ဆရာတော်ဦးဗုဓ်_နှင့်_မဟာဒါဝန်
တစ်နေ့သောအခါ မဟာဒါဝန်သည်
ဆရာတော် ဦးဗုဓ်၏ တပည့်ကိုရင် တစ်ပါး ဆေးလိပ်
သောက်သည်ကိုမိ၍ ဆရာတော့ထံသို့ အပ်နှံလိုက်သည်။
"ဆရာတော် ဘုရား ဒီကိုရင် ဆေးလိပ်သောက်တာ တပည့်တော်ကိုယ်တိုင်တွေ့လို့ ဆရာတော်ဆီ အပ်နှံပါတယ်ဘုရား၊
နောက်နောင်ဤအပြုအမူမျိုး မပြုစေရန် ဆိုဆုံးမ ပေးတော်မူပါဘုရား"
"အင်းးဒီကိုရင် ဆေးလိပ်သောက်တာ ဘယ်နေရာမှာ တွေ့ခဲ့တာလဲ ဒကာ"
"မှန်ပါ၊ ကုဋီ { အိမ်သာ}သာထဲမှာ တွေ့ခဲ့တာပါဘုရား"
" ဆေးလိပ်သောက်တာ တစ်ခုတည်းမြင်ခဲ့တာလား ရီးတွေ ချီး ( ချေး)တွေရော မမြင်ခဲ့ဘူးလား "ဟု ဆရာတော်က ရွဲ့၍ မိန့်တော်မူလိုက်သည်။
မဟာဒါဝန်ကို ဆရာတော်က ဆက်လက်မိန့်သည်မှာ
ရဟန်းသာမဏေငယ်များ လူမမြင်
အောင် ဆေးလိပ်ခိုးသောက်တာလေးကိုက
ကြည်ညိုစရာဟု မိန့်တော်မူသည်။
သာသနာကြည်ညိုစိတ်ကလေးနှင့် လူမမြင်အောင် ပြုမူတာလေးကိုက ချစ်စရာပါ။ မိမိအတွက်နှင့် သာသနာကြည်ညိုသူများ စိတ်မပျက်ရလေ အောင် ထိမ်းသိမ်းစောင့်ရှောက်သည့်အနေနှင့် လူမမြင်အောင်ပြုမူခြင်းဖြစ်သည်။
မကြည်ညိုသူ အပြစ်ရှာသူ အဝီစိလက်မှတ် ကြိုတင် ဘွတ်ကင် လုပ်သူများကတော့ အိမ်သာထဲ အထိ လိုက်ပြီး အပြစ်ရှာကြမည်ပင်ဖြစ်သည်။ အပြစ်ရှာရင် အနာဆိုတာတွေ့စမြဲပါ။ လောကမှာ အပြစ်အာပါတ် မသင့်သူဆိုတာ ဘုရားရှင်နှင့် ပစ္စေကဗုဒ္ဓာပဲရှိသည်။ ရဟန္တာသည်ပင် သေးမွှားသော အပြစ်အာပါတ် သင့်တတ်သေးသည်ပင်။ ပုထုဇဉ် ရဟန်းသာမဏေများဆိုရင် ပြောဖွယ်ရာပင်မလိုပေ။ အပြစ်အာပါတ် မသင့်ဘူးဆိုရင် ထိုပုဂ္ဂိုလ်သည်ရဟန်းမဟုတ် လူသားသာ ဖြစ်ရမည်။
မီးသွေးနှင့်ဇရပ် ဘုန်းကြီးနှင့်အာပါတ် လွတ်တယ်လို့ ဘယ်ရှိပါ့မလဲ။ ဖြည့်တွေးလေးများနှင့် တွေးတတ်မယ်ဆိုရင် ကြည်ညိုစရာတွေအများ
ကြီးရှိပါတယ်။ နောင်ကြဉ်အောင် အပြစ်ထောက်ပြပြောဆိုခြင်းက အပြစ်မဖြစ် စေတနာကောင်းနှင့် ပြောသည်ဟု လက္ခံလို့ရသည်။ နှိပ်ချ စော်ကားလို၍ ထောက်ပြပြောဆိုခြင်းသည် ပြောသူအတွက်ကတော့ ရင်လေးစရာပင်ဖြစ်သည်။
ဘုမသိ ဘ,မသိ ရဟန်းစစ်မစစ် နလပိန်တုံး ပေတံများနှင့် တိုင်းတာခြင်းသည် ဆင်ခေါင်းကို ခွေးချီသကဲ့ပင်ဖြစ်သသည်။ ဝိနည်းစည်းကမ်းဆိုတဲ့ ပေတံတစ်ချောင်းကို
ဆုပ် ကိုင်နိုင်မှ ဟုတ်မဟုတ် စီစစ်နိုင်မည်ဖြစ်သည်။ စာတတ်ပေတတ်ဆရာတော်ကြီးပင်
တချို့သော ဝိနည်းပြစ်မှုကို ရဲရဲ မဆုံးဖြတ်ရဲကြပေ အမှန်သည်အမှားဖြစ်သွားက မိမိကိုယ်ကိုယ် မိမိ ပြန်လည်ငြိစွန်းတတ်သောကြောင့်ဖြစ်သည်။
ရဟန်းသာမဏေများကို ထိပါးပုတ်ခတ် စော်ကားနေသော လူတစ်မတ်တန် အီးတစ်ကျပ်တန်များကို မေးလိုသည်ကရီးတွေ ချီးတွေရော မြင်ခဲ့ရလားဟူ၍ပင်.....
"ဖက်ရွက်ရော်ကို မြင်သော်ခဏ သင်္ကန်းစနှင့် တူလှဘိသည် စိတ်မျှကြည်က နတ်ပြည်တိုင်တိုင် ရောက်စေနိုင်၏"
( အရှင်အဂ္ဂသမာဓိရေးသားသော ငရဲခန်းပျို့မှ)
မူရင်းရေးသားသူအား credit ပေးပါသည်။
သာသနာနွယ် စစ်ကိုင်း
နှလုံးသားအာဟာရ
January 6, 2017
ဆရာတော်ဦးဗုဓ်
တရားနာခြင်းဖြင့်ရရှိနိင်သောအကျိုးများ
* မြတ်စွာဘုရားလက်ထက် တစ်ရားတစ်ပွဲပြီးဆုံးလျှင် အသိဥာဏ်ရှိတဲ့ ပါရမီပြည့်ဝတဲ့ ပုဂ္ဂိုလ်တွေ
* ထူးခြားစွာပါရမီရှိတဲ့သူတွေက တစ်မဂ်တစ်ဖိုလ်ရသွားကြတယ် တရားနာရင်ဘဲ အသိဥာဏ်ထူးတွေရသွားကြတယ်
* ဘယ်လိုနာယူကြလို့ ဒီလိုထူးခြားတဲ့ တရားမြတ်တွေ ရလဲဆိုရင် ပါရမီရှိလို့လို ဖြေမဲ့သူများပါတယ်
* သို့သော် အဲ့ဒီပုဂ္ဂိုလ်ပါရမီရှိတာမရှိတာ အသာထား သူတို့တရားနာနည်းလေးပြောရမယ်ဆိုရင်
* ဟတ္ထိကတွာ ...လိုလိုချင်ချင်နဲ့ နာတယ် နာယူတဲ့အခါမှာ တခြားအာရုံမရောက်ပဲနာတယ်
* မှတ်သားလိုက်နာလို့တဲ့စိတ်နဲ့နာယူတယ် သတိသမ္ပဇဉ်နဲ့ နာယူတယ်
* အာရုံနဲ့စိတ် ဆုံတွေ့အောင် စိတ်ကိုထိန်းပေးတယ် စိတ်ဟာ ဓမ္မအာရုံမှ လွဲ၍တခြားမသွားအောင် သတိနဲ့ထိန်းပေးတယ်
* သတိကြောင့် ကျင့်သုံးရမယ့် အရာတွေကို တခဏအတွင်း ရှင်းကနဲ့ဖြစ်အောင်ထိန်းပေးတယ်
* လိုက်နာကျင့်သုံးမှုကိုလည်းပေးတယ် သတိမပါဘဲ ပညာဆိုတာ မရှိဘူး
* သတိကင်းတဲ့ ပညာဆိုတာ မဖြစ်ဘူး သတိပါမှ ပညာဖြစ်တယ် သတိရှိလာရင် ဓမ္မ အပေါ်မှာ ယုံကြည်မှုရှိလာတယ်
* ဒါကြောင့်မို့ တရားပွဲတစ်ပွဲမှာ ကြီးမားတဲ့ရလာဒ်တွေကို ရတယ် ဒီလိုဆိုတယ် ဆိုပါစို့
* အနာထပိဏ္ဍသူဌေးကြီးက သားကိုတရားနာခိုင်းတာ ပိုက်ဆံပေးခိုင်းတယ် နောက် သေချာမှတ်သာနာယူနိင်ရင် ပိုပေးမယ်ပြောတယ်
* မှတ်မိအောင်နာခြင်းကလည်း တရားလိုချင်စိတ်ကိုဖြစ်စေတယ် မနဿိကတွာ စိတ်ထဲနှလုံးထဲ့မှာ မှတ်မိအောင် အကုန်လုံးကို သတိနဲ့ထည့်ပြီးနာယူတယ်
* နားစိုက်ပြီးထောင်တယ် စိတ်နဲ့နှလုံးသွင်းတယ်
* ပါရမီဆိုတာ ခုတရားနာနေနိင်တာကိုဘဲ ပါရမီပါလို့ပေါ့ ပါရမီမပါရင်မနာရဘူး
* တရားနာတဲ့နေရာရှိနေရက်နဲ့မရောက်တာ တရားနာခွင့်ရရက်နဲ့မနာနိင်တဲ့ပုဂ္ဂိုလ်
* တရားမရှိတဲ့နေရာ အရပ်ဒေသမှာ နေရတာ တရားသံတွေကြားနေရက်နဲ့ မနာချင်တာ
* ဒါတွေက ပါရမီမရှိလိုဘဲပေါ့ တရားမနာရရင် ဆုံးရှုံးမှုတွေဖြစ်နိင်တယ်
* ဒီလိုနဲ့ တရားအပြင်ဖက်ရောက်သွားကြတယ် တရားမနာရင် ဆုတ်ယုတ်ပျက်ဆီးပြား လာနိင်တယ်
* တရားနာရင် တရားထူးတရားမြတ်မရရင်တောင် အသိဥာဏ်ပညာတွေရရှိနိင်တယ်
* မြတ်စွာဘုရား လက်ထက်ရဟန်းတော်တွေ တရားနာရင်
* အတ္ထံကတ္တ၀ါ မနုဿိကတ္တ၀ါ သဗ္ဗစေတ္တဿ သမ္မာနာဟတ္ထိဝါ နှစ်ဖက်စလုံးမလွတ်စေဘဲနာတယ်
* သြဟိတသောတ တရားအပေါ်မှာ ဦးတည်ပြီးတော့ စိုက်နာတဲ့ နားရှိတယ်
* ဓမ္မံ သုနာသိ ဒီလိုနာရင်တရားပွဲကရရှိတဲ့ အကျိုးအမြတ်တွေကို တစ်ယောက်နဲ့တစ်ယောက် မတူရင်သာနေမယ်
* အနည်းဆုံးတော့ အသိဥာဏ်တွေရရှိမယ်
* ထူးခြားတဲ့ သောတာပန် သကဒါမဂ် အနာမဂ် တွေမရတောင် မိမိရဲ့လုပ်ရပ်နဲ့သက်ဆိုင်တယ်
* သူတော်ကောင်းတရားတွေက စိတ်ကိုအေးချမ်းစေတယ် အသိဥာဏ်တွေတိုးပွားစေတယ်
* နတ် လူတွေက တွေဝေနေကြတယ် ဘယ်ကလာမှန်းမသိ ဘယ်ကိုသွားရမှန်းမသိကြဘူး
* မြတ်စွာဘုရား ရဲ့တရားတော်ကို နာခြင်းဖြင့် အလင်းရောင်ရပြီး သွားရမဲ့လမ်းကို သိကြမယ်
* မြတ်စွာဘုရားက လမ်းကြောင်းကြီးကို နောက်ဆုံးသေချာကျင့်သုံးပြီးမှ ဟောကြားတဲ့တရားတော်က
* ခန္ဓာ ၅ပါးတရား .ခန္ဓာ ၅ပါးကို ငါလိုထင်နေကြတယ် မျက်စိ ဆိုတာငါလို့ထင်တယ် အစကတည်းက အမြင် နဲ့
* ဒီလိုမြင်တာကို ငါမြင်တယ်လို့ထင်တယ် ငါမြင်ရင် သောကပရိဒေ၀ တောက်လောင်နေမှာဘဲ
* ကိုယ်မပိုင်ကိုယ်မဆိုင်တဲ့အရာလို့ အစကတည်းက သတ်မှတ်ထားရင် အနိစ္စ ဒုက္ခ အနတ္တ လိုမှတ်ရင်
* ငါပျောက်သွားပြီး တဏှာကင်း တွယ်တာမှုကင်း သောကမလားတော့ဘူး သောကမလားရင် မပူလောင်တော့ဘူးပေါ့
* ပူလောင်မှုတွေကင်းရင် ခန္ဓာ ၅ပါးကို ဒီလိုမြင်ရင် နိဗ္ဗာန် မြင်တာဘဲ တစ်မဂ် တစ်ဖိုလ်ရနိင်တယ်
* တွယ်တာမှုကင်းရင် အမှန်သိလို့ သမ္မတ္တနိယာဆိုတဲ့ နိဗ္ဗာန် လမ်းကြောင်းကိုရောက်တယ်
* မဂ္ဂသစ္စာကိုသိတာ သစ္စာလေးပါးကိုသိသွားတယ် အရိယာတို့ဟောတဲ့သစ္စာကိုသိတာ သစ္စာသိတယ်ဆိုတာ ၀ိပဿနာ သိတာ
* ၀ိပဿနာ ဆိုတာ ဒုက္ခသစ္စာ ကို ရှင်းရှင်းလင်းလင်းသိမြင်သွားတယ်
* ဒုက္ခသစ္စာအပေါ်မှာ မဂ္ဂသစ္စာ နဲ့အလုပ်လုပ်နေတော့ ဒုက္ခ သမုဒယကိုပယ်လိုက်တာ
* ဒါက၀ိပဿနာကို အကျဉ်းချုပ် ဟောတာ
* မဂ္ဂင်ရှစ်ပါးကိုထူထောင်တော့ ဒုက္ခသစ္စာပေါ်မှာထူထောင်တယ်
* ဒုက္ခ ဆိုတာ ခန္ဓာ ၅ပါး အဲ့ဒီဒုက္ခအပေါ်မှာ အမှန်မြင်အောင် သီလ သမာဓိ ပညာဆိုတဲ့ မဂ္ဂသစ္စာ နဲ့ကြည့်တာ
* သီလက သမာဓိကိုထောက်ပံ့တယ် ပညာက သမာဓိကိုထောက်ပံ့တယ် ၀ိပဿနာ ဆိုတာ ဓာတ်ခွဲခန်းဝင်နေသလို့ဘဲ
* သဘာဝတရားရဲ့ ချုပ်ငြိမ်းရာအကြောင်းတရားကို တွေ့မြင်နိင်တယ်
* အရိယာသစ္စာတွေကို ကောင်းကောင်း သိမြင်စေတယ် * ဒါကြောင့် တရားတစ်ပွဲနာရခြင်းရဲ့ အကျိုးအမြတ်တွေဟာ မရေမတွက်နိင်ရနိင်တယ်
* တို့တတွေဟာ လည်းတရားပွဲက အကျိုးအမြတ်တွေရအောင် စူးစိုက်နှလုံးသွင်းပြီး နာကြပါစို့လို့ ကိုယ်ဆီကိုယ်ဆီ နှလုံးသွင်းနိင်ကြပါစေ...
သာဓု သာဓု သာဓု
ပါမောက္ခချုပ် ဆရာတော်ဘန္တန္ဒဒေါက်တာနန္ဒမာလာဘိဝံသ တရားတော်အသံဖိုင်မှ ကူးယူပူဇော်သည်။
(*ပန်းခရေ *) ၆ . ၁ . ၂၀၁၇
ဝေဒနာကို ရှုမြင်ပုံတရားတော်။
လူတွေမှာ နာမ်တရားအနေနဲ့ ပြောမယ်ဆိုရင် ခံစားချက်တွေရှိကြပါတယ်။ ပျော်ရွှင်
တာလည်း ခံစားတာပါပဲ၊ ၀မ်းနည်းတာလည်း ခံစားတာပါပဲ၊ အဲဒီ- ပျော်ရွှင်မှု ဆိုတာလည်းပဲ
ထာဝရပျော်ရွှင်နေတာ မဟုတ်ပါ၊ ၀မ်းနည်းမှု ဆိုတာလည်းပဲ ထာဝရ ၀မ်းနည်းနေတာ မ
ဟုတ်ပါ။ ဒါကြောင့်မို့ ဝေဒနာဆိုတဲ့ ခံစားမှုဟာလည်းပဲ မြဲတဲ့အရာမဟုတ်ပါ။ မြဲတဲ့အရာ
မဟုတ်တဲ့အတွက် မမြဲတဲ့ ဒီခံစားမှုကို ငါလို့ ရှုမှတ်မယ်၊ ငါ့ဥစ္စာလို့ ရှုမှတ်မယ်ဆိုရင်
မသင့်တော်ပါ။ မြဲတဲ့အရာမဟုတ်လို့ သုခလည်း မဟုတ်ပါ၊ ဒုက္ခသာ ဖြစ်ပါတယ်။ အဲဒီ-မြဲတဲ့
အရာ မဟုတ် တဲ့အတွက် အတ္တမဟုတ်ပါ၊ အနတ္တ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဝေဒနာနဲ့ ပတ်
သက်ပြီးတော့လည်းပဲ အဲဒီ ခံစားချက်တွေဟာ တည်မြဲနေတာ မဟုတ်ပါ။
အဲဒါကို အရှင်ပုဏ္ဏ က “ဝေဒနာဟာ အနိစ္စ ဆိုလို့ရှိရင် ဒုက္ခပဲ ခေါ်ရမှာပါ” တဲ့။ အဲဒီ
လို ဒုက္ခဖြစ်ပြီး ပြောင်းလဲတတ်တဲ့ သဘာဝတရားကို “ငါ၊ ငါ့ဟာ” လို့ ရှုမြင်သုံးသပ်မယ်ဆိုရင်
မသင့်တော်ပါ။ ဒါကြောင့် မှန်ကန်တဲ့ အသိဉာဏ်နဲ့ ရှုသင့်ပါတယ်။ ခံစားချက် ဝေဒနာဟာ
ငါလည်းပဲ မဟုတ်ပါ၊ ငါ့ဥစ္စာလည်း မဟုတ် ဆိုတာ မှန်ကန်တဲ့ ၀ိပဿနာ ဉာဏ်အမြင်နဲ့ ရှုရ
ပါမယ်။ အဲဒီလို ရှုမြင်လိုက်တဲ့အခါမှာ ခံစားမှုအပေါ်မှာ သာယာတွယ်တာမှုဆိုတာ မလာ
တော့ပါ။
တို့တတွေရဲ့ ဝေဒနာကိုယ်ကြီးကလည်း အမြဲတမ်း ပြောင်းလဲပြီးတော့နေတာပါ။ အဲဒီလို
ထာဝရ ပြောင်းလဲနေတဲ့ ဝေဒနာတရားကြီးဟာ ငါ့ဟာလို့၊ ငါ့ဥစ္စာလို့၊ ငါ့ရဲ့အတ္တလို့ ဒီလို
စိတ်ထဲမှာ မှတ်ယူထားဖို့ မသင့်တဲ့တရား ဖြစ်ပါတယ်။ အဲဒီလို သိလိုက်တာနဲ့၊ မှန်ကန်တဲ့
ဉာဏ်အမြင်နဲ့ ဆင်ခြင်စဉ်းစားလိုက်တာနဲ့ တစ်ပြိုင်နက် ဝေဒနာတရားပေါ်မှာ ငြီးငွေ့မှု
ဆိုတာ ဖြစ်ပေါ်လာပါတယ်။ ငြီးငွေ့တယ်ဆိုတာ သာယာမှုကို ရှာမတွေ့တာကိုခေါ်တာပါ။
ပျော်စရာတို့၊ နှစ်သက်စရာတို့၊ ကျေနပ်စရာတို့ဆိုတာ မရှိတော့ပါ။
ဒါကြောင့် မိမိတို့လည်း ၀ိပဿနာတရား အားထုတ်လို့ရှိရင် ဒီရှုမှတ်ဖွယ်ရာ အာရုံတွေနဲ့ပဲ
တရားအားထုတ်ကြရမှာဖြစ်တယ်လို့ ကိုယ်စီကိုယ်ငှ သဘောကျပြီး ရှင်အာနန္ဒ မထေရ်မြတ်ကဲ့သို့
တရားထူး တရားမြတ်ရအောင် ကျင့်ကြံကြိုးကုတ် အားထုတ် နိုင်ကြပါစေကုန်သတည်း။
{ ၁၃၇၁ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၅)ရက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်၊
(၁၆)ရပ်ကွက်၊ ဓမ္မသဘင် အခမ်းအနားဝယ် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားအပ်
သော “အရှင်အာနန္ဒ ၏ ၀ိပဿနာ” တရားဒေသနာတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
အသက်ရှိလို သဘောထားပါ
“မင်းတို့တစ်တွေ ဘုရားကို ကြည်ညိုတဲ့အခါ အသက်ထင်ရှားရှိတဲ့ဘုရားကို ရောက်အောင် လှမ်းပြီး အာရုံယူပါ။ ရုပ်တုတော် ဆင်းတုတော်လောက်တွင် ရပ်မနေပါနှင့်၊ ရုပ်တုတော် ဆင်းတုတော်ကိုလည်း အသက်ရှိတဲ့ ဘုရားလို သဘောထားပါ၊ ရိုသေပါ၊ လေးစားပါ၊ ဘုရားကို ဆွမ်းလှူ ၊ ရေကပ်၊ ပန်းကပ်
လုပ်လိုတဲ့အခါမှာလဲ အသက်ရှိတဲ့ဘုရားအား လှူသလို သဘောထားပါ။”
“တချို့နေရာတွေမှာ တွေ့ရတတ်တယ်။ ဘုရားခန်းက ကျဉ်းကျဉ်း, ကြည်ညိုတယ်ဆိုပြီး ပန်းတွေတင်ထားလိုက်ကြတာ။ ဘုရားရှေ့မှာ ပန်းအိုးကြီးတွေနှင့်ဝေလို့ ၊ ဘုရားမျက်နှာတော်ကိုတောင် ကွယ်နေတယ်။ ဆီမီးတိုင်တွေ ထွန်းထားတာကလဲ အနံ့တွေက
ညှော်လို့ နံလို့, ရုပ်တုတော်မို့သာပေါ့၊ မမိန့်တာ။ သက်တော်ထင်ရှား ဘုရားသာဆိုရင် “မင်းတို့ဟာတွေ ငါသွားလို့ လာလို့ မရအောင်တောင်
ပန်းတွေကလဲ ငါ့ရှေ့မှာ ရှုပ်နေတာပဲ၊ မီးခိုးနံ့တွေကလဲ ညှော်လိုက်တာ” လို့ မိန့်တော်မူမှာ။”
“ဒီတော့ ပန်းကပ်တယ်ဆိုရင် ရှေ့တည့်တည့်ကြီးမှာ ဘယ်ကောင်းမလဲ၊ ဘုရားနှင့် ခပ်စောင်းစောင်းနေရာ အနိမ့်စားပွဲပေါ်မှာ တင်သင့်တာပေါ့၊ ပန်းကိုပြင်တဲ့အခါမှာလဲ တချို့သူတွေက
လှတဲ့အပွင့်အခိုင်တွေကို ဘုရားဘက်မှာ မထားတတ်ကြဘူး။
ဧည့်သည်တွေလာရင် တန်းပြီးမြင်နိုင်တဲ့ မိမိတို့ရဲ့ ရှေ့မျက်နှာစာဘက်မှာ ထားတတ်ကြတယ်၊ မှားတာပေါ့။
ဘုရားလှူတာမဟုတ်လား၊ ဘုရားဘက်မှာ ထားရမှာပေါ့။”
“ဆွမ်းကို ကပ်တဲ့အခါမှာလဲ အသက်ရှိလို သဘောထားပြီး၊ တစ်ပါးစာ ဝလောက်အောင်တော့ ကပ်လှူပါ။ အခုကပ်ကြတာက နတ်တင်သလို နည်းနည်းကလေး၊ ဟင်းခွက်မစုံချင်နေပါစေ၊ ရှိသမျှနှင့် တစ်ပါးစာ
ဝလောက်အောင်တော့ ကပ်ပါ၊ ဆွမ်းတွေ ဟင်းတွေ များလွန်းလို့ လက်မလွှတ်နိုင်ရင် နောက်တော့ စွန့်ပြီး စားပေါ့၊ စားကောင်းပါတယ်။
ဉာဏ်မထိုင်းပါဘူး၊ ဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်ကြီးရဲ့ အကြွင်းအကျန်စားတာပဲ။ ဉာဏ်ဓာတ်တွေ ကူးလာဖို့တောင် ရှိပါတယ်၊
ဘုရားဝေယျဝစ္စ လုပ်ပြီးတော့ စားပေါ့။”
“တောရကိုယ်တော်ကြီးတွေ တချို့ဆိုရင် ဆွမ်းခံပြန်လာ၊ သပိတ်အတိုင်း ဘုရားကို လှူလိုက်တာပဲ။ နောက်မှစွန့်ပြီး စားကြတာ။”
-【မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ】
(စာရိုက်ပူဇော်သူ - zahan mon)
စိတ်ကောင်းရှိဖို့က ပဓာန
“အရှင်ဘုရား၊ တပည့်တော် ဖခင်ကြီးက သူများတွေလို ဘုရားလဲ မရှိခိုးဘူး၊ ပုတီးလဲ မစိပ်ဘူး၊ တရားလဲ မထိုင်ဘူး ဘုရာ့။ အဲဒါကို တပည့်တော် ဘယ်လိုယူဆရမလဲ။ ဗုဒ္ဓဘာသာအရဆိုရင် မိစ္ဆာဒိဋ္ဌိလို့ ခေါ်ရမလား။ သူ့ကို ဘုရားရှိခိုး ပုတီးစိပ် တရားထိုင်ဖို့ပြောတိုင်း သူက သူများတွေလို ဘုရားတရားအလုပ် မလုပ်ပေမယ့် စိတ်ကောင်းရှိရင် ပြီးတာပဲ၊ ဘုရားတည် ကျောင်းဆောက်ပြီး ဘုရားဒကာအမည်ခံ၊ ပုတီးကြီး လက်မှာ အမြဲချိတ်၊ အော်ကြီးဟစ်ကျယ်နဲ့ ဘုရားကို ရှိခိုးပြီး
ဆုတောင်းနေပေမယ့်၊ တရားရိပ်သာဝင်ပြီး ဉာဏ်စဉ်တရားတွေ နာခဲ့ပြီးပြီ၊ ဆယ်ရက်တရားစခန်း ဘယ်နှကြိမ် ဝင်ပြီးပြီလို့ ဆိုပေမယ့် စိတ်ကောင်း မရှိရင်၊ လောဘ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယတွေ များနေမယ်ဆိုရင် အလကားပါပဲလို့ ပြန်ပြောတယ် ဘုရာ့။ အဲဒါ အယူများ မှားနေသလား ဘုရာ့”ဟု မေးလျှောက်ရာ -
“အေး .. သူ့ရဲ့ အယူအဆကို မှားတယ်လို့ ပြောလို့ မရဘူးကွဲ့။ ဘာကြောင့်လဲဆိုတော့ ပါးစပ်က ဘုရား ဘုရား၊ လက်က ကားယား ကားယား ဆိုသလို အပြောတမျိုး အလုပ်တမျိုးနဲ့ လူတွေကို မြင်တော့ လူမြင်ကောင်းအောင် ဟန်ဆောင်နေတာထက်စာရင် ဟန်မဆောင်ဘဲ စိတ်ကောင်း နှလုံးကောင်း ထားတာက ပိုကောင်းတယ်ဆိုတဲ့ အယူအဆနဲ့ ပြောတာဖြစ်ပါလိမ့်မယ်”ဟု ဖြေသိမ့်လိုက်ရသည်။
မှန်ပါသည်။
ဘုရားဒကာဟု အမည်ခံ၍ ဘုရား တရား သံဃာကို မရိုမသေ ဆက်ဆံလျှင်၊ တရားအားထုတ်ပြီးသားပါဟု ဆို၍ လောဘ ဒေါသ မောဟ မာန်မာနတွေကို သာမန်လူတွေလောက် မထိန်းသိမ်းနိုင်လျှင်၊ ပုတီးကို လက်မှာ ချိတ်ပြီး စိတ်ယုတ်မာဖြင့် သူတပါးကို ပြစ်မှား ပြောဆိုနေလျှင် မည်သူမဆို ‘မလုပ် မပြော၊ လုပ်မှ ပြော၊ သဘောစင်လှစေ၊ အပြောသာချဲ့ အလုပ်မဲ့ ကဲ့ရဲ့မလွတ်ချေ’ ဆိုသည်နှင့်အညီ အကဲ့ရဲ့ အဝေဖန် ခံရမည်ပင် ဖြစ်ပါသည်။
ဘာသာရေးလုပ်သည်ဟု ဆိုသော်လည်း လက်တွေ့တွင် ယဉ်ကျေးမှုမရှိသူများကို တွေ့သောအခါ အချို့သူများသည် ‘စိတ်ကောင်းရှိဖို့သာ ပဓာန၊ ဘာသာရေးလုပ်စရာ မလိုပါ’ဟု ယူဆကာ ဘာသာရေးဆိုင်ရာ လုပ်ဆောင်ဖွယ်ရာများကို မလုပ်တော့ဘဲ နေတတ်ကြသည်။
ဘာသာရေးလုပ်သည် ဆိုသည်မှာ ဘာသာတရားလာ ဆိုဆုံးမချက်များကို မသိ,သိအောင် လေ့လာခြင်း၊ လေ့လာပြီးသည့်အတိုင်း မပြုလုပ်သင့်သည်တို့ကို မပြုလုပ်ခြင်း၊ ပြုလုပ်သင့်သည်တို့ကို ပြုလုပ်ခြင်းပင် ဖြစ်သည်။
စိတ်ကို မကောင်းစေတာ ကိလေသာ
သူတပါးအသက်ကို သတ်ခြင်း၊ ခိုးယူခြင်း၊ မိမိ၏အိမ်ထောင်ဖက်အပေါ် သစ္စပျက်ခြင်း၊ မုသားဆိုခြင်း၊ ကြမ်းတမ်းရိုင်းပျစွာ ပြောဆိုခြင်း၊ တယောက်အပေါ်တယောက် အထင်အမြင်လွဲအောင် မဟုတ်တရား သတင်းလွှင့်ခြင်း၊ အကျိုးမရှိ ရောက်တတ်ရာ စကားများကို ဗလွတ်ရွှတ်တ ပြောဆိုခြင်း၊ သူတပါးစည်းစိမ်ဥစ္စာကို မတရား ရယူရန် ကြံစည် ကြိုးစားခြင်း၊ သူတပါးတို့ တရားသဖြင့် ရှာဖွေရရှိထားသော စည်းစိမ်ဥစ္စာ ရာထူးဂုဏ်သိရ်ကို ပျက်စီးစေရန် ကြံစည် ကြိုးစားခြင်း ဟူသည့် မကောင်းမှု ဆယ်မျိုးမှ ကင်းဝေးနေသဖြင့် စိတ်ကောင်းရှိသည်ဟု ဆိုနိုင်ပါ၏။
သူတပါးကို ကူညီခြင်း၊ ကျွေးမွေး ပေးကမ်းမှု ရက်ရောခြင်းတို့ကြောင့် စိတ်ကောင်းရှိသည်ဟု ဆိုနိုင်ပါ၏။
သို့သော် စိတ်ကို ညစ်နွမ်းစေသည့် ကိလေသာတရားများ စိတ်ထဲတွင် ရှိနေသေးလျှင် ထိုစိတ်ကို အပြည့်အစုံ ကောင်းပြီဟု မဆိုနိုင်ပေ။
စိတ်ကို ညစ်နွမ်းစေသည့် သဘောတရား ကိလေသာများမှာ -
၁။ ကာမဂုဏ် အာရုံများကို တပ်မက်သည့်သဘော = ကာမရာဂါနုသယ
၂။ ရူပဈာန်၊ အရူပဈာန်နှင့် ထိုဈာန်များ၏ အကျိုးပေးရာဖြစ်သည့် ဘဝများကို တပ်မက်သည့်သဘော = ဘဝရာဂါနုသယ
၃။ စိတ်ဆိုးမှု အမျက်ထွက်မှုသဘော = ဒေါသာနုသယ
၎။ ထောင်လွှားမှု မာနကြီးမှုသဘော = မာနာနုသယ
၅။ မှားယွင်းသည့်အယူကို နှစ်သက်စွဲလမ်းမှုသဘော = ဒိဋ္ဌာနုသယ
၆။ တွေးတောယုံမှားမှုသဘော = ဝိစိကိစ္ဆာနုသယ
၇။ အမှန်တရားကို မသိအောင် ဖုံးလွှမ်းမှုသဘော = အဝိဇ္ဇာနုသယ တို့ ဖြစ်သည်။
အရဟတ္တမဂ်ဉာဏ် အရဟတ္တဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မရသေးသည့် ကာလတိုင်အောင် ထိုသဘောတရား (၇)ပါးတို့သည် သတ္တဝါများ၏ သန္တာန်၌ ဘဝတိုင်း ဘဝတိုင်း အစဉ်တစိုက် လိုက်ပါနေသည်။
ထို့ကြောင့် ၎င်းတို့ကို ‘အနုသယ ကိလေသာ’ဟု ခေါ်ရသည်။
အသီးပင်တပင်တွင် ရှိသည့် အသီးကို သီးစေတတ်သည့် ဓာတ်သတ္တိသည် သစ်စေ့မှ အညှောင့်ထွက်သည်အထိ သစ်ပင်၏ ပင်စည် အခက် အရွက်များတွင် တောက်လျှောက် ပါနေသကဲ့သို့ ထိုအနုသယ ကိလေသာဓာတ်များသည်လည်း သတ္တဝါတဦး၏ ဘဝတလျှောက်လုံးတွင် တောက်လျှောက် ပါနေသည်။
သတ္တဝါတဦးတွင် ထိုကိလေသာဓာတ်များကို သာမန်အားဖြင့် အထင်အရှား တွေ့ရမည် မဟုတ်။
သို့သော် အကြောင်းတိုက်ဆိုင်သောအခါတွင် ပေါ်ပေါက်ရန် ၎င်းတို့သည် စိတ်ထဲ၌ အဆင်သင့် ရှိနေသည်။ ပြာဖုံးနေသော မီးခဲသဘောမျိုးလည်း ဖြစ်သည်။
ထိုအဆင့်တွင် မကောင်းမှု ဆယ်မျိုးမှ တမျိုးမျိုးကို ကျူးလွန်ရန် စိတ်လည်း မဖြစ်၊ ကျူးလွန်လည်း ကျူးလွန်ဦးမည် မဟုတ်သေးချေ။
အနုသယကိလေသာဓာတ်ခံ ရှိနေပြီး ဖြစ်သည့်အတွက် ကျူးလွန်စရာ အာရုံ၊ ပြစ်မှားစရာ အာရုံ၊ ခံစားစရာ အာရုံတခုခုနှင့် တွေ့ကြုံသောအခါ စိတ်ထဲတွင် ဖြစ်ပေါ်လာသည့် ကျူးလွန်လိုသော၊ ခံစားလိုသော၊ ပြစ်မှားလိုသော ဆန္ဒနှင့် ထကြွလာသည့် ကိလေသာတို့ကို ‘ပရိယုဌာန ကိလေသာ’ ဟု ခေါ်ရသည်။
စိတ်ထဲတွင် ဖြစ်ပေါ်လာသည့် လောဘ ဒေါသ မာန်မာနစသော (ကိလေသာ) စိတ်အညစ်အကြေးများ၏ တွန်းအားပေးမှုကြောင့် မကောင်းမှုတခုခုကို ကိုယ်ထိလက်ရောက် ကျူးလွန်သည့်အခါ၊ ကာမဂုဏ်အာရုံကို ခံစားသည့်အခါ ဖြစ်ပေါ်လာသော ကိလေသာကို ‘ဝီတိက္ကမ ကိလေသာ’ ဟု ခေါ်ရသည်။
ထိုကိလေသာများကို စိတ်ထဲ၌ ကိန်းအောင်းနေသော ကိလေသာ၊ ထကြွလာသော ကိလေသာ၊ လွန်ကျူးမိသော ကိလေသာဟု အဆင့်သုံးဆင့်ဖြင့် အကျဉ်းချုပ် မှတ်သားနိုင်သည်။
အပြစ်ရှိသည့် အလုပ်၊ မကောင်းသည့် အလုပ်များကို မလုပ်မိစေရန် သီလဆောက်တည်၍ စောင့်ထိန်းနိုင်သည်။
ထိုကြောင့် သီလစောင့်ထိန်းခြင်းဖြင့် လွန်ကျူးမှု (ဝီတိက္ကမကိလေသာ)ကို ချုပ်ငြိမ်းစေသည်။
သီလစောင့်ထိန်းထားသည့်အတွက် ကိုယ်ဖြင့်ဖြစ်စေ နှုတ်ဖြင့်ဖြစ်စေ ကာယကံမြောက် ဝစီကံမြောက် မကောင်းမှုကို မကျူးလွန်သော်လည်း အကြောင်းတိုက်ဆိုင်သည့်အခါ တခါတရံ စိတ်ထဲတွင် မကောင်းမှုကို ပြုလုပ်ချင်သည့်စိတ်များ၊ ကာမဂုဏ်အာရုံကို ခံစားလိုစိတ်များ ဖြစ်ပေါ်လာတတ်သည်။
ထိုသို့ ဖြစ်ပေါ်လာသည့်အခါ စိတ်သည် မကောင်းတော့ပေ။ ညစ်နွမ်း၍ နေလေ၏။
ထိုသို့ စိတ်မကောင်းခြင်း စိတ်ညစ်နွမ်းခြင်း မဖြစ်စေရန်၊ သက်ဆိုင်ရာ အာရုံနှင့် တွေ့ပင်တွေ့ငြားသော်လည်း ကိလေသာစိတ်များ ထကြွ၍ မလာစေရန် လုပ်ဆောင်စရာ တခု ရှိ၏။
ထိုလုပ်ဆောင်စရာဟူသည် ဝိပဿနာအလုပ်ကို အားထုတ်ခြင်း ဖြစ်၏။
ဝိပဿနာတရားကို မည်သို့မည်ပုံ အားထုတ်ရမည်ကို ဗုဒ္ဓဘာသာက အပြည့်အဝ သင်ကြားထားသည်။
ထိုကြောင့် ဝိပဿနာကို ပွားများအားထုတ်လျှင် ဘာသာရေးလုပ်သည်ပင် ဖြစ်တော့၏။
ဝိပဿနာတရား ပွားများအားထုတ်၍ သမာဓိအားကောင်းလာသည့်အခါ ဝိပဿနာဉာဏ်များ တဖြည်းဖြည်း ရင့်သန်ပြီး မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်။
ထိုအခါကျမှ စိတ်ထဲတွင် ကိန်းအောင်းနေသည့် အနုသယကိလေသာဓာတ်များ လုံးလုံး ကုန်သွားသဖြင့် စိတ်သည် အပြီးအပိုင် ကောင်းလေတော့သည်။
စိတ်ကောင်းရှိဖို့ အရေးကြီးသည်
စိတ်ကောင်းရှိဖို့ မည်မျှအရေးကြီးကြောင်း အင်္ဂုတ္တရနိကာယ်၊ နဝကနိပါတ်လာ ဝေလာမသုတ်တွင် -
“အကြင်သူသည် အရပ်လေးမျက်နှာ၌ရှိသော သံဃာကို ရည်မှန်း၍ ကျောင်းဆောက်လှူ၏။ ထိုသူ၏ ကျောင်းအလှူသည် ဘုရားအမှူးရှိသော သံဃာကို ဆွမ်းလှူရခြင်းထက် သာလွန် မွန်မြတ်၏။ အကျိုးကြီး၏။
အကြင်သူသည် ကြည်ညိုစိတ်ဖြင့် ဘုရား တရား သံဃာကို ကိုးကွယ်ရာဟု အသိအမှတ်ပြု ဆည်းကပ်၏။ ထိုသူ၏ သရဏဂုံတည်မှုသည် ကျောင်းလှူခြင်းထက် သာလွန် မွန်မြတ်၏။ အကျိုးကြီး၏။
အကြင်သူသည် သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ မိမိအိမ်ထောင်ဖက်အပေါ် သစ္စာပျက်ခြင်း၊ လိမ်ညာပြောခြင်း၊ သေအရေက်သောက်ခြင်းတည်းဟူသော မကောင်းမှုများကို မပြုလုပ်။ ထိုသူ၏ ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းခြင်းသည် သရဏဂုံတည်မှုထက် သာလွန် မွန်မြတ်၏။ အကျိုးကြီး၏။
အကြင်သူသည် မေတ္တာစိတ်ကို နံ့သာတရှူတရှိုက်ခန့်မျှ ကြာသည့်အချိန်လောက် ပွားများ၏။ ထိုမျှလောက် မေတ္တာဘာဝနာကို ပွားများခြင်းသည် ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းခြင်းထက် သာလွန် မွန်မြတ်၏။ အကျိုးကြီး၏။
အကြင်သူသည် အနိစ္စသညာကို လက်ဖျစ်တတွက်ခန့်မျှ ကြာသည့်အချိန်လောက် ပွားများ၏။ ထိုသူ၏ အနိစ္စသညာ(ဝိပဿနာဘာဝနာ)ကို ပွားများခြင်းသည် မေတ္တာဘာဝနာကို ပွားများခြင်းထက် သာလွန် မွန်မြတ်၏။ အကျိုးကြီး၏။” ဟု ဘုရားရှင်က ဟောကြားခဲ့သည်။
စိတ်ကောင်းရှိပါမှ
အလှူပေးခြင်းသည် စေတနာ မေတ္တာတရားတို့နှင့် ပြည့်စုံသော စိတ်ကောင်းရှိပါမှ ဖြစ်နိုင်သည်။
မပေးရက်လို ဝန်တိုမှု တွန့်တိုမှု လောဘကြီးမှုတည်းဟူသော စိတ်ဆိုးများ ရှိနေက ပေးလှူခြင်း မဖြစ်နိုင်။
ဘုရား တရား သံဃာတို့အား ရိုသေ ဆည်းကပ်ခြင်းသည် ရတနာသုံးတို့အပေါ် ယုံကြည်မှု (သဒ္ဓါတရား)၊ လေးစားမှု (ဂါရဝတရား)၊ နှိမ့်ချမှု (နိဝါတတရား)တို့နှင့် ပြည့်စုံသော စိတ်ကောင်းရှိပါမှ ဖြစ်နိုင်သည်။
မယုံကြည်မှု၊ မေတ္တာမဲ့သဖြင့် မလေးမခန့်လုပ်မှု၊ မာန်မာနဖြင့် မောက်မာမှုတည်းဟူသော စိတ်ဆိုးများ ရှိနေက ရတနာသုံးပါးကို အရိုအသေ မပေးနိုင်။
သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း စသည့် ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းခြင်းသည် လောဘ ဒေါသ မောဟတည်းဟူသော စိတ်ဆိုးများ ရှိနေက မဖြစ်နိုင်။
မေတ္တာ ကရုဏာ မုဒိတာတို့နှင့် ပြည့်စုံသော စိတ်ကောင်းရှိပါမှ ဖြစ်နိုင်သည်။
မေတ္တာနှင့် ပြည့်ဝနေသောစိတ်သည် စိတ်ကောင်း ဖြစ်၏။
မေတ္တာ၏ ဆန့်ကျင်ဘက်ဖြစ်သည့် အမျက်ထွက်မှု (ဒေါသ)၊ မနာလိုမှု (ဣဿာ)၊ ဝန်တိုမှု (မစ္ဆရိယ)၊ မတရားရယူလိုမှု (အဘိဇ္ဈာ)၊ ပျက်စီးစေလိုမှု (ဗျာပါဒ)၊ ပမာမခန့်လုပ်မှု (မာန်မာန)တို့နှင့် ပြည့်နှက်နေသော စိတ်သည် စိတ်ကောင်း မဟုတ်။
ကိလေသာ အညစ်အနွမ်းတို့ဖြင့် ရောပြွမ်းနေသောစိတ်သည် စိတ်ကောင်း မဟုတ်။
ကိလေသာ အညစ်တို့မှ ကင်းဝေးနေသော စိတ်သည်သာ စိတ်ကောင်း ဖြစ်၏။
ထို့ကြောင့် ‘စိတ်ကောင်းရှိဖို့သာ ပဓာန’ဟု အလေးအနက် ယူဆပါက စိတ်ကောင်းရှိရန် မေတ္တာဘာဝနာကို ပွားများဖြစ်အောင် ပွားများကြပါ။
ကိလေသာတရားများကို မိမိတို့စိတ်ထဲမှ နှင်ထုတ်ဖြစ်အောင် နှင်ထုတ်ကြပါ။
အနိစ္စသညာဖြစ်အောင် ဝိပဿနာဘာဝနာကို ပွားများဖြစ်အောင် ပွားများကြပါဟု မေတ္တာရှေးရှု၍ တိုက်တွန်းမှု ပြုလိုက်ရပါတော့သည်။