April 13, 2013

မိုးကုတ်ဆရာတော် နိဗ္ဗာန် လမ်းပြမြေပုံ

မိုးကုတ်ဆရာတော် နိဗ္ဗာန် လမ်းပြမြေပုံ: မိုးကုတ်ဆရာတော်ဘုရားကြီး အရှင်ဝိမလ mp3 တရားတော်များ download. Saturday, October 6, 2012. ခေမိန္ဒ. Posted by mogokdama at 9:14 AM · Email ThisBlogThis!Share to TwitterShare to Facebook ...

မိုးကုတ်ဆရာတော်ဘုရားကြီး၏ မသေရာသွားဖို့ နည်းရှာစို့

မိုးကုတ်ဆရာတော်ဘုရားကြီး၏ မသေရာသွားဖို့ နည်းရှာစို့:
"တရွေ့ရွေ့ဝေးကွာ၍ ရေမြေအဏ္ဏဝါကမ္ဘာတွေ
ခြားကွာမယ်" ဒီကမ္ဘာကြီးမှာ...ခင်ဗျားတို့ရဲ့ အရိုး
တွေ အသားတွေနဲ့ နောက်ထပ် မြေကြီး(၁၃)မိုင်
လောက်တက်ပြီးမှ ဒီတရားမျိုး နောက်တစ်ကြိမ်
ပေါ်မယ်။ဒီအချိန် ဒီအခါမျိုး မကြုံနိုင်တော့ဘူး၊
ဘုရားက...ဝိပဿနာအကျိုးငှာ ပွင်လာတာ၊ကံစီ
မံသလို လိုက်နာနေရတဲ့၊ဒါန၊သီလ၊သမထ ဆိုတာ
က သာသနာတွင်း မဟုတ်ဘူး၊မေတ္တာ တစ်နေ့
လုံးပို့နေ...ဖြစ်ပျက်ကို၊တစ်ချက်မြင်တဲ့ ကုသိုလ်ကို
                                                                   မမှီဘူး။
"ဧကာဟံ ဇီဝိတံ သေယျော ပဿတော ဥဒယဗ္ဗယံ"အသက်တစ်ရာ မေတ္တာပို့နေတဲ့ ပုဂ္ဂိုလ်ထက်၊ဖြစ်ပျက်
တစ်ချက်မြင်ရသူက သာပါတယ်။ဒီအတိုင်းသာ သားရေး သမီးရေး စီးပွားရေးနောက် တောက်လျှောက်
သွားနေကြမယ်ဆိုရင် သေရာဋ္ဌာန ဘယ်တော့မှ မလွတ်ဘူး၊မသေရာဋ္ဌာန သွားတဲ့နည်း...ရှာကြပါ
နည်းယူကြပါ၊ကြိုးစားကြပါလို့ ဆိုတဲ့ ဥစ္စာတိုက်တွန်းပါတယ်။ခန္ဓာရလိုက်သေလိုက်၊ခန္ဓာရပြန်လိုက်
သေပြန်လိုက်ဆိုတဲ့ အလုပ်ဟာ...လမ်းခွဲမရှာတဲ့ ပုဂ္ဂိုလ်တို့၏ အလုပ်၊ဝိပဿနာ အလုပ်ဟာ ဒကာ
ဒကာမတို့။မသေရာသွားတဲ့အလုပ်၊အဲ...ဝိပဿနာဉာဏ် ဝင်ခွင့်မရလေလေ ခင်ဗျားတို့ ပစ္စုပ္ပန်မှာ..
အန္တရာယ် မကင်းတာ များလေလေ။ဒီတစ်ခါ သေပြီးရင် နောက်ထပ်တစ်ခါ သေစရာမရှိတဲ့ အလုပ်
သည်၊ဝိပဿနာ မဂ္ဂင်အလုပ်ပဲ။ခန္ဓာကိုယ်ကြီး ဘယ်သွားနေသလဲလို့ အမေးထုတ်ပါ၊သူသည်
ပဋိသန္ဓေနေတဲ့နေ့ အချိန်က စပြီးသကာလ သေရာဋ္ဌာနသွားနေတယ်ဆိုတာ ဆုံဖြတ်ချက်ချပါ။
အချိန်များဆိုင်သေးသလားလို့ မေးရင်...အချိန်တွေကဖြင့် မဆိုင်းဘူးဆိုတာ သဘောပါကြပြီးလား။
လမ်းခွဲမရှိတော့ဘူးလားလို့...လမ်းခွဲရှာကြရပါလိမ့်မယ်၊လမ်းခွဲရှာလို့ရှိရင် မိစ္ဆာလမ်းလိုက်လို့ရှိရင်၊
သေရာဋ္ဌာနဆီ သွားလို့မဆုံးပါ၊သမ္မာဒိဋ္ဌိဆိုတဲ့ မဂ္ဂင်လမ်းကိုလိုက်ကြလို့ရှိရင်ဖြင့် မသေရာ ရောက်
ပါလိမ့်မယ်ဆိုတာ သတိထားကြပါ။
တရားနာ လာကြတဲ့ ပရိသတ်တွေ...ဘယ်အကျိုးငှာ လာကြသတုံးဆို၊မသေရာ သွားတဲ့နည်းကို
လိုချင်လို့ တရားနာ လာကြတယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ၊မသေရာဆိုတဲ့ ဥစ္စာသည် လမ်းခွဲလိုက်
ပါမှ မသေရာရှိတယ်။အဲဒါကြောင့် အင်မတန် နစ်နာမှာ စိုးတဲ့အတွက် သေခါနီး နိမိတ်တွေ ထင်လာ
တော့မှ ကိုယ်ကျိုးနည်းပြီဆိုရင် ကောင်းပါဦးမလား။ဖြစ်ပျက်ရှုထားတဲ့ ပုဂ္ဂိုလ်မျိုးကျတော့ ဒကာ
ဒကာမတွေ ဘာမှ မပူပါနဲ့တဲ့။သေခါနီးမှာလည်း သောတပန်တည်နိုင်တယ်၊ဒါကြောင့်...ခင်ဗျားတို့
ကိုကယ်မယ့်ယူမယ့်ဟာဖြင့် "မဂ်"ပဲလို့...သေသေချာချာ မှတ်ပါ။
 အခု လူ့ဘဝ ကိုယ်သားနဲ့ ကိုယ်မယားနဲ့ ကိုယ်ပစ္စည်း ကိုယ်စည်းစိမ်နဲ့ ကိုယ့်တိုက်ကိုယ့်တာ
ကိုယ့်ကားလေးနဲ့ ပျော်မနေဘူးလား၊တော်သေးရဲ့ဆိုတာလာမယ်၊သူများနဲ့စာရင် တော်သေးရဲ့
ဆိုတာ မသုံးကြဘူးလား၊ဘာထင်သလဲနဲ့၊ရောက်ရာဘဝ မပျော်ဘူးလား၊ပျော်နေကြတာပါဘဲ။
ခင်ဗျားတို့ ပျော်ပုံက...ကျုပ်တို့ငယ်ငယ်တုန်းက၊ရန်ကုန်မှာ လံချားဆွဲပြေးနေတဲ့ ကုလားတွေ
တော်သေးရဲ့ အိန္ဒိယနဲ့စာရင် တော်သေးရဲ့။ဟိုမှာ(၆)ပြား၊ဒီမှာ တစ်ကျပ်၊တော်သာတော်နေရ
တယ်သူ့မှာ နေပူကျဲကျဲ ကတ္တရာစေးပူပေါ် ပြေးရတယ်၊ဒါ တဏှာက ချော့ထားတာ။
 သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ တိုက်နဲ့ ကားနဲ့နေရတဲ့အခါကျတော့၊ငါ့တော်သေးရဲ့နဲ့ ဘဝထဲပျော်
နေတယ်၊ဪ ဠင်းတနဲ့ ခွေသား ပျော်နေပါကလား၊ရတဲ့ပစ္စည်းက ခွေသား၊ကိုယ်က ဠင်းတသ
ဘောမျိုး ဖြစ်နေတယ်၊ဒီအထဲပျော်နေပြီ၊ဘေးက အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်က ကြည့်တော့ ဠင်းတ
စားရတာ ခွေသား ပျော်စရာ တစ်ကွက်မှ မရှိဘူးဆိတာ အင်မတန် မထင်ရှားဘူးလား။
ခင်ဗျားတို့ ကြိုက်နေတာ ဒုက္ခကြိုက်နေတာ မီးခဲကြီးကိုင်နေရတာကို အေးတဲ့သဘောမျိုး၊
ကျေနပ်သာယာနေတဲ့ သဘောမျိုးဖြစ်နေတယ်၊သစ္စာမသိတဲ့ အဝိဇ္ဇာနဲ့ ရမ်းလိုချင်-ရမ်းခင်
ချင်တဲ့ တဏှာကိုခင်ဗျားတို့က မိတ်ဆွေလုပ်နေကြတာ၊နွားသတ်သမားကို နွားက...မိတ်ဆွေ
လုပ်ပြီး ကျေးဇူးရှင်ထင်သလို ဖြစ်နေပြီ၊သတ်မှာက အဝိဇ္ဇာနဲ့တဏှာ၊သူနားက မခွာနိုင်တာက
ကျုပ်တို့ ပုထုဇဉ် လူမိုက်တွေ။
နွားသေခါနီးမှ အသားတိုးအောင် ကျွေးတာကို...ကောင်းစေချင်လို့ ကျွေးတာမှတ်နေတယ်၊
အဲသည်လောက် ဆိုးဝါးတဲ့ ဥစ္စာကို၊ဒီ ဒိဋ္ဌိ ပြောတာ နားထောင်နေမယ်ဆိုရင်၊ဒီထက် အ၊
ဒီထက် ထူ၊ဒီထက် ပိန်းတာတော့ မရှိတော့ဘူး၊ဒါကြောင့် ပြင်ကြပါဦးဗျာ။
လူ့ပြည် ဆုတောင်းတာ မြေကြီး ကြီးပွားဖို့၊နတ်ပြည်ဆုတောင်းတာ အသေထပ်ဖို့
ဗြဟ္မာ့ပြည် ဆုတောင်းတာ မသာကြီးချဖို့၊ခန္ဓာရှိသရွေ့ ဒုက္ခ ရှိတယ်၊ခန္ဓာမရှိမှ ချမ်းသာမှာ
ဘဲဆိုတာ၊ရဲရဲတင်းတင်းမှတ်ရမယ်၊လှူရင် ဒီခန္ဓာ ဒုက္ခ သစ္စာကြီး မရချင်လို့လို့...ဆိုပြီး
တော့လှူပါ၊နိဗ္ဗာန်ရှာလို့ရှိရင်ဖြင့်၊ဘယ်လောက်ရှာရှာ အင်မတန်ကောင်းပါတယ်။      ။

                     

                                           ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                  အရှင်ဉာဏဓဇ
                                                 မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                             ပင်မသံဝေဇနိယဌာန
                                                                  အမရပူရမြို့ ။            ။

April 10, 2013

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာအနက် (၁၆) ချက်

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာအနက် (၁၆) ချက်:

                                             "ဉာဏ်စဉ် အကြောင်း"
ဒီနေ့တော့ လူသစ်တွေရောက်လာလို့ ဝိပဿနာလက်တွေ့လုပ်နည်းကို စပြီးဟောရလိမ့်မယ်၊ ဝိပဿနာ
အလိုပ်စမယ်ဆိုရင် မိမိစိတ်ဟာ အဓိပတိ ၃-ပါး အားထားရမယ်၊ တရားထိုင်တဲ့ အခါမှာ ဆိတ်ငြိမ်တဲ့နေ
ရာမှာထိုင်ပါ၊ ဆိတ်ငြိမ်တဲ့ နေရာဟာတောပါပဲ၊ ဘုရားကိုရှိခိုးကန်တော့၊ မိမိခန္ဓာကို တရားမထိုင်မီ ဘုရား
ကိုလှူထားပါ၊ ပြီးတော့ သမ္မာဒေဝ-နတ်ကောင်းနတ်မြတ်တွေကို မေတ္တာပို့ အမျှဝေပါ၊ ခန္ဓာကိုယ် ထားပုံ
ထားနည်းကတော့အချိန်ကြာကြာတရားအားထုတ်နိုင်အောင်တည့်တည့်မတ်မတ် ထိုင်ပါ၊ ဝင်သက် ထွက်
သက်-အာနာပါနကို စိတ်တည်ငြိမ်ပြီး သမာဓိရအောင် လုပ်ပါ၊ ဝင်လေလဲသိ၊ထွက်လေလဲသိပြီးနေရင် ကြာ
တော့ သမာဓိအားကောင်းလာတဲ့ အချိန်မှာ ဝီယကို အလျှော့မပေးဘဲ သတိနဲ့ ပညာကို ကပ်ပြီးလိုက်ပါ။
တရားထိုင်ရတာကြာတော့ ရုပ်တွေက ဖောက်ပြန်လာပြီး ဝေဒနာတွေ ပေါ်လာတယ်၊ တောင့်လာတာ
ညောင်းလာတာကို ဉာဏ်ကသိလာတယ်၊ ညောင်းတာရယ် ညောင်းမှန်သိတာရယ် ဒီ ၂-ခုကို ဖြစ်ပြီးပျက်
သွားတာပဲလို့ သိလိုက်ပါ၊ ဒီလိုသိလိုက်တဲ့အ ခါမှာ ညောင်းတဲ့ ရုပ်နဲ့ ညောင်းတဲ့စိတ်မရှိတော့ပြီလို့ နေက်က
ဉာဏ်နဲ့သိလိုက်ပါ၊ ညောင်းတာ တောင့်တာကို ပြုပြင်ပြီးမပေးသမျှအညောင်းဓာတ်တွေ တစ်ခုပြီးတစ်ခု
ဖြစ်ပြီး ပျက်နေဦးမှာမို့၊ ဒူးကလေး ခြေကလေးဆန်ချင်တဲ့စိတ် ပြောင်းရွေ့ချင်တဲ့ပေါ်လာလိမ့်မယ်၊ အဲဒီ
ဆန့်ချင် ကွေးချင်ပြောင်းရွေ့ချင်တဲ့စိတ်ဖြစ်တာကို ကိုယ်ဉာဏ်နဲ့သိလိုက်ပါ၊ ဒီလို သိပြီးတဲ့အခါ ထိုဆန့်
ချင် ကွေးချင်ပြောင်းရွေ့ ချင်တဲ့ ရုပ်နာမ်တွေ မရှိတော့ပြီလို့ ထပ်သိလိုက်ပါ၊  အဲဒီလိုသိနေတုန်းမှာ ဖြတ်
ဆို အသံတစ်ခုကြားလိုက်ရင် ကြားတယ် လို့သိပါ၊ အဲဒီလို ခန္ဓာ ၅-ပါးမှာ တစ်ခုခုပေါ်လာတိုင်း၊ ပေါ်လာ
တိုင်း သိပြီးဖြစ်ပြီး ပျောက်ပျက်သွားပါကလားလို့သိရမယ်၊ အဲဒီလို အသိတရားတွေကို စိပ်သည်ထက်
စိပ်ပြီးလာတာတွေကို ဉာဏ်နဲ့မှတ်၊ တဖြည်းဖြည်း ရုပ်နာမ်တရားတွေတစ်ခုပြီးတစ်ခုဖြစ်ပျက်သွားတာတွေ
ကိုသတိနဲ့စိုက်ကြည့်ကတွေ့လိမ့်မယ်၊ အနိစ္စ ဒုက္ခ အနတ္တလို့ ပါဠိလိုရွတ်မနေနဲ့တော့၊ ဖြစ်ပြီး ပျက်သွားပါ
ကလားလို့ တစ်ခုတည်းကိုသာ သတိနဲ့ စိုက်ပြီးကြည့် သိနေရင် ဆင်းရဲတဲ့ သဘော၊ အစိုးမရတဲ့ သဘော
ကိုပို၍ထင်ထင် သိမြင်လာလိမ့်မယ်။
ဒီလို မိမိတို့ခန္ဓာကိုယ်မှာ ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်တွေ ရှုကြည့်ဖန်များလာရင် မိမိရဲ့ ခန္ဓာကိုယ်ကို ရွံ့
မုန်းလာတော့တာပဲ၊ အဲဒီအခါမှာ မိမိရဲ့ခန္ဓာကိုယ်ကို စွန့်လွတ်ချင်တဲ့စိတ်ဖြစ်လာမယ်၊ ခန္ဓာကိုယ်ရှိရင် ဒီ
လို ဖြစ်ပျက်ဒုက္ခနဲ့ မကင်းနိုင်ပဲ၊ အို၊ နာ၊ သေ၊ ဆိုတဲ့ ဒုက္ခသစ္စာနဲ့တွေကြရဦးမှာပဲလို့ ကြောက်ရွံ့ပြီး မိမိ
ခန္ဓာကိုယ်ကိုပဲ ရွံ့မုန်းလာမယ်၊ ဖြစ်ပျက်ကို ရှုဖန်များလာရင် လောဘ-ဒေါသ-မောဟ ၃-ပါးစလုံး တဖြည်း
ဖြည်း ခေါင်းပါးပြီး၊ နောက်ဆုံးဖြစ်ပျက်ဆုံးအောင် ပွားများ အားထုတ်ဖန်များလာရင် ယခုဘဝမှာပင် မဂ်
ဖိုလ်ကို ရနိုင်တယ်၊ ဒါကြောင့် ကြိုးစားပြီး မိမိတို့ ခန္ဓာကိုယ်ကို ဖြစ်ပျက်ရှုကြပေတော့၊ ဖြစ်ပြီးပျက်တဲ့သ
ဘောမှတစ်ပါး ဘာမှမရှိဘူးဆိုတာ တွေရလိမ့်မယ်။
ဉာဏ်စဉ်ဆိုတာ။ ။ ရှုဖန်များလာရင် (၁) ဤကားရုပ်၊ ဤကားနာမ်လို့ပိုင်းခြားသိလာတော့"နာမရူပပရိစ္ဆေ
ဒဉာဏ်"ရလာတယ်။ (၂) နောက်နာမ်ရုပ်တို့၏ ဖြစ်ပေါ်ရခြင်းအကြောင်း တရားတို့ကို ဆင်ခြင်ပြီး၊ ဒီနာမ်ရုပ်
ဟာ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံဆိုတဲ့အကြောင်း ၄-ပါးကြောင့် ဖြစ်လာတဲ့အကျိုးတရားပါကလား၊ အကြောင်းလည်း ဖြစ်ပျက်၊ အကျိုးလည်းဖြစ်ပျက်ပဲလို့ ရှေးအတိတ်ဘဝက အဝိဇ္ဗာ၊ တဏှာ၊ ဥပါဒါန်၊ ကံအ
ကြောင်း တရားတို့ကို ရှာမှီးသိမ်းဆည်နိုင်တဲ့"ပစ္စယပရိဂ္ဂဟဉာဏ်"ရလာတယ်။ (၃) နောက် ရုပ်နာမ်တို့၏
ဖြစ်ပြီး၊ ပျက်လတ္တံ၊ ဖြစ်ဆဲတို့ကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုတဲ့ ၃-ပါးကိုပိုင်ခြား၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တ
ဟူသော လက္ခဏာရေး ၃-ပါးဖြင့် ဆင်ခြင်သုံးသပ်ခြင်းတည်းဟူသော"သမ္မသနဉာဏ်"အဆင့်သို့ ရောက်
လာမယ်။ (၄) နောက် ယခုဖြစ်ဆဲ ပစ္စုပ္ပန်ရုပ်နာမ်တို့၏ ခဏမစဲ တသဲသဲ ဖြစ်ပျက်နေမှုကို ရှုခြင်းဆိုတဲ့
"ဥဒယဗ္ဗယဉာဏ်"ပေါ်လာမယ်။ (၅) နောက် ရှုဖန်များလာရင် အပျက်ကိုသာ သိမြင်လာတဲ့"ဘင်္ဂဉာဏ်"
ပေါ်လာမယ်။ (၆) ဒီလိုရှုဖန်များလာရင် ရုပ်နာမ်တို့၏ ပျက်မှု ချုပ်မှုကိုသာ မြင်လာသဖြင့်၊ ကြောက်ဖွယ်
ရာဘေးကြီးလို့ ထင်လာတဲ့"ဘယဉာဏ်"ပေါ်လာမယ်။ (၇) နောက်ရုပ်နာမ်တို့၏ ချုပ်ပျက်မှုစသော အပြစ်
တွေကို ထင်မြင်လာတဲ့"အာဒီနဝဉာဏ်"ရလာမယ်။ (၈) နောက်မိမိခန္ဓာကိုယ်တည်း ဟူသော ရုပ်နာမ်တို့
ကို ငြီးငွေ့ စိတ်ပျက် မနှစ်သက်တဲ့"နိဗ္ဗိန္ဒဉာဏ်"ဖြစ်လာမယ်။ (၉) နောက်မိမိခန္ဓာကိုယ်တည်းဟူသော ရုပ်
နာမ် ဓမ္မသင်္ခါရတို့မှ လွတ်ချင်လိုတဲ့"မုဥ္စိတုကမျတာဉာဏ်"ရောက်လာမယ်။ (၁၀) ထိုမှ တစ်ဆင့် ရုပ်နာမ်
တွေရဲ့ မမြဲမှု၊ ဆင်းရဲ့မှု၊ အစိုးမရမှုတွေကို အပြင်းအထန် အားထုတ်မှုကြောင့် အလွန်ထင်မြင်လာတဲ့
"ပဋိသင်္ခါရဉာဏ်"ရောက်လာမယ်။ (၁၁) နောက် ရုပ်နာမ်ဓမ္မသင်္ခါရတို့ကို မချစ်မမုန်းဘဲ လျစ်လျူရှုတတ်
တဲ့"သင်္ခါရုပက္ခောဉာဏ်"ပေါ်လာတယ်။ (၁၂) နောက်ပြီးတော့ ရှေ့ဉာဏ် နောက်ဉာဏ်ကို လက္ခဏာရေး
သုံးပါးဖြင့် အနုလုံ ပဋိလုံ ရှုပွားတဲ့အခါမှာ ၂-ဉာဏ်လုံးနဲ့ သင့်လျော်တဲ့"အနုလောမဉာဏ်"ဖြစ်ပေါ်လာမယ်။
(၁၃) နောက် ပုထုဇဉ်တို့၏ အနွယ်ကိုဖြတ်၍ အရိယာတို့၏ အနွယ်ကိုဖြစ်စေတဲ့"ဂေါတြဘူဉာဏ်"ပေါ်လာ
မယ်။ (၁၄) နောက်(သဥပါဒိသေသ) နိဗ္ဗာန်ကိုမြင်တဲ့"မဂ်ဉာဏ်" နှင့်။ (၁၅) မရှေးမနောင်းပင် ထိုနိဗ္ဗာန်၏
အကျိုးကို ခံစားတဲ့"ဖိုလ်ဉာဏ်"ပေါ်လာမယ်။ (၁၆) နောက် မဂ်ကိုဆင်ခြင်ခြင်း၊ ဖိုလ်ကိုခြင်ခြင်း၊ နိဗ္ဗာန်ဆင်
ခြင်ခြင်း၊ ပယ်ပြီးသောကိလေသာကို ဆင်ခြင်ခြင်း၊ မပယ်ရသေးသော ကိလေသာကို ဆင်ခြင်ခြင်းဆိုတဲ့
ဉာဏ် ၅-ပါးကို ဆင်ခြင်တဲ့"ပစ္စဝေက္ခဏာဉာဏ်"ရောက်လာလိမ့်မယ်။
ဒါကြောင့် အလွန်တွေ့ကြုံခဲလှစွာသော ဘုရားသာသနာတော်နဲ့ ကြုံခိုက်၊ ဆရာသမား ကောင်းနဲ့လည်း
တွေ့ခိုက်၊ ရခဲလှတဲ့ လူ့ဘဝကို ရခိုက်မှာ ယခုအချိန်ကစပြီး အရိုးကြီးပွားရေးကိုမလုပ်ကြဘဲ။ အရိုးက ဓာတ်
တော်ဖြစ်အောင် ကြိုးစားကြပါ၊ အရို အသွး အသား ဓာတ်တော်ဖြစ်တယ်ဆိုတာ၊ အမေမွေးကတည်းက
ဖြစ်လာတာမဟုတ်ဘူး၊ တရားကိုအားထုတ်လို့ တရားက ပြုပြင်သောကြောင့် တရားသဘောအရ ဓာတ်
တော်ဖြစ်လာရတယ်လို့မှတ်ပါ၊ ဒါကြောင့်တရားအလုပ်ကို ကြိုးကြိုးကုတ်ကုတ် အားထုတ်ဖို့ သတိပေး
လိုက်ပါတယ်။        ။
    (မှတ်ချက်။   ။ဆရာတော်သည် တရားအားမထုတ်ဖူးသေးသည့် လူပြိန်းများကိုသာ ထိုစဉ်က
     ဗဟုသုတ အလို့ငှာ အထက်ပါအတိုင်း ဉာဏ်စဉ်ကို အထူးသီးသန့်ဟောခဲ့ပါသည်။ များသော
     အားဖြင့် ဉာဏ် ၃-ဆင့်ကိုသာ ဟောပြောလေ့ရှိပါသည်။)

                                            
                                             ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                  အရှင်ဉာဏဓဇ


မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားတော်မှုသောတရားတော်များ

မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားတော်မှုခဲ့သော တရားတော်များ

April 6, 2013

မိုးကုတ်ဆရာတော်ဘုရားကြီး၏ နိဗ္ဗာန်သွား မြေပုံညွှန်း

မိုးကုတ်ဆရာတော်ဘုရားကြီး၏ နိဗ္ဗာန်သွား မြေပုံညွှန်း:
             "လောကီမဂ္ဂင်ငါးပါး ရှုဉာဏ်တရား"
                    ပညာမဂ္ဂင် (၂) ပါး
           (၁) သမ္မာဒိဋ္ဌိ (၂) သမ္မာသင်္ကပ္ပ
                    သမာဓိ မဂ္ဂင် (၃) ပါး
(၁) သမ္မာဝါယမ (၂) သမ္မာသတိ (၃) သမ္မာသမ္မာဓိ
၎င်းကို ရှေ့သွားရှုကြည့်ရသည်ဖြစ်၍ ပုပ္ပဘာဂမဂ်ဟုလည်း
ကောင်း၊ပဉ္စင်္ဂိက မဂ်ဟုလည်းကောင်း လောကီမဂ္ဂင် ငါးပါး
ဟုလည်းကောင်း ဝိပဿနာမဂ်ဟု လည်းကောင်း ကာရက
မဂ္ဂင်ဟုလည်းကောင်း၊ဘာဝေတဗ္ဗကိစ္စဖြင့်၊အမြဲပွားများအား
ထုတ်နေရမည်မှာ ဤမဂ္ဂင်ဖြစ်ပါ၏။ ပုထုဇဉ် အနေနဲ့ ဆိုရင်
သမ္မာသင်္ကပ္ပက အရင်ဖြစ်တယ်၊အရိယာပိုင်းရောက်တဲ့၊အခါ
ကျတော့ သမ္မာဒိဋ္ဌိက အရင်ဖြစ်တယ်။
ဖောက်ပြန်-ခံစား-မှတ်သား-ပြုပြင်-သိ-ဝိညာဏ်-
ငါးအင်ခန္ဓာမှတ်။
(၁) ဖောက်ပြန်တယ်ဆိုတာ ရုပ်တို့၏သဘော (ရူပက္ခန္ဓာ)။
(၂) ခံစားတယ်ဆိုတာ နမ်တို့၏သဘော (ဝေဒနက္ခန္ဓာ)။
(၃) မှတ်သားတယ်ဆိုတာ နာမ်တို့၏သဘော (သညက္ခန္ဓာ) ။
(၄) ပြုပြင်တယ်ဆိုတာ နာမ်တို့၏သဘော (သင်္ခါရက္ခန္ဓာ)။
(၅) သိတယ်ဆိုတာ နာမ်တို့၏သဘော (ဝိညာဏက္ခန္ဓာ)။
ဤခန္ဓာငါးပါးကာ အရှုခံတရားများ ဖြစ်ကြ၏ ။
သစ္စာလေးပါး ။  ။ (၁) ဖြစ်ပျက်သမျှ သင်္ခါရ ဒုက္ခသစ္စာမှတ် (ဒုက္ခသစ္စာ) ။ (၂) သင်္ခါရတွင် ငါကောင်
ထင်ခင်မင်သမုဒယမှတ် (သမုဒယသစ္စာ) ။ (၃) ရုပ်နာမ်အားလုံး ဖြစ်ပျက်သုဉ်း ချုပ်ဆုံးနိဗ္ဗာန်မှတ်
(နိရောဓသစ္စာ) ။ (၄) ချုပ်ဆုံးမှုတွင် ဉာဏ်သက်ဝင် မဂ္ဂင်တရားမှတ် (မဂ္ဂသစ္စာ) ။
မဂ်ဖိုလ်ရကြောင်း နည်းလမ်းကောင်း။  ။ သူတော်ဆည်းကပ်၊မြတ်တရားနာ၊လျော်စွာကျင့်၊မဂ်ဖိုလ်ခွင့်ရလင့်ဧကန်သာ။ မူလနှစ်ဖြာ ၊ သစ္စာနှစ်ခု ၊ လေးခုအလွှာ ၊ အင်္ဂါဆယ့်နှစ်ပါး ၊ တရားကိုယ်များနှင့် ၊
သုံးပါးအစပ် ၊ နှစ်ရပ်မူလ ၊ ဝဋ်သုံးဝနှင့် ၊ ကာလသုံးဖြာ ၊ ခြင်းရာနှစ်ဆယ် ၊ ဤရှစ်သွယ်ကို ၊
အလွယ်ကျက်မှတ် ၊ သိစေအပ်သည် ၊ သံသရာမှ ၊ လွတ်ကြောင်းတည်း ။
သီလမဂ္ဂင်သုံးပါး။  ။(၁) သမ္မာဝါစာ ။ (၂) သမ္မာ ကမ္မ ​​န္တ ။ (၃) သမ္မာ အာဇီဝ ဤတရားသုံးပါးသည်၊
နိဗ္ဗာန်ကို မြင်နိုင်လောက်အောင်၊"လောကီမဂ္ဂင်ငါးပါး"အားပြည့်သည်နှင့် တစ်ပြိုင်နက်တည်းပေါင်း
ဝင်လာပြီး၊"လောကုတ္တရာ မဂ္ဂင်"(၈)ပါးအဖြစ် အားထုတ်သူတိုင်းဝယ် ကိန်းတည်မြဲ...။
နိဗ္ဗာန်နှင့် ဝေးသူ။  ။ မစွန့်ကာမ ၊ ဆရာမရှိ ၊ ဝိရိယလျော့ ၊ အားအင်ပျော့ကာ ၊ လွန်စွာယူမှာ
ထိုသူများတို့ ၊ တရားမဂ်ဖိုလ် ဝေးသတည်း ။
အဝဇ္ဇာ နှင့် တဏှာ အရင်းခံ၊ဥပါဒါန်၊ကံကြောင့်-ရုပ်နာမ်ပေါ်၊အပင်မှမျိုး၊မျိုးမှအပင်၊အမျှင်မပြတ်၊
ဆက်စပ်သည်ဟန်၊နာမ်ရုပ်ကြောင့်ကံ၊အဖန်ဖန်၊ဖြစ်ပြန်နည်းအလျော်၊ဗြဟ္မာသိကြား၊စသည်များက
ထင်ရှားပြုပြင်၊စီရင်ဖန်ဆင်း၊အကြောင်းရင်းကြောင့်၊လူနတ်များစွာ၊သတ္တဝါတို့၊ဖြစ်လာရမူ၊မဟုတ်ဟု၊
ဉာဏ်ဖြင့်ရှုဤမြှော်။
(လင်္ကာဆောင်ပုဒ်)မူလနှစ်ဖြာ ၊သစ္စာနှစ်ခု ၊လေးခုအလွှာ ၊အင်္ဂါတစ်ဆယ့်နှစ်ပါး ၊ တရားကိုယ်များနှင့် ၊
သုံးပါးအစပ် ၊နှစ်ရပ်မူလ ၊ဝဋ်သုံးဝနှင့် ၊ကာလသုံးဖြာ ၊ခြင်းရာနှစ်ဆယ် ၊ဤရှစ်သွယ်ကို ၊အလွယ်ကျက်မှတ်၊
သိစေအပ်သည် ၊သံသရာမှလွတ်ကြောင်းတည်း ။
                                               ခန္ခာ  (၅)ပါး
     ရုပ်   ၁  ပါး    ၁။  ရူပက္ခန္ဓာ  ...... ဖောက်ဖြန်မူသဘောတရားအစု။
                       ၂။  ဝေဒနာက္ခန္ဓာ ...... ခံစားမူသဘောတရားအစု ။
                       ၃။  သညာက္ခန္ဓာ ...... မှတ်သားမူသဘောတရားအစု ။
နာမ်   ၄  ပါး       ၄။  သင်္ခါရက္ခန္ဓာ ...... ပြုပြင်စေ့ဆော်မူသဘောတရားအစု ။
                       ၅။  ဝိညာဏက္ခန္ဓာ ...... သိမူသဘောတရားအစု ။
                                                သစ္စာ   (၄) ပါး
၁။ ဖြစ်ပျက်တာက ... ဒုက္ခသစ္စာ ... ပိုင်းခြားသိရမည့်တရား ။
၂။ သိတာက ... မဂ္ဂသစ္စာ ... ပွားရမည့်တရား ။
၃။ သေတာက ... သမုဒယသစ္စာ ... ပယ်ရမည့်တရား ။
၅။ နောင်ခန္ဓာမလာတာက ... နိရောဓသစ္စာ ... မျက်မှောက်ပြုရမည့်တရား ။

၁။ မူလနှစ်ဖြာ ... အဝိဇ္ဇာနှင့်တဏှာ ။
၂။ သစ္စာနှစ်ခု ... သမုဒယသစ္စာ ၊ ဒုက္ခသစ္စာ ။
၃။ လေးခုအလွှာ ... အတိတ်အကြောင်းတလွှာ ၊ပစ္စုပ္ပန်အကျိုးတလွှာ ၊ပစ္စုပ္ပန်အကြောင်းတလွှာ
                         အနာဂါတ်အကျိုးတလွှာ ။
၎။ အင်္ဂါတစ်ဆယ်နှစ်ပါး ... အဝိဇ္ဇာ ၊သင်္ခါရ ၊ဝိညာဏ် ၊နာမ်ရုပ် ၊သဠာယတန ၊ဖဿ ၊ဝေဒနာ ၊တဏှာ ၊
                                  ဥပါဒါန် ၊ကမ္မဘဝ ၊ဇာတိ ၊ဇရာ ၊မရဏ ။
၅။ သုံးပါးအစပ် ... သင်္ခါရနှင့်ဝိညာဏ်တစပ် ၊ ဝေဒနာနှင့်တဏှာတစပ် ၊ ကမ္မဘဝနှင့်ဇာတိတစပ် ။
                       (တနည်း) အတိတ်အကြောင်း  ပစ္စုပ္ပန်အကျိုးတစပ် ၊ပစ္စုပ္ပန်အကျိုးနှင့်ပစ္စုပ္ပန်အကြောင်း
                       (သို့မဟုတ်) အနာဂါတ်ဖြစ်ကြောင်း တစပ်၊ ပစ္စုပ္ပန်အကြောင်း  (သို့မဟုတ် )အနာဂါတ်
                       ဖြစ်ကြောင်းနှင့်အနာဂါတ်အကျိုးတစပ် ။
၆။ ဝဋ်သုံးဝနှင့် ... ကိလေသာဝဋ်သုံးပါး - အဝိဇ္ဇာ၊ တဏှာ၊ ဥပဒါန် ။
                       ကမ္မဝဋ်နှစ်ပါး - သင်္ခါရ၊ ကမ္မဘဝ ။
                       ဝိပါကဝဋ်ရှစ်ပါး - ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဇာတိ၊ ဥပပတ္တိဘဝ၊
                                             ဇရာမရဏ ။
၇။ ကာလသုံးဖြာ ... လွန်လေပြီးသောအတိတ်ကာလ၊ ယခုဖြစ်ဆဲပစ္စုပ္ပန်ကာလ၊ နောင်ဖြစ်လတ္တံသော
                          အနာဂါတ်ကာလ ။
၈။ ခြင်းရာနှစ်ဆယ် ... အတိတ်အကြောင်းခြင်းရာငါးပါး (အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ )
                            ပစ္စုပ္ပန်အကျိုးခြင်းရာငါးပါး  (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ )
                            ပစ္စုပ္ပန်အကြောင်းခြင်းရာငါးပါး (တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရ )
                            အနာဂါတ်အကျိုးခြင်းရာငါးပါး (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ )

                                               ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                  အရှင်ဉာဏဓဇ


မိုးကုတ်ဆရာတော်ဘုရားကြီး mp3 တရားတော်

(title unknown):
မိုးကုတ်ဆရာတော်ဘုရားကြီး mp3 တရားတော်

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဈာပန မှတ်တမ်း ဗီဒီယို

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဈာပန မှတ်တမ်း ဗီဒီယို:

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဈာပန မှတ်တမ်း ဗီဒီယို

April 5, 2013

မိုးကုတ်ဆရာတော်ဘုရားကြီး၏ မြင်၊ကြား၊နံ၊စား၊ထိ၊သိ၊တိုင်း၊ဖြစ်ပျက်ရှုနည်း

မိုးကုတ်ဆရာတော်ဘုရားကြီး၏ မြင်၊ကြား၊နံ၊စား၊ထိ၊သိ၊တိုင်း၊ဖြစ်ပျက်ရှုနည်း:
ရခဲလှတဲ့"ဒုလ္လဘ တရား ၅-ပါး"မှာ ဘဝတိုင်း ဘဝတိုင်းမှာ သဒ္ဓါတရားနဲ့ ပြည့်စုံမှုရှိချင်မှရှိမယ်၊ ဒါကြောင့်
ယခုအခါ သဒ္ဓါတရားနဲ့ ပြည့်စုံတုန်းမြန်မြန် မဂ်ဉာဏ်ရအောင်လုပ်ပါ၊ သေမှာကို ကြောက်ရင် မဂ်ဉာဏ်
ကိုရအောင်ယူ၊ မဂ်ဉာဏ်ကိုရရင် သေမင်းမမြင်နိုင်တော့ဘူး၊ သေမင်းရှာမတွေ့နိုင်တော့ဘူး၊ ဒါကြောင့်
ဝိပဿနာအလုပ်ကို မလုပ်ဘဲနေနေရင် နင်သေချင်လို့လားလို့ ကိုယ့်ကိုယ်ကို ပြန်မေးပါ၊ မသေချင်ရင် ခန္ဓာ
၅-ပါးအပေါ်မှာ ပေါ်တိုင်းပေါ်တိုင်း ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခကိုသာ ရှုပေတော့၊ ဘုန်းကြီးတရားကိုတော့ ကုသိုလ်
ရချင်ရုံနဲ့ မနာကြနဲ့ ရအောင်လုပ်ကြပါ။ ဝိပဿနာရဲ့ အကျိုးကျေးဇူးများပုံကို ပြောပြရဦးမယ်။
ဘုရားရှင်လက်ထက်က ဘိက္ခူနီမ ၅၀၀-က သွန်သင်းဆုံးမပါဦးဘုရားလို့ လျှောက်ထားထာနဲ့၊ အရှင်နန္ဒက
ဟောကြားဆုံမတယ်၊ သူဟောကြားဆုံးမတဲ့တရားကတော့၊ ကိုယ်ရယ်၊ လေရယ်၊ နေရယ်၊ ဒီ ၃-ခုရှိနေမှ
"ဖဿ"ဆိုတဲ့ တွေ့ထိမှုဖြစ်ပေါ်လာတယ်၊ အခံဓာတ်၊ အဖိဓာတ်၊ အထိဓာတ်လို့ခေါ်တယ်၊ ဒီ ၃-မျိုးကြောင့်
အပေါ်ဓာတ် ပေါ်လာတယ်။ ဒီပေါ်လာတဲ့ အပေါ်ဓာတ်ဟာ အကြောင်း ၃-မျိုးကြောင့်ပေါ်လာတာ၊ ဝေဒနာ
ပေါ်လာတာ အကြောင်းကြောင့် ပေါ်တာ၊ ရေ၊ မြေ၊ လေ၊ နေတို့နဲ့ လွတ်အောင်မနေနိုင်တော့ဘူး၊ ၎င်းတို့
နဲ့ တွေ့ရင် ဝေဒနာ ပေါ်ရမယ်၊ မွှေးတယ်၊ နံတယ်၊ အေးတယ်၊ ပူတယ်၊ ဆိုတာဝေဒနာတွေပဲ၊ ခန္ဓာကိုယ်
ထဲက ဖြစ်ပေါ်လာတဲ့"ကာယ ဖောဋ္ဌဗ္ဗ ဖဿ ဝေဒနာ"(ကိုယ်၊ တွေ့ထိဖွယ်၊ တွေ့ထိမှု၊ ခံစားရမှု၊ )ပေါ်တိုင်း
ဖြစ်ပျက်ရှုပေးလို့၊ အရှင်နန္ဒက ဟောလိုက်တယ်၊ ဥပမာပြရရင် မီးထွန်းတဲ့အခါ ဆီ၊ မီးစာ၊ မီးတောက်၊ ဒီ
၃-ခုပေါင်းမှ အလင်းရောင်ထွက်လာတာလိုပဲ၊ ဝေဒနာဟာ မမြဲတဲ့ အနိစ္စ၊ ဆင်းရဲတဲ့ ဒုက္ခ၊ အစိုးမရတဲ့
အနတ္တ တရားတွေပဲလို့ ဝေဒနာပေါ်တိုင်း ဖြစ်ပျက်ကိုသာ ရှုကြပေတော့။
စိတ်တစ်မျိုး တစ်မျိုးပေါ်တိုင်းလဲ ဖြစ်ပျက်ရှု၊ ရုပ်ကလေးတစ်မျိုးတစ်မျိုး ပြောင်းလဲတိုင်းလဲ ဖြစ်ပျက်ရှုပါ၊
ခင်ဗျားတို့ အဖို့ အဘွားတွေ ဘယ်ရောက်ကုန်သလဲလို့ မေးရင် အနိစ္စ ရောက်ကုန်ပြီလို့ပြောကြပါမယ်၊
ခင်ဗျားတို့လဲ အနိစ္စတွေက မွေးခဲ့လို့ အနိစ္စတွေပဲ၊ ခင်ဗျာတို့က မွေးမယ့် ကလေးတွေလဲ အနိစ္စပဲ၊ သူတို့
ကတစ်ဆင့်မွေးမှာလဲ အနိစ္စချည်းပဲ။ ဒါကြောင့် မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ သိ တိုင်းဖြစ်ပျက်ရှုပါ၊ ဖြစ်တာလဲ
ဒုက္ခ၊ ပျက်တာလဲ ဒုက္ခလို့ မြင်အောင်ရှုပါလို့ ရှင်နန္ဒက ဟောပြတော့ ဘိက္ခူနီမ (ရဟန်းမ) ၅၀၀-ဟာ
သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတွေ အသီးသီးဖြစ်ကုန်ကြတယ်၊ ဒါကြောင့်ဝေဒနာရှုရင် တဏှာကုန်တယ်၊ တဏှာကုန်ရင် နိဗ္ဗာန်ရောက်တော့တာပါပဲ။
ရှုပုံရှုနည်းချည့် ဟောနေပါတယ်၊ ရှုပုံရှုနည်း နားလည်တဲ့ လူတွေများပြီ၊ ဒီ"ဖဿဝေဒနာ"တို့ဟာရောနေ
တော့၊ တစ်ခုရှုရင် အကုန်ပါတော့တာပဲ၊ ဝိပဿနာအရာမှာ စိတ်ပေါ်ပေါ် ဝေဒနာပေါ်ပေါ် ဖြစ်တာနဲ့ ပျက်
တာလို့သာ ရှုပေးဖို့လိုပါတယ်၊ ကိုယ်ပေါ်မှာ သုခ ပေါ်ပေါ်၊ ဒုက္ခ ပေါ်ပေါ်၊ ဖြစ်တာနဲ့ပျက်တာပဲ ပေါ်တာပါ၊
ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ စိတ်စေတသိက်၊ ရုပ်တွေကိုလဲ ပေါ်လာတိုင်းပေါ်လာ
တိုင်းသာစောင့်ရှုပါ၊ ရှုရင်ရွံ့စရာ မုန်းစရာတွေပါကလားလို့ ငြီးငွေ့တဲ့စိတ်တွေပေါ်လာတော့တာပါပဲ၊ ဖြစ်
ပျက်ကိုသာ ရှုဖန်များလာရင် ဉာဏ်တွေအဆင့်ဆင့် ရင့်သန်လာပြီး ဒီ ခန္ဓာကြီးကို မလိုချင်တော့ဘူး၊
ရွံ့မုန်းလာပြီး ခန္ဓာရဲ့လွတ်ရာလွတ်ကြောင်းကို သူကြံစည်တော့တာပဲ။ ဒါဟာ ဒုက္ခပိုင်းခြားသိတဲ့ဉာဏ်ပဲ၊
ဖြစ်ဖြစ်သမျှဟာ ဒုက္ခတွေချည့်ဖြစ်နေလို့ ဖြစ်ပျက်ကိုသာရှု၊ ဖြစ်ပျက်မှ တစ်ပါး ဘာမျှမရှိဘူး၊ ဖြစ်ပေါ်ပြီး
ပျက်တာချည်းပဲ၊ ဒါကြောင့် ဖြစ်ဒုက္ခ ပျက်ဒုက္ခသာရှုကြ၊ သတိ ပညာနှင့် ရုပ်ပျက် နာမ်ပျက်တို့ကို ကြည့်
ရှုနေလို့ ဖောက်ပြန်ပျက်စီးပြီးနေတာပါကလားလို့ သိလားပြီး ဒုက္ခသစ္စာကို ပိုင်းခြားသိလာရင် မဂ်ဉာဏ်
ပေါ်လာတော့တာပဲ။ 
မြတ်စွာဘုရားသခင်က ဟောတယ်၊ ဝိပဿနာ မရှုသောသူဟာ အပါယ်ငရဲဘေးတွေနဲ့တွေ့ရမယ်၊ သေခါ
နီး သား သမီး လင်မယား ပစ္စည်းခင်တွယ်တာတွေကြောင့် အပါယ်ဘေးနဲ့ နီးလွန်းလှတယ်၊ ဒါကြောင့်
ဝိပဿနာဉာဏ်က မဂ်ဉာဏ်ကိုရအောင်ရောက်အောင်လုပ်ကြရမယ်၊ ဝိပဿနာ ဉာဏ်က မဂ်ဉာဏ်ကူး
မှာ အပါယ်ငရဲဘေးမှလွတ်ကြမယ်၊ သောတာပန်များဟာ သေရမှာမကြောက်ကြတော့ဘူး၊ အပါယ်ငရဲ
ဆိုတဲ့အောက်သံသရာဘေး မကျရောက်တော့လို့ မကြောက်ကြတာ၊ မဂ်ဉာဏ်ရောက်မှ ဒီဘေးကလွန်
ပြီး(လွတ်ပြီး) လားရာဂတိမြဲမယ်။ ဘုရားတောင်မှ တရားကျင့်မှ ဘုရားဖြစ်ရတယ်၊ ဘုရားတောင် တရား
ကို ပူဇော်ကိုးကွယ်သေးတယ်၊ ရှေးတုန်းက တက္ကသိုလ်ပြည့်ရှင် ပက္ကုသာတိ မင်းကြီးဟာ ဤတရား ရတ
နာကို ရတနာအမှန်ဧကန်ဖြစ်ကြောင်း သိသဖြင့်ထီးနန်းကိုစွန့်ပြီး တက္ကသိုလ်ကခွာ၍ ဘုရားရှင်ထံ
အရောက်သွားရန် ရည်းမှန်းပြီး ၁၉၂-ယူဇနာဝေးတဲ့ ခရီးခဲကြီးကို ထီးမဆောင်းဖိနပ်မစီးဘဲ ဇွဲကြီးစွာဖြင့်
ဒုက္ခအမျိုးမျိုးခံလျက် သွားလေရာ ရာဇဂြိုလ်ပြည်၌ ဘုရားရှင်ထံမှောက်ရောက်ပြီး တရားနာယူကျင့်သုံး
တာနဲ့ ကျွတ်တမ်းဝင်းသွားတယ်၊ ဒီတော့အဲဒီ ပက္ကုသာတိမင်းကြီး ကိုနှလုံးမူပြီး မင်းတို့ကြိုးစားကြပါလို့
သတိပေးပါတယ်။
အဲဒီ ပက္ကုသာတိ မင်းကို ဟောတဲ့တရားကတော့၊ ပထဝီဓာတ်၊ အားပေါဓာတ်၊ တေဇောဓာတ်၊ ဝါယော
ဓာတ်၊ အာကာသဓာတ်၊ ဝိညာဏဓာတ် လို့ဓာတ်ခြောင်ပါးရှိတယ်၊ ဓာတ်ဆိုတာ သူ့သဘောသူလုပ်၊ သူ့
သဘော သူဆောင်တာပဲ၊ လူတို့ရဲ့သဘောကို မလိုက်ဘူး၊ သတ္တဝါဆိုတာ ဒီဓာတ် ၆-ပါးအစုအဝေးကြီးပဲ။
 ဒီဓာတ် ၆-ပါးဟာသူ့သဘောအတိုင်း ဖြစ်ပေါ်လာပြီး ပျက်သွားတာပဲ၊ သူ့သဘော သူဆောင်တာပဲ၊ ဒီလို
ဓာတ် ၆-ပါးရဲ့ဖြစ်ပျက် သဘောကိုမြင်အောင်ရှု၊ သတ္တဝါဆိုတာ ဓာတ်ကောင်၊ ဓာတ်စု၊ ဓာတ်ခဲပါလား၊
သူ့သဘော သူ ဆောင်နေတာပါလား၊ မိမိအလို မလိုက်ပါကလား၊ အစိုးမရပါကလား၊ အနတတ္တတရား
ပါကလား လို့ဓာတ်တွေရဲ့ ဖောက်ပြန် ပျက်စီးယိုယွင်း ပျက်စီးနေပုံကို အထပ်ထပ် ဆင်ခြင် မပြတ်မလပ်
ထင်မြင်လျှင် ပက္ကုသာတိမင်းကြီးလို မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ရမှာမို့၊ ဓာတ် ၆-ပါးကိုသာ ဖြစ်ပျက်ရှုကြပေ
တော့ ဒကာ ဒကာမတို့။      ။

                                              ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။

                                                                  အရှင်ဉာဏဓဇ
                                                 မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂရိပ်သာ
                                                          ပင်မသံဝေဇနိယဌာန
                                                            အမရပူရမြို့ ။                  ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ မဂ္ဂသစ္စာ၏ အဓိပတေယျဋ္ဌ အနက်(၄)

မိုးကုတ်ဆရာတော်ဘုရားကြီး၏ မဂ္ဂသစ္စာ၏ အဓိပတေယျဋ္ဌ အနက်(၄):
အဓိမပတေယျဋ္ဌောဆိုတာ မိမိသန္တာမှာ မဂ္ဂင် ၈-ပါးရောက်လို့ မိမိကိုယ်ကို မိမိအစိုးရတဲ့အဖြစ်သို့ ရောက်ရှိ
တာကိုဆိုတာ၊ မဂ္ဂင် ၈-ပါး အစုံအလင်ရောက်တော့ "ပညာမဂ္ဂင်"က သမ္မာဒိဋ္ဌိ သမာသင်္ကပ္ပ ၂-ပါး၊"သမာဓိ
မဂ္ဂင်" သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ ၂-ပါး၊ "သီလမဂ္ဂင်"က သမ္မာဝါစာ သမ္မာကမ္မ န္တ သမ္မာအာဇိဝ
၃-ပါး၊ ပေါင်း ၈-ပါးဖြစ်တယ်၊ ဒီမဂ္ဂင် ၈-ပါး မိမိသန္တာန်မှာ ရောက်ရှိမှသာလျှင် မိမိ၏ သီလ..သမာဓိ..ပညာတွေ
ဟာ အဓိ..အကြီးအကဲ အဆင့်သို့ရောက်ပြီး နောက်ဘဝအဆက်ဆက်မှာ မပျက်မစီး ခိုင်မြဲသွားတယ်၊ မဂ္ဂင်
၈-ပါး မစုံသေးရင်တော့ ခင်ဗျားတို့မှာရှိတဲ့ သီလ..သမာဓိ..ပညာတွေဟာ မခိုင်မြဲသေးဘူး၊ ဒီဘဝမှာပဲ ပျက်စီး
သွားနိုင်တယ်၊ နောင်ဘဝရောက်ရင် ပျက်စီးသွားနိုင်တယ်။ အခု ခင်ဗျားတို့ ဆောက်တည်ထားတဲ့ ၅-ပါး၊ ၈-
ပါး၊ ၁ဝ-ပါးစတဲ့ သီလတွေဟာ အခိုက်အတန့်ပဲ တည်နိုင်တယ်၊ အကြောင်းတိုက်ဆိုင်လို့ရှိရင် ပျက်ကြတာပဲ၊
အသက်နဲ့လဲပြီး ဒီသီလ မဖျက်ပါဘူးလို့ မလာသေးတော့ ဒီသီလဟာ သာမညသီလပဲ ရှိသေးတယ်၊ သမာဓိ
ပညာတို့လဲ ထို့အတူပဲ၊ ပျက်စီးသွားနိုင်တော့ သာမညပဲ၊ အဲ..မဂ္ဂသစ္စာဆိုက်တဲ့ သီလ..သမာဓိ..ပညာတို့ကျ
တော့ အဓိ ပါလာလို့၊ ဘယ်သူဖျက်လို့မှမရဘူး၊ တတ်နိုင်လို့ ကုပ်ပေါ် ဓားဝဲပြီး မင်းသီလဖျက်ရမယ်၊ သမာဓိ
ဖျက်ရမယ်၊ ပညာဖျက်ရမယ်လို့ တစ်ဦးဦးက အဖျက်ခိုင်းပေမယ်ံ အသက်သာအသေခ့မယ်၊ မဖျက်တော့ဘူး
အဲဒီကျမှမြဲတယ်၊ မဂ်မဆိုက်သေးတဲ့ သာမည သီလ သမာဓိ ပညာတွေကတော့ နတ်ပြည် ဗြဟ္မာပြည်တိုင်
အောင် အကျိုးပေးပါတယ်၊ နိဗ္ဗာန်အထိတော့ အကျိုးမပေးဘူး၊ မဂ်ဆိုက်တဲ့အခါကျတော့ အဓိပါလာတဲ့အ
တွက် နိဗ္ဗာန်အထိအကျိုးပေးတယ်၊ ဒီကျတော့မြဲသွားပြီ၊ ဒီတော့ ဘယ်အချိန်ကျမှ မြဲမလဲဆိုတော့ ဒုက္ခချုပ်
တာကိုမြင်မှ၊ နိဗ္ဗာန်ကိုမြင်မှ (မဂ်ဆိုက်မှ) ပဲ မြဲမယ်၊ ဒီလိုမြဲမှလဲ စိတ်ချရတယ်၊ လားရာဂတိ မြဲတယ်၊ အပါယ်
မကျတော့ဘူး၊ ချမ်းသာဟူသေရွေ့ အထက်သာတက်သွားတယ်၊ သမ္ဗောဓိပရာယနောတဲ့ အထက်မဂ်ကို
သာတက်တော့မှာပဲ၊ အောက်ပြန်မဆင်းတော့ဘူး၊ ဒီတော့ နိဗ္ဗာန်ကိုမြင်မှ နိဗ္ဗာန်တည်းဟူသော အာရုံကို အ
မှိရမှ မိမိတိုသီလ သမာဓိ ပညာဟာ အဓိပါပြီး မြဲမယ်လို့မှတ်။ အဲဒါကြောင့် မြဲတဲ့ စိတ်ချရတဲ့ သီလ သမာဓိ
ပညာမျိုးဖြစ်အောင် (၁) ဖြစ်ပျက် မြင်အောင်ကြည့်ပါ၊ (၂) ဖြစ်ပျက်မုန်းအောင် ကြည့်ပါ၊ (၃) ဖြစ်ပျက်ဆုံး
အောင် ကြည့်ပါ၊ ဖြစ်ပျက်ဆုံးရင် နိဗ္ဗာန်မြင်ပြီ၊ အဲဒီကျမှ မြဲမယ်၊ စိတ်ချရမယ်၊ အခု ခင်ဗျားတို့ဆောက်တည်
ထားတဲ့ သီလ သမာဓိ (သမထ) ပညာ (ဝိပဿနာ) တွေဟာ အထိမခံ ရွှေပန်းကန်မို့ မခိုင်မြဲသေးဘူး၊ ဘာ
ကြောင့် နိဗ္ဗာန်တည်းဟူသော အာရုံဆွဲကိုင်ရာ မရသေးလို့၊ သူတို့ကို နိဗ္ဗာန်က အာရမ္မဏာ ဓိပတိပစ္စည်းနဲ့
ကျေးဇူးမပြုသေးဘူး၊ မပြုသေးလို့ မမြဲတာ၊ ဘုရားလက်ထက်က ဒေဝဒတ်ကြီးဟာ (အဓိမပါသေးတဲ့) သမာ
ဓိရလို့ ဈာန်ရပြီး မြေလျှိုးမိုးပျံနိုင်ပြီး တော်တော်တန်ခိုးကြီးခဲ့တယ်၊ အခု အဝီစိမှာနေရတယ်၊ ဘာကြောင့် သူ
ရထားတဲ့ သမာဓိဟာ အဓိမပါလို့၊ အဓိပတိ..ကြီးစိုးနိုင်တဲ့ စွမ်းရည်သတ္တိမပါသေးလို့၊ ဘုရားလက်ထက်က
တိဿရဟန်းကြီးဟာ သေတော့ သန်းဖြစ်ခဲ့တယ်၊ ဘာပြုလို့ သူ့ သီလ သမာဓိ ပညာတွေက အဓိ...အဓိပတိ
မဖြစ်သေးလို့၊ ဒီတော့ အဓိပတိမဖြစ်သေးတဲ့..မခိုင်မြဲတဲ့..သီလ သမာဓိ ပညာတွေကိုသွားပြီးအားမကိုးကြနဲ့
မခိုင်တာတွေ သွားအားကိုးလို့ ပြုတ်ကျရင်"မျောသွားမယ်၊ မြုပ်သွားမယ်၊"။
"ကမ်းနား သစ်ပင်"ခင်ဗျားတို့ ခန္ဓာ ၅-ပါးဟာ ကမ်းနားသစ်ပင်လို့မှတ်ထား၊ ကမ်းနားသစ်ပင်ဆိုတာ ရေ
တိုက်စားလို့ အမြစ်ဟာ ခိုင်ခိုင်မြဲမြဲမရှိဘူး၊ အမြစ်တွေက ကုပ်အားမရှိလို့ ယိုင်တော့ မြစ်ထဲယိုင်နေတယ်၊
ယိုင်လို့လဲတော့ မြစ်ထဲ လဲပြီး ရေယဉ်ကြောထဲ မျောပါပြီ မြုပ်သွားမှာပဲ၊ မင်းတို့ သံသရာခရီးဟာ ဒီလိုရေ
မျောလာတာနဲ့ တူတယ်လို့ ဘုရားက ဥပမာပြလိုက်တယ်၊ သံသရာခရီးသည်ဟာ တဏှာမျှောတိုင်း မျောရ
တယ်၊ တဏှာက နတ်ပြည်တောင်းလိုက်တော့ နတ်ပြည်မျောတာပဲ၊ အင်း...တဏှာနဲ့ ပတ်သက်ပြီးအကုသို
လ်မှုတွေ လုပ်ပြန်တော့လဲအပါယ်မျောတာပဲ၊ မြုပ်သွားတာပဲ၊ အဲဒီတော့ သံသရာ ခရီးသည်ဟာ တဏှာရေ
ယဉ်ကြောထဲမှာ မျောမှာပဲ၊ ဟိုဘဝ ဒီဘဝဆိုတာက တဏှာပို့မှရောက်မှာပဲ၊ တဏှာရေယဉ်ကြော မျောမှာပဲ
ရောက်မှာပဲ၊ တဏှာ ရေယဉ်က မျောမပေးဘူးဆိုရင်၊ တစ်ဘဝနဲ့တစ်ဘဝ မရောက်နိုင်ဘူး၊ အဲဒီတော့ သံသ
ရာခရီးသည် ဟူသရွေ့ဟာ တဏှာရေယဉ်ထဲမှာ တဏှာမျောသလို မျောရတာပဲ၊ ခင်ဗျားတို့ အပါယ်ရောက်
လိုက်..လူပြည်ရောက်လိုက်..နတ်ပြည်ရောက်လိုက်..ဗြဟ္မာ့ပြည်ရောက်လိုက်နဲ့၊ ၃၁-ဘုံအတွင်း လှည့်ပတ်
မျောနေတာဟာ ဘာကြောင့်...တဏှာရေယဉ်က မျှောလို့ မျောနေတာ၊ ခင်ဗျားတို့လဲ တဏှာကမျှောလိုက်
လို့ အခု လူ့ပြည်ရောက်လာတာပဲ၊ ခန္ဓာ ၅-ပါးဟာ ကမ်းနားသစ်ပင်ပဲ၊ သံသရာခရီးသည်ကဒါကိုသွားဆွဲ
တယ်၊ ကိုယ့်ရုပ် ကိုယ့်ခန္ဓာဆိုတဲ့"ရူပက္ခန္ဓာ"ကိုဆွဲတယ်၊ ချမ်းသာလေးဆိုတဲ့"ဝေဒနာက္ခန္ဓာ"ကိုသွားဆွဲ
တယ်၊ သားမှတ် သမီးမှတ် မယားမှတ် ပစ္စည်းမှတ်ဆိုတဲ့"သညာက္ခန္ဓာ"ကိုသွားဆွဲတယ်၊ ကိုယ့်စေတနာ
ကိုယ့်စိတ်ဆိုတဲ့"သင်္ခါရက္ခန္ဓာ""ဝိညာဏက္ခန္ဓာ"ကို ခင်တွယ်ပြီးသွားဆွဲတယ်၊ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာဆိုပြီး
သွားဆွဲတယ်၊ သွားဆွဲတော့..ကမ်းနားသစ်ပင်လို မခိုင်တဲ့ခန္ဓာ ၅-ပါးဟာ ပြုတ်ကျတာပဲ၊ ဆွဲတဲ့ပုဂ္ဂိုလ်ကလဲ
တအားဆွဲ၊ ကမ်းနားသစ်ပင် (ခန္ဓာ ၅-ပါး) ကလဲ ရေတိုက်စားလို့ (ဇရာ ဗျာဓိ မရဏ..အိုနာသေကြောင့်) မခိုင်
ဆိုတော့၊ တစ်ခါတည်းပြုတ်ကျတာပဲ၊ ခန္ဓာ ၅-ပါးက အနိစ္စဖြစ်တော့ပြုတ်ကျတယ်၊ ပြုတ်ကျတော့ ဆွဲတဲ့လူ
(ခင်တဲ့လူ) အပေါ်ပြုတ်ကျတာပဲ၊ ပိကျတာပဲ၊ ပိကျတော့ ဆွဲတဲ့လူဟာ မြုပ်ဖို့ပဲရှိတော့တယ်၊ ဒါဖြင့် ခင်ဗျားတို့
ဟာ နဂိုက"အမျောသမား"နော်၊ ဟိုဘဝက မျောလာတာ၊ အခုဒီဘဝကျတော့ တဏှာ..ဥပါဒါန်နဲ့ ကိုယ်စွဲတဲ့
ခန္ဓာ ၅-ပါးကလဲ ပိပြီး ခင်ဗျားတို့မြုပ်သွားတယ်၊ မြုပ်တော့ အမြုပ်သမား ဖြစ်တာပေါ့၊ အဲဒီလို ခင်ဗျားတို့ သံ
သရာခရီးတစ်လျှောက်၊ ဘဝတိုင်း ဘဝတိုင်းမှာ မခိုင်တဲ့ ခန္ဓာကြီးကိုသွားသွားဆွဲနေတော့၊ ခန္ဓာကအနိစ္စဖြစ်
လို့ ပြုတ်ကျတာနဲ့၊ ဒီခန္ဓာကြီးပိပြီး ခင်ဗျားတို့ မြုပ်ခဲ့ရ မျောခဲ့ရတယ်၊ သံသရာမှာ အမျောသမား၊ အမြုပ်သမား
အဖြစ်နဲ့ပဲ နေခဲ့ကြရတယ်၊ ခုနက အဓိသီလ..အဓိသမာဓိ..အဓိပညာတို့ကို မရခဲ့တော့ တဏှာမျှောတိုင်း
မျောရတော့ မျောလိုက်မြုပ်လိုက်နေခဲ့ကြရတယ်၊ ဒီလိုနေ ဒီလိုသေလို့..တဏှာပြောတိုင်း ဖြစ်ခဲ့ကြရတယ်၊
အဲဒီတော့ အခုဘဝမှာ ခင်ဗျားတို့ အဆွဲမမှာဖို့အရေးကြီးတယ်၊ ခန္ဓာ ၅-ပါးကိုသွားမဆွဲနဲ့၊ အနိစ္စချည်းဖြစ်လို့
သွားမဆွဲနဲ့၊ ဆွဲရင် ဆွဲတဲ့ပုဂ္ဂိုလ်အပေါ်မှာ သူပြုတ်ကျမှာပဲ၊ အဲ ခိုင်မြဲလှတဲ့ နိဗ္ဗာန်တည်းဟူသော ကျောက်
ဆောင်ကြီးကို ဆွဲမိရင်တော့ ပြုတ်မကျလို့ မျောစရာမရှိတော့ဘူး၊ ဒီတော့ နိဗ္ဗာန်ကို အဆွဲမှန်ဖို့ အရေကြီး
တယ်၊ ခင်ဗျားတို့ အဆွဲမှားခဲ့လို့ အဆွဲမမှန်ခဲ့လို့၊ သံသရာတလျှောက် ဒီအတိုင်း မျောလာခဲ့ကြရတာနော်၊ အဲ
ဒီတော့ ခင်ဗျားတို့က ဘာတွေပဲပြောနေနေ၊ အမျောသမား အမြုပ်သမားဘဝနဲ့ပဲ ဇာတ်ဆုံးတာပဲ၊ အမျောသ
မားဆိုတာက ဟိုဘဝ ဒီဘဝမျောတာ ကူးတာ၊ အမြုပ်သမားဆိုတာက အပါယ် ၄-ဘုံရောက်သွားတာ၊ အ
ပါယ် ၄-ဘုံ ရောက်ပြီ အမြုပ်သမားဘဝက တက်လာပြန်တော့ အမျောသမားအဖြစ်နဲ့ လာပြန်တာပဲ၊ မျောပြီး
ရင်နောက် မြုပ်အုံးမှာပဲ၊ သံဝေဂရအောင် ဟောနေတာမဟုတ်ဘူး၊ ခင်ဗျားတို့ရဲ့ဖြစ်စဉ်ကို ပြောနေတာလို့
မှတ်ပါ။
 ခင်ဗျားတို့ နောက်နောက်က ဒါနသီလလေး..သမထလေးလုပ်ခဲ့လို့..လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်မှာ မျော
ခဲ့ရပြီ၊ လူ့ခန္ဓာလဲ အနိစ္စပဲ၊ နတ်ခန္ဓာလဲ အနိစ္စပဲ၊ ဗြဟ္မာခန္ဓာလဲ အနိစ္စပဲ၊ သွားဆွဲရင် ပြုတ်ကျတာပဲ၊ ပြုတ်ကျ
တော့ဆွဲတဲ့လူအပေါ်ပိမှာပဲ၊ နတ်အပေါ်လဲ ပိမှာပဲ၊ ဗြဟ္မာ့အပေါ်လဲ ပိမှာပဲ၊ ပိတော့အောက်ပြန်ကျမှာပဲ၊
အောက်ပြန်ကျတော့မြုပ်တာပဲ၊ အပါယ် ၄-ပါးကျအောင်မြုပ်မှာပဲ၊ မြုပ်သွားရင် ကမ္ဘာအသင်္ချေတိုင်အောင်
မြုပ်သွားတာ၊ ပေါ်လာဖို့မလွယ်ဘူး၊ ခင်ဗျားတို့နောက်တုန်းက မျောလိုက် မြုပ်လိုက်ပဲ၊ ဘုရားတွေ အဆူဆူ
ပွင့်ပေမယ့်..ဘုရားပွင့်တုန်း ခင်ဗျားတို့က အပါယ် ၄-ပါးမြုပ်တဲ့အထိ တာရှည်နေတော့..ဘုရားကလဲ အဲဒီနေ
ရာမကြွဘူး၊ မြင်တော့မြင်တာပဲ၊ မြင်ပေမယ့်..ဒုဂ္ဂတိဘုံသားဖြစ်နေတဲ့အတွက်ကျွတ်တမ်းဝင်စရာမရှိဘူးဆို
ပြီး..ဘုရားက မကြွဘူး၊ ဘုရားက ကျွတ်တမ်းဝင်မယ့် ပုဂ္ဂိုလ်တွေဆီသာ အမြဲကြွတာ၊ ကျွတ်မယ့်လူတွေဆီ
နောက်က အမြဲတမ်းလိုက်ပြီးကယ်နေရလို့ နေ့မအိပ်ရ ညမအိပ်ရတဲ့ ဘုရားဗျ၊ ဘုရာပွင့်တာနဲ့ ကိုယ်က သုဂ
တိဘုံရောက်တာနဲ့ကြုံမှ၊ ဘုရားကလဲချွတ်မှ၊ ကိုယ်ကလဲ အဆွဲမမှားမှကျွတ်တမ်းဝင်နိုင်တာ၊ ခင်ဗျားတို့ဘာ
ကြောင့် ကျွတ်တမ်းမဝင်နိုင်ခဲ့တယ်ဆိုတာ..အကဲခတ် ကြည့်ရင် သိလောက်ပြီ၊ ဒီတစ်ခါ အဆွဲမှားရင် နှောင်
ဘဝ ဘာဖြစ်မှာတုံးဆိုတာ ခင်ဗျားတို့ ဖြေတတ်ပြီလား၊ ကဲ..အခု ဘုန်ကြီးပြောပြီလို့ ခင်ဗျားတို့က"ဒီခန္ဓာ ၅-
ပါး"ကို အားမကိုးတော့ဘူး၊ မဆွဲတော့ဘူး၊ အနိစ္စကို အနိစ္စမှန်းသိမယ်၊ ဒုက္ခကို ဒုက္ခမှန်းသိမယ်၊ အနတ္တမို့
အားကိုးစရာ အားထားစရာ မရှိဘူးလို့သိမယ်..ဆိုရင်၊ ဒီခန္ဓာကြီး ကမ်းနားသစ်ပင်ကို ဆွဲမှာမဟုတ်ဘူး၊ မဆွဲ
တော့ မခင်ဘူး၊ မခင်လို့ မဆွဲတော့ဘူး၊ (ခင်တာကတဏှာ) မခင်လို့မဆွဲတော့ ဒီခန္ဓာကြီးက ခင်ဗျားတို့အ
ပေါ် ပိကျစရာအကြောင်းမရှိတော့ဘူး၊ မခင်တော့ တဏှာရေလဲခန်းသွားတယ်၊ ပိစရာလဲမရှိ၊ မျောစရာရေ
လဲမရှိတော့၊ မျောစရာ မြုပ်စရာ အကြောင်းမရှိတော့ဘူး၊ နိဗ္ဗာန်သောင်ကမ်းသို့ ရောက်သွားပြီ၊ အဲဒီအခြေ
အနေရောက်အောင်ဆိုရင် အလုပ် လုပ်မှပဲရမယ်၊ တဏှာရေခန်းအောင်လုပ်ရမယ်၊ ခန္ဓာ ၅-ပါး ကမ်းနားသစ်
ပင်ကိုလဲ မဆွဲရဘူး၊ ဆွဲရင်မခိုင်ဘူးဆိုတာ သိရမယ်၊ ဒါကြောင့် မဆွဲမိဖို့ဆိုတာသည် တဏှာ ဥပါဒါန်မရှိ
အောင် နေပါလို့ပြောတာပဲ၊ အဲဒီတော့သံသရာ စခန်းသတ်ချင်ရင်"တဏှာရေ"ခန်းအောင်လုပ်ပါ၊ တဏှာရေ
ခန်းရင် မျောစရာ မရှိတော့ဘူး၊ ဒီတော့ ခန္ဓာ ၅-ပါးကို အနိစ္စ ဒုက္ခ အနတ္တ ရှုပေါ့ဗျာ၊ ရှုတော့ မခိုင်မှန်း (မမြဲ
မှန်း) သိမယ်၊ သိရင် မခင်တော့ဘူး၊ မခင်ဘူးဆိုရင် တဏှာခန်းပြီး ဒီတော့ (၁) မခိုင်မှန်းသိတာရယ်၊ (၂) မ
ခိုင်မှန်းသိလို့ မခင်တာရယ်၊ ဒီ ၂-ချက်အရေးကြီးတယ်၊ မခိုင်မှန်းသိရင် အနိစ္စမြင်မယ်၊ အနိစ္စမြင်ရင် မခင်ဘူး
မခင်လို့ရှိရင် တဏှာသေတယ်၊ တဏှာရေခန်းတယ်၊ မခိုင်မှန်းသိရင်"အနိစ္စ ဒုက္ခ အနတ္တ"အကုန်မြင်တယ်၊
ဒါတွေ မြင်ရင် နိဗ္ဗာန်မြင်တာပဲ၊ နိဗ္ဗာန်မြင်ရင်၊ နိဗ္ဗာန်သောင်ကမ်းရောက်ရင် မမျောတော့ဘူး၊ မမြုပ်တော့ဘူး
အဲဒီတော့ နိဗ္ဗာန်မြင်အောင်ဆိုရင် ရှေးဦးစွာ ခန္ဓာ ၅-ပါးကို ဖြစ်ပျက်ရှုရမယ်၊ ရှုတုန်းတော့ မဂ္ဂင် ၅-ပါးပဲရှိသေး
တယ်၊ ၅-လုံးတွဲ ဖောင်ကလေးရပြီပေါ့၊ ဒီဖောင်းကလေးက နည်းနည်းလောက်ပဲအားကိုးလို့ရတယ်၊ လှိုင်း
တွေ ဝဲတွေဒဏ် မခံနိုင်သေးဘူး၊ အဲဒါတွေနဲ့ တွေ့ရင် မြုပ်သွားနိုင်တယ်၊ ဒီတော့ ဆက်ရှု၊ ဆက်ရှုလို့ ဖြစ်ပျက်
ဒုက္ခသစ္စာ ခန္ဓာ ၅-ပါးကိုမခင်တော့ဘူး၊ မလိုချင်တော့ဘူးဆိုတာ လာမယ်၊ ဆက်ရှုလို့ ခန္ဓာ ၅-ပါး ဒုက္ခသစ္စာ
ကြီး ချုပ်သွားရင် မဂ္ဂင် ၈-ပါး ပြည့်သွားပြီ၊ ၈-လုံးတွဲ ဖောင်ကြီးရပြီ၊ ဒီဖောင်ကြီးကမှ အားကိုးလောက်တာ၊
လှိုင်းဒဏ် လေဒဏ် ခံနိုင်ပြီ၊ ဘယ်နည်းနဲ့မှ မမြုပ်နိုင်တော့ဘူး၊ အဲဒီ မဂ္ဂင် ၈-ပါးဆိုတဲ့ ဖောင်ကြီးရမှ နိဗ္ဗာန်
သောင်ကမ်းရောက်မယ်၊ ရောက်ရင် နိဗ္ဗာန်ကိုဆွဲကိုင်မိပြီ၊ အဆွဲမှန်ပြီ၊ ဘယ်လောက်ဆွဲဆွဲ ပြုတ်မကျတော့
ဘူး၊ ဒီကျမှ ခင်ဗျားတို့ရဲ့ သီလ..သမာဓိ..ပညာတွေဟာ"အဓိ"ပါလာပြီး၊ "အဓိပတေယျဋ္ဌော" (အဓိပတိ) ဖြစ်
တာ၊ ခိုင်မြဲတဲ့ အဆင့်ရောက်တာ။

                                                          ဤကောင်းမှုကုသိုလ်ကံ
                                      စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                                      ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                                 အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                                      တည်ရှိပါစေသတည်း။               ။

                                                                                              အရှင်ဉာဏဓဇ
                                                                            မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                         ပင်မသံဝေဇနိယဌာန
                                                                                            အမရပူရမြို့ ။                ။