October 27, 2016

သတိနဲ့ပျော် စိတ်ကိုစောင့် လွတ်အောင်ရုန်း


     ကံ ကြောင့် လူဘ၀ဆိုတာ ရလာတယ်၊ ဒါနကုသိုလ်ကြောင့် ချမ်းသာတယ်၊ သီလကုသိုလ်ကြောင့် အသက်ရှည်တယ်၊ ဒါန သီလ ကုသိုလ်ကောင်းမှု အကျိုးပေးလို့ ဒီဘ၀မှာ ချမ်းသာသုခနဲ့ ပြည့်စုံပြီး အသက်ရှည်ရှည်နေရတာကို သိမြင်ဖို့လိုပါတယ်။ ( မိမိတို့ ဘယ်ဘ၀က လာသည်ဆိုသည်ကို အတိအကျ မသိနိုင်သော်လည်း မိမိတို့ဘယ်အဆင့်အတန်း၊ ဘယ်လိုစိတ်မျိုးရှိခဲ့သည်၊ ဘယ်လိုဗီဇ ရှိသည် ဆိုသည်ကို လက်ရှိဘ၀ အခြေအနေ အနေအထားဖြင့် နှိုင်းယှဉ်ပြီး ခန့်မှန်းနိုင်ပါသည်၊ မိမိအယူအဆသာ ဖြစ်ပါသည်)။

     ဒါကိုမမြင်ဘဲ အဟုတ်ကြီးထင် မာန်ကြီးတက်လို့ မော့မော့ကြွားကြွားနဲ့ လောကချမ်းသာတွေ ကာမဂုဏ်ကိလေသာတွေနဲ့ မေ့လျော့ပျော်ပါးနေရင်တော့ ကံကုန်လို့ သေမင်းခေါ်တဲ့အခါ သွားရတော့မယ် ဆိုတော့မှ နောင်တတွေရပြီး မျက်ရည်ကျနေလို့ အပိုပါပဲ။ ချစ်လှပါတဲ့ ဇနီး ခင်ပွန်းကလည်း မကယ်နိုင်၊ မွေးထားတဲ့ သား သမီးတွေကလည်း မကယ်နိုင်၊ ဆရာဝန်ကို ငွေပုံပေးလို့လဲ ကယ်နိုင်မှာ မဟုတ်တော့ဘူး။

     မိမိတို့ ရှေ့အတိတ်က ကောင်းမှုကုသိုလ် သီလ ဒါနကြောင့် ဒီခေတ် ဒီအခါ လူဖြစ်လာစဉ်တစ်ခဏ အကျိုးမရှိတာတွေနဲ့ ပျော်မနေပဲ၊ ပယ်သင့်တာပယ်၊ သယ်သင့်တာသယ်ဖို့ လိုပါတယ်၊ မသေခင်က လုပ်ခဲ့တဲ့ ကံတွေဟာ သေမဲ့အချိန်မှာ ကုသိုလ်သော်လည်းကောင်း အကုသိုလ်သော်လည်းကောင်း ဆိုင်ရာ အားကြီးရာ ကတိနိမိတ်ကို အထောက်အပံ့ပြုပါတယ်။

     အနေချောင်ချောင်နဲ့ မေ့မေ့မောမော နေခဲ့ရင် အသေကျပ်မည်ကို သတိထားပါ၊ ဘာလုပ်လုပ် သတိနဲ့ ဆင်ခြင်ပြီး သိနေဖို့လိုပါတယ်၊ ဒီလိုသိနေဖို့ကလည်း ကိုယ့်စိတ်ကို ပြန်စစ်ပြီး သိနေဖို့ အကျင့်လေးလုပ်ဖို့လိုပါတယ်၊ ကျင့်ပါများ လုပ်ပါများရင် အလိုလိုသတိကရှိပြီးသား၊ သိနေ ဆင်ခြင်နေမိမှာပါပဲ။

    လူရယ်လို့ဖြစ်လာရင် လောကဓံဆိုတာကို မလွဲဧကန် ရင်ဆိုင်ကြရမှာပါ၊ လောကဓံဆိုတာက အတွင်းလောကဓံနဲ့ အပြင်လောကဓံဆိုပြီး ရှိပါတယ်၊ အပြင်လောကဓံကတော့ လူတိုင်းနီးပါး သိရှိထားပြီးဖြစ်တဲ့
၁။  လာဘ - ပစ္စည်းဥစ္စာ ရရှိခြင်း ။
၂။  အလာဘ - ပစ္စည်းဥစ္စာ မရရှိခြင်း ။
၃။  ယသ - အခြွေအရံ ပေါများခြင်း ။
၎။  အယသ - အခြွေအရံ မရှိခြင်း ။
၅။  နိန်ဒါ - အကဲ့ရဲ့ ခံရခြင်း ။
၆။  ပသံသာ - အချီး မွမ်း ခံရခြင်း ။
၇။  သုခံ - ချမ်းသာခြင်း ။
၈။ ဒုက္ခံ - ဆင်းရဲ့ ခြင်း ။ တို့ပဲဖြစ်ပါတယ်။

   အတွင်းလောကဓံကတော့ စိတ်စေတသိတ်တွေဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဠိ၊ ၀စိကိစ္ဆာ တို့ဘဲဖြစ်ပါတယ်၊ အတွင်းလောကဓံက အလွန်အရေးကြီးပါတယ်၊ လူတိုင်းဟာ သူများ ကိုသာ မြင်တတ်ပြီး မိမိကိုယ်ကို မမြင်ကြပါဘူး၊ မြင်အောင်လည်းမကြည့်ဘူး၊ ကြည့်လည်း မကြည့်တတ်ကြပါဘူး အတွင်း လောကဓံကို နိုင်မှသာ အပြင်လောကဓံကို နိုင်မှာဖြစ်ပါတယ်၊ ဒါကြောင့် အတွင်းလောကဓံ တရားတွေကို တိုက်ထုတ်ဖို့ ဖြစ်လျှင်ဖြစ်ချင်း သိဖို့ ထိန်းချုပ် ပယ်ဖြတ်ဖို့ မိမိစိတ်ကို စစ်ဆေးနေဖို့လိုပါတယ်။

     လောကီလူသားတို့အနေနဲ့ ယုတ်စွအဆုံး လုပ်ချင်ရာလုပ်၊ သတိလေးနဲ့ သိနေဖို့တော့လိုပါတယ်၊ ကာမဘုံသားတို့အနေနဲ့ ပညတ်ကိုတော့ ပယ်နိုင်မှာမဟုတ်ပါဘူး၊ ဘာကြောင့်လဲ ဆိုတော့ နေစဉ်ကြုံတွေ့နေရ၊ လုပ်ဆောင်နေရ၊ ပြောဆိုနေရတာမို့ပါ၊ သို့ပေမယ့် ပရမတ်ကိုတော့ သိရပါမယ်၊ ပညတ် ၂ မျိုးရှိပါတယ်၊ အ၀ိဇ္ဇမာနပညတ် - အများသုံးစွဲ ခေါ်ပြောနေတဲ့ သဘော ၊ ဥပမာ ယောက်ျား မိန်းမ ငါ သူတစ်ပါး အိုး အိမ် စတဲ့ ပုံသဏ္ဍာန်ကို အမည်တပ်ခေါ်တာကို ဆိုလိုပါတယ်၊ ၀ိဇ္ဇာမာနပညတ် - ဘုရားဟော ဥပမာ - အကြောင်းအကျိုး ရုပ် နာမ် ခန္ဓာ သစ္စာ နိဗ္ဗာန် စတဲ့ နာမ်တရားတွေကို ခေါ်ပါတယ်၊ ပညတ်ကိုဖယ်ပြီး ၀ိပဿပ   နာရှုရင် ပရမတ်ကို တွေ့ပါမယ်။

     ရှေးဘ၀က ကောင်းမှုကုသိုလ်ကြောင့် သုဂတိဘုံထဲမှ အကောင်းဆုံး  အသာဆုံး လူ့ဘုံကို ရောက်ရှိလာစဉ်တစ်ခဏ လောက ကိလေသာ ကာမဂုဏ်အပျော်တွေနဲ့ ပျော်တော့ပျော် သတိနဲ့ပျော်ပါ၊ ဒီ ကာမဂုဏ်အာရုံတွေထဲမှာ နစ်မနေဘဲ လွတ်အောင်ရုန်းထွက်ပါ၊ မိမိတို့ ခန္ဓာကိုယ်ကြီးဟာ စက္ကန့်ပိုင်း အချိန်ပိုင်းအတွင်း ပျက်စီးယိုယွင်းနေတာကိုလည်း သတိပြုပါ၊ နေ့စဉ် အသုဘကမ္မဠာန်း၊ မရဏကမ္မဠာန်းတရားတို့ကို ပွားများပါ၊ ဒါမှသာ ခန္ဓာကို မတွယ်တာ၊ ဘ၀ကို မတပ်မက်ဘဲ ဘ၀ပြတ်ကြောင်းတရားကို လိုချင်မယ်၊ ရှာကြံသင်ယူမယ်၊ သိလာရင် အားထုတ်လာမယ်၊ အားထုတ် ကျင့်ကြံမှသာ သံသရာက လွတ်မြောက်နိုင်မယ်။

အသုဘကမ္မဠာန်းနဲ့မှ မိမိစိတ်ဟာ လိုချင်တပ်မက်မှု အားကြီးနေဦးမယ်ဆိုရင် ၃၂ ကောဌာသကို ဆင်ခြင်ပွားများပါ၊ အကုန်မဟုတ်တောင် ပထမ ၅ မျိုးလောက် ဆိုရင်ပဲ သတိသံဝေဂရပြီး ၀ိပဿ   နာညာဏ် ကိန်းအောင်းနေပါပြီ။ ဆက်လက် ကျင့်ကြံ အားထုတ်လျှင်တော့ လွတ်ပါပြီ ဒီသံသရာဆိုးကြီးက။ ဒါကြောင့် သတိနဲ့ပျော် စိတ်ကိုစောင့်ပြီး ဘ၀တဏှာ ဒုက္ခအပေါင်း သိုမှီးရာဖြစ်သော သံသရာဆိုးမှ လွတ်အောင်ရုန်းနိုင်ကြပါစေလို့ တင်ပြလိုက်ပါတယ်။


October 22, 2016

ဒေ၀ဒတ်ကို ကျေးဇူးတင်


ဒေ၀ဒတ်ဆိုတာ မြတ်စွာဘုရားရှင်ကို ဆန့်ကျင်တဲ့ တိုက်ခိုက်တဲ့
လူဆိုးလူမိုက်ကြီးဆိုတာ လူတိုင်းသိကြမှာပါ။ဒေ၀ဒတ်ကလာဘ်လာဘ
အလိုဆိုးနဲ့ အံ့ဖွယ်သရဲ တောင်းဆိုခဲ့တာတွေကြောင့် ယနေ့ခေတ်
မှာ ဆရာတော်များ သံဃာတော်များ အထောက်အထားခိုင်ခိုင်မာမာနဲ့
ချမ်းချမ်းသာသာနေခွင့်ရနေကြခြင်းပဲဖြစ်တယ်လို့ မြင်မိပါတယ်။။

ဒေ၀ဒတ်က …ဘုန်းတော်ကြီးသော မြတ်စွာဘုရား အကျွန်ုပ်တောင်းပန်
ပါ၏။ ဆိုပြီး အောက်ပါ အချက် (၅)ချက်ကို တောင်းဆိုပါတယ်။
(၁)ရဟန်းအားလုံးအသက်ထက်ဆုံး တောကျောင်းနေကြပါစေ။
ရွာနီးကျောင်းသို့ သက်ရောက်နေထိုင်သော ရဟန်းအား အပြစ်
ရောက်ပါစေ။
(၂)ရဟန်းအားလုံး အသက်ထက်ဆုံး ပိဏ္ဍပါတ် ဓုတင်ဆောင်ချည်းဖြစ်ကြ
ပါစေ(=ဆွမ်းခံ၍ချည်းစားကြပါစေ) ဒါယကာတို့ ပင့်ဖိတ်၍ ကျွေးသော
ဆွမ်းကို စားဖို့ရန် လက်ခံသော ရဟန်းအား အပြစ်ရောက်ပါစေ။
(၃)ရဟန်းအားလုံး အသက်ထက်ဆုံး ပံသုကူဓုတင်ဆောင်ချည်း
ဖြစ်ကြပါစေ(=ပံသုကူ သင်္ကန်းကိုသာဝတ်ရုံကြပါစေ) ဒါယကာတို့
လှုသော သင်္ကန်းကို လက်ခံသာယာသော ရဟန်းအား အပြစ်
ရောက်ပါစေ။
(၄)ရဟန်းများအားလုံး အသက်ထက်ဆုံး ရုက္ခမူဓုတင်ဆောင်ချည်း
ဖြစ်ကြပါစေ(=သစ်ပင်ရင်း​၌သာနေကြပါစေ) အမိုးရှိသောကျောင်းသို့
ချဉ်းကပ်သောရဟန်းအား အပြစ်ရောက်ပါစေ။
(၅)ရဟန်းအားလုံး အသက်ထက်ဆုံး ငါး အမဲကို မစားကြပါစေလင့်
(=သက်သတ်လွတ်သာစားကြပါစေ) ငါး အမဲကိုစားသော ရဟန်းအား
အပြစ်ရောက်ပါစေ။

ကြောက်စရာကောင်းလိုက်တဲ့ တောင်းဆိုချက်ပါ။
ဒီလိုနေမှ သူတော်ကောင်းဖြစ်မယ်တဲ့။ ဒီလိုမနေတဲ့သူဟာ သူတော်
ကောင်းမဟုတ်ဘူးလို့ အဓိပ္ပါယ်သက်ရောက်အောင် တောင်းဆိုလိုက်
တာပါ။ သာသနာတော်ကြီးတစ်ခုလုံးကို အလိုဆိုးကြီးနဲ့ ဖျက်ဆီးဖို့
ကြိုးစားလိုက်တာ။ ဘုရားရှင်ကများခွင့်ပြုတော်မူခဲ့ရင်
ဘာတွေဖြစ်လာမလဲ။

(၁) ရဟန်းသံဃာများ တောကျောင်းမှာနေကြရတဲ့အတွက် ဆွမ်း
ကွမ်းအခက်အခဲများစွာဖြစ်နိုင်ပါတယ်။လူသူမနီးတဲ့အတွက် ပရိယတ်
ပဋိပတ် အထောက်အပံကောင်းတွေ ခက်ခဲနိုင်ပါတယ်။
(၂)ရဟန်းသံဃာတော်များ ပင့်ဖိတ်ယေင်တို့ရဲ့ တားမြစ်ထားခဲ့ရင်
ယနေ့အချိန်မှာ မင်္ဂလာရှိသော ဆွမ်းပင့်ဖိတ်ကပ်လှုခြင်းတွေ
လှုဒါန်းခွင့်မရနိုင်။ သံဃာတော်များလည်းဖွယ်ဖွယ်ရာရာ အစပ်အဟပ်
တည့်အောင် စီမံထားတဲ့ အဟာရများကိုတင်းတင်းတိမ်တိမ်
သုံးဆောင်မှီဝဲခွင့်မရနိုင်။
(၃)ပံသုကူသင်္ကန်းကိုသာ ၀တ်ရုံရမယ်ဆိုရင် ယနေ့အချိန်မှာ
သင်္ကန်းလှုဒါန်းရခြင်းဆိုတဲ့ ကုသိုလ်ကောင်းမှုတွေပြုခွင့်
ရနိုင်မှာ မဟုတ်။သံဃာတော်များလည်း သင်္ကန်းအတွက်
ကြောင့်ကြစိုက်ထုတ်နေရပြီး အလှု့ဒကာတို့အတွက်လည်း
ကုသိုလ်အခွင့်အရေးလက်လွတ်ဆုံးရှုံးရမယ့်အဖြစ်ပါ။
(၄)ရုက္ခဓူတင်ဆောင်ချည်းဖြစ်ကြရမယ်ဆိုရင်ဖြင့် ကျောင်းဆောင်
နဲ့ ချမ်းချမ်းသာသာ မနေရတဲ့အပြင် မက် ခြင် ယင်တို့ရဲ့ အနှောက်
အယှက်ကြောင့် ပရိယတ် ပဋိပတ်ကိုလည်း ကောင်းစွာ ရွက်ဆောင်
နိုင်ဖို့ မလွယ်ကူနိုင်တော့။ အလှု့ဒါယကာ ဒါယကာမများအတွက်
လည်း ကျောင်းဆောက်လှုဒါန်းခွင့် လှုဒါန်းရသောကုသိုလ်တို့
ဆုတ်ယုတ်ကုန်ပါလိမ့်မယ်။
(၅)ငါး အမဲတို့ကို မသုံးဆောင်ပဲ သက်သတ်လွတ်စားကြရမယ်ဆိုရင်
လိုအပ်သောအဟာရ တင်းတိမ်ရောင့်ရဲအောင် မသုံးဆောင် မမှီဝဲ
ရသဖြင့် ဣနြေ္ဒရင့်ခွင့်ရဖို့ အခက်အခဲများဖြစ်လာနိုင်ပါတယ်။

ဘုရားရှင်ကိုယ်တော်မြတ်က ဒေ၀ဒတ် တောင်းဆိုခဲ့တဲ့ အချက်(၅)
ချက်ကို ခုလိုပြန်လည်မိန့်တော်မူခဲ့ပါတယ်။

“…မသင့်လျော်ဘူး ဒေ၀ဒတ်…
(၁)အလိုရှိသောရဟန်းသည် တောကျောင်းနေဖြစ်ပါစေ။
အလိုရှိသောရဟန်းသည်ရွာနီးကျောင်း၌နေပါစေ။
(၂)အလိုရှိသောရဟန်းသည်ပိဏ္ဍပါတ်ဓုတင်ဆောင်ဖြစ်ပါစေ။
အလိုရှိသောရဟန်းသည် ဒါယကာတို့ ပင့်ဖိတ်၍ကျွေးသော
ဆွမ်းကို လက်ခံသာယာပါစေ။
(၃)အလိုရှိသောရဟန်းသည် ပံသုကူ ဓူတင်ဆောင်ဖြစ်ပါစေ။
အလိုရှိသောရဟန်းသည်ဒါယကာတို့ လှုဒါန်းသော သင်္ကန်းကို
လက်ခံသာယာဝတ်ရုံပါစေ။
(၄)ဒေ၀ဒတ်..ငါ ဘုရားသည် ရှစ်လတို့ပတ်လုံး သစ်ပင်ရင်း
အိပ်ယာ နေရာကို ခွင့်ပြုအပ်ပြီးဖြစ်လေသည်။
(၅)မြင်ခြင်း၊ ကြားခြင်း ၊ ရွံရှာခြင်း ၊ ယုံမှားခြင်း ၊ဤ အစွန်းသုံးပါမှ
ကင်းလွတ် စင်ကြယ်သည့် မမြင်အပ် မကြားအပ် မရွံရှာ မယုံမှားအပ်
သည့် ငါး အမဲ ကို စားသုံးဖို့ရန် ငါဘုရား ခွင့်ပြုအပ်ပြီး ဖြစ်လေသည်
ဟု မိန့်တော်မူ၏၊။

ဒီတော့ ကာယ ဉာဏ ဆိုတဲ့ ဗလ နှစ်ပါး နဲ့ သင့်တင့်နဲ့ နေမှုထိုင်မှု
စားမှု သောက်မှု သုံးဆောင်မှု နားနေမှု တွေဘုရားရှင်က ခွင့်ပြုတော်
မူခဲ့ပြီ။

ဒါကို ဒေ၀ဒတ်ကတော့ လာဘ်လာဘ အလိုဆိုးနဲ့ သူတော်ကောင်း
ပီသစွာ အလိုနည်းခြင်း အကျင့် မြတ်သောအကျင့်ကို ကျင့်ကြံဖို့ မြတ်စွာဘုရားက
ခွင့်မပြုဘူး။ငါတို့ကတော့  ဒီဝတ္ထု ၅-မျိုးနဲ့ ညီညွတ်စွာ ဆောက်တည်ကျင့်
ကြံကြမယ်လို့ လူများအပေါင်း သိအောင် ၀ါဒဖြန့်ပါတယ်။
ဒီလို ၀ါဒဖြန့်လိုက်တော့ သဒ္ဓါပညာ မရှိကြတဲ့သူတွေက
ရှင်ဒေ၀ဒတ်ကိုချီးမွမ်းကြပြီး မြတ်စွာဘုရားကို ကဲ့ရဲ့ကြတာပေါ့။
သဒ္ဓါပညာနဲ့ပြည့်စုံတဲ့သူတွေကတော့ ရှင်ဒေ၀ဒတ်ဟာ မြတ်စွာ
ဘုရားရဲ့ သံဃာသင်းကွဲဖို့ အကြံနဲ့ အာဏာစက်ပျက်စီးအောင်
လုံ့လပြုတယ်ဆိုတာသိပြီးကဲ့ရဲ့ရှုတ်ချကြပါတယ်။

ဘုရားရှင်ကိုယ်တော်မြတ်က ဒေ၀ဒတ်ဟာ သံဃာသင်းကွဲဖို့
အကြံနဲ့ လုံ့လပြုတယ်ဆိုတာသိတော့
“…ဒေ၀ဒတ်…. မသင့်လျော်ဘူး။သင်သည် သံဃာကွဲပြားခြင်းကို
မနှစ်သက်လင့်။ သံဃာသင်းကွဲခြင်းသည် ၀န်လေးလှ၏။ ညီညွတ်
သောသံဃာကို သင်းကွဲသူသည် တကပ်လုံးတည်စေတတ်သော
မကောင်းမှုကို ပွားစေတတ်၏.။ တကပ်လုံး ငရဲ၌ ကျက်ရ၏။
ဒေ၀ဒတ် ….ကွဲပြားသော သံဃာကို ညီညွတ်အောင် ပြုလုပ်ရွက်
ဆောင်သူသည် မြတ်သောကုသိုလ်ကို ပွားစေ၏။ တကပ်လုံး
နတ်ပြည်၌မွေ့လျော်ရ၏။ သင်သည် သံဃာသင်းကွဲခြင်းကို
မနှစ်သက်လင့်။..”  လို့ မိန့်တော်မူပါတယ်။

ရှင်ဒေ၀ဒတ်ဟာ ဘုရားရှင် ဘယ်လိုပဲမိန့်သည်ရှိစေ ပြုမြဲတိုင်းသာ
ပြုလုပ်ပါတယ်။

ဒါကြောင့် ခုလိုချိန်မှာလည်း သံဃာတော်များကို မိမိတို့ အလို
နဲ့ ကိုက်ညီလျှင် သံဃာအစစ်လို့ မည်တွင်ပြီး မိမိတို့ အလိုနဲ့
မကိုက်ညီလျှင် သံဃာမဟုတ်လို့ အလိုဆိုးများနဲ့ နှိုင်းယှဉ်
ဝေဖန်နေကြတဲ့အချိန်မှာ ဘုရားရှင်ကိုယ်တော်တိုင် ခွင့်ပြုထား
အပ်တဲ့ ၀တ္ထုများ အတိအကျ ရှိနေခြင်းဟာ သာသနာတော်
အတွက် စုစည်းစွာ ဆက်လက်တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ်ကို အလိုဆိုးနဲ့ လျှောက်ထားတောင်းပန်
ခဲ့တဲ့ ဒေ၀ဒတ်ကိုလည်း ကျေးဇူးတင်ထိုက်ပါတယ်။ ဒီလိုသာ
မလျှောက်ထားခဲ့ရင် မတောင်းပန်ခဲ့ရင် ဒီအချက် ဒီမှတ်တမ်းများ
သာ မရှိခဲ့ရင် ယနေ့ခေတ် အခြေအနေမှာ တော်တော်ကိုဖြေရှင်း
ရမယ့် ပြဿနာ ပုစ္ဆာများဖြစ်နေမှာ သေချာပါတယ်။

ရှင်ဒေ၀ဒတ် လျှောက်ထားခဲ့တဲ့အချက် (၅)ချက်ကြောင့်ပဲ
ယနေ့ခေတ်မှာ ဆရာတော်သံဃာတော်များလည်း ပရိယတ်
ပဋိပတ်ကို ချမ်းချမ်းသာသာ ရွက်ဆောင်နေကြရတယ်လို့
မြင်မိလို့ ဒေ၀ဒတ်ကို ရှာကြံပြီး ကျေးဇူးတင်လိုက်ရပါတယ်။

ဆရာတော် သံဃာတော်များလည်း
ဤမြတ်စွာဘုရားရှင်၏ သာသနာတော်မှာ သုံးဖြာ သာသနာ
ညီညွတ်စွာဖြင့် မတောင့်မတ မကြောင့်မကြ ခန္ဓာ့ဝန်ကို
သာသနာ့ဝန်ကို လွယ်ကူစွာ ဆောင်ရွက်နိုင်ကြပါစေ။


တရားနာရန် လွယ်သလော


မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ နေတော်မူစဉ်
ငါးယောက်သော ဥပါသကာတို့ကို အကြောင်းပြု၍ ဟောတော်
မူလေ၏။

ထို ငါးယောက်သော ဒါယကာတို့သည် တရားတော်ကို နာလို
ကန်ုသည်ဖြစ်၍ ကျောင်းတော်သို့ သွားပြီးလျှင် မြတ်စွာဘုရားကို
ရှိခိုးလျှက်တင့်အပ်လျှောက်ပတ်သော အရပ်၌ နေကြလေကုန်
သတတ်။ ဘုရားရှင်တို့အားလည်း ဤသူကား မင်းတည်း။
ဤသူကား ပုဏ္ဏားတည်း။ဤသူကား ကြွယ်ဝသောသူတည်း။
ဤသူကားဆင်းရဲသားတည်း။ ဤသူကားမွန်မွန်မြတ်မြတ်ပြု၍
တရားဟောအံ့။ဤသူကား မဟောအပ်။ ဤသို့ စိတ်တော် မဖြစ်။
အမှတ်မရှိ။ တစ်ယောက်ယောက်သောသူကို အကြောင်းပြု၍
တရားဟောတော်မူသည်ရှိသော် တရားတော်၌ ရိုသေခြင်းကို
ရှေ့သွားပြုတော်မူ၍ ကောင်းကင်၊ မြစ် ၊ ရေတံခွန် စီးကျဘိ
သကဲ့သို့ ဟောကြားတော်မူလေ၏။

ဤသို့ ဟောကြားတော်မူသောမြတ်စွာဘုရား၏ အထံတော်၌
နေကြကုန်သော ထိုသူတို့တွင်တစ်ယောက်သောသူသည်
ထိုင်လျှက်သာလျှင် အိပ်ပျော်လျှက်နေလေ၏။ တစ်ယောက်
သောသူသည် လက်ချောင်းဖြင့်မြေ၌ ရေးခြစ်လျှက်နေလေ၏။
တစ်ယောက်သောသူသည် သစ်ပင်တစ်ပင်ကိုလှုပ်လျှက်
နေလေ၏။တစ်ယောက်သောသူသည် ကောင်းကင်သို့
တမော့မော့ ကြည့်လျှက်နေလေ၏။ တစ်ယောက်သောသူ
သည်ကား ရိုသေစွာ နာကြားလေ၏။

ရှင်အာနန္ဒာမထေရ်မြတ်သည် မြတ်စွာဘုရားကိုယပ်ခတ်လျှက်
ထိုဒါယကာငါးဦးတို့၏ အမူအရာကိုကြည့်ကာ မြတ်စွာဘုရားကို
… “မြတ်စွာဘုရား ရှင်တော်ဘုရားတို့သည် ဤငါးဦးသော သူတို့
အား ကြီးစွာသောမိုးသည် ခြိမ်းသံခြိမ်းဘိသကဲ့သို့ တရားတော်
ကို ဟောတော်မူကြပါ၏။ ဤသူတို့ကား ရှင်တော်ဘုရားတို့သည်
တရားဟောတော်မူကြကုန်သော်လည်း ဤမည်သော အမှုကို၎င်း။
ပြုလုပ်ကာနေကြပါသည်ဘုရား။”…

…”ချစ်သား အာနန္ဒာ သင်သည် ဤဒါယကာ ငါးဦးတို့ကို မသိ
လေသလော။..”
.. “ မှန်လှပါ မသိပါဘုရား”..
.. “ ထိုဒါယကာ ငါးဦးတို့တွင် အကြင်ဒါယကာသည် အိပ်ပျော်
လျှက်နေ၏။ ထိုဒါယကာသည် ဘ၀ငါးရာတို့ပတ်လုံး မြွေ
အမျိုး၌ဖြစ်၍ အခွေတို့၌ ဦးခေါင်းထားလျှက်သာ အိပ်ပျော်
လေ့ရှိဖူး၏။ ယခုအခါ၌လည်း ထိုဒါယကာအား အိပ်ခြင်း
အလေ့ရှိ၏။ အိပ်ပျော်နေဆဲဖြစ်၏။ ထို့ကြောင့် ထိုဒါယကာ၏
နားတွင်းသို့ ငါဘုရားဟောသော တရားသံသည် မ၀င်နိုင်..”
.. “ မြတ်စွာဘုရား …အသို့နည်း။ အစဉ်အတိုင်းအားဖြင့်
ဟောကြားတော်မူပါသလော။ ထိုသို့ မဟုတ်မူ အကြားအကြား
အားဖြင့် ဟောကြားတော်မူပါသလောဘုရား။..”
“…ချစ်သား အာနန္ဒာ  ထိုဒါယကာ၏ ရံခါ လူအဖြစ်ကို၎င်း။ရံခါ
နတ် အဖြစ်ကို၎င်း။ ရံခါ နဂါး အဖြစ်ကို၎င်း။ ဤသို့ အကြား
အကြား၌ ဖြစ်သောသူ၏ ဘ၀တို့ကို သဗ္ဗညုတ ဥာဏ်တော်
ဖြင့်သော်လည်း ပိုင်းခြားခြင်းငှာ မတတ်နိုင် အစဉ်အတိုင်း
အားဖြင့် သာလျှင် ဤ ဒါယကာသည် ဘ၀ ငါးရာတို့ပတ်လုံး
နဂါးမျိုး၌ဖြစ်၍ အိပ်ပျော်နေရသော်လည်း အိပ်ခြင်း၌ မရောင့်
ရဲနိုင်သေးသည်သာလျှင်တည်း။

လက်ချောင်းတို့ဖြင့် မြေကိုရေးခြစ်လျှက်ရှိသော ယောက်ျား
သည်လည်း ဘ၀ငါးရာတို့ပတ်လုံး တီမျိုး၌ ဖြစ်၍ မြေကို
တူးနေရလေ၏။ ယခုအခါ၌လည်း မြေကိုတူးလျှက်သာလျှင်
ငါဘုရားဟောတော်မူသော တရားသံကို မကြားရနိုင်ရှာ။
သစ်ပင်ကို လှုပ်လျှက်နေသော ထိုယောက်ျားသည်လည်း
အစဉ်အတိုင်းအားဖြင့် ဘ၀ငါးရာတို့ပတ်လုံး မျောက်မျိုး၌
ဖြစ်ဖူးလေ၏။ ယခု အခါ၌လည်း ရှေး၌ လေ့ကျက်ဖူးသည့်
အစွမ်းဖြင့် သစ်ပင်ကိုလှုပ်နေသည်သာလျှင်တည်း။
ထိုယောက်ျား၏ နားတွင်းသို့ ငါဘုရား ဟောတော်မူသော
တရားသံသည် မ၀င်နိုင်ရှာ။ ကောင်းကင်သို့ မော့ကြည့်၍
နေသော ထိုပုဏ္ဏါးသည်လည်း ဘ၀ငါးရာတို့ပတ်လုံး
နက္ခတ်ဖတ်တတ်သောသူ၏ အဖြစ်ဖြင့် ဖြစ်ဖူးလေ၏။
ယခုအခါ ရှေး၌ လေ့ကျင်ဖူးသည့်အစွမ်းဖြင့် ယနေ့၌လည်း
ကောင်းကင်သို့သာလျှင် မော့ကြည့်နေ၏။ ထိုပုဏ္ဏား၏
နားတွင်းသို့ ငါဘုရား ဟောတော်မူသော တရားသံသည်
မ၀င်နိုင်ရှာ။

ရိုသေစွာတရားနာလျှက် ထိုင်နေသော ဤသူကား…..
အစဉ်အတိုင်းအားဖြင့် ဘ၀ငါးရာတို့ပတ်လုံး ဗေဒင်သုံးပုံ
တို့၏ ကမ်းတဘက်သို့ ရောက်သည်ဖြစ်၍ ဗေဒင်ကို
သရဇ္ဈယ်သော ပုဏ္ဏား၏ အဖြစ်ဖြင့် ဖြစ်ဖူးလေ၏။
ယခု အခါ၌လည်း ဗေဒင်ကိုရှေ့နောက် နှီးနှောသကဲ့သို့
ရိုသေစွာ နာကြားဘိ၏။…” ဟု မိန့်တော်မူ၏။

..” မြတ်စွာဘုရား…ရှင်တော်ဘုရားတို့၏ ဟောတော်မူအပ်သော
တရား ဒေသနာတော်သည် အရေစသည်တို့ကိုဖြတ်လျှက် ရိုးတွင်း
ခြင်ဆီကို ထိခိုက်၍ တည်ပါသည်ဘုရား အဘယ်ကြောင့် ဤ ဒါယကာ
တို့သည် ရှင်တော်ဘုရားတို့ တရားဟောတော်မူကြပါကုန်သော်လည်း
ရိုသေစွာ မနာနိုင်ကြပါသနည်း..ဘုရား…”
…. “ ချစ်သား အာနန္ဒာ..ငါဘုရား၏ တရားတော်ကို ချမ်းသာစွာ
နာအပ်သော အလွန်တရာ နာချင်စရာ ကောင်းလှသော တရားဟု
အမှတ်ကို ပြုဘိယောင်သကား။..”
…. “မြတ်စွာဘုရား ..အသို့ပါနည်း ဆင်းရဲစွာ နာအပ်သော အလွန်
တရာ နာချင်စရာမကောင်းလှသော တရားဖြစ်ပါသလား ဘုရား..”
…. “ ချစ်သား အာနန္ဒာ  သြော် ဆင်းရဲစွာနာအပ်သောတရားဟူသည်
ဟုတ်မှန်ပါ၏။…”
.. “မြတ်စွာဘုရား အဘယ်အကြောင်းကြောင့်ပါနည်း ဘုရား…”
… “..ချစ်သား အာနန္ဒာ..ဘုရား ဟူ၍၎င်း၊ တရားဟူ၍၎င်း၊သံဃာ
ဟူ၍၎င်း၊  ဤသို့သောပုဒ်ကို ဤ သတ္တ၀ါတို့သည် များစွာသော
ကမ္ဘာ တစ်သိန်းတို့၌သော်လည်း မကြားအပ်စဖူး။ ထို့ကြောင့်
ဤ တရားတော်ကိုနာခြင်းငှာ မတတ်နိုင်ကြကုန်၊ မသိအပ်သော
အစရှိသော သံသရာ၌ ဤ သတ္တ၀ါတို့သည် တစ်ပါး မက
များသော အပြားရှိသော မဂ်ဖိုလ်မှ ဖီလာ တိရစ္ဆာနကထာဖြစ်သော
စကားကိုသာလျှင် ကြားရ နာရကုန်လျှက် လာကြရကုန်၏။
ထို့ကြောင့် သေသောက်ရာ ပျော်ရွှင်ရာ ကစားရာ တလင်းဝန်း
စသည်တို့သို့ သီဆိုကြကုန်လျှက် ကခုန်ကြကုန်လျှက် သွားလာ
လှည့်လည်နိုင်ကြကုန်၏။ တရားတော်ကို နာခြင်းငှာ မတတ်နိုင်ကြကုန်။..”

.. “မြတ်စွာဘုရား အဘယ်တရားကိုမှီ၍ ထိုသူတို့သည် မတတ်နိုင်ကြ
ပါကုန်သနည်း။ဘုရား..”

“…..ချစ်သား အာနန္ဒာ..ရာဂကိုမှီ၍ ဒေါသကိုမှီ၍ မောဟကိုမှီ၍ တဏှာတို့
ကိုမှီ၍ မတတ်နိုင်ကြကုန်။ ရာဂမီးနှင့်တူသော မီးမည်သည် မရှိ၊ ထိုရာဂမီး
သည် ပြာကို မကြွင်းစေမူ၍ သတ္တ၀ါတို့ကိုလောင်၏။ နေခုနစ်စင်း ထင်ရှားစွာ
ထွက်ခြင်းကိုမှီ၍ ဖြစ်သော ကမ္ဘာဖျက်မီးသည်လည်း တစ်စုံတစ်ခုကို မကြွင်း
စေမူ၍လျှင် လောင်၏။ ထိုသို့ပင်လောင်သော်လည်း ထိုကမ္ဘာဖျက်မီးသည်
ရံခါ လောင်သည်သာတည်း။ ရာဂဟူသော မီး၏ မလောင်သော ကာလမည်
သည် မရှိ။ ထို့ကြောင့် ရာဂနှင့်တူသောမီးသည်၎င်း၊ ဒေါသနှင့် တူသော
ဖမ်းယူတတ်သော သူသည်လည်းကောင်း။ မောဟနှင့် တူသော ကွန်ရက်
သည် လည်းကောင်း။ တဏှာနှင့် တူသော မြစ်သည်လည်းကောင်း မရှိ …”

နတ္ထိ ရာဂ သမော အဂ္ဂိ၊ နတ္ထိ ဒေါသသမော ဂဟော။
နတ္ထိ မောဟသမံ ဇာလံ ၊ နတ္ထိ တဏှာသမာ နဒီ။

ရာဂသမော၊ရာဂနှင့်တူသော အဂ္ဂိ၊မီးသည် နတ္ထိ မရှိ။
ဒေါသ သမော၊ ဒေါသနှင့်တူသော၊ ဂဟော ဖမ်းယူတတ်သောသူသည်။
နတ္ထိ မရှိ။  မောဟသမံ မောဟနှင့်တူသော။ ဇာလံ ကွန်ရက်သည်။
နတ္ထိ မရှိ။ တဏှာ သမာ ။ တဏှာနှင့်တူသော  နဒီ မြစ်သည် နတ္ထိ မရှိ။

ဒေသနာတော် အဆုံး၌ တရားတော်အား ရိုသေစွာ နာကြားသော
ဥပါသကာသည် သောတာပတ္တိဖိုလ်၌တည်လေ၏။


(အရှင်ဓမ္မသာမီဘိဝံသ ၏ ပုံတော်စုံ ဓမ္မပဒ၀တ္ထုတော်ကြီး
ဥပါသကာ ငါးယောက်ဝတ္ထု မှ)

……………..

သံသရာတစ်လျှောက်လုံး ဘုရား တရား သံဃာလို့ မကြားဖူး
မနာဖူး မသိဖူးသဖြင့် တရားတော်အား ခုံမင်နှစ်လိုမရှိသောသူ
အဖြစ်မှ  တရားတော်အား နာယူကြည်ညို မြတ်နိုးသူဖြစ်အောင်
ကြိုးစား၍ နာယူတော်မူနိုင်ကြပါစေ  လေ့ကျက်နိုင်ကြပါစေ။


October 20, 2016

ပညာရှိသောသူမည်သည်


ချစ်သားဥဂ္ဂသေန  ပညာရှိသောသူမည်သည်

ဖြစ်ပြီးသောခန္ဓာငါးပါး ။ဖြစ်လတ္တံ့ သောခန္ဓာငါးပါး
ဖြစ်ဆဲသောခန္ဓာငါးပါး တို့ ကိုတွယ်တာငြိကပ်
တပ်မက်မှူကိုပယ်စွန့် ၍
ဇာတိ ဇရာ မရဏ ဒုက္ခ စသည်တို့ မှ
လွတ်မြောက်အောင် ကြိုးကုတ် အားထုတ်သင့်လှပေ၏ ။

ဘုရားရှင်၏ ဒေသနာတော်အဆုံး`၌ ဥဂ္ဂသေန သည် ၀ါးလုံးထိပ်`၌ ရပ်တည်ရင်းပင် ပဋိသမ္ဘိဒါဝတ္တ
ရဟန္တာဖြစ်သွားလေသည်။

ဆန္ဒဓိပတိ ၀ီရိယဓိပတိ လွန်စွာအားကောင်းသောကြောင့် ဇာတိ ဇရာ မရဏ ဒုက္ခတို့ မှ လွတ်မြောက်
၍ အရဟတ္တဖိုလ်ပေါက်ရောက်ခဲ့၏။

ပါရမီဆိုသည်မှာ သူတော်ကောင်းတို့ ၏ အလုပ်ဖြစ်သည်။ သူတော်ကောင်းအလုပ်ကိုလုပ်ခြင်းဖြင့်
နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်၏။သူတော်ကောင်းအလုပ်ကို မလုပ်ပဲ နိဗ္ဗာန်သည် မရောက်နိုင်။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ပါရမီတော်ပြည့်နေပြီ ဆိုပြီး တရားအလုပ်အားမထုတ်ပဲ
ဘုရားဖြစ်ခဲ့သည်မဟုတ်။တရားအားထုတ်ခြင်းသည် ပါရမီ ပါမှ ရသည်ဟု ပေါ့ပေါ့ မနေသင့်။
ပါရမီသည် လုပ်ဆောင်နေလျှင် ပါရမီ ထိုက်သည် မလုပ်ဆောင်လျှင် ပါရမီ မထိုက်။ပါရမီထိုက်သူ
ဖြစ်အောင် အားထုတ်လုပ်ဆောင်ရမည်။

သာသနာတော်နှင့်လည်းကြုံတွေ့ ပြီး သစ္စာတရားများထွန်းကားနေသည့်အခါကာလ`၌ သစ္စာတရားများနာကြားခြင်း သစ္စာသိအောင်အားထုတ်ခြင်းအမှူကိုပြုလုပ်ခြင်းသည်
ပညာရှိသောသူမည်ပါသည်။

ပညာရှိတို့ ၏ လမ်းစဉ်ဖြင့် နေထိုင်ပြီးတန်ဖိုးရှိသောသူဖြစ်အောင်ကြိုးစားနိုင်ကြပါစေ