေချင်ဘူး ဆိုတော့ သူက ဒေါသနဲ့ ယှဉ်တယ်။

ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ရန်ကုန်ရောက်ရင် ရွှေတိဂုံဘုရားဖူးပြီး
တိရစ္ဆာန်ရုံကို သွားကြည့်တာပေါ့၊ တိရစ္ဆာန်ရုံ သွားတဲ့အခါမှာ အထူးအားဖြင့်
ဘာကြည့် ချင်တုန်းဆိုတော့ ညနေဘက် ကျားတွေ ခြင်္သေ့တွေ
အစာကျွေးတာကို ကြည့်ချင်တယ်၊ ပိုစိတ်ဝင်စားတယ်၊

အဲဒီမှာ ဘာအကဲခတ်မိလဲဆို ကျားတွေ ခြင်္သေ့တွေက အစာဝဝစားရတာ မဟုတ်ဘူး၊
သူတို့ခမျာ ပိန်ပြီး ဆာလောင်နေတာလေ၊ ညနေ အစာကျွေးမယ့်သူ လာလို့ရှိရင်
သူတို့ ယောက်ယက်ခတ်နေပြီ၊ အစာကျွေးမယ့်လူက အမဲသားတစ်ပေါင်လောက် တစ်တုံးလောက် အထဲကို ပစ်ထည့်လိုက်ပြီဆိုရင်
အဲဒီ ကျားတွေ ခြင်္သေ့တွေက ပါးစပ်နဲ့ အစာကို ကိုက်ပြီး ဟိုလိုက်ရန်လုပ် ဒီလိုက်ရန်လုပ်နဲ့၊ ဆာနေတာ စားလိုက်ပါလား၊ အေးအေးဆေးဆေး မစားဘူး။

ဘာကြောင့် အဲဒီလို ဖြစ်တာတုန်းဆိုရင် မစ္ဆရိယကြောင့်၊
သူရထားတဲ့ အစာကို လာမထိနဲ့ပေါ့၊ အဲဒီအဓိပ္ပါယ်မျိုး ရှိတယ်။

ကြောင်လေးတွေ ကြွက်ခုတ်ပြီးရင် ပါးစပ်ထဲမှာ အစာရောက်သွားရင်
မာန်ဖီတော့တာပဲ မဟုတ်လား၊
အဲဒီတော့ မစ္ဆရိယက ဒေါသနဲ့ ယှဉ်တယ်ဆိုတာ သိပ်ထင်ရှားတယ်၊
ခွေးကလေး နှစ်ကောင်၊ ကစားနေတဲ့ ကြားထဲမှာ အမဲရိုးလေး ပစ်ချကြည့်၊ ကိုက်ကြပြီ၊ ဒါကြောင့်မို့ မစ္ဆရိယဟာ ဒေါသနဲ့ ယှဉ်တယ်လို့ ပြောတာ၊
မစ္ဆရိယ ပေါ်လာရင် ဒေါသ ဝင်လာတာပဲ၊ ဣဿာ ပေါ်လာရင်လည်း ဒေါသပဲ။

သို့သော် အဲဒီ မစ္ဆရိယနဲ့ ဣဿာဟာ တစ်ပြိုင်တည်း ဖြစ်သလားဆို မဖြစ်ဘူး၊ ဘာဖြစ်လို့တုံး၊ အာရုံချင်း မတူဘူး၊ စိတ်ရဲ့ ဦးတည်ချက်တွေဟာ မတူကြဘူးတဲ့၊

ဣဿာဆိုတာ သူများ အောင်မြင်မှုပေါ် ဦးတည်တယ်၊
မစ္ဆရိယ ဆိုတာ ကိုယ့်အောင်မြင်မှုပေါ် ဦးတည်တယ်၊ မတူကြဘူး။

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ၏
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) မှ

April 12, 2016

သင်္ကြန်အကြောင်း


   သင်္ကြန်ပွဲတော် ဟူသည် မြန်မာပြည်အပါအ၀င် အရှေ့တောင် အာရှဒေသ၏ နှစ်သစ်ကို ကြိုဆိုသည့်အနေအားဖြင့် ကျင်းပသည့် ပွဲတော်တခု ဖြစ်သည်။"ကူးပြောင်းခြင်း၊ ပြောင်းရွှေ့ခြင်း"ဟု အဓိပ္ပါယ်ရသော ပါဠိဘာသာ"သင်္ကန္တ"၊ သက္က တဘာသာ"သင်္ကြန္တ"တို့ကို တိုက်ရိုက် မြန်မာမှု့ပြု၍ "သင်္ကြန်"ဟု ခေါ်ဆိုကြခြင်း ဖြစ်ပါ၏ ။

          သက္ကတ ဘာသာစကားကနေ ဆင်းသက်လာတဲ့ သင်္ကန္တ စကားလုံးဟာ သက်ဆိုင်ရာ ဒေသနေ ပြည်သူတွေရဲ့ ၀န်းကျင် အခြေအနေပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားမှု ရှိခဲ့တာကိုလည်း တွေ့ရပါတယ်။ မြန်မာတို့ရဲ့ သင်္ကြန်၊ ထိုင်းတို့ရဲ့ ဆွန်ကရန် (Song Kran)၊ ကမ္ဘောဒီးယား ချိုချနန်သမေး (Chol Chnam Thmey)၊ လာအိုတို့ရဲ့ ဘီးမိုင် (Bpee Mai) နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒိုင်လူမျိုးတို့ရဲ့ ရေသဘင်ပွဲဆိုတဲ့ နှစ်သစ်ကူးပွဲတော်တို့ဟာ တစ်ခုတည်းသော ရင်းမြစ်က ဆင်းသက်လာခဲ့တဲ့ ပွဲတော်များ ဖြစ်ပါတော့တယ်
သင်္ကြန်အကျဉ်း ဆိုလိုရင်း

-------------------------------------------
        အကျဉ်းအားဖြင့်တော့ အချင်း ယူဇနာ ၅၀၊ လုံးဝန်း ယူဇနာ ၁၅၀ ရှိပြီး အတွင်းဘက်ကား ရွှေ၊ အပြင်ဘက်ကား ဖလ်သားအတိနဲ့ ပြီးသော ‘ဘာဏုရာဇာ’မည်တဲ့ တနင်္ဂနွေဂြိုဟ်မင်းဟာ နဝင်းတစ်လုံးမှ နေပြီး နဝင်းတစ်လုံးဆီ၊ နက္ခတ်တစ်လုံးမှ နက္ခတ်တစ်လုံးဆီ၊ တစ်ရာသီမှ တစ်ရာသီသို့ အစဉ်လိုက် ပြောင်းရွှေ့ခြင်းကို အစွဲပြုလို့ သင်္ကြန်ခေါ်ဆိုကြောင်း လောကီကျမ်းများအရ သိခဲ့ရပါတယ်။   ဒီိတော့ သင်္ကြန်ဆိုတာ ပြောင်းလဲခြင်း ပြောင်းရွှေ့ခြင်း လို့ အကျဉ်းအားဖြင့် မှတ်ယူနိုင်ပါတယ် ။
သင်္ကြန် အကျယ် သိမှတ်ဖွယ်

-----------------------------

          သင်္ကြန်ရဲ့  အဓိပ္ပါယ်ကို အကျဉ်းမျှဖြင့် သဘောပေါက် နားလယ်ဖို့ မလွယ်ကူဘူး ထင်မိပါတယ်  ။ ဒါကြောင့် အကျယ်ချဲ့  လေ့လာကြည့်တဲ့ အခါမှာတော့ ဤသို့ အကျယ်အားဖြင့် လေ့လာ သိရှိ မှတ်သားခဲ့ရပါတယ်   ။
           ဤကမ္ဘာမြေကြီးသည် နေကို ဗဟိုပြု၍ မိဿရာသီမှ စ၍ ပြိဿ၊ မေထုန်၊ ကရကဋ္ဋ်၊ သိဟ်၊ ကန်၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊မိန်ဟူသော ၁၂ ရာသီခွင်တို့သို့ အစဉ်လိုက်ကူးပြောင်းလှည့် ပြီးနောက် ရက်ပေါင်း ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့်ပြည့်သောအခါ မိဿရာသီ အစဖြစ်တဲ့  
အဿဝနီ နက္ခတ် ပထမပတ်သို့ စတင် ၀င်ရောက် ပါတယ်.. ယင်းသို့ ရာသီခွင်တပတ်လည် ၀င်ရောက်စအချိန်ကိုရာသီတခုမှ ရာသီတခုသို့ ကူးပြောင်း သောကြောင့်"သင်္ကြန်" ကျသည်ဟုခေါ်ဆိုပါတယ် ။

စူဠ မဟာ  သင်္ကြန်အခါ

-------------------------

          တနှစ်မှာ န၀င်းအရေအတွက် ၁၀၈ န၀င်းဖြစ်၍ သင်္ကြန် ၁၀၈ ကြိမ်၊ နက္ခတ် ၂၇ လုံး ဖြစ်၍ သင်္ကြန် ၂၇ ကြိမ်၊ ရာသီ ၁၂ ခုဖြစ်၍ သင်္ကြန် ၁၂ ကြိမ် ကျသည်၊ ၁၂ကြိမ် ကူးပြောင်း သည်ဟု ဆိုနိုင်ပါတယ်
          ဒါပေမဲ့ ယင်းကူးပြောင်းခြင်း သို့မဟုတ် သင်္ကြန်ကျခြင်း တို့မှာ"သာမည ကူးပြောင်းခြင်း" ဖြစ်၍ "အငယ်စား- စူဠသင်္ကြန်" တို့သာ ဖြစ်နေသည့် အတွက် လူတို့ က အလေးအနက် မထားမကြပါဘူး ။
          ဂြိုဟ်အပေါင်းတို့၏မိခင်ဖြစ်သော တနင်္ဂနွေဂြိုဟ် ကိုသာ အလေးဂရုပြု ကာဖြင့်  နှစ်၊ လ၊ ရက်တို့ကို မှတ်သားကြ သောကြောင့် တနင်္ဂနွေဂြိုဟ် ပြောင်းရွှေ့ ကူးပြောင်း ခြင်းကို သာလျှင် "သင်္ကြန်"ဟုလည်းကောင်း၊ "သင်္ကြန်ကြီး- မဟာ သင်္ကြန်"ဟုလည်းကောင်း အလေး အမြတ်ပြု မှတ်သားလျက် သင်္ကြန်ပွဲတော် ဆင်နွှဲ ကျင်းပ ကြပါတယ် ။
           ထို့ကြောင့် ဧပြီလအစပိုင်း သို့မဟုတ်အဆုံးပိုင်းရက်များ တွင်ဖြစ်စေ၊ မေလ၊ ဇွန်လ၊ ဇူလိုင်လ များတွင်ဖြစ်စေ ကျင်းပလေ့ ရှိကြသော အနောက်နိုင်ငံ များနေ မြန်မာတို့၏ သင်္ကြန်ပွဲများ သည် "မဟာသင်္ကြန်ပွဲ " မဟုတ်ဘဲ "စူဠသင်္ကြန်ပွဲ" များသာ ဖြစ်သည်ဟု သတိပြုနားလည်ရမည်ဖြစ်ပါတယ်

 သင်္ကြန် ကြို..အကျ ...အယူ အဆ
       တာဝတိံသာနတ်ပြည်မှ သိကြားမင်းသည် သင်္ကြန်ကျချိန်မှာ လူ့ပြည်သို့ ခေတ္တခဏ ဆင်းလာလေ့ရှိတယ်။ သိကြားမင်း လူ့ ပြည်ဆင်းချိန် သည် "သင်္ကြန်ကျချိန်"ဖြစ်၍...မဆင်းမီ တရက် အလို သိကြားမင်းကို ကြိုဆိုသော နေ့ကိုတော့  "သင်္ကြန်အကြိုနေ့" ဟု ခေါ်ဆိုကြတယ် ဟု ယူဆ ဖေါ်ပြလေ့ ရှိပါတယ် ။

သင်္ကြန်ကျရက်  ဤသို့တွက်

-----------------------------

        အကြမ်းဖျင်းအားဖြင့် သင်္ကြန်ကျမည့်ရက်ကို အလွယ်တကူ သိနိုင်သော နည်းမှာ လွန်ခဲ့ သောနှစ် သင်္ကြန်အတက်ရက်မှ စ၍ ရေတွက်လျှင် ၃၆၄ ရက်မြောက်နေ့သည် ယခုရောက်ဆဲ နှစ်၏ သင်္ကြန်အကျ နေ့ပင် ဖြစ်ပါတယ်။    အတိအကျအားဖြင့် လွန်ခဲ့သောနှစ် သင်္ကြန်ကျသောနေ့ ရက်အချိန်မှ ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ် ၃၇ စက္ကန့်ပြည့်သောအချိန်နေ့ရက်သည် ယခု ရောက်ဆဲနှစ်၏ သင်္ကြန်အကျနေ့ ဖြစ်ပါတယ် ။
          သင်္ကြန်ပုံပြင် ဖတ်လိုလျှင်

          --------------------------

           တခါက သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ၂ ယောက် စကားလက်ဆုံ ပြောကြရာ ကဿပ ဘုရားရှင် လက်ထက် မတိုင်ခင်က လူ့ပြည်၌ တစ်ပါတ်လျှင် ၈ ရက်ရှိ ခဲ့ပြီး ယခုအခါ ၇ ရက်သို့ ပြောင်းသွားပြီ ဖြစ်ကြောင်း သိကြားမင်းက ပြောလေရာ ဗြဟ္မာမင်းက မဖြစ်နိုင်ဘူးဆိုကာ ငြင်းခုံ ကြပါသတဲ့ ။
           ထို့နောက် ရှုံးတဲ့သူ က ခေါင်းဖြတ်ကြေး ဟု သတ်မှတ်ကာ လူပြည်သို့ ဆင်းပြီ ထိုအချိန်က သီလ၊ သမာဓိနှင့် ပြည့်စုံသည့် ရသေ့ထံတွင် အဆုံးအဖြတ် ခံယူပါသတဲ့ ။ အဘိဥာဏ်ရ ရသေ့က ယခုအခါတွင် လူပြည်တွင် တနင်္ဂနွေအစ စနေအဆုံး ၇ ရက်သာ ရှိတော့သည်ဟု အဆုံးအဖြတ်ပေးခဲ့လေသတဲ့။
           ဗြဟ္မာမင်းလည်း သူ့ကတိအတိုင်း သူ၏ဦးခေါင်းကို အဓိဌာန်ဖြင့် ဖြတ်ပြီး သိကြားမင်းလက်သို့ ပေးအပ်လိုက်ပါတယ် ။
          ထို ဗြဟ္မာ ဦးခေါင်းပြတ်ကြီး သိကြားမင်း လက်ထက်ထဲသို့ ရောက်သည့်အခါမှ သိကြားမင်းမှာ စဉ်းစားမိသည်မှာ......။  မြေပေါ်ချထားလျှင် ၇ နှစ် ကမ္ဘာမီးလောင် ပြီး မိုးခေါင်လိမ့်မည် ရေ တွင် ထားပါက လည်း သမုဒ္ဒရာ ၇ စင်းမှ ရေများ ခန်းခြောက်သွားလိမ့်မည် လို့ပါပဲ ..ဒီတော့ မြေမှာလဲ မထား..ရေ သို့လို့ မပို့တော့ပဲ့  နတ်သမီး ၇ ယောက်မှ တစ်နှစ်လျှင် တစ်ယောက်ကြ ဗြဟ္မာဦးခေါင်းကို ကိုငထာ်းထားရန် တာဝန်အပ်နှံပေးထားလိုက်ပါတော့သတဲ့ ။
           ထို နတ်သမီးတွေရဲ့ တစ်ဦးနဲ့ တစ်ဦး ဦးခေါင်းကိုင်ရန် အလွှဲအပြောင်း ကိုလည်း သင်္ကန္တ ဟို ခေါ်ပြီး ထိုမှ ရွေ့လျှော ဆင်းသက်ရာမှ သင်္ကြန်ဆိုတာ ဖြစ်လာပါသတဲ့
          မြန်မာပြည်တွင် တစ်နှစ်တစ်ခါ ထုတ်ဝေတဲ့ သင်္ကြန်စာများမှာလည်း ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းကို လွှဲပြောင်းပေးနေပုံကို ဖော်ပြလေ့ရှိတာ သတိပြုမိပါတယ်။
   ဘာပဲပြောပြော သင်္ကြန်ဆိုတာ ပြောင်းရွှေ့ခြင်း အဓိပ္ပာယ်လို့သာ လွယ်လွယ် မှတ်လိုက်ကြပါစို့နော်။

မြန်မာသင်္ကြန်ပွဲတော်များ အစ ...ပုဂံခေတ်က

---------------------------------------------

          ရှေးမှတ်တမ်းများအရ ရေကစားပွဲတော်ကို ပထမဆုံး စတင်ခဲ့သည့် ဘုရင်မှာ ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်တွင် ဟု သိရပါတယ်။ ထိုမင်းသည် ရေကစားပွဲတော်တွင် သူ၏မိဖုရား စောလုံ ကို အရှက်ကွဲအောင် စနောက်မိခဲ့သဖြင့် စောလုံမှ ထမင်းပွဲတွင် အဆိပ်ထည့်ကာ လုပ်ကြံ သည်အထိ ဖြစ်ခဲ့ပါတော့တယ် ။
          အချိန်မှီ သိရှိသဖြင့် ဘုရင့်အသက် မသေခဲ့သော်လည်း မိဖုရားစောလုံကိုတော့ မီးကျီးခဲ ရဲရဲတွင် မီးကင် သတ်စေခဲ့ပါတယ် ။သင်္ကြန် အစ၏ ကြေကွဲစရာ မှတ်တမ်းလေးတစ်ခုဟုသာ ဆိုပါရစေ

ရှောင်ကြဉ်ဖွယ်ရာ အဖြာဖြာ

-----------------------------------------------
          ဟိုးတစ်ချိန်က ရှေးပညာရှိကြီးတွေ ဟာ အတာနှစ်ဦးမှာ ရှောင်ကြဉ်ရ မယ့် ဓလေ့တချို့မှတ်သားဖွယ် ဖော် ထုတ်သွားခဲ့တာကို သတိရဆင်ခြင် ရမှာ ဖြစ်ပါတယ်။   အဲဒါတွေကတော့ အတာသင်္ကြန်အခါတွင်
          ရုဒံ- ငိုကြွေးခြင်းကိုသော်လည်းကောင်း၊ မေထုနဉ္စ-မေထုံမှီဝဲခြင်းကိုသော် လည်းကောင်း၊ မံသံ -ဟင်းမျိုးစိမ်းကို ဝယ်စားခြင်းမှသော်လည်းကောင်း၊ သူရ-သေရည်သေရက်သောက်ခြင်း ကို သော်လည်းကောင်း၊ကောဓောစ -အမျက်ထွက်ခြင်းကိုသော်လည်း ကောင်း၊ ရုဓံ- သွေးထုတ်ခြင်းကို သော်လည်းကောင်း၊ တေလိကံ- ဆေးဆီလိမ်းခြင်းကိုသော်လည်း ကောင်း၊ နကေရ-မပြုရာ၊ မရောင်း အပ်။ဣမာနိဒသ ကမ္မာနိ- ဤသို့ ဆယ်ပါးသောအမှုတို့ကို၊ သက္ကောပိ -သိကြားမင်းသော်လည်းကောင်း၊ ပရိဇ္ဇယေ-ဖဲကြဉ်ရာ၏။ မြန်မာသက်သက်အနေဖြင့် ဖေါ်ပြရမူ
          (၁) ငိုကြွေးခြင်း၊ ပူဆွေးခြင်း။
(၂) လိင်ဆက်ဆံခြင်း။
(၃) သူတပါးအသက်သတ်ဖြတ်ခြင်း။
(၄) အရက်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း။
(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။
(၆) သွေးဖောက်၊ သွေးထုတ်ခြင်း။
(၇) ဆီလိမ်း၊ ဆေးလိမ်းခြင်း။
(၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။
(၉) ကုန်ပစ္စည်းဝယ်ယူသိုလှောင်ခြင်း။
(၁၀) ကုန်ပစ္စည်းရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း တို့ ဖြစ်ပါတယ်
          ထို(၁၀)ပါးသေားအမှု့တို့ကို မကြဉ်ရှောင်သောသူတို့ အား နတ်သိကြား မင်းတို့သည် ခွေးသရေပေါ်တွင် မှတ်တမ်းသွင်းကာ မကောင်းသောကြည့်ခြင်းဖြင့်  လူဆိုးစာရင်းသွင်း  မှတ်တမ်းတင်ခြင်း ခံရတယ်လို့ မှတ်သားရပါတယ်
          ဒါကြောင့် ပျို့ကဗျာတွေမှာ ”မင်္ဂလာစကား၊လင်္ကာကြားအံ့၊ ကြော်ကြားစုံစေ၊ သင်္ကြန်နေ့၌ မတွေ့ဝေးစွာ၊ ရှောင်ကုန်ရာသား၊ မသာနှလုံး၊ ညှိုးချုံးစိုးရိမ်၊မငြိမ်ပူဆွေး၊ ငိုကြွေးကုန်ထ၊ ကာမအရှာ၊ မေထု နာနှင့် ပါဏာသတ်ပုတ်၊ သောက် ထုတ်ရက်မ၊ မျက်ထွက်မာန၊ ပဋိယ နှင့်ဒေါသမလွတ်၊ ဆီပွတ်လိမ်းဆင်၊ သစ်ပင်ခုတ်ဖြတ်၊ သတ်ခတ်တုန် ရှောင်၊ အရောင်းအဝယ်၊ ဤတစ် ဆယ်ကို၊ လူ့ဝယ် နတ်ခွင်၊လူလိုစင် ထား၊မြင်းမိုရ်ဖျားဝယ်၊ သိကြားသော် မှ၊ မပြုရရာ၊ ကျမ်းလာသောအား၊ လင်္ကာကြားသည်။ ဤကားသင်္ကြန် အလိုတည်း” အဲသလိုစပ်ဆို ထားခဲ့ ပါတယ်။
          သင်္ကြန်အတွင်းမှာ မကောင်းသော အပြု အမူ အပြောအဆို အကြံစည်တွေကို ရှေင်ကြဉ်ရပါတယ် ။

သင်္ကြန်ချိန်ခါ ပြုဖွယ်ရာများ
        "မဟာသင်္ကြန်" နှင့် တွဲဖက်၍ "အတာ" ဟူသော ဝေါဟာရ၊ "အတာစား "ဟူသော ဝေါဟာရ တို့ကို ပြောဆို သုံးစွဲ နေတာကို တွေ့ရပါမယ် ။
        "အတာ"ဟူသည် လောကီ အလို ဒဏ်သင့်ခြင်း ဖြစ်သည်။ တနည်းအားဖြင့် "အန္တ-အဆုံး End"ဟူသော ပါဠိပုဒ်မှ "အတာ" ဖြစ်လာသည်ဟုလည်း ကြံဆ ကြပါတယ် ။
  ယင်းအလို အားဖြင့် "အတာ"ဟူသည် " နောက်ဆုံး ကာလ၊ အကျပိုင်း ကာလ" ကို ဆိုလိုပါတယ်

အတာရက်ကို ဤသို့ဆို 

-------------------------

"အတာရက်"မှာ သင်္ကြန် အတက်ရက် ဖြစ်၏။နှစ်တနှစ်၏နောက်ဆုံးရက်ပင် ဖြစ်တယ် ။ သင်္ကြန်အတက်ရက်နှင့် မွေးနေ့ တိုက်ဆိုင်သူများသည် "အတာသင့်"သူများ ဖြစ် လာပါတယ်။
ဒါကိုပင် အတာစားသည် ဟု ပြောဆို သုံးစွဲနေကြပါသေးတယ် ။
          အတာစားသည့်  နေ့နံသားသမီးတို့သည် အတာတက် မည့် အချိန်အတိအကျတွင် "အတာစား" ရပါတယ်။ "အတာစား" ဟူသည် အတာတက်ချိန်မှာ ကောင်းမွန်သန့်ရှင်းစွာဝတ်စားဆင်ယင်လျှက် အရှေ့တောင်အရပ်သို့ မျက်နှာမူကာ ပူဇော်ရိုသေ ထိုက်သူများကို လှူဖွယ် ပစ္စည်းတို့ဖြင် ဆက်ကပ် ခြင်း စသည်ဖြင့် ဖေါ်ပြထားတာတွေ လေ့လာ ဖတ်ရှု့ရပါတယ်
အတာစားခြင်းအကျိုး   အမျိုးမျိုး

------------------------------

အတာစားခြင်း၏အကျိုးကား----- အတာပုည၊ ကုသလကို၊ ပြုကြ ကုန်သော၊ အမျိုးသား၊ အမျိုးသမီးတို့သည် "အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံ ဝေရီဇေယျသုမင်္ဂလံ" ဟု ရှေးပညာရှိတို့ ရေးဖွဲ့ ခဲ့သည်နှင့် အညီထိုကဲ့သို့ ရတနာ သုံးပါး စသည်တို့အား လှူဒါန်း ပူဇော်ကြသော သူတို့ သည် ကောင်းကျိုး ချမ်းသာ မင်္ဂလာ တရား ပြန့်ပွား တိုးတက် ပြည့်စုံ ကုန် ရာသည်။" ဟု မှတ်သားရဖူးပါတယ်..
အတာအိုး အတာပန်း .....

-------------------------

          အတာအိုးကို သင်္ကြန်ကို စောင့်ကြို သည့်အနေဖြင့် သင်္ကြန် မကျခင် ကြိုတင် ပြင်ဆင် ရသည်။
(၇) ရက်သားသမီးတို့ အတွက် ရည်ရွယ်၍ ပန်း ၇ မျိုးဖြစ်စေ၊ အညွန့် ၇ မျိုးဖြစ် စေ ရေပြည့်အိုးမှာ ထည့်ကြလေ့ ရှိပါတယ် ။
         စာရေးသူတို့ အညာနယ်မှာတော့ သင်္ကြန်ကျသည်နှင့် တပြိုင်နက် အတာအိုးမှ ရေကို သွန်၍ သင်္ကြန်ပန်း၊ သင်္ကြန် အညွန့်တို့ကို အိမ်ဦး ၀င်းထရံ စသည်တို့၌ ထိုးစိုက်ကာ နှစ်သစ်မှာ ဘေးရန်ကင်းကွာ  ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာဖို့ ဆုတောင်းဆုယူပြုလေ့ရှိပါတယ်  .။

 ဦးခေါင်းဆေးမင်္ဂလာ ပြုလုပ်ကြခြင်း

-------------------------------------

         သင်္ကြန် ရောက်ပြီဆိုပါလျှင် အစဉ်အလာအားဖြင့် ဦးခေါင်းဆေး မင်္ဂလာကိုလည်း ပြုလုပ်လေ့ ရှိကြပါတယ်  ။ သင်္ကြန် ဟူသည် ဗသျှူသင်္ကြန်၊ အာရာမသင်္ကြန်၊ သမန္တသင်္ကြန် ဟု ၃ မျိုးရှိပါတယ် ။
ဗသျှူ သင်္ကြန်ဖြစ်က သင်္ကြန် မ၀င်မီ ဦးခေါင်းဆေး ကြရသည်။
အာရာမသင်္ကြန်ဖြစ်က သင်္ကြန်ဝင်ဆဲမှာ ဦးခေါင်း ဆေးကြ ရသည်။
သမန္တသင်္ကြန်ဖြစ်က သင်္ကြန်ကျပြီး ၂၄ မိနစ်မှာ ဦးခေါင်းဆေးကြရ သည်။
(သမန္တသင်္ကြန်ဖြစ်က တနာရီလွန်မှ ဦးခေါင်း ဆေးကြ ရသည်ဟုလည်း ပညာရှင်တို့ ဆိုကြပါ၏။)
သင်္ကြန် အမျိုး အစား ၁၂ မျိုးဟုလည်း သုတေသန သရုပ်ပြ အဘိဓာန်မှာ တွေ့ရ၏။           ရှေးမြန်မာတို့သည် မိမိတို့၏ ကိုယ်အင်္ဂါတွင် အမြင့်မြတ်ဆုံး ဖြစ်သော ဦးခေါင်းတွင် နှစ်ဟောင်းက ကပ်ငြိစွဲ ကျန်နေသော အညစ်အကြေး များ နှစ်သစ်သို့ ဆက်လက် မပါရှိစေရန် ရည်ရွယ်ချက်ဖြင့် ဦးခေါင်းဆေး မင်္ဂလာ ပြုခဲ့ကြပြီး အတိတ်ကောင်း ယူကာ  ကိုယ်စိတ် သန့်ရှင်းမှုကို အကျိုးပြုရာ ရောက်သည်ဟု ယူဆခဲ့ကြပါတယ် ။

        ဦးခေါင်းဆေးမင်္ဂလာပြုလုပ်သောကြောင့် အကျိုးရပုံကို သင်္ကြန်စာများတွင် အောက်ပါ အတိုင်း ဖော်ပြ ထားပါတာကို ဖတ်ရှု့ မှတ်သားရဘူးပါတယ်
        "ဦးခေါင်းဆေးရသောအကျိုးကား---သင်္ကန္တေ၊ သင်္ကြန်ဟု ခေါ်ဆိုအပ်သော တနင်္ဂနွေဂြိုဟ်မင်း သည်။ ပုဏ္ဏမေ၊ အံသာ(၃၆၀) ရသဖြင့် တဘဂဂဏပြည့်၍ မိန်ရာသီ အ၀သာန် န၀င်းမှ မိဿ ရာသီ အာဒိန၀င်းသို့ ပြောင်းခဲ့သည် ရှိသော်။ က္ကူဓ၊ ဤ လူ့ပြည်၌။ မာဏ၀ါ၊ သတ္တ၀ါဟုခေါ်ဝေါ် အပ်ကုန်သော။ မနုဇာ၊ လူအပေါင်း တို့သည်။ သိရာ၊ ဦးခေါင်းဆေးကုန်ရာ၏။
        တေသံ၊ ထိုဦး ခေါင်းဆေး ကုန်သော သူတို့အား။ သတ္တဘာဂီ၊ ခုနှစ်နှစ်ကဖြစ်ကုန်သော။ ရောဂီ၊ အနာမျိုးတို့ သည်။ ၀ိနာသေယျူံ၊ ကင်းပျောက်ကုန်ရာ၏။ သုခဘာဂီ-ချမ်းသာခြင်း၏ အဘို့  ဖြစ်ကုန်သော။   သတသဟဿာနိ၊ တသိန်းသော အကျိုးတို့သည်။ ဘဝေယျူံ၊ ဖြစ်ကုန်ရာ၏။"
        ဤအထက်ဖေါ်ပြပါအတိုင်း နှစ်သစ်မှာ ကောင်းကျိုး ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံရအောင် သင်္ကြန်ကာလများမှာ ဦးခေါင်းဆေး မင်္ဂလာများ ပြုလုပ်ရခြင်းဖြစ်တယ်လို့ နားလည်ရပါတော့တယ်  
       
        နိဂုံးချုပ်အားဖြင့် မူ သင်္ကြန်ဆိုတာ ပြောင်း လဲ ခြင်းလို့ နားလည်ခဲ့ရပါပီ .. ဒီ ပြောင်းလဲ ခြင်းဟာ ဘယ်တော့မှများ အဆုံးသတ်ပါလိမ့်ဟုလဲ တွေးကြည့်မိပါတယ်...ပုထုဇဉ်ဘ၀ နဲ့ သံသရာတစ်ခွင် ကျင်လည်ခဲ့ရအုံးမယ်ဆိုရင်ဖြင့် နိမ့်တုံတခါ  မြင်ဘုံတစ်လှည့်ဖြင့် ပြောင်းလှည့်နေအုံးမှာဖြစ်တော့ တော်ရုံနဲ့ အဆုံးမသတ်နိုင်တော့ဘူးလို့ တွေးမိပါတယ်....
        လောကကြီး ထဲမှာ လူဖြစ်လာပြီး ရေကြည်ရာ မြက်နုရာ လှည့်လည်နေကြသူတွေဟာ တစ်နေရာကနေ တစ်နေရာဆီ ပြောင်းရွှေ့ပြီဆိုပါရင် ကိုယ်နဲ့ဆိုင်သည် ပစ္စည်းများကို သိမ်းဆည်း သယ်ဆောင်သွားတတ်ကြပါတယ် ၊ အဲဒီလိုအခါမျိုးမှာလဲ ကောင်းနိုးနိုးရာရာ တန်ဖိုးရှိ သည့် မိမိနဲ့ အသုံးတည့်သော အရာများကိုသိမ်းဆည်း လေ့ရှိကြပါတယ် ။ တန်ဖိုးမဲ့ တဲ့ အရာတွေကို စွန့် ကာ ထားခဲ့ပြီး တန်ဖိုးကြီးပစ္စည်းကို သာ မိမိနဲ့ တပါးတည်း သယ်ဆောင်သွားတတ်ကြတာကို သတိပြုမိပါတယ်
        ဒီပုံသဖွယ်ပါပဲ...မိမိတို့ဟာ အမြဲမရှိလေသော သင်္ခါရ လောကနယ်မှာ လူဖြစ်လာကြသူတွေမို့ တစ်နေရာတည်းမှာ ထာဝရ ဆိုတာတော့ မဖြစ်နိုင်ဘူးပေါ့  ... နိမ့်ရာကနေ မြင့်ရာဆီ ၊ ဆိုးရာကနေ ကောင်းရာဆီ ..ကျရှုံးမှု့ မှသည် အောင်မြင်မှု့ဆီ ... ဒေသ တစ်ခုကနေ ဒေသ တစ်ခုဆီ စသည် စသည် ဖြင့်  ပြောင်းရွှေ့ရမှာတော့ သေချာပါတယ်.. နောက်ဆုံး တော့ ဒီဘ၀ ဒီခန္ဓာကို စွန့်ခွာလို့ တမလွန်ဆိုတဲ့ နောင်ဘ၀ ဆီ အထိ ပြောင်းရွှေ့ရအုံးမယ်..
        သတ္တ၀ါတွေမှာ ကံသာလျှင်ကိုယ်ပိုင် ဥစ္စာ ရှိပေရာ ဒီလို ပြောင်းရွှေ့တဲ့အခါမှာ တန်ဘိုးနဲ ပြီး အပါယ်ကို ဆွဲချနိုင်တဲ့ အကုသိုလ်ကံ ဥစ္စာတွေကိုပဲ သိမ်းဆည်း သယ်ဆောင်သွားကြမည့်အစား ...တန်ဖိုးကြီးပြီး မြင့်မြတ်သော အထက်တန်းကျ မျက်နှာပန်းလှတဲ့ ဘုံဘ၀တွေ ကို ရောက်စေနိုင်သည့် ကုသိုလ်ကံ တည်းဟူသော ဥစ္စာတွေကို သယ်ဆောင်သွားနိုင်ရင် အကောင်းဆုံးမဟုတ်ပါလား
        ဒါကြောင့် တစ်နှစ်မှသည် တစ်နှစ်ဆီသို့ ရွှေ့ပြောင်းသော ဒီသင်္ကြန် အခါ အကြောင်း လေ့လာဆည်းပူးရင်း  နှစ်သစ်ကြိမ်ရာ မင်္ဂလာရှိသော သင်္ကြန်အခါကာလမှာ ကောင်းမြတ်လှသော ဒါန ၊ သီလ၊ ဘာဝနာ မြတ်ကောင်းမှု့တွေကို ကြိုးစားပြုလို့  နှစ်ဟောင်းက အကုသိုလ်အညစ်ကြေး အပြစ်ဘေးထိုက်သည့် ဒုစရိုက်တွေကို နှစ်ခဲ့ ကြပါစို့လား ...နှစ်သစ်မှာ ကုသိုလ် သုစရိုက်တရားတွေနဲ့ ဘ၀ကို သစ်လွင်တောက်ပြောင်လာအောင် ရွက်ဆောင်ကြပါစို့လားလို့ တိုက်တွန်းရင်း စာရေးသူရဲ့ အတွေးလေးတွေကို နိဂုံးချုပ်ပါရစေ
မေတ္တာသီသေန စိတ္တေန ..........အရှင်နန္ဒ၀ံသ  ။
ဇေယျသုခ ဓမ္မရိပ်သာ ၊(Amarillo,Texas,U.S.A)