February 4, 2015

စိတ်ထားတတ်ရင် မြတ်ပါတယ်။



       လောဘ ဒေါသ မောဟ စတဲ့ ကိလေသာတွေရဲ့ လွှမ်းမိုးမှုကြောင့် ဘယ်လိုပဲ အကောင်း
မျှော်မျှော် အကောင်းဖြစ်လာမှာ မဟုတ်ပါ။ အဲဒီ အဆိုးတရားတွေရဲ့အကျိုးက အကောင်းဖြစ်မ
လာသည့် အတွက်ကြောင့် ဘ၀မှာ နိမ့်ကျပြီး နောက်ဆုံးမှာ ဆင်းရဲဒုက္ခနဲ့ ကြုံကြရပါတယ်။
         အခု လူ့ဘ၀ရောက်လာတယ်ဆိုတာ ကုသိုလ်ကံ ကောင်းတဲ့အလှည့်လေးတစ်ကွက်ကြုံလို့

ခေတ္တခဏ အလည်ရောက်လာတာ ဖြစ်ပါတယ်။ အဲဒီ အလည်ရောက်လာတဲ့ အချိန်လေးမှာ ကု
သိုလ်ကောင်းမှုရဲ့ အရှိန်အ၀ါလေးကို ဆက်ပြီး မထိန်းနိုင်ဘူး ဆိုလို့ရှိရင်  လူတွေအားလုံးဟာ
ကာမဂုဏ်အာရုံစိတ်တွေနဲ့ မေ့မြောပြီးတော့ ပျော်စရာကိုသာ ကြံတွေးပြီး အပျော်အပါးထဲမှာသာ
စိတ်စိုက်ပြီး နေကြတဲ့အတွက်ကြောင့် အပါယ်ဘုံကိုပဲ ပြန်ကြ ရပါတယ်၊
         ငရဲဆိုတာတော့ ကိုယ်မမြင်ရလို့ လက်တွေ့ကြည့်လို့ မရနိုင်ပါ။ ဘုရားဟောတာကိုသာ
ယုံပြီးတော့ လက်ခံကြရပါတယ်၊ သို့သော် ကိုယ်မြင်ရတဲ့ အစိတ် အပိုင်းလေးတွေကိုပဲ ကြည့်ပါ...
အပါယ်လေးဘုံမှာ အပါအ၀င်ဖြစ်တဲ့ တိရစ္ဆာန်ဆိုတာ လူတိုင်းမြင် နေကြရပါတယ်။
         သူတို့ရဲ့ဘ၀ခမျာ အမြဲတမ်း နေစရာအတွက် စားစရာအတွက် လုံးပမ်းနေကြရပါတယ်၊
အလွန်ကံကောင်းလို့ လူတွေက မွေးထားတဲ့ တိရစ္ဆာန်အချို့လောက်သာ စားစရာ နေစရာ အ
လွယ်ရတာပါ။   စကားပြောနိုင် တာမဟုတ်တော့ ကောင်းတဲ့အလုပ်တွေကို မလုပ်နိုင်ပါ။ သူတို့မှာ
“အားရင်အိပ်မယ်၊ ဆာရင်စားမယ် ပျော်ပါးမယ်” ဒါပဲ ရှိကြပါတယ်။ ဒီစိတ်ကလွဲလို့ တခြား စိတ်
ဖြစ်စရာ အကြောင်းမရှိပါ။ သူတို့မတည့်တဲ့ အကောင်လာရင် ရန်ဖြစ်မယ် ဒေါသဖြစ်မယ် ဆိုတာ
တွေနဲ့ လွှမ်းမိုးပြီးတော့ နေကြရပါတယ်။ တွေးကြည့်လိုက်မယ်ဆိုရင် တို့တစ်တွေဟာလည်း
အဲဒီဘ၀မျိုးမှာ အများဆုံးဖြစ်ခဲ့ကြရတယ်လို့ မြတ်စွာဘုရားက ဟောထားပါတယ်၊ ဒါ့ကြောင့်
တို့တစ်တွေ လူ့ဘ၀ ရောက်နေတဲ့ အချိန်လေးမှာ ပျော်သလို နေသွားကြမယ်၊ ကိုယ့်စိတ်ထဲမှာ
ဖြစ်တဲ့ လောဘ ဒေါသ မောဟ ဆိုတာတွေကို မဖယ်ရှားနိုင်ကြဘူးဆိုလို့ရှိရင် တို့တစ်တွေ
ရောက်သွား မယ့်ဘ၀ဟာ တွေးကြည့်လို့တောင်မှ မ၀ံ့စရာ ကောင်းတဲ့ ဘ၀မျိုး ဖြစ်နိုင်ပါတယ်။
         ဒါတွေ ကြိုတင်စဉ်းစားပြီး ကြိုတင်သိရပါမယ်၊ နောက်ကျမှ သိတယ်ဆိုရင်တော့ အပိုပဲ၊
ပေတ၀တ္ထု ပါဠိတော်မှာ လူ့ဘ၀တုန်းက ပျော်သလိုနေပြီး ငရဲကျသွားကြတယ်၊ ပြိတ္တာဘုံ
ရောက်သွားကြတယ်၊ အဲဒီ  ပုဂ္ဂိုလ်တွေဟာ ဘာကို တမ်းတကြတုန်းဆိုလို့ရှိရင် “တို့တစ်တွေ
မသိမိုက်မဲလို့ လူ့ဘ၀တုန်းက ကုသိုလ်လုပ်ခွင့်တွေ ကြုံလျက်သားနဲ့ မလုပ်ခဲ့ကြဘူး၊ ပျော်သ
လို နေခဲ့ကြတယ်၊ ဒီတစ်ခါ လူပြန်ဖြစ်ရင်တော့ ကုသိုလ်ကောင်းမှုတွေ လုပ်မယ်” လို့ နောင်တ
စကား ပြောကြတာတွေ ရှိကြပါတယ်၊ နောင်တ နောင်မှရတဲ့အတွက် နောက်ကျသွားတယ်၊
နောက်ကျသွားရင် ဘာမှလုပ်လို့မရတော့တဲ့ အနေအထားမျိုး ဖြစ်သွားပါတယ်။
         ဒါကြောင့်မို့ လူ့ဘ၀ရနေတဲ့ အခိုက်မှာ အရေးအကြီးဆုံးက ကုသိုလ်ရဖို့ပဲ၊ တွေးမိတိုင်း
လောဘနဲ့ မတွေးမိဖို့၊ ဒေါသနဲ့မတွေးမိဖို့၊ မျက်စိကမြင်တဲ့အာရုံ၊ နားကကြားတဲ့ အသံအာရုံတွေ
နဲ့ ဆုံတဲ့အခါမှာလည်းပဲ လောဘမဖြစ်အောင် ဒေါသမဖြစ်အောင် မောဟမဖြစ်အောင်လို့ သတိ
ဆောင်ပြီးတော့ သမ္ပဇညတရား ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး နေထိုင်ရပါမယ်။
         အရေးအကြီးဆုံးက ကိုယ့်စိတ်လေးထဲမှာ အကုသိုလ်တရားတွေ မဖြစ်အောင်၊ ဖြစ်လာ
လို့ရှိရင် ဖယ်ရှားသုတ်သင်ဖို့ အရေးကြီးပါတယ်။ မဖြစ်အောင် ထိန်းတယ်ဆိုတာတောင် အကျင့်
ကြီးပါနေလို့ အကုသိုလ်က ဖြစ်တတ်သေးပါတယ်၊ သတိနဲ့ ကာကွယ်ရပါမယ်။ သတိထားနေလို့
ရှိရင် လျော့ပါးသွားပါမယ်၊ သတိထားနေရင် ဆင်ခြင်တုံတရားဆိုတာ လာပါမယ်၊ မြန်မာစကား
မှာ ပြောကြပါတယ်၊ “စိတ်ထားတတ်ရင် မြတ်ပါတယ်" တဲ့။ စိတ်ထားတတ်ဖို့ အဓိကပါ။
          ဒါကြောင့်မို့လို့ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းဆင်ခြင်မှုဟာ  စိတ်အလုပ် သက်သက်
ဖြစ်တာဖြစ်သောကြောင့် မိမိစိတ်ကလေးမှာ အကုသိုလ်တွေ မဖြစ်ရလေအောင်၊ အကုသိုလ်
တွေနဲ့ ဆိုင်ရာတွေ မတွေးတောလေအောင် ကောင်းတဲ့အာရုံနဲ့ အစားထိုးတာ ဖြစ်တယ်လို့ သိ
ရှိနားလည်ပြီးတော့ ကိုယ့်သန္တာန်မှာ အကုသိုလ် မဖြစ်အောင် သတိဆောင်၍ ကျင့်ကြံကြိုးကုတ်
အားထုတ်နိုင်ကြပါစေသတည်း။ ။
 { ၁၃၇၂-ခုနှစ်၊ တပို့တွဲလဆန်း(၃)ရက်၊ ၆-၂-၂၀၁၁၊ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ
  ဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ ထေရ၀ါဒပသာရဏီ သိမ်တော်ကြီးအတွင်း ဒေါက်တာ အရှင်နန္ဒမာ
  လာဘိဝံသ ဟောကြားသော ကုသိုလ်ဖြစ်ပွား နှလုံးသွင်းတရား- တရား ဒေသနာတော်မှ ကောက်
  နုတ်ရေးသား ပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment