August 31, 2015

အယူသီးကြသူများ


ကမ္ဘာဦးအစက လူတွေဟာ အားကိုးရာကင်းမဲ့သလို ခံစားနေရတဲ့အတွက် တော၊ တောင်၊ သစ်ပင်၊ နေ၊ လ အစရှိတာတွေကို အားကိုးရာအဖြစ် ကိုးကွယ် ပူဇော်ခဲ့ကြတယ်။ အဲဒီနောက်မှာတော့ ဆင့်ကဲဖြစ်စဉ်နဲ့ အသိဥာဏ် တိုးတက်လာတာနဲ့အမျှ ယဉ်ကျေးမှု တစ်ဆင့်တက်ပြီး ဒီလိုသဘာဝကဖြစ်လာတဲ့ အရာတွေမဟုတ်ဘဲ လူတွေဖန်တီးထားတဲ့ နတ်ဘုရားတွေကို ကိုးကွယ်အားကိုး လာကြတယ်။
ဒီနတ်ဘုရားတွေဟာ ရာသီဥတုတွေ၊ ရောဂါကပ်ဘေးတွေ၊ အစာရေစာပေါကြွယ်ဝမှု၊ စစ်မက် အစရှိတဲ့ ကိစ္စအ၀၀ကို ဖန်တီးတယ်လို့ ယူဆကြရာကစလို့ အတိတ်နိမိတ်တွေကောက်ပြီး အဖြစ်အပျက် အကောင်းအဆိုးတွေကို ခန့်မှန်းကြတယ်။ အဆိုးတွေ ဖြစ်လာမယ်လို့ထင်ရင် ယဇ်ပူဇော်တာလိုမျိုးတွေနဲ့ ချေဖျက်ဖို့ ကြိုးစားကြတယ်။

သူ့ခေတ်သူ့အခါ ဖန်ဆင်းရှင် အစွဲအလမ်း၊ အတိတ်နမိတ်နဲ့ ယဇ်ပူဇော်မှုတွေ အားကောင်းနေတဲ့အချိန် ဘီစီ ၆ ရာစုဝန်းကျင်မှာ အစဉ်အလာတွေ အကုန်လုံးကို ရဲရဲဝံ့ဝံ့ဖောက်ထွက်ငြင်းပယ်ခဲ့တဲ့ မဟာလူသား ဗုဒ္ဓ ပွင့်တော်မူခဲ့တယ်။ အံ့သြစရာကောင်းတာက လူထက်သာလွန်ကဲတဲ့ နတ်ဒေ၀တာ တစ်ပါးမဟုတ်ဘဲ ဘုရားရှင်ကိုယ်တော်တိုင်ဟာ လူသားစင်စစ် ဖြစ်နေတယ်။ ဖန်ဆင်းရှင်ဝါဒ (Creationism) ကိုပယ်တဲ့ တစ်ခုတည်းသော ဘာသာကြီးဖြစ်တဲ့အပြင် သိပ္ပံနည်းကျ စကြ၀ဠာများစွာရှိတဲ့ အယူအဆကိုလည်း သိပ္ပံပညာ မပေါ်ခင်ကတည်းက ဟောကြားတော်မူခဲ့တယ်။

ဘုရားရှင်ရဲ့ သက်တမ်းတစ်လျှောက်မှာ လူသား၊ တိရစ္ဆာန် တစ်စုံတစ်ဦးကိုမှ နာကျင်ထိခိုက်အောင် ပြုလုပ်ခဲ့ခြင်း မရှိသလို ဘာသာတရားအကြောင်းပြုပြီး စစ်ပွဲတွေဖြစ်ပွားခဲ့တာလည်း မရှိဘူး။ ဘုရားရှင်က သူ့ခေတ်သူ့အခါက အိန္ဒိယမှာ အင်မတန်အရေးပါတဲ့ ဇာတ်အနိမ့်အမြင့် ခွဲခြားမှုကို တိုက်ဖျက်ပေးခဲ့ရုံသာမက မိန်းမတွေဟာ ယောက်ျားထက် တစ်ဆင့်နိမ့်ပါတယ်ဆိုတဲ့ အရိုးစွဲနေတဲ့ အယူအဆ၊ ယဇ်ပူဇော်ခြင်း အယူအဆတွေကိုပါ ပယ်ဖျက်ပေးသွားတယ်။

ဗုဒ္ဓဟာ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတဲ့ ကမ္မ၀ါဒကို ဟောကြားခဲ့တယ်။ အဖြစ်အပျက်မှန်သမျှဟာ ဆက်စပ်ဖြစ်ပေါ်တယ်။ အကြောင်းမရှိဘဲ အကျိုးမရှိလာဘူး ဆိုတာကို ဟောပြခဲ့တယ်။ ဗုဒ္ဓရဲ့ အယူအဆဟာ သိမ်မွေ့နူးညံ့ပြီး ရုပ်ဝတ္ထု သိပ္ပံပညာနဲ့ ယှဉ်ကြည့်တဲ့အခါမှာလည်း လိုက်လျောညီထွေ ရှိတယ်။ သိပ္ပံပညာဆိုတာက အဖြစ်အပျက်တစ်ခု ဖြစ်လာတဲ့အခါ ဘာ့ကြောင့်ဖြစ်ရတာလဲဆိုတာကို သက်သေထူရတာဆိုတော့ အကျိုးပေါ်မူတည်ပြီး ဆက်စပ်ဖြစ်ပေါ်ရတဲ့ အကြောင်းတရားကို ရှာဖွေတာပဲ။ ဗုဒ္ဓ ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေကို လိုက်နာကျင့်သုံးကြသူတွေကို ဗုဒ္ဓဘာသာဝင်လို့ ခေါ်ကြတယ်။ ကံဆိုတဲ့ အကြောင်းတရားကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားကို တခြားလူမဆိုထားနဲ့ အနန္တတန်ခိုးတော်ရှင် ဗုဒ္ဓတောင် တားမြစ်နိုင်ခြင်း မရှိဘူး။ ဗုဒ္ဓကိုယ်တော်တိုင် ၀ိပါက်တော် ၁၂ ပါးကို ခံစားခဲ့ရတယ်။ ပြုခဲ့ဖူးတဲ့ အကြောင်းတရားကြောင့် မလွဲမသွေ သတ်ဖြတ်ခံရခြင်းဘေးနဲ့ ရင်ဆိုင်ရတော့မယ့် သူတွေကိုလည်း တရားပြခြင်းသာ ပြုလုပ်ခဲ့ရတယ်။ ဗုဒ္ဓက အကြောင်းနဲ့ အကျိုး ဆက်စပ်ဖြစ်ပေါ်မှုကို ဟောခဲ့ပါလျက် ကိုယ့်ကိုယ် ကိုယ် ဗုဒ္ဓဘာသာလို့ ခံယူထားတဲ့ သူအချို့ကတော့ အကြောင်းနဲ့အကျိုး ဆက်စပ်ဖြစ်ပေါ်မှုကို မဆင်ခြင်နိုင်ဘူး။ တစ်စုံတစ်ယောက်က ဖန်ဆင်းပေးလိုက်သလိုမျိုး စွဲကြတယ်။ လူတိုင်း တစ်နေ့သွားရမယ့်လမ်းဆိုတာ သိပေမယ့် သေဆိုတဲ့စကားကို မပြောရဲဘူး။ နိဗ္ဗာန်ယာဉ်တွေ့ရင် မကြည့်ဘူး။ ကိုယ့်အိမ်ရှေ့ နိဗ္ဗာန်ယာဉ်ရပ်ရင် မကြိုက်ဘူး။ ဌာနဆိုင်ရာတွေမှာ ခုံခေါက်ရင် အလုပ်ရှုပ်တတ်တယ်။ ဆေးရုံတွေမှာ ဂျူတီညအင်္ကျီအနက်ဝတ်ရင် လူနာများတယ်။ အနီဝတ်ရင် သွေးထွက်သံယို ဖြစ်တယ်။ လူသေပြီးမှ ရပ်ရွာထဲ ပြန်သွင်းရင် ခိုက်တတ်တယ်။ ငှက်ဆိုးထိုးသံကြားရင် လူသေတတ်တယ်။ လမ်းဦးတိုက် လှေဦးတိုက်နေရင် စီးပွားကျတယ်။ ခရီးသွားရင် အချိန်မမေးကောင်းဘူး၊ ဂြိုဟ်စီးဂြိုဟ်နင်း အတက်အကျ ဆိုတာမျိုးတွေပေါ့။ ဒါတွေဟာ ဘာ့ကြောင့်ဆိုတဲ့ အကြောင်းတွေကို မသိဘူး။ ဒီလိုပဲ အကြောက်တရားနဲ့ပဲ ယုံကြည်လက်ခံနေခဲ့ကြတာ။ တစ်နည်းအားဖြင့် အယူသီးနေခဲ့တာပေါ့။ ဒီလိုအယူအဆတွေဟာ အရမ်းအားကောင်းလာတဲ့အခါ အကြောင်းနဲ့ အကျိုး ဆက်စပ်ဖြစ်ပေါ်မှုကို ပယ်လိုက်သလို ဖြစ်သွားတယ်။ အကြောင်းနဲ့အကျိုး ဆက်စပ်ဖြစ်ပေါ်မှုကို ပယ်တဲ့အခါ ဥစ္ဆေဒဒိဋ္ဌိ သဘော သက်ရောက်သွားတယ်။

ကိုယ့်ဘာသာ ယုံကြည်ရာ အယူသီးတာ ဘယ်သူ့ကိုမှ ထိခိုက်တာ မဟုတ်ဘူးလို့ ထင်မြင်တဲ့သူတွေလည်း ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ ဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့တဲ့အချိန် ခဏလေးအတွင်းမှာကိုပဲ မဟုတ်တာကိုစွဲပြီး အယူသီးခြင်းကြောင့် ကြားထဲက လူတွေခမျာ မချိမဆံ့ ခံစားကြရတဲ့အဖြစ်အပျက် သုံး၊ လေးခုထိ မနည်းကို ကျွန်တော်ကိုယ်တိုင် မြင်တွေ့ခဲ့ရဖူးပါတယ်။ လှေကားပေါ်ကနေ ပြုတ်ကျတာကြောင့် လည်ပင်း ကျောရိုး ထိခိုက်သွားပြီး တစ်ကိုယ်လုံးအကြောသေသွားတဲ့ လူနာတစ်ယောက်ကို သူ့အိမ်သားတွေက ဖုတ်ဝင်နေတယ်လို့ ယူဆပြီး ဒီအတိုင်းပစ်ထားတယ်။ ပစ်ထားလို့ ခါးမှာဖြစ်လာတဲ့ အိပ်ရာနာ (Bedsore) ဟာ လက်တစ်ဝါးစာမက ဖြစ်လာတဲ့အပြင် အတွင်းထိအောင်လည်း လှိုက်စားနေတာကြောင့် အစာဟောင်းအိမ်နဲ့ တစ်ဆက်တည်းဖြစ်ပြီး ရွှဲရွှဲစိုနေတယ်။
ဒါပေမဲ့လည်း အဲဒီအညစ်အကြေးတွေကို ရှင်းလင်းသုတ်သင်ပေးတာ၊ အနာကို ဆေးထည့်ပေးတာမျိုးတွေ မလုပ်ပေးဘူး။ အကြောင်းပြချက်က ဖုတ်ဝင်နေတော့ မထိရဲမကိုင်ရဲ ကြောက်လို့ပါတဲ့။ ခေါင်းကလွဲလို့ ဘာမှလှုပ်လို့မရတဲ့ လူနာမှာ ပါးစပ်က ညည်းညူနေရုံကလွဲလို့ အားကိုးစရာမရှိရှာဘူး။ ခံစားနေရတဲ့ ဝေဒနာကြောင့် ညဘက်ဆို ညည်းညူနေတတ်တဲ့ လူနာကို အိမ်နီးနားချင်းတွေကလည်း ဖုတ်ဝင်နေလို့ပါဆိုပြီး ၀ိုင်းပြောတတ်ကြတယ်။ ဖြစ်နေတဲ့ ရောဂါအခြေအနေတွေအရ ဒီလူနာဟာ နောက်ထပ် ရက်ပိုင်းထက် ပိုမခံနိုင်တော့ဘူးဆိုတာ သိသာပါတယ်။ ဒါပေမဲ့ ကံဆိုးမှုတွေ မကုန်သေးတဲ့လူနာခမျာ နောက်တစ်နေ့မှာ ပယောဂဆရာနဲ့ ဖုတ်နှင်ခံရပြန်ပါသေးတယ်။ ပယောဂနှင်ပြီး သိပ်မကြာဘူး။ လူနာလည်း ဆုံးပါးသွားပါတော့တယ်။ သရက်ရွက်ကင်ဆာ
(Pancreas Cancer) ဖြစ်နေတဲ့ လူနာတစ်ယောက်လည်း ဒီအတိုင်းပါပဲ။ အားနည်း ချည့်နဲ့နေပြီမို့လို့ ပိန်ချုံးနေတဲ့ လူနာကို ဖုတ်ဝင်တယ်ဆိုပြီး အမှောင်ထဲမှာ ထားတယ်။ လှုပ်တောင် မလှုပ်နိုင်တဲ့ လူနာကိုယ်ပေါ်မှာ ခြင်တွေမှ သီးလို့။ ပယောဂနှင်တယ်ဆိုပြီး တစ်ကိုယ်လုံး အရှိုးရာတွေနဲ့ ဆေးခန်းရောက်လာတဲ့ မိန်းကလေးငယ်တစ်ယောက်လည်း ရှိခဲ့ဖူးတယ်။ ဒီလိုပဲ အိမ်တစ်အိမ်မှာ အသုဘဖြစ်တော့ လာသယ်တဲ့ နိဗ္ဗာန်ယာဉ်ကို အိမ်ရှေ့အရပ်မခံကြလို့ အလောင်းကို လမ်းထိပ်ထိ ထမ်းထုတ်ရတာကိုလည်း မြင်ခဲ့ရဖူးတယ်။

အယူသီးတယ်ဆိုတာဟာ ပညာတတ်ခြင်း၊ မတတ်ခြင်းနဲ့ မသက်ဆိုင်ဘဲ ကိုယ်ကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင် ဆုံးမသွန်သင်ခံရတဲ့ အနေအထားတွေပေါ်မှာ မူတည်နေတတ်ပါတယ်။ သားသမီးတွေဟာ မိဘစကားကို နားထောင်တတ်ကြတာကြောင့် အုပ်ချုပ်တဲ့ မိဘတွေရဲ့ ဓလေ့စရိုက်တွေဟာ သားသမီးမြေးမြစ်တွေအထိ ကူးစက်တတ်လေ့ရှိတယ်။ မိဘတွေ အယူသီးတတ်ရင် သားသမီးတွေလည်း အယူသီးတတ်ကြတယ်။ ကိုယ့်ကိုသွန်သင်ခဲ့တဲ့သူတွေရဲ့ အဆုံးအမဆိုတော့ ဖြစ်နိုင်သည် မဖြစ်နိုင်သည် ဖောက်ထွက်စဉ်းစားဖို့ မ၀ံ့ရဲကြတော့ဘူး။ ဌာနဆိုင်ရာတွေမှာလည်း အထက်လူကြီးက အယူသီးတဲ့အခါ လက်အောက်ငယ်သားတွေကပါ အလိုလိုအစွဲဝင်သွားတယ်။ ဆေးရုံမှာ အလုပ်သင်ဆရာဝန်အဖြစ် လုပ်တဲ့အချိန်မှာ ခုံလုံးဝမခေါက်ရဲအောင် ဖြစ်ရ၊ အင်္ကျီအနီ၊အနက် မ၀တ်ရဲအောင် ဖြစ်ရ၊ ပေါင်ချိန် သိချင်လို့မှ ပေါင်မချိန်ရဲအောင် ဖြစ်ရတဲ့ အဖြစ်အပျက်လေးတွေ ရှိခဲ့ဖူးတယ်။ ကြည့်လိုက်ရင်တော့ ဘာမှမဟုတ်တာလေး တွေပေမယ့် စိတ်ဖိစီးမှုတွေတော့ အထိုက်အလျောက် ခံစားခဲ့ရတယ်။

တကယ်တော့ အယူသီးတယ်ဆိုတာ ဘယ်သူ့ကိုမှ မထိခိုက်ဘူးလို့ ထင်မြင်ရပေမယ့် ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်က လူတွေအပေါ်မှာ သက်ရောက်မှုတွေ ရှိနေပါတယ်။ အဲဒီသက်ရောက်မှုတွေမှာ စိတ်ဖိစီးမှုတွေ၊ မလိုအပ်ဘဲ အလုပ်ရှုပ်ရတာတွေကစလို့ တစ်ခါတလေမှာ အပြင်းအထန် ထိခိုက် နာကျင်ရတာတွေ ဖြစ်စေနိုင်ပါတယ်။ ဘာသာရေးအရလည်း ဘယ်လိုမှ လက်သင့်မခံသင့်တဲ့ အစွဲအလမ်းတွေဖြစ်သလို အယူအစွဲတွေ သိပ်ပြင်းထန်လွန်းတဲ့အခါ သရဏဂုံညှိုး နွမ်းတာမျိုးအထိ ဖြစ်ရတယ်။ ဗုဒ္ဓဟောကြားခဲ့ခြင်း မရှိတဲ့အရာတွေအပေါ်မှာ အယူသီးနေမယ်ဆိုရင် ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်ရကျိုးမနပ်ဘဲ ရှိပါလိမ့်မယ်။

အမျိုးသမီးဆိုပြီး အထင်မသေးနဲ့


အမျိုးသမီးလေးတွေဆိုပြီး အထင်မသေးကြနဲ့။ အောက်က ပုံတွေက ပရိယတ္တိသာသနာအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြသော အမျိုးသမီး သာသနာ့အနွယ် သီလရှင်ဆရာလေးများ ဖြစ်ကြပါတယ်။ သကျဓီတာ သီလရှင်စာတိုက်(စစ်ကိုင်း)၏ (၁၃)ကြိမ်မြောက် သဒ္ဓမ္မဒ္ဓဇ စာမေးပွဲဖြစ်ပါတယ်။ ဒီစာမေးပွဲလေးကျင်းပရတဲ့ ရည်ရွယ်ချက်က မကြာတော့မီအချိန်မှာ နိုင်ငံတော်အစိုးရက ကျင်းပမည့် ပထမပြန်စာမေးပွဲစာမေးပွဲ၊
ဓမ္မာစရိယ(စာချတန်း) စာမေးပွဲများအတွက် အထောက်အကူလည်းဖြစ်စေသလို ကျောင်းတိုက်ကြီး၏ စည်းမျဉ်းတစ်ရပ်လည်းဖြစ်ပါတယ်။ ထိုစာမေးပွဲအောင်မြင်သူများအတွက် ကမ္ဘာမကျော်တဲ့ လူမသိ သူမသိတဲ့ ဘွဲ့လက်မှတ်လေးတွေ ဘာအဆောင်အယောင်မှမပါဘဲ ဆက်ကပ်မည်ထင်ပါတယ်။ အားသွန်ခွန်စိုက် ပိဋကတ်တော်များကို ကျက်မှတ်ပြီး ဖြေဆိုအောင်မြင်မှ ရရှိတဲ့ လက်မှတ်ဆိုတော့ အရည်အချင်းလည်းရှိသလို၊ ဂုဏ်လည်းယူစရာကောင်းပါတယ်။ အဆောင်အယောင်တွေ၊ ပကာသနတွေဘာမှမပါဘူး။ တီဗီကလည်း မထုတ်လွင့်ပေးပါ။ မြဝတီကလည်း ရိုက်ကူးမပေးပါ။ MRTV-4ကလည်း မှတ်တမ်းမတင်ပါ။ Sky Net ကလည်း စိတ်မဝင်စားပါ။ သို့သော် မည်သူတွေ မည်သည့်အဖွဲ့အစည်းတွေ၊ အောက်ထစ်ဆုံး ဘယ်နိုင်ငံမှအသိအမှတ်မပြုပေမယ့် သာသနာကိုကြည်ညို၊ သာသနာကိုလေးစား၊ သာသနာကိုမြတ်နိုးတဲ့ ရဟန်း၊ရှင်၊ လူများကတော့ ထိုထို ဆရာလေးများ၏ သာသနာ့လုပ်ဆောင်ချက်များကို အသိအမှတ်ပြုနေမှာပါ။ ထိုထက်ပို၍ ဘုရားအဆုံးအမများကို သင်အံ ပို့ချ ကြိုးစားသူများကို မြတ်စွာဘုရားနှင့် သံဃာတော်များ၊ သူတော်ကောင်းများကတော့ သာဓုခေါ် ဂုဏ်ယူနေမှာပါ။
တချို့ သံဃာတော်များ၊ တချို့ကိုရင်လေးများ၊ တချို့ သီလရှင်လေးများဆိုပါလျှင် ကြိုးစားလွန်းလို့ အားနည်းပြီး မူးလဲတဲ့အထိ၊ ဆေးသွင်းရတဲ့အထိ ပင်ပင်ပန်းပန်းကြိုးစားကြတာကို ကိုယ်တိုင် မြင်ဖူး တွေ့ဖူးပါတယ်။ သာသနာအတွက် ဂုဏ်ယူစရာပါ။ ရှေးတုန်းက ပိဋကတ်တော်များကို လက်ဆင့်ကမ်း သယ်ဆောင်လာတော်မူတဲ့ သာသာ့အာဇာနည် သံဃာတော်အရှင်သူများ၏ ထုံးကို နှလုံးမူဟန်တူပါတယ်။

စည်းနဲ့ကမ်းနဲ့၊ စည်းရှိရှိ၊ ကမ်းရှိရှိ၊ ကြိုးစားဆောင်ရွတ်နေတာကိုမြင်ရတော့ သာသနာ့ဝန်ထမ်းတစ်ပါးအနေဖြင့် လေးစားမိကြောင်း၊ ဂုဏ်ယူမိကြောင်း မှတ်တမ်းတင်လိုက်ပါသည်။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

"ထားမေတ္တာနှင့် ပွားမေတ္တာ"


မေတ္တာကို ရင်ထဲတွင် ထားရှိပြီး မေတ္တာပွားသင့်ကြောင်း ဆရာတော်အရှင်ဆန္ဒာဓိက ကဤသို့ ဆုံးမတော်မူခဲ့ပါ၏။
“တချို့လူများက မေတ္တာပွားတာကို လူသိရှင်ကြားရွတ်ဆို၍သာ ပွား
နေကြတယ်။ စိတ်ကမူ မေတ္တာပို့သနေသောသူများထံသို့
မရောက်ဘဲ ဟိုရောက် ဒီရောက်
ဖြစ်နေတတ်ကြတယ်။

ဤသို့ မေတ္တာပို့နည်းမှာလည်း
မမှန်ကန် မပြည့်စုံ။
အချို့လူများကျတော့လည်း လူအများအပေါ်မှာ မကောင်းသောစိတ်
ငါမထား၊ လူအများကို
ချမ်းသာစေချင်သည့် စိတ်ကောင်းစေတနာကိုသာ ထားသည်။
မေတ္တာကိုသာထားသည်။
ထို့ကြောင့် မေတ္တာကို အပတ်တကုတ်ကြိုးစား၍
ပွားနေစရာမလို၊ ပို့နေစရာမလိုဟု ယူဆတတ် ကြသည်။
အမှန်ကတော့ “ထားမေတ္တာ” ဆိုတဲ့
စိတ်ထဲ၊ နှလုံးထဲမှာ တကယ်မေတ္တာထားတဲ့ မေတ္တာနဲ့လည်း ပြည့်စုံဖို့ လိုတယ်။
စိတ်ထဲ၊ နှလုံးထဲမှာ မေတ္တာမရှိဘဲ လူကြားကောင်းအောင် အသံမြင့်
ပြီး မေတ္တာပို့နေတဲ့သူဟာ ဥစ္စာဘဏ္ဍာ ကိုယ့်မှာတကယ်မရှိဘဲ ရှိတယ်လို့ လူအများထင်အောင်
ကြွားဝါနေတဲ့သူနဲ့ တူနေပေလိမ့်မယ်။
ပထမဆုံး သတ္တ၀ါတွေအပေါ်မှာ မေတ္တာစိတ်ဓာတ်များ ပေါ်ပေါက်လာအောင် မိမိစိတ်ကိုမိမိ ပြုပြင်သင့်ပါတယ်။
အဲဒီလို စိတ်နှလုံးထဲမှာ မေတ္တာဓာတ်များ ပေါ်ပေါက်လာပြီ ဆိုတဲ့အခါမှာ
ပွားများဖို့ရာ ကြိုးစားရပါလိမ့်မယ်။
ပစ္စည်းဥစ္စာရှိသောသူများအနေနဲ့ ကိုယ့်ပစ္စည်းဥစ္စာကို အထုပ်ထုပ်ပြီး သိမ်းထားရင် ပွားများတိုးတတ်လာမယ် မဟုတ်ပါဘူး။
မေတ္တာစိတ် ပွားများတိုးတက်လာအောင် မေတ္တာပို့သတဲ့ အလုပ်များကို မှန်မှန်လုပ်သင့်ပါတယ်။
ဒါမှ ပွားများလာမှာ ဖြစ်တယ်။
မေတ္တာပို့သတဲ့ အခါမှာလည်း အရပ်မျက်နှာအလိုက် မေတ္တာပို့သတဲ့ အလုပ်ကို မှန်မှန်လုပ်ဖို့သင့်သလို မေတ္တာသုတ်ပရိတ်တော်ကိုလည်း
ရွတ်ဆိုပြီး မေတ္တာပို့သင့်ပါတယ်။
မေတ္တာသုတ်ပရိတ်တော်ကိုလည်း ရွတ်ဆိုတော့မယ်လို့ ဆိုတဲ့အခါ မြန်မာလို အဓိပ္ပါယ်သိအောင်
ဦးစွာ လေ့လာသင့်ပါတယ်။
မြန်မာလို သိပြီးတဲ့အခါကျမှ ပါဠိလို
ရွတ်ဆို ပူဇော်သင့်ပါတယ်။
မြတ်စွာဘုရားက ပါဠိလို
ဟောခဲ့တာကြောင့် ဖြစ်ပါတယ်။
မေတ္တာပွားတဲ့အလုပ်ကို စိတ်ညွတ်ပြီး လုပ်ရင်းက ရွတ်ဆိုနိုင်ပါတယ်။
ဒီလိုမှ မဟုတ်ရင်တော့
ပါဠိလို ရွတ်ရခြင်းကြောင့် မြတ်စွာဘုရား ကိုယ်တော်တိုင် ရွတ်ဆိုဟောပြောသော တရားတော်များကို ပူဇော်တဲ့အတွက် မြတ်စွာဘုရားရဲ့ မေတ္တာဓာတ်၊
ပါရမီဓာတ်များကို အနည်းငယ်သာ
ခံစားလို့ ရနိုင်တာကလွှဲလို့ အဓိပ္ပါယ်စိတ်ညွှတ်ပြီး မေတ္တာပွားနိုင်မှ အကျိုးပြည့်စုံပေလိမ့်မယ်။
မေတ္တာပွားတာကတော့ ပွားရမှာပါပဲ။ မေတ္တာစိတ် ပွားများဖို့၊ မေတ္တာ ပို့လွှတ်ဖို့က ပဓာနကျပါတယ်။
အသံကျယ်ဖို့က ပဓာန မကျပါဘူး။
အများသူငါ ချမ်းသာပါစေလို့ ရွတ်ဆိုတဲ့အချိန်မှာ ကိုယ့်ကြောင့်
အများသူငါ တကယ်ချမ်းသာဖို့ လိုပါတယ်။
အချိန်မတော် အချိန်တော် အကျယ်ကြီး မေတ္တာ ထပြီး ပို့နေတဲ့အတွက် အများ
မှာ မချမ်းသာရင် မေတ္တာပွားရာ မကျပါဘူး။

အရှင် ဆန္ဒာဓိက (ရွှေပါရမီတောရ)
{ မင်းနန်(မော်ကျွန်း)၏ ဆရာတော်ကြီးများ၏ သြ၀ါဒတော်များပေါင်းချုပ်မှ ထုတ်နုတ်
ရေးသားပူဇော်ပါသည်။ }
အရှင်ဝိမလဝံသ နာလန္ဒာတက္ကသိုလ်

ဒေါသဖြစ်လျှင်


ကျောင်းတော်ရာ ရွှေကျင်ဆရာတော်ဘုရား မိန့်တော်မူခဲ့သည်မှာ...." ဒေါသဖြစ်လာပြီ၊ စိတ်ဆိုးလာပြီဆိုရင် စကားမပြောပါနဲ့၊ ဘာအလုပ်မှ မလုပ်ပါနဲ့" ဟူ၍ ဖြစ်သည်။
မှန်ပါသည်။ ဒေါသဖြစ်လာလျှင် အကြောင်းအကျိုးအကောင်းအဆိုး မသိတော့ပါ။ အမှားများစွာကို ကျူးလွန်တတ်ပါသည်။ ထိုဖြစ်ပေါ်လာတဲ့ ဒေါသကို သတိနဲ့ ဆင်ခြင်ကာ လက်မလွန်အောင် ထိန်းသိမ်းနိုင်ရပါမည်။

အခါတစ်ပါး မြတ်ဘုရားရှင် ရာဇဂြိုဟ်ပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဘုရားရှင်က ကျောင်းဆောက် လှူခွင့်ပြုသည့်အတွက် ရာဇဂြိုဟ်သူဌေးစသူတို့က ကျောင်းဆောက်လှူကြပါသည်။ ထိုစဉ် အာဠ၀ီပြည်မှ ရဟန်းတစ်ပါး သည် ကျောင်းဆောက်ဖို့ရန် သစ်ပင်တစ်ပင်ကို ခုတ်လေ၏။ ထိုသစ်ပင်တွင် နေထိုင်သော ဗိမာန်ရှင် နတ်သမီးက သစ်ပင်မခုတ် ရန် တောင်းပန်သော်လည်း မရပေ။ သူ့သမီးလေးကို သစ်ကိုင်းပေါ်တင်ထားရာ ရဟန်းက ထိုသစ်ကိုင်းခုတ်မိ၍ သမီးလေးရဲ့ လက်မောင်းပြတ်သွားလေ၏။ နတ်သမီးသည် အရမ်းစိတ်ဆိုးသွားပြီး ထိုရဟန်းကို ကိုင်ပေါက်ရန် လက်မြောက်စဉ် သတိဝင် လာလေသည်။ သြော် ရဟန်းက သီလရှိတဲ့ရဟန်း၊ ဒီရဟန်းကို ငါသတ်လိုက်ရင် ငရဲကျမယ်။ အခြားရဟန်းတွေ သစ်ပင်ခုတ်တာ ကိုလည်း အခြားနတ်များက တွေ့လျှင် ငါ့ကို နမူနာယူပြီး ရဟန်းများကို သတ်လိမ့်မည်။ အကုန်လုံး ငရဲကျလိမ့်မယ်။ ဒီရဟန်းမှာ သူ့ဆရာ ရှိသည်။ ဆရာဘုရားကို သွားလျှောက်မည်ဟု ကြံပြီး ဘုရားထံသွားလေ၏။ ထို့နောက် ဘုရားရှင်အား ဖြစ်စဉ် ကို လျှောက်ထားလိုက်လေ၏။ ထိုအခါ ဘုရားရှင်က အောက်ပါအတိုင်း မိန့်တော်မူလေသည်။
"နတ်သမီး၊ လျင်မြန်စွာ ပြေးနေတဲ့ မြင်းရထားကို တားမြစ်နိုင်ခြင်းဟာ အင်မတန်ကောင်းလှပေတယ်။ ထို့အတူ ဖြစ်ပေါ် နေတဲ့ ဒေါသကို အရှိန်ထိန်းကာ တားမြစ်နိုင်တဲ့ပုဂ္ဂိုလ်ကို ငါဘုရား တကယ့်ရထားထိန်းဟူ၍ ဟောတော်မူတယ်။ ရိုးရိုးဒေါသကို မတားမြစ်နိုင်တဲ့ ဒီရိုးရိုးရထားထိန်းများကိုတော့ ငါဘုရားက ကြိုးကိုင်ဟူ၍သာ ဟောတော်မူတယ်။"
ဒေသနာအဆုံးမှာ နတ်သမီးသည် သောတာပန်ဖြစ်သွားလေ၏။ ဘုရားရှင်က သူ့ကို ဂန္ဓကုဋီနားရှိ စုတိစိတ်ကျသွားသော နတ်သား၏ သစ်ပင်ဗိမာန်ကို ထိုနတ်သမီးအား ပေးလေ၏။ ထိုအခါ နတ်သမီးသည် တန်ခိုးကြီးနတ်များလာသော်မှ နေရာ ဖယ်ပေးစရာမလိုတော့ပေ။
ထို့ကြောင့် ဓမ္မမိတ်ဆွေများအားလုံး မတတ်သာလို့ မိမိတို့ဒေါသ ဖြစ်ပေါ်လာခဲ့သည်ရှိသော် ထိုနတ်သမီးကဲ့သို့ သတိနဲ့ ဆင်ခြင်ကာ မမှားသင့်တာ မမှားအောင် စောင့်ထိန်းနိုင်ပါစေဟု ဆန္ဒပြုလိုက်ပါသည်။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

August 30, 2015

ပရိညာ (၃)ပါး


       ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာရှုနည်းတွင် တရားအားထုတ်
တော့မယ်ဆိုရင် ဦးစွာနာမ်နဲ့ရုပ်ကို ခွဲခြားတတ်ရမယ်။ မြင်စရာအဆင်းနဲ့ မြင်တဲ့မျက်စိက ရုပ်၊
သိမှုကနာမ်၊ အာရုံ (၆) ပါးမှာလည်း ရုပ်နဲ့နာမ်ဟာ အမြဲ ယှဉ်တွဲနေတယ်။ တခါ တရားကို
အားထုတ်ရာမှာ ပရိညာ(၃) ပါးနဲ့သိ သိသွားရမယ်။

  ၁။ ဉာတပရိညာ  = ဖြစ်ဆဲရုပ်နာမ်ကို ဒီဟာသည်ရုပ်၊ ဒီဟာသည်နာမ်လို့ ခွဲခြားပြီးသိရမယ်။
  ၂။ တီရဏာပရိညာ = ဖြစ်ဆဲ ရုပ်နာမ်တို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတွေကို ပိုင်းခြားပြီး
သိရမယ်။
  ၃။ ပဟာနပရိညာ = နာမ်ရုပ်တို့အပေါ်မှာ “ငါ”ဆိုတဲ့ တဏှာစွဲ၊ ရုပ်ဟာ “ငါပဲ” ဆိုတဲ့ မာနစွဲ၊
ဒီရုပ်ဟာ “ငါ ”ကိုယ်ဆိုတဲ့ ဒိဋ္ဌိစွဲ၊ ဒီအစွဲသုံးခုကို သိအောင်လုပ်ပြီး ပြုတ်အောင် ဖြုတ်ရမယ်။ ။
( ၀ိပဿနာ တရားရိပ်သာများလမ်းညွှန် ၂၀၁၅ / စာမျက်နှာ ၇၇ မှ ကူးယူရေးသား
   ပူဇော်ပါသည်။)
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

“ ပညာရှိ သူတော်ကောင်းကို ဆည်းကပ်"

                                 
လောကမှာ အသိရယ် အကျင့်ရယ် နှစ်မျိုးနှစ်စားရှိတယ်။
သိတာက ၀ိဇ္ဇာ၊ကျင့်တာက စရဏ။
သိရုံသိပြီး မကျင့်ဘူးဆိုရင် ပညာရှိလို့ မခေါ်ဘူး။
ဗဟုသုတများတဲ့ ပုဂ္ဂိုလ်လို့ ပဲခေါ်နိုင်တယ်။
ပညာရှိဆိုတာက သိသင့်သိထိုက်တာကို
ကွဲကွဲပြားပြား ခြားခြားနားနားသိတယ်။
ရှင်းရှင်းလင်းလင်း မှန်မှန်ကန်ကန်သိတယ်။

သိတဲ့အတိုင်းလည်း ပယ်သင့်ပယ်ထိုက်တာကို ပယ်နိုင်အောင်၊
ပွားသင့်ပွားထိုက်တာကို ပွားနိုင်အောင်ကြိုးစားတယ်။
အသိနဲ့ အကျင့် တစ်ထပ်တည်း ဖြစ်တဲ့သူကိုခေါ်တာ။
ပဏ္ဍိတလို့ လည်း ခေါ်တယ်။
သူတော်ကောင်းက ရတနာမြတ်သုံးပါးကို ရိုသေလေးစားတယ်။
သီလကို ထိန်းသိမ်းစောင့်ရှောက်တယ်။
မကောင်းတာတွေကိုမလုပ်ဘူး။
မကောင်းတာတွေကို မပြောဘူး။
မကောင်းတာတေါကို မကြံစည်ဘူး။
အရှက်လည်းရှိတယ်။ အကြောက်လည်းရှိတယ်။
သူတစ်ပါး ကျေးဇူးကို သိတက်တယ်။
သိတဲ့အတိုင်းလည်း ကျေးဇူးပြန်ဆပ်လေ့ရှိတယ်။
ဒါက သူတော်ကောင်း။
တချို့ က သူတော်ကောင်းလို့ ခေါ်နိုင်ပါတယ်။
ပညာမရှိတဲ့အတွက် ပဏ္ဍိတတော့ မဟုတ်ဘူး။
ဒါမျိုးလည်းရှိတက်ပါတယ်။
ဒါကြောင့်မို့ ပညာလည်းရှိရမယ်။ သူတော်ကောင်းလည်းဖြစ်ရမယ်။
အဲ့ဒီလို ပုဂ္ဂိုလ်မျိုးကို မှီဝဲဆည်းကပ်ရမှာ။ ဒါပေမဲ့ ပညာရှိ သူတော်ကောင်းကလည်း အဆင့်ရှိသေးတယ်။ တချို့ က သီလလောက်ပဲ ကျင့်တော့ သီလကိုပဲ ရှေ့ တန်းတင်တင်ပြောတယ်။
“ မင်းတို့ သမထတွေ ၀ိပဿနာတွေ
ကြီးကြီးကျယ်ကျယ် လျှောက်ပြောမနေစမ်းပါနဲ့ ၊
ကိုယ်ချင်းစာတရားလေးထားပြီး ငါးပါးသီလ လုံအောင် အရင်စောင့်စမ်ပါဦး’’
“ ခေါင်းပေါင်းကြီးကတလူလူ အောက်ကပုဆိုးက မရှိဘူးဖြစ်နေတယ်။
အပေါ်ကို အသာထားစမ်းပါဦး။ပုဆိုးကို အရင်ဝတ်စမ်းပါ။
သီလ စောင့်တာလည်း မဂ်ဖိုလ် နိဗ္ဗာန်ကို ရနိုင်ပါတယ်’’
သာသနာတွင်းရောက်နေတာ သီလလုံရုံလောက်နဲ့ 
သာသနာတော်ကြီးနဲ့ ကြုံရကျိုးနပ်ပါ့မလား။
(မနပ်ပါဘူးဘုရား)
တချို့ ကျတော့လည်း “ မင်း ၀, မရှိဘဲ ၀ိလုပ်နေတာ ငတ်သေနေဦးမယ်။
ပြည့်ပြည့်စုံစုံဖြစ်အောင် သမထ အရင်လုပ်ဦးမှပေါ့ကွ။
သိဒ္ဓိတွေ၊ မဟိဒ္ဓိတွေရအောင် လုပ်ဦး။
မင်းဝိပဿနာက ချက်ချင်းကြီးရတာမှ မဟုတ်ဘဲ”။
“ မင်းတို့ ဝိပဿနာလုပ်နေတာကြာလှပြီ။ဘာမှလည်းမဖြစ်ဘူး။
ငါလုပ်တဲ့အတိုင်း ပုတီး(၁၀၈)ပတ်စိပ်ကြည့်စမ်း။
(၄၅) ရက်ဆို မင်းတို့ သိသာလိမ့်မယ် ” ဒီလိုပြောတဲ့သူတွေလည်း မရှိဘူးလား?၊(ရှိပါတယ်ဘုရား)
ရှိတယ်။အဲ့ဒါမျိုးကို သဘောကျတဲ့သူတွေကလည်း အများကြီးပဲ။
အရင်ဦးဆုံး သမထလုပ်ပြီး သမာဓိရတော့မှ ၀ိပဿနာပြန်ကူးရင်တော့ မှန်တယ်နော်။အဲ့ဒီလိုမှ မဟုတ်ဘဲ သမထနဲ့ ပဲ လမ်းဆုံးနေတဲ့ ပုဂ္ဂိုလ်မျိုးဆည်းကပ်မိရင်တော့ သေတာသေသွားရော
ဝိပဿနာကို ဘာမှ မလုပ်ဖြစ်တော့ဘူး။ အဲ့ဒါဆိုရင်တော့လွဲပြီး။
ကမ္ဘာပေါင်း အသင်္ချေ အနန္တကို လွဲသွားနိုင်တယ်နော်။
ဆည်းကပ်ရမှာက ကိုယ်တိုင်လည်း အပါယ်တံခါးပိတ်တဲ့ ပုဂ္ဂိုလ်၊
ဒါမှမဟုတ် အပါယ်တံခါးပိတ်အောင် ကြိုးစားနေတဲ့ပုဂ္ဂိုလ်၊
အပါယ်တံခါးပိတ်တဲ့လမ်းကို ပိုင်ပိုင်နိုင်နိုင်သိတဲ့ ပုဂ္ဂိုလ်၊
သူများကိုလည်း အပါယ်တံခါးပိတ်အောင်လမ်းညွှန်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးကို မှီဝဲဆည်းကပ်ရမယ်။
ဆိုလိုတာက သီလ၊သမာဓိ၊ပညာ သိက္ခာသုံးပါးကို ကိုယ်တိုင်လည်းပြည့်စုံတယ်။
သူများကိုလည်း မဂ်ဥာဏ် ဖိုလ်ဥာဏ်ရအောင် ညွှန်ကြားပြသနိုင်တဲ့ ဆရာကောင်း ဆရားမြတ်တွေကို ဆည်းကပ်ပါ။ဆည်းကပ်တယ်ဆိုတဲ့ နေရာမှာ သက်ရှိထင်းရှားရှိနေတဲ့ ရဟန်းသံဃာကိုမှ ဆိုလိုတာမဟုတ်ဘူးနော်။
ရှေးဆရာတော်ကြီးတွေရေးသားထားခဲ့တဲ့ ၀ိပဿနာတရားစာအုပ်တွေဖတ်တာ၊
အလုပ်ပေးတရားတိပ်ခွေတွေကို နာယူတာကလည်း ဆည်းကပ်တာနော်။
လူဝတ်ကြောင်ဆရာတွေနဲ့ တရားရသွားတာတွေလည်းရှိပါတယ်။
{{{ ပုဂ္ဂိုလ်နဲ့ ဓမ္မ ခွဲခြားတက်ဖို့ တော့လိုတယ်။}}}
သာဓကအနေနဲ့ မြတ်စွာဘုရားလက်ထပ်တုန်းက သာမာဝတီမိဖုရားနဲ့ မောင်းမ ငါးရားဟာ
ခုဇ္ဇုတ္တရာကျွန်မ ဟောတဲ့ တရားကို နာပြီး သောတာပန်ဖြစ်ကုန်ကြတယ်ဆိုတာ ကြားဖူးတယ်မဟုတ်လား။(ကြားဖူးပါတယ် ဘုရား)
ဘုရားဟောတဲ့တရားကို ခုဇ္ဇုတ္တရာ က ပြန်ဟောတာပဲ။
ဓမ္မအပေါ် ဥာဏ်မရောက်ဘဲ ပုဂ္ဂိုလ်အပေါ်သောင်တင်နေရင် တရားရပါ့မလား၊(မရပါဘူးဘုရား)
ပုဂ္ဂိုလ်နဲ့ ဓမ္မ ခွဲခြားသိပါ။
နောက်ပြီး သတိပေးချင်တာက ခုခေတ် အခါမှာ ကြုံရတဲ့
ဆရာသမားဆိုတာကလည်း ရိုးရိုးသာဝကတွေပဲ။
ဘုရားမှမဟုတ်တာ။ ချို့ ယွင်းချက်တွေ အားနည်းချက်တွေရှိနိုင်ပါတယ်။
ကိုယ်က ပါးနပ်ဖို့ နဲ့  လိမ္မာဖို့ ပဲလိုတယ်။
ကောင်းတာလေးတွေ နည်းနာယူ၊ ချို့ ယွင်းချက်တွေ အားနည်းချက်တွေကို လျစ်လျူရှု့ ပစ်လိုက်။
အပြစ်ပြောမနေနဲ့ ။
ကိုယ့်အလုပ်ကိုယ်လုပ်။
ကိုယ့်အလုပ်က တရားရဖို့ မဟုတ်လား။
(ဟုတ်ပါတယ်ဘုရား)
ပညာရှိသူတော်ကောင်းဆိုတာကတော့
အပါယ်လေးပါးမကျအောင် မြန်မြန်ဆန်ဆန်
နိဗ္ဗာန်ရောက်အောင်ပဲ ဆုံးမညွှန်ကြားမှာ။
ဒကာ၊ဒကာမတွေ သစ္စာသိဖို့ အဓိကထားဟောပြောမှာပဲ။
သစ္စာသိမှ အပါယ်တံခါးပိတ်မှာကိုး။
အဲ့ဒီတော့ အပြောအဆိုက ကြမ်းချင်လည်း ကြမ်းမယ်။
ရေလိုက် ငါးလိုက် အကြိုက်လိုက်ပြောနေလို့  သစ္စာသိမှာ မဟုတ်ဘူးဗျ။ နားဝင်ကောင်းတာ။
ကျွေးမွေးပေးကမ်းတယ်ဆိုတာကလည်း ခဏတစ်ဖြုတ်သာ စားရတာ။
သေတော့ အပါယ်တံခါးမပိတ်ဘူး။ တစ်ဘ၀ ကောင်းစားဖို့ ထက် အပါယ်တံခါးပိတ်အောင်
မြန်မြန်ဆန်ဆန် နိဗ္ဗာန်ရောက်အောင်
ဆုံးမညွှန်ကြားနိုင်တဲ့ ဆရာကို ဆည်းကပ်ပါ။
< စာပေမှာလည်းရှိပါတယ်။ စာတက်ချင်ရင် စာတက်တဲ့ ဆရာသမားကို ဆည်းကပ်ပါ။ မဂ်ဥာဏ်ဖိုလ်ဥာဏ်ရ ချင်ရင် မဂ်ဥာဏ်ဖိုလ်ဥာဏ် ရ’ ထားတဲ့ ဆရာသမားကိုဆည်းကပ်ပါ။>>>
ကိုယ်က စာတက်ချင်တာလား?၊
စာတက်ချင်ရင် စာတက်တဲ့ ဓမ္မစရိယဘွဲ့ ရဆရာတော်တွေ၊
ပိဋကတ်သုံးပုံဆောင်ဆရာတော် ဘုရားကြီးတွေ ဆည်းကပ်။
ဒါမှ စာတက်မှာကိုး။
စာမတက်တဲ့ ပုဂ္ဂိုလ်တွေဆီသွားရင်ရနိုင်ပါ့မလား။(မရနိုင်ပါဘူးဘုရား)
မဂ်ဥာဏ် ဖိုလ်ဥာဏ်ရချင်ရင် မဂ်ဥာဏ် ဖိုလ်ဥာဏ်ရ ' ထားတဲ့ လယ်တီဆရာတော်ဘုရားတို့ ၊
စွန်းလွန်းဆရာတော်ဘုရားကြီးတို့ ၊
ဝေဘူဆရာတော်ဘုရားကြီးတို့ ၊ မိုးကုတ်ဆရာတော်ဘုရားကြီးတို့ 
မဟာစည်ဆရာတော်ဘုရားကြီးတို့ အဲ့နည်းတွေကို ချဉ်းကပ်ပြီးလုပ်ကြ။
တကယ်ရ’ ထားတဲ့ ဆရာတော်ဘုရားကြီးတွေရဲ့နည်းကို
ဦးထိပ်ပန်ဆင်ပြီးတော့ လုပ်ကြ။
ယောဂီတို့  ....၊
ပရိယတ်နဲ့ ပဋိပတ် က မတူဘူး။
ပိဋကတ်သုံးပုံဆောင်နေပါစေ၊ပဋိပတ်မှ လုပ်မထားလို့ ရှိရင်
ပဋိပတ်ကို သေသေချာချာ ရှင်းမပြတက်ဘူး။ စာလို ပဲ လျှောက်ပြောနေမှာ။
ပရိယတ် နဲ့ ပတ်သက်ရင်တော့ ကျကျနန၇ှင်းပြတက်တာပေါ့ဗျာ။
ဥပမာ….။ မိုးကုတ်ဆရာတော်ဘုရားကြီးနည်းဆိုပါတော့။
ပဋိပတ်သမုပ္ပဒ်နဲ့ပတ်သတ်လို့ ဟောထားတာ။
စက်ဝိုင်းကြီးကို လေ့လာမထားရင်
နားလည်လွဲအောင် ရှင်ပြတက်ပါ့မလား (မရှင်းပြတက်ပါဘုရား)
သူ့ နေရာနဲ့ သူ ယောဂီတို့ …။
တရားဟောတက်ပေမဲ့ စာမချတက်ဘူး။
စာချတက်ပေမဲ့လို့ တရားရချင်မှရတာ။
တရားရပေမဲ့လို့  ပြေပြေပြစ်ပြစ် မဟောတက်တာတွေလည်းရှိတယ်။
တချို့ ကျတော့ ဘာ မဂ်ဖိုလ်မှ မရသေးပေမဲ့ ကျကျနနဟောတက်တယ်။
သူဟာနဲ့ သူ ကွဲပြားမှုတွေရှိတယ်။
(ကျေးဇူးတော်ရှင် မြစိမ်းတောင် ဆရာတော် အသျှင်ဇာနေယျ)