March 4, 2015

အိပ်မက်ကြီးငါးမျိုး။


         ဘုရားလောင်းလျာသည် တစ်ပါးတည်းဖြစ်၍ ဆိတ်ငြိမ်မှုကိုရရှိကာ တရားအား
ထုတ်ခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လဆန်း ( ၁၄ ) ရက်နေ့ည
မိုးသောက်ယာမ်အချိန်၌ အိပ်မက်ကြီး ငါးမျိုးကို မြင်မက်ခဲ့သည် ။

အိပ်မက်ကြီးငါးမျိုးမှာ - 
၁ ။   မြေပြင်ကို အိပ်ရာခင်း ဟိမ၀န္တာကို ခေါင်းအုံးပြု၍ အရှေ့သမုဒ္ဒရာ၌ လက်ဝဲလက် ၊ အနောက်သမုဒ္ဒရာ၌ လက်ျာလက်ကိုထား၍ တောင်သမုဒ္ဒရာ
၌ ခြေထောက်နှစ်ဘက်ကိုထားကာ အိပ်ရသည်ဟု အိပ်မက်မြင်မက်ခဲ့သည် ။
(ထို ပထမအိပ်မက်ကို သဗ္ဗညုတဉာဏ်တော်ရရှိကာ ဘုရားစင်စစ် ဧကန်ဖြစ်
မည်ဟု ကိုယ်တော်တိုင်ပင် နိမိတ်ဖတ်တော်မူခဲ့သည် ။)

၂ ။    တိရိယာမည်သော မြက်ပင်မျိုးသည် ထမ်းပိုးခန့်ပမာဏ နီမြန်းသော
ရိုးတံဖြင့် ချက်တော်မှပေါက်ထွက်၍ ကြည့်နေတုန်းပင် တစ်ထွာ , တစ်တောင်
စသည်ဖြင့် မြင့်တက်သွားကာမိုးကောင်းကင်ကိုထိ၍ တည်နေသည်ဟု အိပ်မက်မြင်မက်ခဲ့သည် ။
(ထို ဒုတိယအိပ်မက်ကို မဇ္ဈိမပဋိပဋာဖြစ်သော ( အဋ္ဌင်္ဂီက ) မဂ္ဂင်ရှစ်ပါးတရား
တော်ကို လူ နတ်တို့အား ဟောကြားပြသရန် ဖြစ်သည်ဟု ကိုယ်တော်တိုင်ပင်
နိမိတ်ဖတ်တော်မူခဲ့သည် ။)

၃ ။      တစ်ကိုယ်လုံးဖြူ၍ ဦးခေါင်းနက်သော ပိုးလောက်များသည် ခြေသည်းဖျုားမှ ပုဆစ်ဒူးဝန်းတိုင်အောင် တရွရွတက်ကာ ဖုံးလွှမ်းကြသည်ဟု
မြင်မက်ခဲ့သည် ။
(ထို တတိယအိပ်မက်ကို အ၀တ်ဖြူဝတ်ကြသည့် ဆံပင်ရှိနေကြသော ဦးခေါင်း
နက်သူများစွာသောလူတို့သည် မိမိအားကိုးကွယ်ဆည်းကပ်ကာ သရဏဂုံ
ခံယူဆောက်တည်ကြလိမ့်မည်ဟု ကိုယ်တော်တိုင်ပင် နိမိတ်ဖတ်တော်မူခဲ့သည် ။)

၎ ။    ညို , ရွှေ , နီ , ရော် အဆင်းလေးမျိုးရှိကြသည့် ငှက်လေးမျိုးတို့သည် 
အရပ်လေးမျက်နှာမှ ပျံလာကြ၍ ခြေတော်ရင်း ရောက်ရှိလာကြသောအခါ
တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူသွားကြသည်ဟု မြင်မက်ခဲ့သည် ။
(ထို စတုတ္ထအိပ်မက်ကို မင်း , ပုဏ္ဏား , သူကြွယ် , ဆင်းရဲသား အမျိုးလေးပါး
တို့မှ အမျိုးကောင်းသားတို့သည် ငါ၏သာသနာသို့ ၀င်ရောက်၍ ရဟန်းပြုကြလိမ့်မည်ဟု ကိုယ်တော်တိုင်ပင် နိမိတ်ဖတ်တော်မူခဲ့သည် ။)

၅ ။   မစင်တောင်ကြီးအထက်၌ ထိုမစင်ဖြင့်မပေကျံဘဲ စင်္ကြန်လျှောက်ရသည်
ဟု အိပ်မက်မြင်မက်ခဲ့သည် ။
(ထို ပဉ္စမအိပ်မက်ကို ဘုရားဖြစ်သောအခါ ပစ္စည်းလေးပါးပေါများ၍ ထိုပစ္စည်း
လေးပါး၌ တွယ်တာတပ်မက်ခြင်းမရှိဘဲ သုံးဆောင်လိမ့်မည်ဟု ကိုယ်တော်တိုင်ပင် နိမိတ်ဖတ်တော်မူခဲ့သည် ။ )
 (သုဓမ္မသိင်္ဂီ ခင်ဆွေလဲ့၏ ဗုဒ္ဓဂယာမြေမြတ်မဟာ တရားစခန်းပွဲဓမ္မခရီးမှ ကူးယူရေးသား 
      ပူဇော်ပါသည်။)

 ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk

No comments:

Post a Comment