January 31, 2016

ဒါလည်း ပြီးသွားမှာပါ

“ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿနကမ္ပတိ။”လောကဓံတရား(၈)ပါးနှင့် တွေ့ကြုံရသည့်အခါစိတ်ကို
မတုန်မလှုပ်နေနိုင်ခြင်းသည် “မြတ်သောမင်္ဂလာ”မည်၏။ဆင်းရဲ့ချမ်းသာသဘာဝ၊ တွေ့ကြုံနေကြ လူတိုင်းပေ။ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တလဲစီလှည့် အမြဲနေ။လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။

တစ်ခါတုန်းက မြတ်စွာဘုရားရှင်ဟာ “ဝေရဉ္ဇ” ဆိုတဲ့ ပုဏ္ဏားကြီးရဲ့ ပင့်ဖိတ်မှုအရ ဝေရဉ္ဇာပြည်မှာ
ဝါဆိုဖြစ်ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။မြတ်စွာဘုရားဝါဆိုတဲ့ နှစ်မှာပဲ
ဝေရဉ္ဇာပြည်ဟာ “ဒုဗ္ဘိက္ခန္တရကပ်”ဆိုက်ရောက်ပါတော့တယ်။ လူတွေငတ်မွတ်ပြီဆိုတော့ ရဟန်းတွေလည်း
ဆွမ်းခံလို့မရတော့ပါဘူး။ အဆိုးထဲက အကောင်းတစ်ခုဝင်လာတာကတော့
ဥတ္တရာပထ တိုင်းက မြင်းကုန်သည်တွေ မြင်းငါးရာနဲ့ဝေရဉ္ဇာပြည်မှာ တစ်ဝါတွင်းလုံးလာပြီး စတည်းချတာပါပဲ။

ရဟန်းတွေဟာ ဝေရဉ္ဇာပြည်ထဲမှာ ဆွမ်းခံဖို့ အခက်အခဲတွေ့တော့မြင်းကုန်သည်တွေဆီသွားပြီး
ဆွမ်းခံပါတယ်။ မြင်းကုန်သည်တွေကလည်း သဒ္ဓါတရားမညံ့ပါဘူး။ ဒါပေမဲ့မုယောဆန်ကြမ်းကြမ်းကိုပဲ လောင်းနိုင်ရှာပါတယ်။မြတ်စွာဘုရား
အပါအ၀င် ရဟန်းတွေအားလုံးဟာ
မုယောဆန်ကြမ်းကြမ်းကိုပဲ နေ့စဉ် ဘုဉ်းပေးနေရပါတယ်။မြတ်စွာဘုရား မုယောဆန်ကြမ်းကို ဘုဉ်းပေးနေရတော့ အရှင်မောဂ္ဂလာန်က မကြည့်ရက်တော့ပါဘူး။
ဒါကြောင့် မြတ်စွာဘုရားဆီးဝင်လျှောက်ရပါတော့တယ်။

●မြတ်စွာဘုရား . . . ၀ရဉ္ဇာပြည်ဟာ ဒုဗ္ဘိက္ခန္တရကပ်ဆိုက်ပြီး ရဟန်းတွေ
ဆွမ်းအခက်အခဲတွေ့နေရပါတယ်ဘုရား။မြေကြီးရဲ့ အောက်အပြင်မှာ ပျားသကာလိုချိုမြိန်တဲ့
“မြေဆီမြေနှစ်”တွေ ရှိနေပါတယ်ဘုရား။မြေကြီးကို ဘုရားတပည့်တော် ပြောင်းပြန်လှန်လိုက်ပါမယ့်ဘုရား။

●ချစ်သား မောဂ္ဂလာန် . . .ဒါဆို မြေကြီးထည်မှာ တည်နေတဲ့
သတ္တ၀ါတွေကို ဘယ်လိုလုပ်မလဲ။

●ဘုရားတပည့်တော် လက်တစ်ဖက်ကို မြေကြီးဟန်ဖန်ဆင်းပြီး၊
အဲဒီဖန်ဆင်းထားတဲ့ မြေကြီးပေါ်မှာ နေစေပါမယ်ဘုရား။

●ချစ်သား မောဂ္ဂလာန် . . .
“သင့်ဒါကို မနှစ်သက်နဲ့ ၊ ဖောက်ပြန်ချင်ဆိုတဲ့
လောကဓံတရားကို သတ္တ၀ါတိုင်းရကြမှာပဲ။”

●“ဒါဆို မြောက်ကျွန်းကို ဆွမ်းခံကြရင်ကောဘုရား။”
●“ချစ်သားမောဂ္ဂလာန်. . . သင့်ဒါလည်း မနှစ်သက်ပါနဲ့။

အရှင်မောဂ္ဂလာန်က ဘယ်လောက်ပဲ လျှောက်လျှောက် မြတ်စွာဘုရားက လက်မခံခဲ့ပါဘူး။
လောကဓံဆိုးကို ရှောင်လွဲခွင့်ရနိုင်ပေမယ့် ၊မရှောင်လွှဲဘဲ တစ်ဝါတွင်းလုံး မုယောဆန်ကိုပဲ
သည်းခံဘုဉ်းပေးခဲ့ပါတယ်။

-(ပါရာဇိကပါဠိတော်၊ ဝေရဉ္ဇကဏ္ဍ။)

တန်ခိုးတော် အနန္တနဲ့ပြည့်စုံတော်မူတဲ့ မြတ်စွာဘုရားတောင် လောကဓံ ကြုံရသေးတာဆိုတော့ သာမာန်လူသားတွေ လောကဓံတရားနဲ့ ကြုံရတာ ဘာမှမပြောပလောက်ပါဘူး။
စာလည်းမဖွဲ့လောက်တော့ပါဘူး။

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က နေရာဋ္ဌာနတစ်ခုမှာ စာသင်ခွင့်ရဖို့လေး သွားလျှောက်ဖြစ်ပါတယ်။ မရခဲ့ပါဘူး။ ထပ်ကံဆိုးချင်တော့ အပြန်မှာ မီုးရွာချလိုက်တာ တစ်ကိုယ်လုံး
ရွှဲစိုသွားပါတယ်။၊ ကိုယ့်ကိုယ်ကို သေချင်စော်ကို နံသွားတာပါပဲ။ဒီကြားထဲစာမေးပွဲက ထပ်ကျလိုက်ပါသေးတယ်။ အဲဒီရက်တွေမှာ နေ့တိုင်းနီးပါးကို စိတ်ဆင်းရဲနေခဲ့ရပါတယ်။
တစ်ခုကံကောင်းသွားတာက စာရေးသူမှာ အတွေးတစ်ခု ခိုင်ခိုင်မာမာ ရှိနေခဲ့တာပါ။ အဲဒီအတွေးကတော့ ၊
“ငါ စာမေးပွဲကျနေလို့ ဒီဒုက္ခတွေခံစားနေရတာ၊ စာမေးပွဲ အောင်သွားရင် အလိုလိုအဆင်ပြေသွားမှာပဲ။
ဒုက္ခတစ်ခုဟာ အမြဲတော့ တည်တံ့မနေပါဘူး။”အတွေးပါ။ဟုတ်လည်းဟုတ်ပါတယ်။
စာမေးပွဲ အောင်သွားတော့လည်း အစစ၊အရာရာ အဆင်ပြေသွားတာပါပဲ။

ဟိုတစ်လောဆီက ဆရာဖေမြင့်ရဲ့“စာသမား၏ မှတ်စုများ”ဆိုတဲ့ စာအုပ်ကလေးဖတ်ဖြစ်ပါတယ်။
တစ်ခါက ဘုရင်တစ်ပါးဟာ စိတ်ဆင်းရဲစရာတွေ့ကြုံနေရလို့
သူ့ရဲအမတ်ပညာရှိတွေကို ဆောင်ပုဒ်တစ်ခု ရေးသွင်းစေပါတယ်။ အဲဒီဆောင်ပုဒ်ဟာ တိုလည်းတိုရမယ်။
အောင်မြင်နေတဲ့အခါမှာရော၊ နိမ့်ပါးနေတဲ့ အခါမှာရော သုံးစွဲနိုင်ရမယ်လို့ ဆိုပါတယ်။

မှူးမတ်ပညာရှိတွေ အမျိုးမျိုးဆက်သပေမယ့် ဘုရင်ကသဘောမကျပါဘူး။
နောက်ဆုံးသမီးတော်က ရေးပြီးဆက်သလိုက်မှ သဘောကျသွားပါတယ်။

■သမီးတော် ဆက်သတဲ့ ဆောင်ပုဒ်က 。。。
“This ,too , will pass. ဒါလည်းပြီးသွားမှာပါ” တဲ့။

■အိန္ဒိယနိုင်ငံမှာ ပထမဦးဆုံး အင်္ဂလိပ်ဘုရင်ခံချုပ်လုပ်သွားတဲ့ဝါရင်ဟေစတင်း(စ်)ဟာ အင်္ဂလန်ပြန်ရောက်တဲ့ အခါ သူ့ရဲ့နိုင်ငံရေးပြိုင်ဘက်တွေက ဘုရင်ခံဘ၀က အာဏာ
အလွှဲသုံးစားလုပ်တယ်ဆိုပြီး အမှုတင်ကြပါတယ်။ ဒီတော့ ဟေးစတင်း(စ်)ဟာ သူ့မှာအပြစ်မရှိဘူးဆိုတာ
သိထားပေမဲ့ တရားရုံးမှာ ခုနစ်နှစ်တိုင်တိုင် အချိန်ကုန် ၊ငွေကုန်အမှုရင်ဆိုင်ခဲ့ရပါတယ်တဲ့။

အဲဒီအမှုရင်ဆိုင်နေရတဲ့ ခုနစ်နှစ်အတွင်း “ဒါလည်းပြီးသွားမှာပါ”
ဆိုတဲ့ ဆောင်ပုဒ်ကလေးနဲ့ ကိုယ့်ကိုယ်ကို အားပေးမြှင့်တင်ခဲ့ရတာပါတဲ့။

ဒုက္ခတွေ ဘယ်လောက်ရောက်နေရောက်နေ၊ ဒါလည်းပြီးသွားမှာဖြစ်လို့ စိတ်တုန်လှုပ်မသွားဖို့နဲ့
သုခတွေ၊ အောင်မြင်မှုတွေနဲ့ကြုံရတဲ့ အခါမှာလည်း ဒါလည်းပြီးသွားမှာဖြစ်လို့ သိပ်ပြီးမာနတွေ ဘ၀င်တွေ
မြင့်မနေဖို့ သတိပေးထားတဲ့ ဆောင်ပုဒ်ကလေးပါ။

ဆရာဖေမြင့် ဒီစာအုပ်ကလေးကို လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကသာရေးခဲ့ရင် သိပ်ကောင်းမှာပါပဲ
လို့တောင် တွေးဖြစ်ပါသေးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စာရေးသူက လွန်ခဲ့တဲ့
ဆယ်နှစ်လောက်က ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့နေရတာကိုး။

■တကယ်တော့ ဒီဆောင်ပုဒ်ကလေးက အဆိုးလောကဓံနဲ့ ကြုံရတဲ့ အခါမှသာ နှလုံးသွင်းရမှာ မဟုတ်ပါဘူး။ အကောင်းလောကဓံတွေ့ကြုံရတဲ့ အခါတွေမှာလည်း
အောက်ခြေလွတ်မသွားဖို့ သတိပေးနေတဲ့ ဆောင်ပုဒ်ကလေးပါ။ဖုဋ္ဌဿလောကဓမ္မေဟိ စိတ္တံယဿ နကမ္ပတိ မင်္ဂလာအရလည်း အဆိုးလောကဓံကြုံတဲ့အခါမှာရော၊ အကောင်းလောကဓံနဲ့
ကြုံတဲ့အခါမှာရော စိတ်တုန်လှုပ်မသွားဖို့၊ စိတ်တုန်လှုပ်မသွားအောင်နေနိုင်တာဟာ “မင်္ဂလာ” ဖြစ်ပါတယ်တဲ့။

မြတ်စွာဘုရားက -
၁။ လာဘ=ရခြင်း။
၂။ အလာဘ=မရခြင်း။
၃။ ယသ=အခြွေအရံရှိခြင်း။
၎။ အယသ=အခြွေအရံမရှိခြင်း။
၅။ နိန္ဒာ=ကဲ့ရဲ့ခံရခြင်း။
၆။ ပသံသာ=ချီးမွမ်းခံရခြင်း။
၇။ သုခ=ချမ်းသာခြင်း။
၈။ ဒုက္ခ=ဆင်းရဲခြင်း ဆိုတဲ့

လောကဓံတရား(၈)ပါးကို လောကထဲမှာနေတဲ့ သတ္တ၀ါတိုင်း
တလှည့်စီကြုံရမယ်။ ကြုံရတဲ့အခါ စိတ်မတုန်လှုပ်ဖို့၊
ကိုယ်တော်တိုင် ကြုံတွေ့ခဲ့ရတဲ့ လောကဓံတရားတွေနဲ့
ဥပမာ သာဓကတွေပြပြီး ဟောထားပေးပါတယ်။

ပုထုဇဉ်တွေဆိုတော့ အဆိုးလောကဓံကို ဘယ်သူမှ မကြုံချင်ကြပါဘူး။ ဒီတော့ ကြုံလာရင် စိတ်ညစ်မယ်။
ပုထုဇဉ်ပဲညစ်ပေါ့။ တစ်နေရာမှာ သေချာထိုင်ပြီး ၊ ဒါမှမဟုတ် ခုတင်ပေါ်မှာ သေချာလှဲပြီး အချိန်လေးလည်း
သီးသန့်ယူပြီး အားရပါးရ ကျေနပ်အောင် စိတ်ကို ညစ်ပစ်လိုက်ပါ။
ကိုယ်စိတ်တိုင်းကျ စိတ်ညစ်ပြီးရင်တော့ ကိုယ့်လုပ်စရာလေးတွေ ဆက်လုပ်ဖို့ပါပဲ။
စိတ်ညစ်စရာလည်းညစ်၊ တစ်နေတာ ကိုယ်လုပ်စရာရှိတာလည်းလုပ်ပေါ့။
အဓိက ကတော့ စိတ်ညစ်စရာရှိပေမဲ့ တစ်နေတာ ကိုယ့်လုပ်ရမယ့်အလုပ်တွေ ပျက်မသွားဖို့ဘဲ အရေးကြီးပါတယ်။ စိတ်ညစ်တဲ့အခါ အဲဒါ အရေးအကြီးဆုံးပါပဲ။

ဘ၀မှာ ဘယ်လောက်ပဲ အဆိုးလောကဓံတွေနဲ့ပဲ ကြုံရကြုံရ၊ ဘယ်လောက်ပဲ အကောင်း လောကဓံတွေနဲ့ ကြုံရကြုံရတစ်ချိန်ချိန်ကျရင် “ဒါလည်းပြီးသွားမှာပါ” ပဲလေ။

-【ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ် -အင်းမ)】
(အလင်းတန်းဂျာနယ် ၂၁.၆.၂၀၀၄)
-【Admin Team of YBAM】
[ဆရာတော်အရှင်ရာဇိန္ဒ - ရဝေနွယ် (အင်းမ) ၏ “မင်္ဂလာအတွေးများ(၃၅)” နှာ ၂၃၂- ၂၃၇ မှ ကောက်နှုတ်ကူးယူပူဇော်ပါသည်။]

Dhamma Dãna Source ►


မိမိကိုယ်ကို ဆင်ခြင်နည်း

၁။ ပါပိစ္ဆာ--
အလိုဆိုးရှိသောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း အလိုဆိုးရှိသူ ဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အလိုဆိုးရှိသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၂။ အတ္တုက္ကံသန ပရဝမ္ဘန--
မိမိကိုယ်ကို မြှင့်တင်၊ သူတစ်ပါးကို ရှုတ်ချတတ်သောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း မိမိကိုယ်ကို မြှင့်တင်၊ သူတစ်ပါးကို ရှုတ်ချတတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ မိမိကိုယ်ကို မြှင့်တင် သူတပါးကို ရှုတ်ချသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၃။ ကောဓန--
အမျက်ထွက်သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း အမျက်ထွက်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အမျက်ထွက်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၎။ ဥပနာဟီ --
အမျက်ထွက်ခြင်းဟူသော အကြောင်းကြောင့် ရန်ငြိုးဖွဲ့သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ရန်ငြိုးဖွဲ့တတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြ မည် မဟုတ်” ဟု ရှုဆင်ခြင်၍ ရန်ငြိုးဖွဲ့တတ်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၅။ အဘိသင်္ဂိ --
အမျက်ထွက်ခြင်းဟူသော အကြောင်းကြောင့် အစွဲကြီးသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း အစွဲကြီးသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အစွဲကြီးသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၆။ ကောဓနော ကောဓသာမန္တဝါစံ နိစ္ဆာရေတာ --
ရန်စကားပြောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ရန်စကားပြောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ရန်စကားပြောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၇။ ပရိပ္ဖရတိ--
စောဒက က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြုသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒက-က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက် ပြုသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်”ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက် ပြုသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၈။ အပသာဒေတိ--
စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်းသော သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်းသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၉။ ပစ္စာရောပေတိ--
စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သော သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၁၀။ အညေနညံ ပဋိစရတိ ဗဟိဒ္ဓါ ကထံ အပနာမေတိ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ--
စောဒက-က စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သော သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒကက စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၁၁။ အပဒါနေ န သမ္ပာယတိ--
စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆို နိုင်သောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆိုနိုင်သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် ဖြေဆိုတတ်သူ ဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၁၂။ မက္ခီ ပဠာသီ--
ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၁၃။ ဣဿုကီ မစ္ဆရီ--
မနာလို ဝန်တိုသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း မနာလို ဝန်တိုသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြ မည် မဟုတ်” ဟု ရှုဆင်ခြင်၍ မနာလို ဝန်တိုသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၁၄။ သဌော မာယာဝီ --
ဟန်ဆောင်သူ လှည့်ပတ်သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ဟန်ဆောင်သူ လှည့်ပတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ဟန်ဆောင်သူ လှည့်ပတ်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၁၅။ ထဒ္ဓေါ အတိမာနီ --
ခက်ထန် မောက်မာသောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ခက်ထန် မောက်မာသောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ခက်ထန် မောက်မာသောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၁၆။ သန္ဒိဋ္ဌိ ပရာမာသီ အာဒါနဂ္ဂါဟီ ဒုပ္ပဋိနိဿဂ္ဂီ --
မိမိအယူကို စွဲလမ်းတတ်သော၊ မြဲမြံစွာ ယူတတ်သော၊ မစွန့်လွှတ်နိုင်သောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း မိမိအယူကို စွဲလမ်းတတ်သော၊ မြဲမြံစွာ ယူတတ်သော ၊ မစွန့်လွှတ်နိုင် သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ မိမိအယူကို စွဲလမ်းတတ်သော ၊ မြဲမြံစွာ ယူတတ်သော၊ မစွန့်လွှတ်နိုင်သောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
ဤသို့ နေ့ရော ညပါ အခါမလပ် ရှုဆင်ခြင်ပါက “ပီတိ ပါမောဇ္ဇ” တရား တနေ့တခြား တိုးပွားလာသည့်အပြင် ကြေးမုံ မှန်ပြင်ကို ကြည့်ရှုသောသူသည် မိမိမျက်နှာရိပ်ကို ထင်ရှားစွာ တွေ့မြင်ရဘိသကဲ့သို့ --
“အပါယဂမနီယ အကုသိုလ်ပါပဓမ္မများ” ကို “မိမိလက်ကို အတင်းအကြပ် ဆွဲခေါ်နေသော သူသတ်သမား” အသွင် ထင်မြင်လာပါတော့သည်။
ထိုအခါ အကုသိုလ်တရားများကို ပယ်ရှားရန်အတွက် “ကသိုဏ်းပရိကမ် အလုပ်”ကို အားထုတ်လျက် “ ဝိပဿနာတရား” ထပ်ဆင့်ပွားများပြီးလျှင် “သန္တိသုခ အမတနန်း” သို့ တက်လှမ်းနိုင်မည်သာ ဖြစ်ပါတော့သည်။
ဘဒ္ဒန္တ သီရိန္ဒာဘိဝံသ ၊ မစိုးရိမ်ဆရာတော်ကြီး။


စိတ်ကို ဗဟိုပြု ပြီး ဆုံးမ

မြတ်စွာဘုရားရဲ့ အဆုံးအမကို ``Mind Centred Teaching´´ လို့ခေါ်တယ်၊ စိတ်ကို ဗဟိုပြု ပြီး ဆုံးမတာ၊ အရာရာကို စိတ်ဓာတ်နဲ့ တိုင်းတာရတယ်။

စိတ်ကောင်းနှလုံးကောင်း မွေးတဲ့ နေရာမှာ ဒါက အရေးကြီးတယ်၊ ဘယ်သူ့အပေါ် ဖြစ်ဖြစ် စိတ်ကောင်းနှလုံးကောင်း ထားရမယ်၊
လူတွေက စိတ်ကောင်းနှလုံးကောင်း ထားရင် အရှုံးပေးတယ်လို့ ထင်နေကြတယ်၊ အဲဒါကိုက အထင်မှားနေကြတာ၊
မိစ္ဆာဒိဋ္ဌိပဲနော်။


အဲဒီ မိစ္ဆာဒိဋ္ဌိကို အကြောင်းပြုပြီး ဆိုးကျိုးတွေ ဖြစ်တယ်၊ မိစ္ဆာဒိဋ္ဌိ အခေါ်ခံရတယ်လို့ ကြိုက်ချင်မှ ကြိုက်မှာ၊
မှားတာကို မြင်နေရင် ဒါ မိစ္ဆာဒိဋ္ဌိ ပဲလေ၊
ဘာကိစ္စပဲ ဖြစ်ဖြစ် အယာထာဝဒိဋ္ဌိ - မမှန်မကန်မြင်တာ၊ အမှန်ကို မမှန်ဘူးလို့ မြင်တာ မိစ္ဆာဒိဋ္ဌိပဲ၊
ဘုရားဟောတဲ့ မိစ္ဆာဒိဋ္ဌိဆိုတာ အဲဒါပြောတာနော်၊ အဲဒီတော့ မှန်မှန်ကန်ကန် မြင်ပြီး ကိုယ့်ကိုကိုယ် ဆင်ခြင်သုံးသပ်ရမယ်၊
ကိုယ့်ကိုကိုယ်အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်နိုင်ဖို့ မြတ်စွာဘုရားရဲ့ အဆုံးအမကို ရဖို့လိုတယ်၊ ရဖို့ ဆိုတာ သာသနာနဲ့ကြုံမှသာ ရတာလေ၊
အင်မတန်မှ ခဲယဉ်းတယ်၊ မမျှော်မှန်းနိုင်လောက်အောင်ကို ခဲယဉ်းတာနော်၊မတော်တဆ ရနေတာကို အဟုတ်ကြီးထင်နေရင်တော့ အခါကောင်းတွေ လွတ်သွားမှာပဲ၊ ဒါက သေချာတယ်၊ အမြဲတမ်း အမှန်တရားကို သိခွင့်ရတာ မဟုတ်ဘူး။

ဘုရားပွင့်တဲ့ အချိန်တောင် တကယ့်ကို လက်တစ်ဆုပ်စာလူလေးတွေသာ အမှန်တရားကို သိခွင့်ရတာ၊
ကံကောင်းလွန်းလို့ အမှန်တရားကို သိခွင့်ရတာ၊ ပြောမယ်ဆိုရင်
ကမ္ဘာ့လူသားတွေထဲက အလွန်သေးငယ်တဲ့ အပြာက်အစက်လေးကသာ ဘုရားရဲ့ အဆုံးအမကို ရကြတာ၊
ဦးရေများပြားလှတဲ့ လူသားတွေဟာ ဒီအဆုံးအမကို မရကြဘူးဆိုတာ သေချာတယ်။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D)
အားလုံး ကျန်းမာ ချမ်းသာကြပါစေ။


January 29, 2016

`သာဓု အနုမောဒနာ အကျိုး´ - မဟာစည်ဆရာတော်ဘုရားကြီး

ဘုရားလက်ထက်တော်ကာလက ဝိသာခါဆိုတဲ့ ဒါယိကာမဟာ သာဝတ္ထိမြို့၏ အရှေ့တောင်ဘက်အရပ်၌ ပုဗ္ဗာရုံဆိုတဲ့ ကျောင်းတော်ကို ဆောက်လုပ်ပြီး ဘုရားအမှူးရှိသော သံဃာတော်အား လှူဒါန်းပါတယ်။
ပြာသာဒ်ကျောင်းမကြီးက အောက်ထပ်အခန်း တစ်ရာ၊ အထက်ထပ်အခန်း တစ်ရာ ရှိတယ်။

အခြံအရံ ပြာသာဒ်တွေကလဲ တစ်ထောင် ရှိတယ်။

အဲဒါဟာ ကိုးကုဋေအကုန်အကျ ခံပြီး ဆောက်လုပ်တဲ့ ကျောင်းဖြစ်တဲ့အတွက် အလွန်ပင် အချိုးကျ လှပတင့်တယ်ပြီး ကောင်းမွန်တယ်လို့ ဆိုရပါတယ်။

ဟုတ်မှာပါ။ ကိုးကုဋေတန်တယ်ဆိုတော့ သိန်းပေါင်းကိုးရာတန်ပဲ။ ယခုနေအခါမှာ ဒါလောက် အဖိုးတန်တဲ့ကျောင်း ရှိပုံမရပါဘူး။

အဲဒီကျောင်းတော်ကြီးကို ဆောက်လုပ် လှူဒါန်းတဲ့အခါမှာ ဝိသာခါက သူ့မိတ်ဆွေငါးရာကို ခေါ်သွားပြီး အဲဒီကျောင်းမှာ ကြည်ညိုဖွယ်တွေကို လျှောက်ပြတယ်။

အဲဒီအခါမှာ သူ့မိတ်ဆွေ အမျိုးသမီးတွေက သိပ်သဘောကျပြီး ချီးမွမ်းကြတယ်။

အဲဒီတော့ ဝိသာခါက အဲဒီကျောင်း အလှူဒါနကုသိုလ်ကို သူ့မိတ်ဆွေများအား အမျှပေးဝေတယ်။

အားလုံးပဲ ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုအနုမောဒနာ ခေါ်ကြပါတယ်။

အဲဒီ သူ့မိတ်ဆွေတွေထဲမှာ ဒကာမတစ်ယောက်ကတော့ အထူးသဖြင့် ဝမ်းမြောက်ဝမ်းသာစွာနဲ့ သာဓုအနုမောဒနာပြုပါသတဲ့။

အဲဒီလို သာဓုခေါ်ပြီး အနုမောဒနာပြုတဲ့ ကုသိုလ်ကြောင့် သေသည်၏ အခြားမဲ့မှာ အဲဒီအမျိုးသမီးဟာ တာဝတိံသာနတ်ပြည်၌ အလျားအနံ ၁၆-ယူဇနာစီ ရှိတဲ့ နိတ်ဗိမာန်ကြီးမှာ နတ်သမီး ဖြစ်ရတယ်။ တစ်ယူဇနာ ၈-မိုင်ကျ ထားပြီး တွက်ရင် အဲဒီနတ်ဗိမာန်ကြီးဟာ အလျားအနံ ၁၂၈-မိုင်စီ ရှိတယ်လို့ ဆိုရမှာပဲ။

အဲဒီနတ်ဗိမာန်ကြီး၏ ပတ်ဝန်းကျင်မှာ ပြာသာဒ်အခြံအရံတွေရော၊ တံတိုင်းဥယျာဉ်တွေရော၊ ရေကန်စသည်တွေရော ပြည့်စုံလျက် ရှိနေပါသတဲ့။

အခြွေအရံ နတ်သမီးတွေကလဲ တစ်ထောင်ရှိပါသတဲ့။

အဲဒါဟာ ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ သာဓုခေါ်ရုံမျှနဲ့ ရသွားတဲ့ နတ်စည်းစိမ်တွေပဲ။

အားရစရာ မကောင်းဘူးလား။

(ကောင်းပါတယ် ဘုရား)

အဲဒါဟာ နိဗ္ဗာန်ကို ရည်သန်ပြီး လှူတာကို အကြောင်းပြုပြီး သာဓုခေါ်တာ မဟုတ်ပါဘူး။ ခမ်းခမ်းနားနား ကျောင်းအလှူကို အာရုံပြုပြီး ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်တာပဲ။ အဲဒီ သာဓုခေါ်တဲ့ ကောင်းမှုကြောင့် နတ်ပြည်ရောက်ပြီး ခမ်းခမ်းနားနား အဆောက်အအုံ အခြွေအရံ စသည်နှင့် ပြည့်စုံသွားရတာပါပဲ။ အဲဒါကို မြတ်စွာဘုရားနှင့်တကွ အရှင်အနုရုဒ္ဓါ စသော ရဟန္တာ အရှင်မြတ်တွေကလဲ ချီးကျူးပြီး ဟောကြား ဖော်ပြထားပါတယ်။

ဒါပေမယ့် တချို့ကတော့ နိဗ္ဗာန်ရည်သန်ပြုတဲ့ ကောင်းမှုကိုမှ သာဓုခေါ်ရမယ်တဲ့။ တခါက အဲဒီလို ဟောတဲ့တရားကို သဘောကျပြီးတော့ အခြားကုသိုလ်တွေ သာဓုတောင် မခေါ်နိုင်ဘူးဆိုတဲ့ လူတစ်ယောက်ကို သူ့မိတ်ဆွေတွေက ဘုန်းကြီးထံ ခေါ်လာပြီးတော့ သာမန်ကုသိုလ်တွေကို သာဓုခေါ်သင့် မခေါ်သင့် ဖြေရှင်း ဟောကြားပေးဖို့ လျှောက်ကြပါတယ်။

ဘုန်းကြီး ရှင်းပြလိုက်ပုံကတော့ ``မည်သည့် ကုသိုလ်မဆို သာဓုခေါ်သင့်တယ်။ သာဓုခေါ်ရင် ကိလေသာ မကင်းသေးလို့ သံသရာ ဘဝထဲ ဖြစ်ရပေမယ့် ချမ်းသာတဲ့ ဘဝကောင်း ဘဝမြတ်မှာ ဖြစ်ရတယ်။ သာဓုခေါ်တဲ့ ကုသိုလ်တောင် မရှိရင်တော့ ကိလေသာမကင်းသေးတဲ့သူမှာ ယုတ်ညံ့တဲ့ ဘဝတွေချည်း ဖြစ်သွားမှာပဲ။ သာမန် ကုသိုလ်တွေကို သာဓုမခေါ်ဘဲ နေရုံမျှနဲ့ အရိယမဂ်ဖိုလ်လဲ မရောက်နိုင်ဘူး။ ကိလေသာလဲ မကင်းနိုင်ဘူး။ မကင်းရင် ဘဝအသစ်ကတော့ ဖြစ်ရမှာပဲ။ အဲဒီလို ဘဝအသစ် ဖြစ်တဲ့အခါ ကိုယ်တိုင်ပြုထားတဲ့ ကုသိုလ်ကလဲ ခိုင်ခိုင်မာမာ မရှိ၊ သာဓုခေါ်တဲ့ ကုသိုလ်ကလဲ မရှိရင် ယုတ်ညံ့တဲ့ ဘဝတွေမှာချည်း ဖြစ်ပြီး ဆင်းရဲသွားဖို့သာ ရှိတာပဲ။ ဒါကြောင့် သာဓုမခေါ်ရုံနဲ့ ဆင်းရဲငြိမ်းလိမ့်မယ်လို့ မထင်မှတ်ပါနဲ့´´ လို့ ရှင်းပြလိုက်ရပါတယ်။

ဒီနေရာမှာ ``သူတပါးက ပြုထားတဲ့ ကုသိုလ်ကို အမျှပေးဝေရင် သာဓုခေါ်ပြီး အနုမောဒနာကုသိုလ်ကို ဖြစ်ပွားစေရမယ်။ အဲဒီလို ဖြစ်ပွားစေရင် အဲဒီကောင်းမှုကြောင့်လဲ မြင့်မြတ်တဲ့ ဘဝကို ရောက်နိုင်တယ်´´ဆိုတဲ့ ဘုရား ရဟန္တာတို့၏ ဟောပြောချက်နဲ့ ``နိဗ္ဗာန်ကို မရည်သန်တဲ့ကုသိုလ် သာဓုမခေါ်ရဘူး´´ဆိုတဲ့ ဝါဒဟာ ကွဲပြား မနေဘူးလား။

(ကွဲပြားနေပါတယ် ဘုရား)

အဲဒီလို ကွဲပြားနေတဲ့ အခြားဝါဒဘက်ကို လိုက်သင့်ပါ့မလား။

(မလိုက်သင့်ပါ ဘုရား)

ဘုရားဘက်ကသာ နေသင့်တယ် မဟုတ်ပါလား။

(ဟုတ်ပါတယ် ဘုရား)

အဲဒီလို အများက ဘုရားဘက်ကချည်း နေကြမယ်ဆိုရင် ဘုရားသာသနာတော်ဟာ မဆုတ်ယုတ်ဘဲ တည်တံ့နေမယ် မဟုတ်ပါလား။

(မှန်ပါ ဘုရား)

အဲဒီလို သာသနာတော် တည်တံ့အောင်လို့ ဒီကာကွယ်ရေးတရားကို ဟောရတာပဲ။ မကောင်းဘူးလား။

(ကောင်းပါတယ် ဘုရား)

+++++

(ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော `ဗုဒ္ဓသာသနာ့အန္တရာယ် ကာကွယ်ရေး တရားတော်´ မှ)