June 30, 2015

ရှင်သန်းခြင်း၏ အဓိပ္ပာယ်


ပျံသန်းနေတဲ့ ငှက်တစ်ကောင်ရဲ့ ဦးတည်ချက်က ဘာလဲ? ရှင်သန်နေတဲ့ တို့တွေရဲ့ ဦးတည်ချက်က ဘာလဲ?
ပျံသန်းနေတဲ့ ငှက်တစ်ကောင်ရဲ့ ဦးတည်ချက်က လိုရာခရီးပါပဲ။
ရှင်သန်နေတဲ့ တို့တွေရဲ့ ဦးတည်ချက်ကလည်း တစ်ခုသော လိုအပ်ချက်အတွက်ပဲ မလား?
တစ်ခုသော လိုအပ်ချက်ကို ချမှတ်ပေးတာက ဘယ်သူလဲ?

ချမှတ်ပေးတဲ့သူ အပေါ်မူတည်၍ လုပ်ဆောင်ချက်က အကျိုးရှိမှာကိုးဗျ။
သူခိုးက ခိုးလို့ သူ့လိုအပ်ချက်ကို ချမှတ်လိုက်ရင် အဲဒီ လိုအပ်ချက်ကို လုပ်ဆောင်ပေးခြင်းသည် အကျိုးယုတ်တဲ့ အလုပ်ဖြစ်သွားရော။
အလှူတစ်ခု လုပ်ချင်တယ်ဆိုတဲ့ လိုအပ်ချက်ကို ချမှတ်ပေးလိုက်ရင် အဲဒီ လိုအပ်ချက်အပေါ် လုပ်ဆောင်ချက်သည် အကျိုးမြတ်ကြီးတဲ့ အလုပ်ဖြစ်သွားရော- စသည်ဖြင့် ကွာခြားသွားတာပါ။
ဒီတော့ တစ်ခုသော လိုအပ်ချက်ကို ချမှတ်ပေးတာက -
အသိတရားရှိသူလား? အသိတရားမဲ့သူလား?
အကြားအမြင်ရှိသူလား? အကြားအမြင်မဲ့သူလား?
ဆိုတာတွေကို သုံးသပ်ကြည့်တော့ မိမိသန္တာန်မှာ လိုအပ်ချက်ကို ချမှတ်ပေးနေတာလည်း မိမိပဲ။ လိုအပ်ချက်ကို လုပ်ဆောင်နေတာလည်း မိမိပဲ ဖြစ်နေပါရော့လော…
ဒါဆိုရင် သုံးသပ်ကြည့်ရာမှာက မိမိပဲ ဖြစ်နေပါလားဗျ။
မိမိကိုယ် မိမိ သုံးသပ်ရတော့မယ်ဆိုတော့ (မိမိ) ကို သုံးသပ်မလား? မိမိရဲ့ (စိတ်) ကို သုံးသပ်ရမလား ဆိုတဲ့ မေးခွန်းထပ်ထုတ်လိုက်တယ်။
မိမိ ဆိုတာမှ မရှိဘဲဗျ။ မိမိရဲ့စိတ်ဆိုတာပဲ ရှိတာ။ မိမိဆိုတာက (အခေါ်ရှိ)၊ စိတ် ဆိုတာကတော့ (တကယ်ရှိ)။
မိမိ ဆိုတာက စိတ်ကို ဆိုင်းဘုတ်ဆွဲထားတာဆိုတော့…
ဒါဆိုရင် မိမိသန္တာန်မှာ ဖြစ်နေတဲ့ (စိတ်ကို အကဲခတ်) သုံးသပ်ကြည့်ရတော့မယ်။
အသိတရားရှိသူလား - အသိတရားမဲ့သူလား ဆိုတာသည်…
စိတ်နှင့် ပြောရင် အမောဟစိတ်(ပညာဉာဏ်)လား၊ မောဟစိတ်လား ဆိုတာကို ပြောတာပါပဲ။
အကြားအမြင်ရှိသူလား? အကြားအမြင်မဲ့သူလား? ဆိုတာသည်လည်းပဲ.. စိတ်နှင့် ပြောရင် အမောဟစိတ်(ပညာဉာဏ်)လား၊ မောဟစိတ်လား ဆိုတာကို ပြောတာပါပဲ။
မောဟ ဆိုတာ ဘယ်လို သဘောရှိသလဲ? ပညာဆိုတာက ဘယ်လို သဘောရှိသလဲ?
ဆိုတဲ့ မေးခွန်းနှစ်ခု ထပ်ထွက်လာပါပြီ။
မောဟ ဆိုတဲ့ တရားသည် အမှန်တရားကို ထိုးထွင်းသိ၊ပိုင်းခြားသိ နိုင်စွမ်းမရှိဘူး၊ သူ့ကြောင့်ပဲ အကုသိုလ်တွေ ဖြစ်ရတာပါ၊ သူက အကုသိုလ်အကျိုးဆောင် အဖွဲ့ရဲ့ အုပ်ချုပ်ရေး အရာရှိလည်း ဖြစ်ပါတယ်။
ပညာဉာဏ် ဆိုတဲ့ တရားသည် အမှန်တရားကို ထိုးထွင်းသိ၊ ပိုင်းခြားသိ နိုင်စွမ်းရှိတယ်တဲ့။ သူ့ကြောင့်ပဲ ကုသိုလ်တွေ ဖြစ်ရတာပါ။ သူက ကုသိုလ် အကျိုးဆောင်အဖွဲ့ရဲ့ အုပ်ချုပ်ရေး အရာရှိလည်း ဖြစ်ပါတယ်။
ဒီတော့ အမှန်တရားကို ထိုးထွင်းသိတဲ့ အမောဟ(ပညာဉာဏ်) စိတ် ဖြစ်အောင် စိတ်ကို ဘယ်လို ပြုပြင် ပေးရမှာလဲ? ဆိုတဲ့ မေးခွန်းက ထပ်ထွက်လာပြန်ပြီ။
(၁) စိတ်ကို ကောင်းအောင် ပြုပြင်ပေးနိုင်တဲ့ အကျိုးဆောင်တွေ ရှိပါတယ်။ (၂) စိတ်ကို ဆိုးအောင် ပြုပြင်ပေးနိုင်တဲ့ အကျိုးဆောင်တွေလည်း ရှိပါတယ်တဲ့ဗျာ…
(၁) စိတ်ကို ကောင်းအောင် ပြုပြင်တဲ့ စိတ်ရဲ့ အကျိုးဆောင်တွေကတော့ သီလ၌ အခြေတည်၍ ပေးကမ်းစွန့်လှူတဲ့ သဒ္ဓါတရား၊ သမာဓိအလုပ်( အာနာပါန - မေတ္တာဘာဝနာ…စသည်ဖြင့် ) နှင့် ဝိပဿနာအလုပ် (သတိပဌာန်) ။
(၂) စိတ်ကို ဆိုးအောင် ပြုပြင်ပေးနိုင်တဲ့ အကျိုးဆောင်တွေကတော့ ” သီလကို အလေးမထား၊ သဒ္ဓါတရားကို မတိုးပွားဘဲ၊ သမာဓိအလုပ် စိတ်မဝင်စား၊ ဝိပဿနာဆိုတာနောက်ထား ” ဆိုတဲ့ အရာတွေပါ။
ဒါဆိုရင် တို့တွေက အချိန်နှင့် အမျှ ရှင်သန်နေရတာသည် ဘယ်စိတ်ရဲ့ ဦးဆောင်မှု၊ ဘယ်စိတ်၏ လိုအပ်ချက်ကို လုပ်ဆောင်ပေးနေကြသလဲ? ဆိုတဲ့ အချက်ကို စာဖတ်သူ၏ ဉာဏ်ဖြင့် သုံးသပ်ကြည့်လို့ရပါပြီ။
မကောင်းဘူးဆိုရင် ”မတော်ဘူးဟ” အပယ်စခန်းသွားပဲ… ဆိုပြီးတော့ ရှောင်ဖို့ပဲ၊
ကောင်းတယ်ဆိုရင်တော့ တော်ပေစွဟု ဆောင်ရုံပါပဲ။
ဒါမျိုးတွေ ရှေးဘဝ သံသရာက မသုံးသပ်ခဲ့လို့ ဖြစ်ချင်တာတွေ မဖြစ်ရဘဲ မသိ-အဝိဇ္ဇာ- အပျော်- တဏှာတရားရဲ့ ချယ်လှယ်တာကို ခံရပြီး မသိပျော်ပျော်နေရင်း မရဏ မင်းက သတ်လိုက်ရင် သူတို့က မျက်နှာလွှဲခဲပစ် ပစ်လိုက်လို့ပဲ သံသရာဝဋ်တွင်းမှာ အိုဘေး၊ နာဘေး၊ သေဘေးနှင့်မတင့်တယ်တဲ့ အသုဘခန္ဓာကြီးကို ထမ်းပြီး နေရတာပါလားဗျ။
အခုတော့ သုံးသပ်သင့်ပြီ။ ရှောင်သင့်တာ ရှောင်သင့်ပြီ။ ဆောင်သင့်တာ ဆောင်သင့်ပြီဗျ။
အားလုံးကို လေးစားစွာဖြင်

ဝင်းမြင့်
http://www.myanmarengineer.org  မှတဆင့်ခံစားတင်ပြသည်။

သားသမီးသုံးမျိုး


အတိဇာတံ အနုဇာတိ၊ ပုတ္တမိစ္ဆန္တိ ပဏ္ဍိတာ။
အဝဇာတံ နဣစ္ဆန္တိ၊ ယောဟောတိကုလဂန္ဓနော
မြတ်စွာဘုရား ဟောတော်မူတယ်။

- အတိဇာတ သားသမီးတစ်မျိုး
- အနုဇာတ သားသမီးတစ်မျိုး
- အဝဇာတ သားသမီးတစ်မျိုး ဆိုပြီး
သုံးမျိုးဟောတော်မူခဲ့ပါတယ်။

(၁) "အတိဇာတသားသမီး"
မိဘများရဲ့ ကျေးဇူးတရားများကိုနားလည်သိရှိပြီးစွမ်းနိုင်တဲ့အခါမှာ ပြန်ပြီးတော့စောင့်ရှောက်တတ်၍
မိဘတို့ထက် အကျင့်သီလ အာစာရဂုဏ် လိမ္မာရေးခြားပြည့်စုံတဲ့ သားသမီးမျိုးကို အတိဇာတသားသမီးလို့ ခေါ်ပါတယ်။အလွန်မြင့်မြတ်တဲ့ သားသမီးမျိုးပင်ဖြစ်၏။ ထင်ရှားအောင်ပြောရရင် သာသနာတော်မှာ ရှင်ရဟန်းအဖြစ်ဖြင့်မိဘ၏ ကျေးဇူးတရားများကို ပေးဆပ်နေသော သားသမီးမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။

(၂) "အနုဇာတသားသမီး"
မိဘများရဲ့ ကျေးဇူးတရားများကို နားလည်သိရှိပြီး စွမ်းနိုင်တဲ့အခါမှာ ပြန်ပြီးတော့ စောင့်ရှောက်တတ်၍
မိဘတို့နှင့် တူညီတဲ့ အကျင့်သီလ အာစာရဂုဏ် လိမ္မာရေးခြားပြည့်စုံတဲ့ သားသမီးမျိုးကို အနုဇာတ သားသမီးလို့ ခေါ်ပါတယ်။ဆိုလိုတာက မိဘများက ဒါနပြုခြင်း၊ သီလ စောင့်ထိန်းခြင်း၊ တရားနာခြင်းစတဲ့ အကျင့်သီလများနှင့်ပြည့်စုံသလိုသားသမီးများကလည်း မိဘများပြုကျင့်သကဲ့သို့ တန်းတူပြုကျင့်ခြင်း၊ မိဘကျေးဇူးတရားများကို နားလည်သိရှိခြင်းစတဲ့
အကျင့်တွေနဲ့ပြည့်စုံတဲ့ သားသမီးမျိုးကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။

တနည်းအားဖြင့်… မိဘများကရတနာသုံးပါးအား ဆည်းကပ်ကိုးကွယ်ခြင်း၊ ကံ ကံ၏ အကြောင်းအကျိုးကို သက်ဝင်ယုံကြည်ခြင်း စတဲ့ဗုဒ္ဓဘာသာဝင်ပီပီ သာသနာရဲ့ ရေသောက်မြစ်သဖွယ်ဖြစ်တဲ့ အကျင့်တရားတို့ပြည့်စုံသလိုသားသမီးများကလည်း မိဘတို့နည်းတူ ထိုအကျင့်တရားများပြည့်စုံပြီး မိဘတို့ကျေးဇူးအားအထူးသိတတ်ပေးဆပ်တတ်တဲ့ သားသမီးမျိုးကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။

(၃) "အဝဇာတသားသမီး"
မိဘတို့၏ ကျေးဇူးတရားကိုမသိ၊ သိအောင် လည်းမကြိုးစား၊
ကျေးဇူးတရားများကို ပေးဆပ်ရကောင်းမှန်း မသိသည့်အပြင်
(မိဘတို့ထက် နိမ့်ကျသော အကျင့်သီလ အာစာရဂုဏ် ရှိခြင်း) စာရိတ္တပိုင်းဆိုင်ရာပျက်စီးခြင်းတို့ဖြစ်ပါတယ်။

အရှင်ဝိမလဝံသ
(နာလန္ဒာတက္ကသိုလ်)
နှလုံးသားအာဟာရ
*******************
အတိဇာတံ အနုဇာတိ၊ ပုတ္တမိစ္ဆန္တိ ပဏ္ဍိတာ။
အဝဇာတံ နဣစ္ဆန္တိ၊ ယောဟောတိကုလဂန္ဓနော
မြတ်စွာဘုရား ဟောတော်မူတယ်။

- အတိဇာတ သားသမီးတစ်မျိုး
- အနုဇာတ သားသမီးတစ်မျိုး
- အဝဇာတ သားသမီးတစ်မျိုး ဆိုပြီး
သုံးမျိုးဟောတော်မူခဲ့ပါတယ်။

(၁) "အတိဇာတသားသမီး"
မိဘများရဲ့ ကျေးဇူးတရားများကိုနားလည်သိရှိပြီးစွမ်းနိုင်တဲ့အခါမှာ ပြန်ပြီးတော့စောင့်ရှောက်တတ်၍
မိဘတို့ထက် အကျင့်သီလ အာစာရဂုဏ် လိမ္မာရေးခြားပြည့်စုံတဲ့ သားသမီးမျိုးကို အတိဇာတသားသမီးလို့ ခေါ်ပါတယ်။အလွန်မြင့်မြတ်တဲ့ သားသမီးမျိုးပင်ဖြစ်၏။ ထင်ရှားအောင်ပြောရရင် သာသနာတော်မှာ ရှင်ရဟန်းအဖြစ်ဖြင့်မိဘ၏ ကျေးဇူးတရားများကို ပေးဆပ်နေသော သားသမီးမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။

(၂) "အနုဇာတသားသမီး"
မိဘများရဲ့ ကျေးဇူးတရားများကို နားလည်သိရှိပြီး စွမ်းနိုင်တဲ့အခါမှာ ပြန်ပြီးတော့ စောင့်ရှောက်တတ်၍
မိဘတို့နှင့် တူညီတဲ့ အကျင့်သီလ အာစာရဂုဏ် လိမ္မာရေးခြားပြည့်စုံတဲ့ သားသမီးမျိုးကို အနုဇာတ သားသမီးလို့ ခေါ်ပါတယ်။ဆိုလိုတာက မိဘများက ဒါနပြုခြင်း၊ သီလ စောင့်ထိန်းခြင်း၊ တရားနာခြင်းစတဲ့ အကျင့်သီလများနှင့်ပြည့်စုံသလိုသားသမီးများကလည်း မိဘများပြုကျင့်သကဲ့သို့ တန်းတူပြုကျင့်ခြင်း၊ မိဘကျေးဇူးတရားများကို နားလည်သိရှိခြင်းစတဲ့
အကျင့်တွေနဲ့ပြည့်စုံတဲ့ သားသမီးမျိုးကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။

တနည်းအားဖြင့်… မိဘများကရတနာသုံးပါးအား ဆည်းကပ်ကိုးကွယ်ခြင်း၊ ကံ ကံ၏ အကြောင်းအကျိုးကို သက်ဝင်ယုံကြည်ခြင်း စတဲ့ဗုဒ္ဓဘာသာဝင်ပီပီ သာသနာရဲ့ ရေသောက်မြစ်သဖွယ်ဖြစ်တဲ့ အကျင့်တရားတို့ပြည့်စုံသလိုသားသမီးများကလည်း မိဘတို့နည်းတူ ထိုအကျင့်တရားများပြည့်စုံပြီး မိဘတို့ကျေးဇူးအားအထူးသိတတ်ပေးဆပ်တတ်တဲ့ သားသမီးမျိုးကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။

(၃) "အဝဇာတသားသမီး"
မိဘတို့၏ ကျေးဇူးတရားကိုမသိ၊ သိအောင် လည်းမကြိုးစား၊
ကျေးဇူးတရားများကို ပေးဆပ်ရကောင်းမှန်း မသိသည့်အပြင်
(မိဘတို့ထက် နိမ့်ကျသော အကျင့်သီလ အာစာရဂုဏ် ရှိခြင်း) စာရိတ္တပိုင်းဆိုင်ရာပျက်စီးခြင်းတို့ဖြစ်ပါတယ်။

အရှင်ဝိမလဝံသ
(နာလန္ဒာတက္ကသိုလ်)
နှလုံးသားအာဟာရ

June 29, 2015

ရှေ့တင်တစ်မျိုး၊ ကွယ်ရာတစ်မျိုး ။


     ဟန်ဆောင်တယ်ဆိုလို့ ဟန်မဆောင်တဲ့ ဒကာကြီးတစ်ယောက်နဲ့ ဓနုဖြူတရားစခန်းမှာ
ဓမ္မဒူတ ဆရာတော်နှင့် တွေ့တယ်။ တရားစခန်းဆိုတော့ တရားမေး၊ တရားလျှောက်၊ တရား
စစ်လုပ်ပေးတယ်။ တခြားတော့ မဟုတ်ပါဘူး၊ ပြင်ပေးသင့်ရင် ပြင်ပေးနိုင်တာပေါ့၊ဆရာတော်
ကလဲ ဟန်မဆောင် တတ်ဘူး ရှင်းရှင်းလေး။  တရားစစ်တော့ ရှေ့ က   တစ်ယောက်ပြီးတစ်
ယောက် အလှည့်ကျ အစစ်ခံတာပေါ့၊ လေးငါးယောက်လောက်ကျတော့ ဟိုး.. နောက်မှာထိုင်
နေတဲ့ ဒကာတစ်ယောက် ရှေးကိုတိုးလာပြီး...ဓမ္မဒူတ ဆရာတော်က===ကဲဒကာကြီးပြော၊
ယောကီ == ဘာပြောရမှာလဲ  ဆရာတော်၊
ဆရာတော်=တရားမှတ်နေ ရှုနေတာပဲ၊ ကိုယ်ဖြစ်တာ ကိုယ်ပြောလေ၊ ကိုယ်တရားအားထုတ်
               တာမှာ ကိုယ်ဖြစ်နေတာတွေ ကိုယ်ပြောလေ။
ယောကီ ==တကယ်ပြောရမှာလား ဘုရား။
ဆရာတော်=တကယ်ပြောပေါ့။
ယောကီ ==ညာ ပြောရမှာလား၊ အမှန် ပြောရမှာလား ဘုရား။
              (ဆရာတော်က အဲဒီလိုမျိုးဆိုရင် ကြိုက်ပြီလေ)
ဆရာတော်=သီလရှိတဲ့ ယောကီပဲ၊ ဘယ် ညာပြောရမှာလဲ၊ အမှန်အတိုင်းပြော။
ယောကီ ==ဒါဆို အမှန်အတိုင်း ပြောပါ့မယ်ဘုရား၊ အမှန်အတိုင်းပြောရင် တစ်ခွန်းတည်းနဲ့
               တပည့်တော်လျှောက်တာပြီးပြီ၊ “တရား စထိုင်ကတည်းက တပည့်တော်စိတ်ထဲ
               မှာ အိမ်ခြံစည်းရိုး ကာလိုက်တာ တစ်ချိန်ပြည့်လို့ ဖြုတ်သာဖြုတ်တယ် ခြံစည်းရိုး
               ကာလို့ မပြီးသေးဘူးပါ ဘုရား။ ...   တဲ့။..
တစ်နာရီ အချိန်သာကုန်သွားတယ် ဟန်ဆောင်လို့ကို မပြီးသေးဘူး။ ဟန်ဆောင်တယ်ဆိုတာ
ဘယ်လောက် စိတ်ပင်ပန်းတယ် အောက်မေ့သလဲ၊ ဘယ်လောက် ကြောက်စရာကောင်းတယ်
အောက်မေ့သလဲ၊ တရားထူး မရတော့ဘူး။ ကိုယ် နေသာသလို နေကြပါ။
       ဒို့လေးစားတဲ့ ဆရာသမားတွေက ဟန်ဆောင်တယ်ဆိုတာ လုံးဝမရှိဘူး၊ နောက်ဆုံးဘယ်
လောက်ထိများလဲ ဆိုရင်၊ ဟိုး.ရှေးတုံးက ဆရာတော်ကြီးတွေထိုင်တဲ့ လက်တင်နဲ့ ကျောမှီလို့ရ
တဲ့  ကုလားထိုင်ကြီးတွေ ရှိတယ်။ ကိုယ်တစ်ပါးတည်း နေသလို ဟောဒီလို ခြေထောက်ဆန့်ပြီး
တော့ ဟောဒီလို ဆရာတော်ကြီး စာဖတ်နေတယ်။ ဘယ်အရာရှိကြီးများလာလို့ ဘယ်ဧည့်သည်
လာလို့ ဘယ်သူဌေးကြီးလာလို့၊ ဟာ....လူတွေ လာသလားလို့ သင်္ကန်း ကိုကျကျနန ပြန်ပြင်
တာမျိုးတော့ မရှိဘူး။ လူလာလို့ ကိုယ်အမူအရာ ပြင်လိုက်ရင်၊ ကိုယ်အမူအရာက လူကိုဂရုစိုက်
ရာ  ရောက်ပါတယ်။  အာပတ်သင့်တယ်၊  အပြစ်ရှိတယ်။  ဒို့ လေးစားတဲ့  ဆရာသမားတွေက
ဘယ်သူလာလို့ ဟန်ဆောင်ပြီး ပြင်တာမျိုး လုံးဝမရှိဘူး။
      ရဟန္တာဆိုရင် မလှုပ်တော့ဘူး ထင်လောက်အောင်ထိ၊ လူတွေကထင်ကြတာ။ ရဟန္တာထဲ
မှာ  ဒိုးဒိုးဒေါက်ဒေါက်တွေ  တစ်ပုံကြီး၊ ရှင်မဟာမောဂ္ဂလန် ကိုယ်တော်မြတ်ကြီး ဆိုရင်  ဒိုးဒိုး
ဒေါက်ဒေါက်၊ ထောင်ထောင်မောင်းမောင်း၊ ပြောစရာရှိရင် ပြောတယ်၊ ဆိုစရာရှိရင် ဆိုတယ်။
မြေလျိုးမိုးပျံ၊ တန်ခိုးအရာမှာ ဘုရားရှင်ပြီးရင် အမြတ်ဆုံး။ ဒါပေမဲ့.. လူတွေ ထင်ထားကြတာ
ကတော့.....   မလုပ်ပါနဲ့။   ကိုယ်က  အဲဒါမျိုးကိုထင်ပြီး၊  အဲဒါမျိုးကိုမှ  ကိုးကွယ်အားကိုးရာ
ထင်ရင်  သာသနာ ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်ပါတယ်။
      တရားစခန်းတွေမှာ... ရှေ့တင်တစ်မျိုး၊ ကွယ်ရာတစ်မျိုး၊ မလုပ်ကြပါနဲ့၊ နေသာသလို
နေကြပါ၊ ငြိမ်းအေးလို့လဲ ဟန်မဆောင်၊ ဟန်မဆောင်လို့လဲ ငြိမ်းအေးပါတယ်၊ ဟန်ဆောင်မှု
ကင်းလေလေ၊ ငြိမ်းအေးလေလေပါ၊ ဘယ်ဟာက အရေးကြီးတာလဲ၊ ကိုယ့်ကိုယ်ကို သူတော်
ကောင်းဖြစ်ချင်တဲ့ စိတ်ကလေးမွေးရင်း မြတ်နိဗ္ဗာန်ဆီသို့ လှမ်းနိုင်ကြပါစေသတည်း။ ။
{၁၃၆၉-ခုနှစ် သီတင်းကျွတ်လဆန်း (၁၀) ရက် မှော်ဘီ တရားစခန်း၌ ဓမ္မဒူတ ဒေါက်တာ
 အရှင်ဆေကိန္ဒ ဟောကြားတော်မူသော ငြိမ်းအေးလိုသူ တရားတော်မှ ကောက်နုတ်ရေးသား
  ပူဇော်ပါသည်။}
      (တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့်
   သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ရေ နဲ့ ကြာ


နတ်တို့ ဖန်ဆင်း၊ ရေကန်အသင့် ကြာအသင့် …. ဆိုပြီး မြန်မာ့ဆိုရိုးစကားတစ်ခုရှိပါတယ်။ ကိုယ်လိုချင်တဲ့အရာတွေ အခက်အခဲမရှိ ရရှိတဲ့အခါမျိုးမှာ ပြောတတ်ကြတဲ့ စကားလေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဆင်မပြေမှုတွေ ကြုံရတဲ့အခါမှာ တော့ ကံဆိုးသူတို့သွားလေရာ၊ မိုးလိုက်လို့ရွာ …. ဆိုပြီး စကားပုံလေးတွေ ဖွဲ့ကြပြန်ပါတယ်။ ကြည့်စမ်းပါဦး။ ကံကောင်းတဲ့ သူနဲ့ တွေ့ရတာက ရေ … ဖြစ်ပြီ။ ကံဆိုးတဲ့သူတွေ့ရတာက မိုးဖြစ်နေတယ်။ သို့သော်တူနေတာက မိုးနဲ့ ရေ ဟာ အနွယ် တစ်ခုတည်းဖြစ်နေတာကို သတိထားမိပါ့မလားမသိဘူး။ ကံဆိုးသူရော ကံကောင်းသူရော နှစ်ဦးစလုံး သူတို့တွေ့ရတာ ရေပါပဲ။ ရေချင်းအတူတူ ဘာလို့ လောဘဖြစ်မှာလဲ၊ ဘာလို့ဒေါသဖြစ်မှာလဲ။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမြဲတမ်းကြားနေရတဲ့စကားတစ်ခုရှိတယ်။ အဲ့ဒါ လောကဓံ … ဆိုတာပါပဲ။ ကိုယ့်ဘ၀မှာ ခက်ခက်ခဲခဲ ဆင်းဆင်းရဲရဲကျော်ဖြတ်လာရတဲ့အခါတိုင်း ငါ့ဘ၀က ဆိုးပါတယ်။ တို့ကတော့ လောကဓံကို အလူးအလဲ ခံခဲ့ရ တာပါတဲ့။ လောကဓံရဲ့ဒဏ်ချက်တွေကြောင့် ငါ့ဘ၀ကြီးတစ်ခုလုံး ကြေမွနေပါပြီ …….. စုံလို့ပါပဲ။ သူတို့ဖြစ်ကျော်ခဲ့ရတာက ဆိုးတဲ့နေရာတွေကို ဖြစ်ကျော်ရတာကိုး။ ဒီလူတွေကတော့ ပြောကြမယ်ထင်တယ်နော်။ ကံဆိုးသူတို့သွားလေရာ မိုးလိုက် လို့ရွာ … ဆိုပြီးတော့ပေါ့။ တစ်ကယ်တော့ လောကဓံ ရှစ်ပါးမှာ … ချမ်ချမ်းသာသာနေရတာ၊ တနည်း အဆင်ပြေပြေနေရ တာလည်း လောကဓံပါပဲ။ ဆင်းဆင်းရဲရဲနေရတာ၊ တနည်း အဆင်မပြေဖြစ်နေရတာလည်း လောကဓံပါပဲ။ ဒီတော့ အဆိုး တွေကြုံရခါမှ ငါ့ကြမှ ကွက်ပြီး လောကဓံကို ပိုခံရတယ်လို့ မမှတ်စေလိုပါ။ ကံကောင်းသူရော၊ ကံဆိုးသူပါ နှစ်ဦးစလုံး ကြုံ တွေ့ရတာ လောကဓံ တစ်မျိုးတည်းပါ။ ခံရတာချင်းတူပါရဲ့နဲ့ ဘာလို့ လောကဓံတရားအပေါ်မှာ လောဘဖြစ်မှာလဲ၊ ဘာလို့ ဒေါသထွက်မှာလဲ။
အကြောင်းတိုက်ဆိုင်တိုင်း သူနဲ့ဆိုင်ရာ ဆိုင်ရာ ဟောခဲ့တဲ့ မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေကို အမှတ်ရမိပါတယ်။ ကမ္ဘာပေါ်မှာလို့ပဲပြောရမလား၊ လောကမှာလို့ပဲပြောရမလား။ ဆိုရိုးစကားတွေ၊ ဆုံးမစာတွေ၊ သြ၀ါဒတွေ၊ အဆိုအမိန့်တွေ ပလူပျံနေအောင်ကို ပေါပါတယ်။ သူတို့ပြောတာဆိုတာတွေ ဘယ်လောက်ကောင်းတယ်ပဲဆိုဆို နေရာတိုင်းအတွက် အံဝင် နိုင်ပါ့မလားလို့ တွေးကြည့်မိဘူးတယ်။ အားလုံးကိုသိတော်မူတဲ့ မြတ်စွာဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ ဟောကြားထားတဲ့ တရားတော်တွေလောက် ထိုထို အဆိုအမိန့်များ ကောင်းမွန်လိမ့်မယ်လို့ မထင်ပါဘူး။ ဘာကြောင်လဲဆို တော့ မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေဟာ အစ၏ ကောင်းခြင်း၊ အလယ်၏ ကောင်းခြင်း၊ အဆုံး၏ ကောင်းခြင်းဆိုတဲ့ ကောင်းခြင်း သုံးတန်နဲ့ ပြည့်စုံတော်မူတဲ့အတွက်ကြောင့်ပါပဲ။
ခုပဲကြည့်လေ။ မင်္ဂလသုတ္တန်တရားတော်ကြီးမှာ မြတ်စွာဘုရားရှင်က ပတိရူပဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတပုညတာ၊ အတ္တသမာ ပဏီဓိ စ၊ ဧတံမင်္ဂလမုတ္တမံ ….. ဆိုပြီး ဟောတော်မူခဲ့ပါတယ်။ ဆိုလိုတာက သိလိုရင်းနဲ့ မေးလျှောက်လာတဲ့ အို … နတ်သား၊ ပတိရူပဒေသ ဆိုတဲ့ သင့်တင့်လျောက်ပတ်သော အရပ်မှာ နေခြင်း၊ ပုဗ္ဗေ စ ကတပုညတာ … ဆိုတဲ့ ရှေးကပြုဖူးတဲ့ ကောင်းမှု ကုသိုလ်ကံရှိခြင်း၊ အတ္တသမာ ပဏီဓိ စ … ဆိုတဲ့ မိမိကိုယ်ကိုယ် ကောင်းစွာဆောက်တည်ခြင်း ဆိုတဲ့တရားတွေဟာ မင်္ဂလာပါပဲ။ တနည်းအားဖြင့် မကောင်းတဲ့တရားတွေ ပယ်ဖျောက်ပြီး ကောင်ကျိုးတရားတွေ တည်ဆောက်နိုင်တဲ့ ကောင်းမြတ်တဲ့တရားတွေပါပဲတဲ့။ ဒီတရားတွေသာ ကျင့်ရင် ကျင့်တဲ့သူလည်း အကျိုးရှိ၊ သူနဲ့ ဆက် စပ်နေတဲ့ ပတ်ဝန်းကျင်လည်း အကျိုးရှိစေတဲ့တရားတွေပါပဲ။နေရာကောင်းတဲ့။ လူတိုင်းလိုချင်ကြပါတယ်။ လိုချင်တဲ့နေရာကို အခက်အခဲမရှိ ရကြတာကိုပဲ နတ်တို့ဖန်ဆင်း၊ ရေကန် အသင့် ကြာအသင့် လို့ဆိုကြတာပဲလေ။ နေရာကောင်းဆိုပေမယ့်လည်း ဘယ်လိုကောင်းတာမျိုးလဲ ပြန်ကြည့်ပါဦး။ ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုခုရနေမှကို နေရာကောင်းလို့ ခေါ်ထိုက်မယ်ထင်တယ်။ သို့သော် ပညာတော့ရပါရဲ့ သတ္တ၀ါ တွေပျက်စီးကြောင်းတော့ မဖြစ်သင့်ဘူး။ ဥစ္စာပစ္စည်းတော့ရပါရဲ့။ သတ္တ၀ါတွေ စတေးပြီးမှ ရတာမျိုး၊ မကောင်းတဲ့ မိစ္ဆာဇီဝ ကနေရတာမျိုး မဖြစ်သင့်ဘူး။
ဒီလိုဆိုရင် ပညာရှာတဲ့နေရာမှာ၊ တနည်း ပညာရတဲ့နေရာဆိုတာ ကုသိုလ်ဖြစ်ဖို့ ထောက်ပံ့ နိုင်ရမယ်။ ဥစ္စာရှာတဲ့နေရာမှာ၊ တနည်း ဥစ္စာရတဲ့နေရာမှာ ကုသိုလ်ဖြစ်ဖို့ ထောက်ပံ့တဲ့အရာတွေ ဖြစ်နေရင် ကောင်းမယ် လို့ ယူဆပါတယ်။ကုသိုလ်၊ ပညာ၊ ဥစ္စာ ရတာဟာ အကြောင်းမဲ့မဟုတ်ဘူး။ အကြောင်းရှိတယ်။  တို့ဗုဒ္ဓက အကြောင်းကိုရှာပြတယ်။ အဲ့ဒါက တော့ ရှေးကောင်းမှုကံ ရှိလို့ပဲတဲ့။ ရှေးကောင်းမှုကံ ရှိလို့ကိုပဲ မြတ်စွာဘုရားရှင်ကို ဖူးတွေ့ရတယ်။ တရားတော်တွေကို နာယူခွင့်၊ ကျင့်ကြံနိုင်ခွင့်ရတယ်။ ဘုရားသားတော် ရဟန်းသံဃာတွေကို ဖူးမျှော်ခွင့်ရတယ်။ ဒါဟာ နည်းတဲ့အခွင့်အရေး မဟုတ်ဘူးနော်။ ဘုရားပွင့်လို့သာ ဓမ္မရတနာပွင့်တာ၊ သံဃာရတနာပွင့်တာ။ ဘုရားမပွင့်တဲ့အခါမှာ ထမင်းအလှူဖြစ်ချေဦး တော့။ သံဃာမပွင့်တဲ့အတွက် ဆွမ်းအရာမမြောက်ဘူး။ သံဃာကိုလောင်းလှူခွင့်ရမှ ဆွမ်းအရာမြောက်တယ်။ ဒီလိုမျိုး ဒါန အမှုတွေ၊ သီလအမှုတွေ၊ ဘာဝနာအမှုတွေ ပြုလုပ်နိုင်တာ ရှေးကကောင်းမှုကုသိုလ်ရှိခဲ့ဖူးလို့ဆိုတာ မမေ့ကြပါနဲ့။ အကုသိုလ် ကံကြောင့် ကြက်ကလေးသွားဖြစ်ဦး။ နေ့စဉ်သူစားသမျှ ပိုးကောင်မွှားကောင်းတွေချည်းပဲ။ သေမှစားတာမ ဟုတ်ပဲ၊ သတ်စားတာဆိုတော့ နေ့စဉ် ပါဏာတိပါတကံ ထိုက်နေတယ်။ သူတို့ရောက်တဲ့နေရာ ဘယ်လောက်ဆိုးလိုက် သလဲ။ ဒါကြောင့် နေရာကောင်းရတာဟာ ရှေးကောင်းမှုရှိလို့ပါပဲ။
ရှေးကောင်းမှုကံကြောင့် နေရာကောင်းမှာနေရပြီ ဆိုတဲ့အခါမှာ အတ္တသမာ ပဏီဓိ စ … ဆိုတဲ့ မိမိကိုယ်ကို ကောင်း အောင်ထိန်းဖို့ အထူးလိုအပ်ပါတယ်။ ကောင်းအောင်ထိန်းတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတော့ ဒါနတွေ မပြုဖြစ်ရင် ပြုဖြစ်ရ မယ်၊ သီလတွေ မဆောက်တည်ဖြစ်ရင် ဆောက်တည်ဖြစ်ရမယ်၊ သမထ၊ ၀ိပဿနာ ဘာဝနာတွေ မပွားများဖြစ်ရင် ပွားများ ဖြစ်ရပါမယ်။ မိမိရဲ့ ကာယကံ အမှုတွေ မမှားရအောင် ထိန်းရမယ်၊ ၀စီကံအမှုတွေ မမှားရအောင် ထိန်းရမယ်၊ မနောကံ အမှုတွေ မမှားရအောင် ထိန်းရမယ်။ မိမိကိုယ်ကိုယ် ကောင်းအောင် ထိန်းသိမ်းနေထိုင်ခြင်းဟာ ကောင်းမြတ်တဲ့ မင်္ဂလာပါ ပဲ။ ဘာကြောင့်လဲဆိုတော့ အတ္တာနံ ရက္ခန္တော ပရံ ရက္ခတိ နာမ။ မိမိ ကိုယ်ကို စောင့်ရှောက်ခြင်းဟာ တစ်လောကလုံး ကို စောင့်ရှောက်ရာ ရောက်လို့ပါပဲ။ ဒီလိုပဲ    ပရံရက္ခန္တော အတ္တာနံ ရက္ခတိ နာမ။ တစ်လောကလုံးကို စောင့်ရှောက်ခြင်း ဟာလည်း မိမိကိုယ်ကိုယ် စောင့်ရှောက်ခြင်းပါပဲလို့ မှတ်သားဖူးပါတယ်။အများအားဖြင့် ကြာဆိုတာ ရေမှာပျော်တာပါ။ လေမှာ ပွင့်ပြီး ညွှန်မှာရှင်သန်ကြတဲ့အမျိုးလည်း ဖြစ်ပါတယ်။ လေထဲမှာ လှလှပပ ပွင့်ဖူးနေတဲ့ ကြာပန်းလေးတွေဟာ မြင်သူတို့ရဲ့ ရင်ကို အေးမြစေပါတယ်။ ရေနဲ့ ကြာကြောင့် ရေကန်ကြီးဟာ တင့်တယ်ပါပေတယ်။ သို့သော် အောက်ဆုံးက ညွှန်တွေကိုလည်း မမေ့နဲ့ဦး။ ညွှန်မှာပေါက်နေတဲ့ကြာဟာ ညွှန်တွေမကပ် ပဲနေလို့သာ တင့်တယ်တာပါ။ ညွှန်တွေမကပ်အောင်လည်း ရေမှာပျော်မှ ဖြစ်ပါမယ်။ ပွင့်တဲ့အခါမှာတော့ ရေရော ညွှန်ရော မရှိတဲ့ လေမှာပဲ ပွင့်ကြပါတယ်။ ဒီလိုပါပဲ။ အရိယာသူတော်ကောင်းတွေဟာ မွေးဖွားကြီးပြင်းတာတော့ ကိလေသာတွေ ထူ ထပ်တဲ့ ညွှန်တောထဲမှာပါ။ သို့သော် ရေနဲ့ တူတဲ့ ကုသိုလ်တရားတွေမှာပဲ ပျော်ကြပါတယ်။ ပွင့်တဲ့အခါမှာတော့ ကုသိုလ် အကုသိုလ်တရားတို့ လွန်မြောက်တဲ့အရပ်မှာ ပွင့်ထွန်းကြပါတယ်။ ထိုသို့ပွင့်ထွန်းကြလို့လည်း လောကကြီးကို တင့်တယ် စေခဲ့ပါတယ်။ရေမှာပေါက်တဲ့ကြာကတောင် ရေကန်လှပအောင် အလှဆင်နိုင်ခဲ့ရင်၊ လောကအလယ်မွေးဖွားလာတဲ့ တို့တွေက လောကကြီး လှပအောင် တန်ဆာဆင်ပေးနိုင်ဖို့ လိုအပ်ပါတယ်။
ဒါကြောင့်လည်း ကံဆိုးတဲ့သူတွေ့တဲ့ မိုးနဲ့ ကံကောင်းတဲ့ သူတွေ့တဲ့ ရေ … အတူတူပါပဲလို့ နားလည်ခဲ့ရင် လောကဓံ အဆိုးတွေနဲ့ပဲ ကြုံကြုံ၊ လောကဓံ အကောင်းတွေနဲ့ပဲ ဆုံဆုံ၊ တနည်းအားဖြင့် ကုသိုလ်ဖြစ်စရာနဲ့ပဲ ကြုံကြုံ၊ အကုသိုလ်ဖြစ်စရာနဲ့ပဲ ကြုံကြုံ ကုသိုလ်ဖြစ်အောင်များ ပြောင်းလဲပြီး ကောင်းမှုတရားဆိုတဲ့ ရေထဲမှာ ပျော်ခဲ့မယ်ဆိုရင် နိဗ္ဗာန်ဆိုတဲ့ကြာပန်းကြီးဟာလည်း ပွင့်လာမှာပါပဲ။ ထိုသို့သော ကြာပန်းပွင့်လာတာဟာ လောကကို အလှဆင်တာပါပဲလို့ ဆွေးနွေးရင်း နိဂုံးချုပ်ပါရစေ။အားလုံးသော သတ္တ၀ါတွေ အမြင်လည်းရှင်း စိတ်လည်းရှင်း လက်ငင်းချမ်းသာကြပါစေ။
သုခရိပ်