August 27, 2016

တဏှာနှင့်ဆန္ဒမတူပုံရှင်းလင်းချက်


အလိုရှိလျှင် ရှာမှီရမြဲ ဖြစ်ရကား လိုလားအပ်သော အာရုံကို ရှာမှီခြင်းသည် ဆန္ဒ၏ကိစ္စဖြစ်ပါတယ်။ ဆန္ဒရဲသဘော ဥပမာကတော့ ထမင်းဆာလို့ ထမင်းစားလိုက်တယ်၊ ရေဆာလို့ရေသောက်လိုက်တယ်၊ ဆီးသွားချင်လို့ ဆီးသွားလိုက်တယ် ဒီထိက ဆန္ဒရဲ့သဘောပဲ ရှိပါသေးတယ် နောကျမှ စားတဲ့ သောက်တဲ့ အပေါ်မှာ တဏှာစိတ်တွေ၊ ဒေါသစိတ်တွေ ဖြစ်လာရင်တော့ လောဘဖြစ်သွားပါတယ်။ လောက၌ လောဘနေယျအာရုံ ကာမဂုဏ်ကို ရှာမှီမှုမှ တစ်ပါး တရားရှာမှု ပညာရှာမှု နိဗ္ဗာန်ကို လိုချင်တောင့်တမှုများသည် ဆန္ဒ၏ သဘောကိစ္စချည်းသာ ဖြစ်သည်။ လောဘနေယျ အာရုံ ကာမဂုဏ်ကို အလိုရှိရာတွင် လောဘက ပြဋ္ဌာန်းသောကြောင့် လောဘအာရုံကို ဆန္ဒက လိုက်လျောရသည်။ လောဘနေယျအာရုံပင် ဖြစ်စေကာမူ သူတစ်ပါးအား လှူဒါန်းလို ချီးမြောက်လို၍ ပစ္စည်းဥစ္စာကို ရှာဖွေသိမ်းဆည်း၍ ငြိကပ်တွယ်တာ တဏှာသဘော မပါသူတို့အတွက်မှာ ဘောဘသဘောမဟုတ်၊ ဆန္ဒသဘောသာ ဖြစ်သည်။ ဥပမာ မြားပုံကြီးကို အနားထား၍ မြားပစ်သော လေးသမားသည် မြှားတို့ကို ကောက်၍ ယူသော်လည်း ထိုမြားပေါ်တွင် ငြိကပ်တွယ်တာမှု သဘောမပါသလိုပင် ဖြစ်ပါတယ်။
လိုချင်တပ်မက်တဲ့ လောဘဟာ သမုဒယသစ္စာပါ၊ သမုဒယသစ္စာဆိုတာ ဆင်းရဲကို ဖြစ်ပေါ်စေတဲ့ အကြောင်းပါပဲ။ ဆင်းရဲမှန်သမျှ လောဘကြောင့် ဖြစ်တာချည်းပါပဲ။ ဆယ်တန်းစာမေးပွဲမှာ ဒီ ငါးလုံး၊ ခြောက်လုံး ပါမယ်လို့ မျော်လင့်ထားပြီး ဒီ နှစ်လုံးပဲ ပါလို့ ချုံးချငိုတာဟာ ပညာရေး အဆင်မြင့်ကို လိုချင်တပ်မက်တဲ့ လောဘကြောင့် ဖြစ်တဲ့ ဆင်းရဲဆိုတာ ထင်ရှားပါတယ်။
(သဂြုင်္ိဘာသာဋီကာ၊ စာ-၁၇၁)

တရားကို ကျင့်ကြံ အားထုတ်နေသူများအတွက် ထပ်ဆင့် ရှင်းပါအုံးမယ်။

ကုသိုလ်ဆိုရာမှာလည်း လောကီကုသိုလ်နှင့် လောကုတ္တရာကုသိုလ်နှစ်မျိုးရှိပါတယ်။
ဗုဒ္ဓအဘိဓမ္မာအရကတော့ သမထကုသိုလ်နဲ့ ၀ိပဿနာ ကုသိုလ်တွေဟာ လောကီကုသိုလ် တွေပါပဲ လောကုတ္တရာ စင်စစ်ဖြစ်တဲ့ မဂ်ညဏ်ဖိုလ်ညဏ် နိဗ္ဗာန်မှ တစ်ပါး ဒါန၊ သီလ၊ ဘာဝနာ စတဲ့ ကုသိုလ်အားလုံးဟာ လောကီကုသိုလ်တွေပါပဲ။ အဘိဓမ္မာသဘောအရ လောကီကုသိုလ်ကို လောဘက အာရုံပြုနိုင်ပါတယ်။ အာရုံပြုနိုင်တယ်ဆိုရာမှာလည်း နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးကတော့ ဒါန၊ သီလ၊ ဘာဝနာ၊ ဝေယျာဝစ္စ၊ ဓမ္မဿဝဏ၊ ဓမ္မဒေသနာ စတဲ့ ပုညကြိယ၀တ္ထုတွေကို ပြုတဲ့ ပုဂ္ဂိုလ်တွေဟာ မိမိတို့ ပြုတဲ့ ကုသိုလ်တွေကို ကြည်နူး ၀မ်းမြောက်နေတတ်ကြပါတယ်၊ ဒါတွေကတော့ ပီတိပါမောဇ္ဇကုသိုလ်တွေပါ တစ်ချို့ကျတော့ အဲ့ဒီ ကုသိုလ်တွေကို ကြည်နှုးဝမ်းမြောက်မှုထက် ပိုပြီး သာယာနေတတ်ကြပါတယ် နိကန္တိခေါ်တဲ့ သိမ်မွေ့တဲ့ လောဘပါပဲ။ သမထ ကမ္မဋ္ဌာန်း အားထုတ်သူများဟာလဲ မိမိ ဈာန်ရတဲ့အခါမှာ ကိုယ်တွေ့ ခံစားနေရတဲ့ ခံစားထားရတဲ့ ဈာန်ချမ်းသာတွေကို သယာနှစ်သက်နေတတ်ပါတယ် အဲ့ဒါဟာ လောဘပါပဲ ၀ိပဿနာအားထုတ်သူကလဲ မိမိကိုယ်တိုင် တွေ့သိထားတဲ့ ကောင်းတဲ့ တရားအတွေ့ကလေးတွေကို သဘောကျနေတတ်ပါတယ် နိကန္တိခေါ်တဲ့ သိမ်မွေ့တဲ့ လောဘပါပဲ။
ဒုတိယ အမျိုးအစားကတော့ ကိုယ်မပြုဘူးသေးတဲ့ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်များကို ပြုဖို့ရာ စိတ်ထဲမှာ စွဲလမ်းတောင့်တနေမှုပါပဲ၊ သမထ အားထုတ်သူများ အနေနဲ့လည်း မိမိမရဘူးသေးတဲ့ အထက်အထက် ဈာန်အဘိညဏ်တွေကို ရဖို့ရာ စိတသစ်ပင် စွဲလမ်းတောင့်တနေတတ်ပါတယ်၊ ၀ိပဿနာ အားထုတ်သူများ အနေနဲ့လဲ မိမိမရဘူးသေးတဲ့ အထက်အထက် ၀ိပဿနာ တရားများကို ရလိုစိတ် ပြင်းထန်ပြီး စွဲလမ်းတောင့်တနေတတ်ပါတယ်။ ဒါတွေဟာ လောကီကုသိုလ်တွေကို လောဘက အာရုံပြုတာတွေပါပဲ။
လောကုတ္တရာဖြစ်တဲ့ မဂ်စစ် ဖိုလ်စစ် နိဗ္ဗာန်စစ် ကိုတော့ လောဘက အာရုံမပြု ဘာကြောင့်လဲဆိုတော့ နိဗ္ဗာန်ဟာ တဏှာကင်းဝေးရာဖြစ်တယ် တဏှာတွေကျက်စားရာနေရာ မဟုတ်လို့ပါ နောက်ပြီး လောဘနဲ့ အာရုံပြုနေသူရဲ့ သန္တာန်မှာ ကိုယ်တွေ့ ရထားတဲ့ မဂ်အသိဖိုလ်အသိနဲ့ ညဏ်တွေ မျက်မှောက်ထင်ထင် သိမြင်ထားတဲ့ ဆင်းရဲငြိမ်းတဲ့သဘာဝ နိဗ္ဗာန်စစ်စစ်ကို မရသေး မရှိသေးလို့ပါပဲ။ ဒါကြောင့် တဏှာလောဘ ရှိနေသေးသမျှ နိဗ္ဗာန်ကို မရနိုင်ပါဘူး ။ လောဘဟာ သယာဖွယ်ခံစားရတဲ့ သဘာဝကိုပဲ ကြိုက်နှစ်သက်တယ် နိဗ္ဗာန်မှာ လောဘကြိုက်တဲ့ သာယာဖွယ်ခံစားရတဲ့ သဘာဝမျိုး လုံးဝမရှိပါဘူး။ တရားရှု့မှတ်စဉ်မှာ တဏှာလောဘတွေနဲ့ နိဗ္ဗာန်ကိုလိုချင်စောနဲ့ အားထုတ်နေရင် နိဗ္ဗာန်နဲ့ ဝေးရာကို သွားနေတယ်လို့ မှတ်ပါ။ ဆရာတော်တွေရဲ့ ဆုံးမစကားလေးရှိပါတယ် ရအောင်မလုပ်နဲ့ လုပ်ရင်တော့ရပါတယ် နောက်ဥပမာတစ်ခုကတော့ သစ်ပင် ရှင်သန်ကြီးထွားအောင် ကျနောတို့ လုပ်လို့မရပါဘူး သစ်ပင်မသေအောင် ပေါင်းမြက်သင်းပြီး ရေလောင်းပေးရမှာက ကျနောတို့ အလုပ် သစ်ပင် ကြီးထွားမှာက သဘာဝအလုပ်ပါ ကျနောတို့လဲ ရှု့မှတ်နေရာမှက ကျနောတို့အလုပ် မဂ်ရ မရက ဓမ္မအလုပ် ဓမ္မကိုသာ လွဲထားပေးလိုက်ပါ။

(မဇ္စိုမနိကာယ်၊ ဥပရိပဏ္ဏသ ပါဋ္ဌိတော်၊ သဋ္ဌာယတန၀ိအရဟတ္တဖိုလ် ဘင်္ဂသုတ်) မှာ နေက္ခမ္မဿိတ ဒေါမနဿ (၀ိပဿနာကို မှီတဲ့ ဒေါမနဿ) ခြောက်မျိုးအကြောင်းကို မြတ်စွာဘုရား ဟေားကြားတော်မူတော့ ၀ိပဿနာရှုတဲ့ ပုဂ္ဂိုလ်ဟာ “ယခုအခါ ရဟန္တာအရှင်မြတ်များ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လျက် နေတော်မူကြတယ် ငါဟာ ဘယ်အခါများမှ အရဟတ္တဖိုလ်သို့ ရောက်လျက် နေရပါမည်လဲ။” ဟု အရဟတ္တဖိုလ်၌ လိုချင်တောင့်တမှုကို ဖြစ်ပေါ်စေတယ်။ ထိုပုဂ္ဂိုလ်အား လိုချင်တောင့်တမှုကြောင့် စိတ်မချမ်းသာခြင်း ဒေါမနဿဖြစ်၏လို့ ဟောတော်မှုတယ်။ ဒီ ဒေသနာတော်မှာ အရဟတ္တဖိုလ်ကို လိုချင်တောင့်တမှု လောဘဖြစ်တယ်လို့ အဓိပ္ပါယ် ကောက်ယူရမလို ဖြစ်နေပါတယ်။
ဒါကို ဥပရိပဏ္ဏသဋီကာ (မ-ဋီ ၄၊ ၃၈၃) မှာ ရှင်းပြထားပါတယ်။ ရရှိအပ်သော အရဟတ္တဖိုလ်သည် လိုချင်တောင့်တမှု လောဘ၏ အာရုံမဖြစ်ပေး။ ရရှိထားအပ်သော အရဟတ္တဖိုလ်ကို အာရုံပြု၍ လိုချင်တောင့်တမှု မဖြစ်ပေ။ စင်စစ်မူ တစ်ဆင့်ကြားဖြင့် ရအပ်သော ကြံစည်စဉ်းစားခြင်းဖြင့် ပြီးသော အရဟတ္တဖိုလ်ကို ရည်ရွယ်၍ လိုချင်တောင့်တမှုသည် ဖြစ်ပေါ်၏ ထို့ကြောင့်ပင် မြတ်စွာဘုရားရှင်က ၀ိပဿနာရှုသူမှာ “ငါဟာ ဘယ်အခါများမှ အရဟတ္တဖိုလ်ကို ရောက်လျက် နေရပါမည်လဲ” လို့ လိုင်ချင်တောင့်တမှု ဖြစ်ကြောင်း မိန့်တော်မူခြင်း ဖြစ်သည်။
ဒီဃာနီကာယ်၊ သုတ်မဟာဝါဋီကာ၊ သက္ကပဉ္ဖသုတ် အဖွင့် (ဒီ-ဋီ ၃၊ ၂၆၅) မှာလဲ “ရရှိထားသော အရဟတ္တဖိုလ်ကို အာရုံပြုသည်၏ အစွမ်းအားဖြင့် ထိုအရဟတ္တဖိုလ်၌ လိုချင်တောင့်တမှု ဖြစ်သည်ဟု မမှတ်ယူအပ်ပေ။ အဘယ်ကြောင့်ဆိုသော် လိုချင်တောင့်တမှုလောဘ၏ အရာမဟုတ်သောကြာင့် တစ်ကြောင်း၊ အရဟတ္တဖိုလ်ကို မရသေးသောကြောင့် တစ်ကြောင်းဖြစ်သည်။” တစ်ဆင့်ကြားဖြစ်သော အရဟတ္တဖိုလ်ကို ရည်ရွယ်ပြီး လိုချင်တောင့်တမှု ဖြစ်ပေါ်သည် ဟု မိန့်တော်မူခြင်း ဖြစ်၏ လို့ ရှင်းပြထားပါတယ်။

မြတ်စွာဘုရားရှင် လက်ထပ်တော်အခါတုန်းက အဋ္ဌကနဂရ မြို့သား ဒကာတစ်ယောက်ရဲ့ အမေးကို အရှင်အာနန္ဒာက ဖြေရှင်းပြပုံ အကျဉ်းချုပ်မှာ
“ဒါယကာ၊ ဒီသာသနာတော်မှာ ရဟန်း တစ်ပါးပါးဟာ ပထမဈာန် ၀င်စားပြီး အဲ့ဒီဈာန်ရဲ့ ဖြစ်ပျက်မှုကို ၀ိပဿနာရှုတယ်ဆိုရင် အဲ့ဒီ ပထမဈာန်နဲ့ ၀ိပဿနာညဏ်မှာ တည်ပြီးတော့ အာသဝေါကုန်ခန်း ရဟန္တာ ဖြစ်နိုင်တယ်၊ တကယ်လို့ အဲ့ဒီ ပထမဈာန်နဲ့ ၀ိပဿနာကို တပ်မက်တဲ့ဓမ္မရာဂနဲ့ နှစ်သက်တဲ့ ဓမ္မနန္ဒီကို မပယ်နိုင်ရင်တော့ အနာဂါမ်လောက်ပဲ ဖြစ်ပြီး သုဒ္ဓါဝါသဗြဟ္မဘုံကို ရောက်နိုင်တယ်” မဇ္စိုမပဏ္ဏသ ပါဋ္ဌိတော်၊ အဋ္ဌက နာဂရသုတ် (စာ-၁၃)နဲ့ ဒီသုတ်ရဲ့ အဖွင့် အဋ္ဌကထာ (စာ-၉)ကိုရောပြီး လိုရင်းမျှ ထုတ်နုတ်ထားတာပါ။ ဓမ္မရာဂနဲ့ ဓမ္မနန္ဒီ ဆိုတာ သမထ ၀ိပဿနာ တရားတို့မှာ လိုလားတပ်မက်မှုကို ခေါ်ကြောင်း အဋ္ဌကထာ ဖွင့်ပြပါတယ်။ တစ်ခါ မဇ္စိုမပဏ္ဏသ ဋီကာ (စာ-၈)ကလိုလားတပ်မက်မှု ဆိုတာ နိကန္တိလို့ ခေါ်တဲ့ သိမ့်မွေ့တဲ့ ငဲ့ကွက်မှုပါပဲလို့ ထပ်ပြီး ရှင်းပြပါတယ်။ သိမ်မွေ့တဲ့ လောဘလို့ ဆိုလိုတာပါ။


လောကအကြောင်း


လောကဆိုသည်မှာ ရုပ်နာမ်လောကကိုဆိုလိုပါသည်။အကျယ်ဖွင်.သော် ၃မျိုးတွေ.နိုင်ပါသည်။

သြကာသလောက၊ သတ္တလောကနှင့် သင်္ခါရလောကကို လောကသုံးပါးဟုခေါ်သည်။ ဘုရားရှင်သည် လောကသုံးပါးကို ပိုင်းပိုင်းခြားခြား ပြတ်ပြတ်သားသား သိတော်မူသော ပုဂ္ဂိုလ်ဖြစ်သည်။ အလုံးစုံကို သိသောဥာဏ် (သဗ္ဗညုတဥာဏ်) နှင့် ဆင်ခြင်၍ သိသည်။ သဘာဝတရားများကို လေ့လာလျှင် လောကသုံးပါးကို အခြေခံအားဖြင့် သိရန် လိုအပ်သည်။ လောကသုံးပါး တွင် သြကာသလောကမှ စ၍ လေ့လာလျှင် သဘောပေါက်လွယ်သည်။

(၁) သြကာသလောက

သြကာသလောကဆိုသည်မှာ သတ္တ၀ါတို့၏ တည်နေရာလောကဖြစ်သည်။ လူနှင့် တိရစ္ဆာန်တို့၏ နေရာ ဤကမ္ဘာသည် မျက်စိနှင့် မြင်ရသော တည်ရာလောက(သြကာသလောက)ဖြစ်သည်။ လူတို့နေရာကမ္ဘာသည် ဤတစ်ခုတည်းပဲလား၊ အခြားတွင်ရှိသေးလား။ ဗုဒ္ဓဒေသနာတော်တွင် ကမ္ဘာလောကနှင့် ပတ်သက်၍ ဤသို့ဖော်ပြထားသည်။ နေ၊လနှင့် ကမ္ဘာသည် တစ်ခုတစ်ဖွဲ့ဖြစ်သည်။ ဤတစ်ဖွဲ့ကို လောကဓာတု (လောကဓာတ်) တစ်ထောင်အဖွဲ့ဟု ခေါ်သည်။ (စူဠသဟဿလောကဓာတု) ဟုခေါ်သည်။ အငယ်စားတစ်ထောင်အဖွဲ့တွင် နေပေါင်းတစ်ထောင်၊ လပေါင်းတစ်ထောင်၊ ကမ္ဘာပေါင်းတစ်ထောင်ပါဝင်သည်။ ထိုအငယ်စား တစ်ထောင်အဖွဲ့ပေါင်းတစ်ထောင် (၁၀၀၀_၁၀၀၀) ကို အလတ်စားတစ်ထောင်အဖွဲ့ (မဇ္ဈမသဟဿီလောကဓာတု) ဟုခေါ်သည်။ ဤအလတ်စားတစ်ထောင်အဖွဲ့တွင် နေတစ်သန်း၊ လတစ်သန်း၊ ကမ္ဘာတစ်သန်း ပါဝင်သည်။ ထိုအလစ်စားတစ်ထောင်အဖွဲ့ပေါင်းတစ်ထောင် (၁၀၀၀ _ ၁၀၀၀_ ၁၀၀၀) ပါဝင်သော အဖွဲ့ကို အကြီးစားလောကဓာတ် တစ်ထောင်အဖွဲ့ (မဟာဟဿီလောကဓာတု) ဟု ခေါ်သည်။ အကြီးစားတစ်ထောင် အဖွဲ့တွင် နေ သန်းပေါင်းတစ်ထောင်၊ လသန်းပေါင်း တစ်ထောင်၊ ကမ္ဘာသန်းပေါင်း တစ်ထောင်ပါဝင်သည်။ ဤကဲ့သို့ သန်းပေါင်းတစ်ထောင်ပါဝင်သော သတ္တတို့၏နေရာ သြကာသလောက၏ အနေအထားဖြစ်သည်။အကြောင်းတွင် အရေအတွက်အားဖြင့် များပြားလွန်း၍ မရေတွက်နိုင်သဖြင့် အနန္တဟုခေါ်သည်။

(၂) သတ္တလောက

စူဠနိကာသုတ်တွင် ဖော်ပြထားသည်မှာ ဤကမ္ဘာပေါ်တွင် ကျွန်းကြီးများသမုဒ္ဒရာကြီးများရှိသကဲ့သို့ အခြားနေစကြ၀ဠာများရှိ ကမ္ဘာများပေါ်တွင်လည်း သမုဒ္ဒရာကြီးများနှင့် ကျွန်းကြီးများရှိသည်။ လူများလည်း နေထိုင်ကြသည်။ သို့ဖြစ်၍ အနန္တစကြ၀ဠာတွင် ကမ္ဘာပေါင်းလည်း အနန္တရှိသည်။ ထိုမရေတွက်နိုင်သော ကမ္ဘာများတွင်လည်း လူနှင့် သတ္တ၀ါများ အနန္တရှိသည်။ သတ္တလောကအကြောင်းကို ရုပ်၊နာမ်၊ ကံတို့၏  အကျယ်ဖော်ပြမည်။
(၃) သင်္ခါရလောက

သင်္ခါရလောကဆိုသည်မှာ သြကာသလောကကြီးနှင့် သတ္တလောကကြီးတွင် ဖြစ်ပျက်ပြောင်းလဲ လှုပ်ရှား ပြေးလွှားနေသည့် အကြောင်းများကို ဖော်ပြခြင်းပင်ဖြစ်သည်။ ဤကမ္ဘာသည် နေကိုပတ်၍ တစ်နာရီလျှင် မိုင် (၆၆၆၈၆)မိုင် နှုန်းဖြင့် ပြေးလွှားလှည့်ပတ်နေသည်။ ဤကမ္ဘာအပါအ၀င် နေနှင့် ဂြိုလ်များသည် ဤဂယ်လက်စီအတွင်းတွင် တစ်နာရီလျှင် မိုင်ပေါင်း (၅၄၀၀၀၀) နှုန်းနှင့် ပြေးလွှားလှည့်ပတ်နေရသည်။ ဤနေအပါအ၀င် နေတွဲကြီး(ဂယ်လက်စီ) သည် အခြားဂယ်လက်စီများနည်းတူ အလွန်လျှင်မြန်သောနှုန်းနှင့် ပြေးလွှားနေသည်။ သို့ဖြစ်၍ သြကာသလေကကြီး တစ်ခုလုံးသည် ဘယ်နေရာ၊ ဘယ်ဌာနတွင် တည်ရှိနေသည်ဟု မပြောနိုင်ချေ။ စက္ကန့်တိုင်း၊ စက္ကန့်တိုင်း အာကာသထဲတွင် လှုပ်ရှား ပြေးလွှားနေကြသည်။ ဤကဲ့သို့ ပြေးလွှားနေရုံနှင့် မကသေး နေလုံးတိုင်း၊ နေလုံးတိုင်းကလည်း စက္ကန့်တိုင်း၊ စက္ကန့်တိုင်းတွင် လောင်ကျွမ်းပျက်စီးနေသည်။ မရပ်မနားဖြစ်ပျက်ပြောင်းလဲနေကြသည်။ ထိုသြကာသလောကတွင် ရှိနေသော သတ္တ၀ါအသီးသီးသည် မရပ်မနားဖြစ်ပျက်ပြောင်းလဲနေကြသည်။ ဤကဲ့သို့ သြကာသလောကနှင့် သတ္တလောကတို့ မရပ်မနားဖြစ်ပျက်ပြောင်းလဲနေခြင်းကို သင်္ခါရလောကဟုခေါ်သည်။ ဤကဲ့သို့ . .. သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက လောကသုံးပါးအကြောင်းကို သိတော်မူသောကြောင့် ဘုရားရှင်သည် လောက၀ိဓူဟူသော ဂုဏ်တော်ကို ခံယူတော်မူရသည်။ အရာခပ်သိမ်းကို သိမြင်တော်မူသော သဗ္ဗညုတဉာဏ်တော်၏ ကြီးကျယ်ပုံကိုလည်း သဘောပေါက်နားလည်ရပါသည်။ ဤနည်းအားဖြင့် သဘာဝတရားကို လေ့လာတွက်ချက်ထားသော သိပ္ပံပညာရပ်များ၏ အထောက်အကူကို ရ၍ ဘုရားရှင်၏ ထူးခြားနက်ရှိုင်းသော ဒေသနာတော်များကို ပိုမိုရှင်းလင်းစွာ သဘောပေါက်နားလည်ကြရပါသည်။ ဤသည်မှာ လောကသုံးပါးနှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သော အချက်အလက်အချို့ဖြစ်ပါသည်။

မကြံစည်ကောင်း မကြံစည်အပ် ၄ မျိုး

၁။ ဗုဒ္ဓ၀ိသယော အစိန္တေယျော န စိန္တေတဗ္ဗော
ဘုရားရှင်နှင့် ပါတ်သက်ပြီး သည်လိုသာဖြစ်သင့်တယ်၊ သည်လိုတော့ မဖြစ်သင့်ဘူးဟု မကြံစည်ကောင်း မကြံစည်ပါလေနှင့် ဟူ၍ဖြစ်သည်

၂။ ဈာန၀ိသယော အစိန္တေယျော န စိန္တေတဗ္ဗော
ဈန်တန်ခိုးအရာနှင့်ပါတ်သက်၍လည်း ဤသို့သာဖြစ်သင့်သည် ဤသို့ဖြစ်သင့်သည်ဟု မတွေးတော မကြံစည်အပ်၊ မကြံစည်ကောင်းဟူ၍ တွေ့ရပါသည်

၃။ ကမ္မ၀ိသယော အစိန္တေယျော န စိန္တေတဗ္ဗော
ကံတရားနှင့် ပါတ်သက်၍လည်း ဤသို့သာ ဖြစ်သင့်သည်၊ ဤသို့ မဖြစ်သင့်ဟု မတွေးခေါ် မကြံစည်အပ်လှပေ။

၎။ လောက၀ိသယော အစိန္တေယျော န စိန္တေတဗ္ဗော
ကောကကြီး အကြောင်းနှင့် ပါတ်သက်၍လည်း ။ ဤသို့သာဖြစ်သင့်သည် ၊ ဤသို့ကား မဖြစ်သင့်ဟု မကြံစည် မတွေးဆကောင်း ဟူ၍ တွေ့ရပါသည်။


August 22, 2016

အနိုင်မဲ့ရနံ့


လောကမှာ ရှိရှိသမျှ ရနံ့အားလုံးထဲမှာ ကိုယ်ကျင့်သီလရနံ့ဟာ အနှိုင်းမဲ့ရနံ့ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ကျင့်သီလရနံ့ထက် ပိုပြီး မွှေးပျံ့သင်းကြိုင်ပါတယ်၊ ပျံ့နှံ့အားကောင်းပါတယ်လို့ နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊ ထပ်တူပြုစရာ တခြားရနံ့ မရှိတော့လို့ပါပဲ။

သီလရှိသူရဲ့ ကိုယ်ခန္ဓာဟာ သေပြီးသွားတာတောင်မှ နံ့သာတုံးလို မွှေးနေပေမယ့် သီလမရှိသူတွေရဲ့ ကိုယ်ခန္ဓာကတော့ မသေခင်ကတည်းက ပုပ်စော်နံနေတာမို့ အသက်ရှင်နေပေမယ့် အလောင်းကောင် မသာပွနဲ့ ဘာမျှမထူးခြားပါဘူး။ ကိုယ်ကျင့်တရားပျက်ပြားနေတဲ့ သီလမဲ့လူသားတွေဟာ သက်ရှိလူသေတွေပါပဲ။
“ကိုယ်ကျင့်တရား” လို့ ဆိုတဲ့အတိုင်း “ကိုယ်” နဲ့ “ကျင့်” ရတဲ့တရားဖြစ်ပါတယ်။ ကိုယ်ဆိုတဲ့အထဲမှာ နှုတ်လည်း ပါပါတယ်။ ကိုယ်နဲ့ မပြုသင့် မပြောထိုက်တဲ့ အပြုအမူတွေကို မပြုမူဘဲ၊ နှုတ်နဲ့ မပြောသင့် မပြောထိုက်တဲ့ အပြောအဆိုတွေကို မပြောဆိုဘဲ ရှောင်ကြဉ်ရတဲ့အကျင့်ကို ကိုယ်ကျင့်လို့ ခေါ်ပါတယ်။ “ကိုယ်ကျင့်” နဲ့ “နှုတ်ကျင့်” ကို ကိုယ်ချင်းတူလို့ ပေါင်းပြီး ကိုယ်ကျင့်လို့ အတိုချုံးထားတာပါ။
“ကိုယ်ကျင့်” အနေနဲ့ ရှောင်ကြဉ်စရာ ကိုယ်အပြုအမူတွေကတော့ အထွတ်အထိပ်အားဖြင့် သူ့အသတ်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်းနဲ့ သူ့ကာမမှားခြင်းတို့ပါပဲ။ သတ်နေ၊ ခိုးနေ၊ မမှားတဲ့သူကတော့ ကိုယ်ကျင့်ကောင်းတဲ့သူ၊ သီလရှိတဲ့သူပေါ့။
“သတ်ခြင်း” ဆိုတဲ့အထဲမှာ ညှဉ်းဆဲခြင်း၊ နှိပ်စက်ခြင်း၊ ရက်စက်ခြင်း၊ နာကျင်စေခြင်း၊ ကြင်နာမှုမရှိခြင်း၊ ညှာတာမှု ကင်းမဲ့ခြင်း စတဲ့ ကာယကံအပြုအမူဆိုး၊ ကာယကံအပြုအမူကြမ်း အားလုံးပါဝင်ပါတယ်။ ညှဉ်းဆဲခြင်း စတဲ့အပြုအမူဆိုး၊ အပြုအမူကြမ်းတွေကို ရှောင်ကြဉ်ပြီး ကြင်နာတဲ့ အပြုအမူကောင်းတွေ၊ ညှာတာတဲ့ အပြုအမူနုတွေ ကျင့်သုံးမှ “မသတ်ခြင်း” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနိုင်ပါတယ်။
“ခိုးခြင်း” ဆိုတဲ့အထဲမှာ အလစ်သုတ်ခြင်း၊ အချောင်နှိုက်ခြင်း၊ စာရင်းလိမ်ခြင်း၊ အပျောက်ရိုက်ခြင်း၊ သူတစ်ပါးရဲ့ ရပိုင်ခွင့်ကို ဟန့်တားခြင်း၊ ကိုယ့်ရဲ့ ရပိုင်ခွင့်ကို ပိုယူခြင်း၊ မတန်တဆ ဈေးတင်ခြင်း၊ ရေထိုးခြင်း၊ အလေးခိုးခြင်း၊ ရောနှောခြင်း၊ အတုလုပ်ခြင်း၊ ၀ိတ်လျှော့ခြင်း၊ ဖျံကျခြင်း၊ ဖျောင်ခြင်း၊ ဖျောခြင်း စတဲ့ ရိုက်စားကိစ္စမှန်သမျှ အားလုံး ပါဝင်ပါတယ်။ ကိုယ်ရသင့်တာထက် ပိုရအောင်လုပ်တဲ့ မတရားမှုမှန်သမျှကို ရှောင်ကြဉ်ပြီး မျှတတဲ့နည်းစနစ်၊ မှန်ကန်တဲ့ တန်ရာတန်ကြေးနဲ့ အလုပ်လုပ်သွားမှ “မခိုးခြင်း” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနိုင်ပါတယ်။
“မှားခြင်း” ဆိုတဲ့အထဲမှာ ကာမဂုဏ်ကိစ္စတွေနဲ့ ပတ်သတ်ပြီး မိမိရဲ့ တရားဝင် ကာမပိုင်မဟုတ်သူတွေနဲ့ လွန်ကျူးခြင်း၊ ကြည်နူးခြင်း၊ ပွေ့ဖက်ခြင်း၊ ဖုန်းဆက်ခြင်း၊ တွဲကခြင်း၊ လျှောက်လည်ခြင်း၊ မျက်နှာများခြင်း၊ ရည်းစားပြိုင်ထားခြင်း၊ ရိသဲ့သဲ့ပြောခြင်း၊ အီစီကလီလုပ်ခြင်း စတဲ့ နှာခေါင်းကိစ္စမှန်သမျှ အားလုံးပါဝင်ပါတယ်။ သဘာဝမကျတဲ့ အာရုံခံစားမှု မှန်သမျှကို ရှောင်ကြဉ်ပြီး စည်းနဲဘောင်နဲ့ ပျော်မွေ့တတ်မှ “မမှားခြင်း” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနိုင်ပါတယ်။
“သေရည်အရက် သောက်သုံးခြင်း” ဟာလည်း “ကာမဂုဏ် မှားယွင်းခြင်း” ဆိုတဲ့ ကာယဒုစရိုက်ထဲမှာ အကျုံးဝင်ပါတယ်။ မူးယစ်ခြင်း၊ မေ့လျော့ခြင်းရဲ့ အကြောင်းဖြစ်တဲ့ အရက်၊ ဘီယာ၊ ဘိန်းဖြူ၊ ဆေးခြောက်၊ စိတ်ကြွဆေးပြား၊ စိတ်ကြွဆေးရည် စတဲ့ မူးယစ်ဆေးဝါးနဲပ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဆေးဝါးမှန်သမျှကို ရှောင်ကြဉ်မှ “မသောက်ခြင်း” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနိုင်ပါတယ်။
“နှုတ်ကျင့်” အနေနဲ့ ရှောင်ကြဉ်စရာ နှုတ်အပြောအဆိုတွေကတော့ မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း၊ ချစ်ခင်နေသူအချင်းချင်း စိတ်ဝမ်းကွဲပြားသွားအောင် ကုန်းတိုက်ပြောဆိုခြင်း၊ ရုန့်ရင်းကြမ်းတမ်းတဲ့စကား၊ ရိုင်းစိုင်းယုတ်မာတဲ့စကားများ ပြောဆိုခြင်း၊ အနှစ်သာရ မရှိတဲ့စကား၊ အဓိပ္ပာယ်မရှိတဲ့စကား၊ အကျိုးမရှိတဲ့စကားများ ပြောဆိုခြင်းတို့ပါပဲ။ စာလိုပြောတော့ ၀စီဒုစရိုက်လေးပါးပေါ့။ အနှစ်ချုပ်ကတော့ မုသာဝါဒပါပဲ။
ကိုယ်ကျင့်သီလကို ကုသိုလ်တရားအားလုံးရဲ့ နိဒါန်းအစလို့ မြတ်စွားဘုရားရှင်က မိန့်ကြားတော်မူထားပါတယ်။ ကိုယ်ကျင့်သီလဖြူစင်ရင် အစကောင်းတဲ့အတွက် သမာဓိ၊ ပညာ ဆိုတဲ့အနှောင်း သေချာသွားပါပြီ။ ကိုယ်ကျင့်သီလ မည်းညစ်နေရင်တော့ အစမကောင်းတဲ့အတွက် သမာဓိ၊ ပညာဆိုတဲ့ အနှောင်းနဲ့ အဝေးကြီး ဝေးသွားပါပြီ။ အနှောင်းနဲ့ နီးစပ်ချင်ရင် အစကောင်းဖို့ ကြိုးစားရပါမယ်။
ကိုယ်ကျင့်သီလဆိုတာ မြေကြီးနဲ့ တူပါတယ်။ ရှင်သန်ကြီးထွား ပြန့်ပွားစည်ပင်နေတဲ့ သစ်ပင်ပန်းပင်မှန်သမျှ မြေကြီးကို တည်မှီပြီးတော့ပဲ ရှင်သန်ကြီးထွား ပြန့်ပွားစည်ပင်လာရပါတယ်။ အားအင်နဲ့ပြုလုပ်ရတဲ့ အလုပ်ကိစ္စမှန်သမျှ မြေကြီးပေါ်မှာ ရပ်တည်ပြီးတော့ပဲ ပြုလုပ်ရသလို သတိဦးဆောင်တဲ့ သူတော်ကောင်းအလုပ် မှန်သမျှကိုလည်း သီလပေါ်မှာ ရပ်တည်ပြီးတော့ပဲ ပြုလုပ်ရပါတယ်။
သီလတည်းဟူသော မြေကြီးပေါ်မှာ ရပ်တည်ပြီး ပြုလုပ်အားထုတ်တဲ့ သူတော်ကောင်းအလုပ်ကသာ မိမိရည်မှန်းရာ အောင်မြင်မှု အသီးအပွင့်တွေကို ရည်မှန်းတဲ့အတိုင်း သီးပွင့်ဝေဆာစေနိုင်ပါတယ်။
သမထလုပ်ငန်း၊ ၀ိပဿနာလုပ်ငန်း ဆိုတာ အသာထားလိုက်ပါဦး၊ အခြေခံအကျဆုံး ဒါနလုပ်ငန်းတောင်မှ သီလမပါရင် လိုရာအကျိုး မပြီးစီးစေနိုင်ပါဘူး။ ဒါနပြုပြီး လောကီ၊ လောကုတ္တရာ လိုရာအကျိုးကို ဆုတောင်းရင် အဲဒီဒါနက မိမိဆုတောင်းကို ပြည့်ဝစေနိုင်ပါတယ်…တဲ့။ ဒါပေမယ့် ဆုတောင်းသူ ဒါနရှင်ဟာ သီလရှိသူဖြစ်ရပါမယ်… တဲ့။ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ရဲ့ မိန့်ကြားထားတော်မူချက် ဖြစ်ပါတယ်။
ကိုယ်ကျင့်သီလဟာ ဒါနရဲ့ အကျိုးပေးကိုလည်းခိုင်မြဲစေသလို သမာဓိ၊ ပညာရဲ့ စွမ်းရည်ကိုလည်း ထက်မြက်စေပါတယ်။ ကိုယ်ကျင့်သီလ မပါဘဲ အားထုတ်နေတဲ့ ဒါနလုပ်ငန်း၊ သမထ၊ ၀ိပဿနာလုပ်ငန်းတွေဟာ မဂ်ဖိုလ်နှိဗ္ဗာန်ရဲ့ အနီးအနားကို အိပ်မက်ထဲမှာတောင် မရစ်သီနိုင်ပါဘူး။ မဂ်ဖိုလ်နိဗ္ဗာန် အသာထား ကောင်းရာသုဂတိနဲ့တောင် အဝေးကြီးဝေးနေဦးမှာပါပဲ။
ကိုယ်ကျင့်သီလ ပျက်စီးရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ ပါပမိတ္တနဲ့ ပေါင်းဖော်ခြင်းဆိုတဲ့ အကြောင်းတရားလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ပါပမိတ္တ ဆိုတာ မိတ်ဆွေဆိုး၊ မိတ်ဆွေညံ့၊ မိတ်ဆွေယုတ်၊ မိတ်ဆွေမိုက်ကို ပြောတာပါ။ သက်သက်ညှာညှာပြောရရင်တော့ မကောင်းတဲ့မိတ်ဆွေပေါ့။ မိတ်ဆွေတု၊ မိတ်ဆွေမှားပေါ့။ မလုပ်သင့်တာ လုပ်ဖို့ တိုက်တွန်းတဲ့သူ၊ နည်းမှားလမ်းမှား ညွှန်ပြတဲ့သူ၊ ဆုံးဖြတ်ချက်အမှားတွေ ချပေးတဲ့သူဟာ ပါပမိတ္တပါပဲ။ ပါပမိတ္တနဲ့ ပေါင်းရင် သီလပျက်တတ်ပါတယ်။
တချို့ကိုယ့်ကို ချစ်သလိုလို၊ ကိုယ့်အကျိုးကို လိုလားသလိုလိုနဲ့ ကိုယ့်ရဲ့သီလကို ဖျက်ဆီးတတ်ပါတယ်။ ကိုယ့်ရှေ့မှာတော့ ပြုံးပြုံးပြုံးပြုံးနဲ့ ပျော်ရွှင်ရယ်မောလို့၊ အလိုတူကျေနပ်လို့။ ကွယ်ရာကျတော့ “ပေါင်းကြည့်မှ အကြောင်းသိတယ်” ဆိုပြီး အတင်းပြော၊ အပုပ်ချတတ်ပါတယ်။ ကိုယ့်သတင်းလည်း ပုပ်၊ သူ့ပါးစပ်လည်းပုပ်၊ ကိုယ်ပုပ်သူပုပ် နှစ်ယောက်လုံး ပုပ်တော့ ဘယ်မှာလာ ကောင်းပါတော့မလဲ။
သီလပျက်အပုပ်နဲ့ဟာ “တစ်ခါတစ်ရံ” ဆိုပြီးတော့လည်း ချမ်းသာမပေးပါဘူး။ “စ, တာ၊ နောက်တာပါ” ဆိုပြီးတော့လည်း ညှာတာခြင်း မရှိပါဘူး။ “အချင်းချင်းမို့” ဆိုပြီးတော့လည်း နားလည်ခွင့်လွှတ်ခြင်း မရှိပါဘူး။
သီလဆိုတာ ကိုယ်နဲ့ နှုတ်ကို စောင့်ထိန်းတာလို့ ဆိုပေမယ့် စိတ်မနိုင်လို့သာ ကိုယ်နှုတ်လွန်ကျူးနေကြတာမို့ စိတ်ကို နိုင်နင်းစေနိုင်ရာမှာ အကောင်းဆုံးနည်းဖြစ်တဲ့ သတိပဋ္ဌာန်ဝိပဿနာတရားကို သီလဖြူစင်လိုသူတိုင်း ကြိုးကြိုးစားစား ပွားများအားထုတ်ကြဖို့ အထူးအရေးကြီးလှပါတယ်။
ကိုယ်ကျင့်သီလရဲ့ သဘောတရား၊ အကျိုးအပြစ်ကိုလည်း ဆင်ခြင်နှလုံးသွင်းမယ်၊ ကိုယ်ကျင့်သီလ ချိုးဖောက်လိုတဲ့ စိတ်ကိုလည်း သတိပဋ္ဌာန်နည်းကျ ရှုပွားသွားမယ်ဆိုရင် ကိုယ်ကျင့်သီလ ဖြူစင်သူ ဖြစ်လာနိုင်ပါတယ်။
တစ်လောကလုံးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့ မြတ်စွာဘုရားရှင်က ကိုယ်ကျင့်သီလရနံ့ဟာ အနှိုင်းမဲ့ရနံ့ဖြစ်ပါတယ်လို့ “သီလဂန္ဓော အနုတ္တရော” ဆိုတဲ့ စကားတော်နဲ့ ဟောကြားညွှန်ပြထားတာမို့ လူသားတိုင်း ကိုယ်ကျင့်သီလရနံ့ ဆိုတဲ့ အနှိုင်းမဲ့ရနံ့နဲ့ အကြွင်းမဲ့ ပြည့်စုံအောင် ကြိုးစားအားထုတ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

စာကြွင်း – ဆရာတော် အရှင်ဆန္ဒာဓိက ရေးသားသည့် အနှိုင်းမဲ့ရနံ့ စာအုပ်မှ စာပိုဒ်အချို့ကို ဓမ္မကုသိုလ်အလို့ငှာ ပြန်လည်ရေးသားဖော်ပြခြင်းဖြစ်ပါသည်။