November 18, 2015

ကုသိုလ်ဖြစ်ပွား နှလုံးသွင်း

 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
      ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတာကို ယောနိသော မနသိကာရလို့ ပြောနိုင်ပါတယ်။ 
ကုသိုလ်ဖြစ်အောင်က  မျက်စိက မြင်စရာ အာရုံလေးတစ်ခုဟာ လောဘဖြစ်စရာဆိုရင် ကိုယ့်
မှာ ဆင်ခြင်တုံတရားရှိရပါမယ်၊ သူများပိုင်တဲ့ပစ္စည်း ဆိုလို့ ရှိရင် “ဒါ သူများပိုင်တဲ့ ပစ္စည်းနဲ့
ပတ်သက်ပြီး ငါ-လောဘဖြစ်လို့ မကောင်းဘူး၊ ငါ့မှာ လောဘမဖြစ်စေရဘူး” လို့ ဒီအတွေးမျိုး 
တွေးလိုက်တာနဲ့ ဒါ- ယောနိသောမနသိကာရ လို့ခေါ်ပါတယ်။

         မုန်းစရာလူတစ်ယောက်ကို တွေ့လိုက်ရင်လည်း “အေး ငါမုန်းလို့ သူ့မှာ ဘာမှဖြစ်မှာ 
မဟုတ်ဘူး၊ ငါ့မှာသာ ငါ့ရဲ့နှလုံးသားဟာ ညစ်နွမ်းသွားမယ်၊ ငါ့မှာပဲ အကုသိုလ်ဖြစ်တယ်၊ မုန်း
နေခြင်းဟာ အကျိုးမရှိဘူး” လို့ နှလုံးသွင်းလိုက်လို့ရှိရင်လည်း ဒါ ယောနိသောမနသိကာရ ပါပဲ။
         ဆိုလိုတာက ယောနိသောမနသိကာရ ဆိုတာ ကုသိုလ်ဖြစ်ဖို့ ဦးလှည့်ပေးတာဖြစ်ပါ
တယ်။ ဥပမာ-လူတစ်ယောက်ရဲ့ အကျိုးစီးပွားကို လိုလားတဲ့ မေတ္တာကို တည်ဆောက်ပြီ ဆိုလို့
ရှိရင် လူတိုင်း လူတိုင်းမှာ အဆိုးနဲ့ အကောင်းဆိုတာ နှစ်မျိုးတွဲပြီး  နေပါတယ်၊ ကောင်းတဲ့အ
ကွက်လည်း ရှိကြပါတယ်၊ ဆိုးတဲ့အကွက်လည်း ရှိကြပါတယ်၊ အဲဒီတော့ မေတ္တာပွားချင်လို့ရှိရင် 
သူ့ရဲ့ ဆိုးတာတွေကို မကြည့်ဘဲ၊ ဆိုးတဲ့ အပိုင်းတွေကို ဖယ်ထားလိုက်ပြီး ကောင်းတဲ့ အကွက်
လေးကိုသာ ကြည့်ပြီးတော့ မေတ္တာပွားရပါမယ်၊ ကိုယ့်သန္တာန်မှာ မေတ္တာဖြစ်ဖို့က အဓိက
ဖြစ်ပါတယ်။
           “ဒီလူဟာ ငါ့အပေါ် ဘယ်လောက်ဆိုးတာ”   အဲဒီ အတွေးက ပင့်ပေးလိုက်တဲ့အခါ 
ဒေါသတွေဟာ ပိုမြင့် လာတတ်ပါတယ်၊ အဲဒီအဆိုးတွေသာ တွေးလို့ရှိရင် မီးတောက်လေးကို 
လေဖြူးဖြူး တိုက်လာသလိုပဲ ပိုပြီးတော့ အရှိန်မြင့်လာတတ်ပါတယ်။   ဘယ်ဟာပဲဖြစ်ဖြစ် 
“မီးလောင်ရာ လေပင့်” ဆိုသလို လောဘဖြစ်လို့ တွေးလိုက်ရင် ပိုပြီးလောဘဖြစ်ပါတယ်။
ဒေါသဖြစ်တဲ့ အာရုံကိုလည်း တွေးလိုက်ရင် ဒေါသက ပိုပြီး အရှိန်မြင့်လာပါတယ်၊ဘအဲဒီတော့ 
အဲဒါတွေကို မတွေးဘဲနဲ့ တစ်ဖက်ကလှည့်ပြီးတော့ တွေးရပါမယ်။ အဆိုးတွေထဲက အကောင်းကို
ရှာရပါမယ်။ အဆိုးတွေထဲက အကောင်းကို ရှာပြီးတော့ မေတ္တာပွားရပါမယ်။
         အဲဒီတော့ လောဘဖြစ်မှုနဲ့ ပတ်သက်ရင် ပစ္စည်းတစ်ခုအပေါ်မှာ လောဘဖြစ်လာရင်၊ 
လူတစ်ယောက် အပေါ်မှာ လောဘဖြစ်လာရင် တွယ်တာမှုတွေ ဖြစ်လာပါတယ်၊ မိဘနဲ့သားသမီး 
ဆိုပါစို့-- မိဘက ဒီ- သားသမီးကို သိပ်ချစ်တယ်၊ သံယောဇဉ်တွေ သိပ်ဖြစ်လာတယ်၊ သူ့အပေါ်
မှာ ဖြစ်လာတဲ့ သံယောဇဉ် မလျှော့ချနိုင်ဘူးဆိုရင် ဘယ်လိုတွေးရမတုန်းဆိုတော့--“အေး- ငါ့
အိမ်ရောက်လာတာ ငါခေါ်ထားတာ မဟုတ်ဘူး၊ သူ့ကံနဲ့သူ လာတာ၊ ပြန်ချင်တော့လည်း
သူ့ဟာသူပြန်မှာ၊ ငါက အရင်တုန်းက သူ့ကိုသိတာ မဟုတ်ဘူး၊ ခုမှ သိတာ၊ ငါလည်း တစ်နေ့ 
သေရမှာ၊ သူလည်း တစ်နေ့သေရမှာ” ဆိုတဲ့ အတွေးမျိုး တွေးလိုက်လို့ရှိရင် အလိုလို လျှော့ကျ
သွားပါတယ်။
         ဒီတွယ်တာမှု သံယောဇဉ်ဟာ ငါ့မှာလည်း အကျိုးမဖြစ်ဘူး၊ သူ့မှာလည်း အကျိုးမဖြစ်ဘူး၊ 
သူ့မှာ ဘာလိုအပ်လဲ၊ လိုအပ်တာ ငါဖြည့်ဆည်းပေးမယ်”၊ ဒါ မေတ္တာ ဘက်က ကြည့်တာ၊ “သူ 
လိုအပ်တာ ငါ ဖြည့်ဆည်း ပေးမယ်၊ သူ့ကောင်းကျိုးကို ငါဆောင်ရွက်ပေးမယ်၊ သက်သက်သံ
ယောဇဉ်ဖြစ်နေလို့ ငါ့အတွက်မှာ ဘာမှ ကောင်းကျိုးရမှာ မဟုတ်ဘူး” လို့ အဲဒီလို မှန်ကန်စွာ
တွေးတောခြင်းဖြင့် သံယောဇဉ်တရားကို လျှော့ချ ပေးလို့ရပါတယ်။
         ပစ္စည်းဥစ္စာ အပေါ်မှာလည်း သံယောဇဉ် ဖြစ်တတ်ပါတယ်၊ လက်ဝတ်ရတနာတို့ အ၀တ်အ
ထည်တို့ တချို့ဆို မ၀တ်ရက်၊ မစားရက်၊ ဒီလိုဖြစ်တတ်တာတွေ ရှိတတ်ပါတယ်။ ကိုယ် သိပ်စုံ
မက်တဲ့ ပစ္စည်းဆိုရင် ကိုယ်တိုင်တောင် မသုံးရက် အဲဒါမျိုးတောင်ဖြစ်တတ်ပါတယ်။
         အဲဒီလို ဖြစ်လာလို့ရှိရင် စိတ်ထဲက ခုန ယောနိသော မနသိကာရနဲ့ ဘယ်လိုနှလုံးသွင်းရ
မလဲဆိုရင် အနိစ္စ သဘောကို ဆင်ခြင်စဉ်းစား ကြည့်ရပါမယ်၊ “အေး-ဒီပစ္စည်းလေးဟာ ငါမသုံး
လည်း တစ်နေ့ပျက်စီးသွားမှာပဲ၊ ငါကသော်လည်း ပစ္စည်းကိုစွန့်တာ ဖြစ်မယ်၊ ပစ္စည်းကလည်း 
ငါ့ကိုစွန့်သွားနိုင်တယ်”၊  ကိုယ့်မှာ ရှိနေတဲ့အချိန် ပစ္စည်းဆိုတာ အသုံးချဖို့ဖြစ်ပါတယ်။ သုံးရ
မယ်လို့  စိတ်ထားမျိုးထားလို့ရှိရင် ပစ္စည်းအပေါ်မှာ နှမျောတွန့်တိုမှုဆိုတာ ပျောက်ကွယ်သွားနိုင်
ပါတယ်။ 
         ဒါကြောင့်မို့လို့ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းဆင်ခြင်မှုဟာ  စိတ်အလုပ် သက်သက်
ဖြစ်တာဖြစ်သောကြောင့် မိမိစိတ်ကလေးမှာ အကုသိုလ်တွေ မဖြစ်ရလေအောင်၊ အကုသိုလ်
တွေနဲ့ ဆိုင်ရာတွေ မတွေးတောလေအောင် ကောင်းတဲ့အာရုံနဲ့ အစားထိုးတာ ဖြစ်တယ်လို့ သိ
ရှိနားလည်ပြီးတော့ ကိုယ့်သန္တာန်မှာ အကုသိုလ် မဖြစ်အောင် သတိဆောင်၍ ကျင့်ကြံကြိုးကုတ် 
အားထုတ်နိုင်ကြပါစေသတည်း။ ။
 { ၁၃၇၂-ခုနှစ်၊ တပို့တွဲလဆန်း(၃)ရက်၊ ၆-၂-၂၀၁၁၊ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ
  ဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ ထေရ၀ါဒပသာရဏီ သိမ်တော်ကြီးအတွင်း ဒေါက်တာ အရှင်နန္ဒမာ
  လာဘိဝံသ ဟောကြားသော “ ကုသိုလ်ဖြစ်ပွား နှလုံးသွင်းတရား ”  တရား ဒေသနာတော်မှ 
 ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment