November 16, 2015

"မီးလောင်နေသော မီးသတ်ကား"

ဟော………တရွေ့ရွေ့ ကုန်လွန်နေတဲ့ နာရီတွေကြားမှာ ရှင်သန်ခြင်းတွေ ဖြည်းဖြည်းချင်း ပဲ့ကြွေသွားတာကို မြင်နေပေမယ့် လက်ခံဖို့ကျတော့ သတ္တိမရှိဘူး ဖြစ်နေပါလား…။ ဒါ… ကျွန်တော်တစ်ယောက်တည်းအတွက်မဟုတ်တဲ့ Universal Truth-လေ။ Time is life! အချိန်ကို ဖြုန်းတာဟာ အသက်ကို ဖြုန်းတာပါပဲ။ ကျွန်တော်တို့ တန်ဘိုးထားမှုပိုင်းမှာ နေရာတွေ လွဲနေကြသလိုပဲ။

ကောင်းကင်ကို မော့ကြည့်ခဲ့တယ်၊ တိမ်တွေကို ဆေးရောင်ခြယ်ခဲ့တယ်၊ သဘာဝအလှကို ပုံဖော်ခဲ့တယ်၊ ပတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်ခဲ့တယ်။ ဒီလို မွန်မြတ်မှုတွေကို အထွဋ်အထိပ်လို့ သတ်မှတ်ကြမယ်ဆို ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ဓမ္မအနှစ်ကိုရော ဘယ်စာရင်းထဲ သွင်းထားကြမလဲ။ ကျွန်တော်ဟာ အဇ္ဈတ္တကို အားကိုးပြီး သံသရာခရီး အဆုံးသက်ဖို့ကို မေ့လျော့နေတဲ့ ကျီးအာသီးပါ။

အကြောင်းတိုက်ဆိုင်လို့ Meditation Centres-တွေမှာ တရားစခန်း ဝင်ခဲ့ဖူးတယ်။ မိုက်မဲလွန်းတဲ့ ကျွန်တော်--- ငိုက်မြည်းခြင်း,ရေသာခိုခြင်းတွေ,ခွင့်တင်ခြင်းတွေကိုပဲ လှိုင်လှိုင်သုံးခဲ့တယ်။ ဝန်ခံပါတယ်! ကျွန်တော်က ဘဝတစ်လျှောက်လုံး စာအုပ်တွေအရှိန်အဝါနဲ့ လူတွင်ကျယ်လုပ်ခဲ့သူပါ။ အဲဒီလို သမာရိုးကျဆန်တဲ့ လူနေမှုစနစ်ကို ဖက်တွယ်ထားခဲ့သူကို လက်တွေ့ကမ္ဘာကြီးက သင်္ခန်းစာကောင်းတွေ ပေးလိုက်ပါပြီ။

တံမျက်စည်းက တခြားသူရဲ့ အမှိုက်ကို သုတ်သင်ပေးတယ်၊ ကိုယ့်အညစ်အကြေးကိုကျတော့ မဆေးကြောဘူး။ ကျောက်တုံးကလည်း ဓားတွေကို ထက်မြစေရင်း သူကိုယ်တိုင်ပါ တိုက်စားမှုကြောင့် ပါး,ပါးသွားတယ်။ ဖယောင်းတိုင်ကလည်း ထိုနည်းလည်းကောင်းပဲ။ အလင်းပေးရင်း အရည်ပျော်ခဲ့တယ်လေ။ ကျွန်တော်တို့ရော ဝင်သက်,ထွက်သက်မရပ်ခင် ကာလတိုလေးကို ဘယ်လို အဆင့်မြှင့်ပေးကြမလဲ။

တခြားသူတွေရဲ့ သောကတွေကို ငြိမ်းအေးအောင် တရားတွေ ဟောခဲ့တယ်၊ နည်းလမ်းတွေ ညွှန်ခဲ့တယ်။ အဆိုးဆုံးက လောဘ,ဒေါသ,မောဟ, ဣဿာ,မစ္ဆရိယ ၊ အနိစ္စ,ဒုက္ခ,အနတ္တ-တွေကို နှုတ်တိုက်ရွတ်နေရုံ အဆင့်လောက်နဲ့ ရောင့်ရဲခဲ့တယ်။ သေချာတယ်! ကျွန်တော် သေဖို့အတွက် အဆင်သင့်မဖြစ်သေးဘူး။
(၂၆)နှစ်အရွယ်ဆိုတဲ့ ဝေါဟာရဆိုးကို တွင်တွင်ပြောပြီး မိုက်တွင်းနက်ခဲ့တယ်။ ရောဂါပေါင်း သောင်းခြောက်ထောင်ရဲ့ အထုအထောင်းကို ခံရတဲ့အခါကျမှ "ငါ… အခုနေများ မတော်တဆ သေသွားခဲ့ရင်---"လို့ တွေးမိတော့ ခြေဖျား,လက်ဖျားတွေ ချက်ခြင်းအေးစက်လာတယ်။ ကြောက်လာတာလေ။ တစိမ့်စိမ့်ကို ကြောက်လာတာ။ ကြောက်မှာပေါ့- အာသေဝနပစ္စည်းတပ်ထားတဲ့ ဝိပဿနာလက်နက်မှ မရှိဘဲ။ လက်နက်မရှိရင် ရန်သူ့ရှေ့မှာ ဒူးထောက်ရစမြဲကိုး။

မရဏစစ်တပ်ရဲ့ နယ်ချဲ့ပရိယာယ်ကို ဒီရက်ပိုင်းမှာတင် ကျွန်တော်သိခဲ့ရပြီ။ Today Or Tomorrow- တစ်နေ့နေ့ ကျွန်တော့်ဆီကို ကျိန်းသေရောက်လာလိမ့်မယ်။ ကျွန်တော်ကလည်း သူ့ကို လွယ်လွယ်ကူကူ အရှုံးပေးမှာ မဟုတ်ပါဘူး။ အစွမ်းကုန် တုန့်ပြန်မှာပါ။ ကျွန်တော့်တစ်သက်တာ လေ့လာဆည်းပူးခဲ့သမျှကို အရင်းတည်ပြီး (၃၂)ကောဋ္ဌာသရဲ့ အပြစ်တွေကို ရှာဖွေရှုမှတ်ရင်းပေါ့။

နှစ်ပေါင်းများစွာ စွန့်ပစ်ထားခဲ့တဲ့ အာနာပါနကို တမဟုတ်ချင်း အသက်သွင်းဖို့ ခက်ခဲပေမယ့် ခြတစ်ကောင်လို(ဒါမှမဟုတ်)ပျားတစ်ကောင်လို ဇွဲကောင်းကောင်းနဲ့ ရေရှည်ကြိုးစားသွားမယ်ဆို "နှမ်းတစ်စေ့နဲ့ ဆီမဖြစ်နိုင်သော်လည်း ဆီဖြစ်ဖို့တော့ နှမ်းတစ်စေ့လိုတယ်"။ ဒီဘဝ မပြီးပြတ်တောင် အထောက်အပံ့ရလည်း သံသရာအတွက် အမြတ်ပဲလေ။

ကဲ…… မိတ်ဆွေတို့ရေ--- မီးလောင်နေတဲ့ မီးသတ်ကားဆိုတာ ကျွန်တော်။ ကျွန်တော်ဆိုတာ ဘယ်သူပါလိမ့်…? သြော်--- သိပြီ! ပုထုဇဉ်ငမိုက်သားစာရင်းဝင်ထဲက တစ်ယောက်ပေါ့ဗျာ။ ။ ။

(ဤပို့စ်အတွက် သူငယ်ချင်း "အရှင်အရိယ-ရှမ်းလေး{ငမြင်းသောင်သာသနာပြုဌာန}"အား အထူးပင် ကျေးဇူးတင်ရှိပါသည်။ ထို့ပြင် "ကျွန်တော်"ဟူသော အသုံးအနှုန်းသည် ကျွနှုပ်နှင့် ဖြစ်စဉ်တူ,ခံယူချက်တူသူအားလုံးကို ရည်ရွယ်ပါသည်။)

အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)
တိန်းလက်သာသနာပြုဌာန
ပလက်ဝမြို့နယ် ၊ ချင်း/တောင်ပိုင်း


No comments:

Post a Comment