March 7, 2015

မုသာဝါဒဆိုင်ရာ

             “မုသာဝါဒနှင့် သက်ဆိုင်သော အမေးတစ်ပုဒ်ကို စာရေးသူဖြေဖူးပါသည်။ (စကားပရိယာယ်ဆောင်းပါးကြည့်) ထိုအဖြေကို ဖတ်ရှုရသူတစ်ယောက်က မရှင်းလင်းကြောင်း ရှေ့နောက်မညီညွတ်ကြောင်း ပြောဆိုလာပါသည်။ ထို့ကြောင့် သံသယကင်း ရှင်းလင်းနိုင်ရန် အလားတူအမေးအဖြေတစ်ခုကို တွေ့ရှိသဖြင့် တင်လိုက်ပါသည်။
မဟာစည်ဆရာတော်ကြီး ဖြေထားသော အဖြေဖြစ်ပါသည်။ မုသာဝါဒအင်္ဂါတွင် နံပါတ်လေးအင်္ဂါကို အလေးဂရုပြု၍ ဖတ်ပါမှတ်ပါဟု တိုက်တွန်းလိုပါသည်။

(၄) မုသာဝါဒကံဆိုင်ရာ (က)မေးခွန်း
ဆရာဝန်များသည် ဆေးလက်မှတ်ကို ဆေးခွင့်အနေနှင့် ပေးနေကြရပါသည်။ ထိုသို့ပေးကြရာ၌ အမှန်မဟုတ်သည့် အကြောင်းကိစ္စနှင့် ပတ်သက်ပြီး အမှုကိစ္စများကို ရင်ဆိုင်ကြရပါသည်။ ယင်းဆေးလက်မှတ်ကို ရသူအား အမှန်မဟုတ်ပါဘဲ အစိုးရဌာနမှ အလုပ်နားခွင့် (၁- ၂-၃-၄)လ စသည်အခွင့်များ ပေးရသည်အဖြစ်သို့ ရောက်တတ်ပါသည်။ တမင်သက်သက် လုပ်ကြံပြီးတောင်းသော တစ်စုံတစ်ယောက်အား အစိုးရဌာနမှ ခွင့်ပေးလိုက်လျှင် မဟုတ်မမှန်ဘဲ ဆေးလက်မှတ် ပေးလိုက်သော ဆရာဝန်၌ မုသာဝါဒကံ ထိုက်ပါသလား။

(က) မုသာဝါဒဆိုင်ရာ မေးခွန်း၏ အဖြေ
ရောဂါဖြစ်နေသူ မဟုတ်ပါဘဲ ရောဂါဖြစ်နေသူ မကျန်းမာသူ အနေနှင့် ဆေးလက်မှတ် ပေးလိုက်သဖြင့် ထိုလက်မှတ်အရ အစိုးရဌာနက ယုံကြည်၍ အလုပ်နားရန် အခွင့်အရေး ပေးလိုက်လျှင် ထိုအခွင့်ယူသူ၏ လုပ်အားအတွက် အကျိုးယုတ် စေနိုင်သောကြောင့် လည်းကောင်း၊ အလုပ်မဲ့ လခမဲ့ လခပေးရလျက် ဆုံးရှုံးစေသောကြောင့်လည်းကောင်း၊ အောက်ပါ မုသာဝါဒအင်္ဂါတို့ ညီညွတ် ပြည့်စုံသောကြောင့် လည်းကောင်း၊ ဆေးလက်မှတ် ပေးလိုက်သော ဆရာဝန်မှာ မုသာဝါဒကံ ထိုက်သည်ဟူ၍သာ ယူရန်ရှိသည်။ မုသာဝါဒ အင်္ဂါများမှာ-
(၁) အတထံ ၀တ္ထု- အမှုမမှန်ခြင်း။
(၂) ၀ိသံဝါဒနစိတ္တံ- ချွတ်ယွင်းစေလို- အလွဲသိစေလိုသောစိတ်ရှိခြင်း။
(၃) တဇ္ဇောဝါယာမော- ထိုစိတ်အလျောက် ပြုလုပ်ပြောဆိုခြင်း။
(၄) ပရဿ တဒတ္ထ၀ိဇာနနံ- တဖက်သားက ထိုအမှားကို အမှန်အနေဖြင့် ယုံကြည်သိမှတ်ခြင်း-ဟူသော ဤလေးပါးပင်ဖြစ်သည်။ ယင်းမုသာဝါဒကို ကိုယ်အမူအရာဖြင့် ဖြစ်စေ၊ ကိုယ်နှင့်စပ်သော စာရွက် စာတန်းစသည်ဖြင့်ဖြစ်စေ၊ ပြောဆိုခြင်းဖြင့် ဖြစ်စေ၊ သူတပါးအား အသိမှားအောင် ပြုခြင်းဖြင့် ပြီးမြောက်သည်ဟု မှတ်အပ်ကြောင်းကိုလည်း သီလက္ခန္ဓဂ္ဂ အဋ္ဌကထာ(နှာ-၇၁) စသည်တို့၌ ပြဆိုထားသည်။
မုသာဝါဒဆိုင်ရာ (က)မေးခွန်း၏ အဖြေပြီး၏။

မုသာဝါဒဆိုင်ရာ (ခ)မေးခွန်း
မိတ်ဆွေဖြစ်သူ ကင်ဆာရောဂါ ဝေဒနာရှင်တစ်ဦးကို တပည့်တော်ထံ၌ အတော်အသင့် စမ်းသပ်ကုသ ကြည့်ပြီးလျှင် ရန်ကုန်ဆေးရုံကြီးရှိ ကင်ဆာရောဂါကု ဌာနသို့ သွားရောက်၍ ကုသမှုခံယူရန် တပည့်တော်မှ ညွန်ကြားလိုက်ပါသည်။ ဆေးရုံကြီးတွင် တစ်ပတ်မျှ ကုသပေးပြီးသောအခါ ကင်ဆာရောဂါ ပါရဂူဆရာများသည် ပျောက်ကင်းအောင် မကုသပေးနိုင်သဖြင့် `စိတ်မပူနှင့် ဒီဆေးကိုသာ မှန်မှန်သောက်ပါ၊ ပျောက်သွားပါလိမ့်မယ်´ ဟု ပရိယာယ်ဖြင့် အားပေးစကား ပြေားကြားကာ ပြန်လွှတ် လိုက်ပါသည်။
ယင်းရောဂါရှင်သည် ပါရဂူဆရာများ ကင်ဆာရောဂါဟု အမည်ပေးလိုက်သော်လည်း တပည့်တော် ကုသပေးလျှင် ပျောက်လိမ့်မည် အထင်နှင့် တပည့်တော်အထံသို့ ပြန်ရောက်လာပါသည်။ တပည့်တော်မှာ ကင်ဆာရောဂါအတွက် ကုသ ပေးစရာဆေးဝါးမရှိပါ။ ယင်းဝေဒနာရှင်မှာ အိပ်လို့မရ၊ နေလို့ထိုင်လို့မရအောင် အလွန်ပြင်းထန်စွာ နာကျင်လျက် ရောဂါဝေဒနာကို ခံစားနေရပါသည်။ ၄င်းဝေဒနာ သက်သာရန်အတွက် (Morpia) ထိုးဆေး၊ သို့မဟုတ် (Pethidin)ထိုးဆေးကို ထိုးပေးမှသာလျှင် နာကျင်မှုသက်သာ၍ အိပ်ပျော်နိုင်ပါတော့သည်။ ထိုရောဂါရှင်သည် သေရတော့မည်မှာ ဧကန်မုချ မလွဲနိုင်တော့ပါ။ သို့ဖြစ်၍ ထိုရောဂါရှင်အား `ခင်ဗျားရောဂါတော့ ပျောက်မှာမဟုတ်ဘူး သေတော့မှာဘဲ´ ဟု ပြောလိုက်လျှင် အမှန်ကိုပြောကြားလိုခြင်း ဖြစ်ပါမည်။ သို့သော် တပည့်တော်အနေဖြင့် ထိုသို့သော ကြောက်ရွံဘွယ်စကားကို မပြောရက်ပါ။ ရောဂါ မပျောက်တော့ဘဲ သေဆုံးတော့မည့် ရောဂါရှင်အား အမှန်အတိုင်း မပြောဘဲ မကြာခင် ပျောက်ပါလိမ့်မည်ဟု ပြောခဲ့လျှင် တပည့်တော်သည် လိမ်လည်လှည့်ဖျားပြီး မုသာဝါဒကံထိုက်ကာ အပြစ်ဖြစ်ပါမည်လား အရှင်ဘုရား။

မုသာဝါဒဆိုင်ရာ (ခ)မေးခွန်း၏ အဖြေ
ရောဂါမပျောက်တော့ဘူး ဧကန်ပင် သေတော့မည်ဟု မှန်းဆသိမြင်နေပါလျက် ထိုရောဂါရှင်အား မကြာခင် ပျောက်ပါလိမ့်မည်ဟု ပြောလျက် ပဌမမေးခွန်း၏ အဖြေ၌ ထုတ်ပြခဲ့သည် မုသာဝါဒအင်္ဂါ လေးချက်လုံး ညီညွတ်နေသဖြင့် မုသာဝါဒဖြစ်သည်ဟု ဆိုဖွယ်ရာ ရှိပေသည်။ သို့သော်လည်း ထိုသို့ ပရိယာယ်ဖြင့် ပြောသည့်အတွက် ထိုရောဂါရှင်မှာ အကျိုးပျက်ခြင်း၊ အကျိုးမဲ့ခြင်းမရှိသည့်အပြင် အကျိုးဖြစ်တန်သလောက် ဖြစ်ဖို့သာရှိပေသည်။ ထိုသို့အကျိုးမဲ့ မဖြစ်စေနိုင်သော ပြောဆိုခြင်းသည် အမှားကို ပြောခြင်းပင် ဖြစ်ငြားသော်လည်း မကောင်းကျိုးပေးတတ်သည့် ကမ္မပထ-မမြောက်ဟုမှတ်ယူရသည်။ ထို့ကြောင့် အဘိဓမ္မတ္ထ၀ိဘာဝနီခေါ် ဋီကာကျော်ကျမ်း (နှာ-၁၇၃)၌
( အဘူတံ ၀တ္ထု - မဟုတ်မမှန်သော အကြောင်းအရာကို၊ ဘူတတော- အဟုတ်အမှန် အနေအားဖြင့်၊ ပရံ ၀ိညာပေတုကာမဿ၊ သူတပါးကို သိစေလိုသောသူ၏၊ တထာဝိညာပန ပယောဂသမုဋ္ဌာပိကာ စေတနာ- ထိုအခြင်းအရာဖြင့် သိစေမည့် ကိုယ်နှုတ်အမှုအရာကို ဖြစ်စေသော စေတနာသည်၊ မုသာဝါဒေါ- မုသာဝါဒမည်၏၊ သော၊ ထိုမုသာဝါဒသည်၊ ပရဿ အတ္ထဘေဒကရောဝ၊ သူတစ်ပါး အကျိုးပျက်အောင် ပြုမှသာလျှင်၊ ကမ္မပထော၊ အကျိုးပေးတတ်သည့် ကမ္မပထ- မြောက်သည်၊ ဟောတိ-ဖြစ်၏ ဟု- ဆိုထားပါသည်။
ထို့ပြင် သီလက္ခန္ဓ၀ဂ္ဂအဋ္ဌကထာ (၇၁) စသည်တို့၌လည်း ``အတ္ထဘဉ္စနကော- သူတပါး၏ အကျိုးကို ပျက်စီးစေတတ်သော နှုတ်အမှုအရာ ကိုယ်အမှုအရာသည် မုသားမည်ကြောင်း´´ ပြဆိုထားကြပါသည်။
ထို့အပြင် ရောဂါဝေဒနာရှင်အား စိတ်ဓာတ်မကျဘဲ စိတ်ချမ်းသာစေရန်၊ စိတ်တက်ကြွလျက် အသက်ရှည်သင့်သမျှ ရှည်စေရန် ပြောသောစကားသည် အမှန်ပင် မဟုတ်သော်လည်း အမှားသိစေလိုခြင်းက ပဓာနမဟုတ်၊ အကျိုး မဆုတ်ယုတ် စေလိုခြင်းကသာ ပဓာနဖြစ်ပေသည်၊ သို့ဖြစ်၍ ထိုသို့သောစကားသည် ပရိယာယ်ဖြင့် ပြောရာရောက်၏။ အရှင်သာရိပုတ္တရာမထေရ်က တမ္ဗဒါဌိကအား ပြောသော ပရိယာယ်စကားနှင့်လည်း တစိတ်တဒေသအားဖြင့် တူ၏၊ တူပုံမှာ-
တမ္ဗဒါဌိကသည် အရှင်သာရိပုတ္တရာဟောသော တရားနာနေစဉ် သူပြုမိခဲ့သော မကောင်းမှုများကို အောက်မေ့လျက် စိတ်ပူပန်နေသဖြင့် တရားကို စူးစူးစိုက်စိုက် မနာယူနိုင်ဘဲ ရှိနေ၏၊ ထိုအကြောင်းကို အရှင်သာရိပုတ္တရာက သိနေသဖြင့် ``ဥပါသကာ၊ ဘာကြောင့်သင့်စိတ်ကို တရားတော်သို့ အစဉ်လိုက်ပြီး နာနိုင်အောင် မပြုနိုင်သနည်း´´ ဟု မေးတော်မှု၏။ ``အရှင်ဘုရား တပည့်တော်ဟာ (၅၅)နှစ် ပတ်လုံး သေဒဏ်သင့်တဲ့ ခိုးသားတွေကို သတ်မှုဟူသော ကြမ်းကြုတ်သော မကောင်းမှုကို ပြုလာခဲ့ပါသည်၊ ထိုမကောင်းမှုကို အောက်မေ့သဖြင့် မိမိစိတ်ကို အရှင်ဘုရားဟောသည့် တရားတော်သို့ အစဉ်လိုက်ပြီး နာနိုင်အောင် မပြုနိုင်ဘဲ ရှိနေသည်´´ ဟု လျှောက်၏။ အရှင်သာရိပုတ္တရာ မထေရ်က (၀ဉ္စေဿာမိ နန္တိ) သူ့ကို လှည့်စားပြောမည်ဟု ကြံပြီးလျှင် ``ဘယ်နှယ်လဲ သင်ဟာထိုအမှုများကို မိမိအလိုဖြင့် ပြုခဲ့ပါသလား၊ သို့မဟုတ် သူများက စေခိုင်းလို့ ပြု့ခဲ့ပါသလား´´ ဟု မေးတော်မှု၏။ ``ဘုရင်မင်းကခိုင်းလို့ ပြု့ခဲ့ရပါသည်´´ ဟု ဖြေကြားလျှောက်ထား၏။ ``ဥပါသကာ၊ သို့ဖြစ်လျှင် သင်၏အကုသိုလ် ဖြစ်ပါမည်လော´´ဟု ပရိယာယ်ဖြင့် မေးတော်မှု၏။ ဤအမေးဖြင့် တမ္ဗဒါဌိကမှာ မိမိ၏အကုသိုလ်မဟုတ် စေခိုင်းသူ ဘုရင်မင်း၏ အကုသိုလ်သာ ဖြစ်သည်ဟု ထင်မှတ်လျက် စိတ်အေးသွား၏။ ထိုသို့ စိတ်အေးသွားသဖြင့် တရားကို ကောင်းစွာနာယူ၍ နှလုံးသွင်းနိုင်လေတော့၏။ ထိုသို့ ကောင်းစွာနာယူ နှလုံးသွင်းလျက် သောတာပတ္တိမဂ်၏ အောက်ဘတ်က အနုလောမဉာဏ်ခေါ် ၀ိပဿနာဉာဏ်ကို ဖြစ်ပွားစေနိုင်ခြင်းဟူသော အကျိုးကိုရသွားကြောင်း ထို့ပြင် ၀ိပဿနာ၏ အစွမ်းကြောင့်ပင် တုသိတာနတ်ဘုံသို့ ရောက်သွားကြောင်းများကို ဓမ္မဒ အဋ္ဌကထာ (နှာ- ၄၀၇)၌ ပြဆိုထား၏။
အထက်ပါစကားရပ်၌ ``သင်၏ အကုသိုလ် ဖြစ်ပါမည်လော´´ ဟူသော စကားသည် ``သင်၏ အကုသိုလ် မဟုတ်´´ ဟု တိုက်ရိုက်ပြောသော စကားမဟုတ်ပေ၊ ပရိယာယ်ဖြင့် မေးသောစကားမျှသာဖြစ်သည်။ ထို့ကြောင့် ထိုစကားသည် မုသာဝါဒကား မဟုတ်ပေ၊ သို့သော်လည်း ထိုအမေးဖြင့် တမ္ဗဒါဌိက-က ``မိမိ၏ အကုသိုလ်မဟုတ်´´ ဟု မှားယွင်းစွာ သိသွားလေသည်။ ထိုသို့မှားယွင်းစွာ သိသွာခြင်းသည် သေတော့မည်ဆဲဆဲ လူနာက ``မကြာခင် ရောဂါပျောက်ကင်းချမ်းသာသွားမည်´´ ဟု မှားယွင်းစွာ ထင်မြင်ချက်နှင့် ညီ၏။ မိမိ၏ အကုသိုလ်မဟုတ် - ဟု ထင်မြင်ခြင်းကြောင့် စိတ်အေး ချမ်းသာစွာနှင့် တရားနာနိုင်ခြင်းစသော အကျိုးများကို ရသွားခြင်းသည် သေတော့မည်ဆဲဆဲ လူနာမှာ ရောဂါပျောက်မည်ဟု ထင်မှတ်လျက် စိတ်ချမ်းသာစွာ နေရခြင်း၊ စိတ်ချမ်းသာသဖြင့် ရုတ်တရက်လျင်မြန်စွာ မသေဘဲနေရခြင်း စသောအကျိုးများကို ရခြင်းနှင့်တူညီ၏။ ထို့အပြင် အရှင်သာရိပုတ္တရာ၏ ပရိယာယ်စကားမှာ မိမိ၏ အကုသိုလ်မဟုတ်ဟု မှားယွင်းစွာ သိခြင်းက လိုရင်းမဟုတ်၊ စိတ်အေးချမ်းလျက် တရားနာနိုင်ခြင်း စသည်ကသာ လိုရင်းဖြစ်သကဲ့သို့ မကြာခင်ရောဂါပျောက်မည်ဟု အားပေးသာ စကားမှာလည်း ရောဂါပျောက်မည်ဟု မှားယွင်းစွာသိခြင်းက လိုရင်းမဟုတ်၊ စိတ်ဓာတ်မကျဘဲ ချမ်းသာစွာနေရခြင်းကသာ လိုရင်းဖြစ်ပေသည်။ ဤသို့စသည့် တစိတ်တဒေသအားဖြင့် တူညီပေသည်။
ထို့ကြောင့် မကြာမီပင် သေတော့မည်ဟု ထင်ရသူအား မကြာမီ ရောဂါပျောက်ပါလိမ့်မည် စသည်ဖြင့် အားပေးစကား ပြောကြားခြင်းသည် မုသာဝါဒအင်္ဂါတို့နှင့် ညီညွတ်ငြားသော်လည်း အကျိုးမဲ့ကို မရည်ရွယ်ဘဲ ချမ်းသာစွာနေနိုင်ရန် အကျိုးကိုသာ ရည်ရွယ်၍ပြောသော အားပေးစကား ဖြစ်သောကြောင့် မကောင်းကျိုး ပေးတတ်သည့် ကမ္မပထမြောက်သော အကုသိုလ်ကံကား မဖြစ်ပါ။ ထိုသို့အားပေး ပြောကြားစဉ်က သနားသော ကုသိုလ်စေတနာဖြင့်သာ ပြောခြင်းဖြစ်သည်။ သေဆေးပေးသည့်နှင့် မတူဘဲ ပြောင်းပြန်သာဖြစ်သည်၊ ထို့ကြောင့် အကုသိုလ်စေတနာလည်း မဖြစ် ဟူ၍သာ ယူသင့်ပေသသည်။ ။
မုသာဝါဒဆိုင်ရာ (ခ)မေးခွန်း၏ အဖြေပြီး၏။“မုသာဝါဒနှင့် သက်ဆိုင်သော အမေးတစ်ပုဒ်ကို စာရေးသူဖြေဖူးပါသည်။ (စကားပရိယာယ်ဆောင်းပါးကြည့်) ထိုအဖြေကို ဖတ်ရှုရသူတစ်ယောက်က မရှင်းလင်းကြောင်း ရှေ့နောက်မညီညွတ်ကြောင်း ပြောဆိုလာပါသည်။ ထို့ကြောင့် သံသယကင်း ရှင်းလင်းနိုင်ရန် အလားတူအမေးအဖြေတစ်ခုကို တွေ့ရှိသဖြင့် တင်လိုက်ပါသည်။ မဟာစည်ဆရာတော်ကြီး ဖြေထားသော အဖြေဖြစ်ပါသည်။ မုသာဝါဒအင်္ဂါတွင် နံပါတ်လေးအင်္ဂါကို အလေးဂရုပြု၍ ဖတ်ပါမှတ်ပါဟု တိုက်တွန်းလိုပါသည်။

မုသာဝါဒဆိုင်ရာ (ခ)မေးခွန်း၏ အဖြေပြီး၏။
http://www.sbay-student.org/မှတဆင့်ခံစားတင်ပြသည်

No comments:

Post a Comment