November 8, 2015

မတ်စွာဘုရားထုတ်ပြတဲ့ ကာလာမသုတ် အချက်(၁၀)ချက်။

   မြတ်စွာဘုရားက ဒီသုတ္တန်မှာ အချက်(၁၀)ချက်ကို ထုတ်ပြပါတယ်။==
         နံပါတ်(၁)က “မာ အနုဿဝေန” တစ်ယောက်ယောက်က မင်းတို့လာပြောတာ၊
အနုဿဝ မှ အနု ဆိုတာ တစ်ဆင့်၊ သ၀ ဆိုတာကြားတာ သို့မဟုတ် တစ်ယောက်က လာပြီး
ပြောတဲ့ စကားကို အနုဿဝ လို့ခေါ်ပါတယ်။ လောကမှာ တဆင့်စကား ဆိုတာတွေနဲ့ လူတွေ
ဟာ လက်ခံပြီး ယုံကြည်နေကြပါတယ်။ အရပ်ထဲမှာ ပိုဆိုးပါတယ်။ အတင်းအဖျင်း စကားတွေ

ဟိုအိမ်ဒီအိမ် လည်ပြောတတ်ကြပါတယ်။  မြတ်စွာဘုရားဆိုလိုတာက “အနုဿဝ” လို့ဆိုတဲ့
တစ်ဆင့်ကြား စကားလေးနဲ့တင် မှန်တယ်လို့ မဆုံးဖြတ်နဲ့ဦး၊ မှန်တာလည်းရှိနိုင်တယ် မှားတာ
လည်းရှိနိုင်တယ်၊ မသေချာဘူးလို့ပြောတာ ဖြစ်ပါတယ်။
        နံပါတ်(၂) “မာ ပရမ္ပရာယ” ပရမ္ပရ ဆိုတာ ရှေးဘိုးဘွားဘီဘင် လက်ထက်ကတည်းက
လုပ်လာတဲ့ အလုပ်တစ်ခု မိရိုးဖလာ အစဉ်အဆက် လို့ခေါ်ပါတယ်။ မျိုးရိုးအစဉ်အဆက်က လက်
ခံလာကြတာ၊ အဲဒါဟာ လည်း “ဒါက-တို့ဘိုးဘွားလက်ထက်ကတည်းကပဲ၊ တို့ရဲ့ဓလေ့ထုံးစံပဲ”
ဆိုပြီးတော့ လုပ်နေကြပါတယ်။ အဲဒါကို လည်းပဲ မြတ်စွာဘုရားက ဒါနဲ့ အမှန်တရားကို ဆုံးဖြတ်
လို့ မရပါတဲ့။
         နံပါတ်(၃) “မာ ဣတိကိရာယ” ဣတိကိရ ဆိုတာ ဒီလိုတဲ့ဆိုပြီး တစ်ယောက်လာပြော
တဲ့အရာ၊ ဘာဖြစ်သတဲ့ ညာဖြစ်သတဲ့၊ ဟိုလိုပြောသတဲ့ ဒီလိုပြောသတဲ့၊ လောကမှာ “တဲ့” တွေ
အများကြီး ရှိကြပါတယ်၊ “ဣတိကိရ” ဆိုတာတွေနဲ့လည်း အမှန်တရားကိုမဆုံးဖြတ်နဲ့တဲ့၊ အမှန်
တရားကို ဆုံးဖြတ်ရင် အမှန်တရား မရနိုင်ပါ။ 
        နံပါတ်(၄) “မာ ပိဋကသမ္ပဒါနေန”၊ ပိဋက ဆိုတာ ဘုရားဟော ပိဋကကိုပြောတာ မဟုတ်
ပါ။ သင်ယူရတဲ့ကျမ်းစာကို ပိဋက လို့ပြောတာပါ၊ “ပိဋကသမ္ပဒါနေန” စာထဲမှာပါတယ် ဆိုတာနဲ့
လည်း အမှန်တရားကို မဆုံးဖြတ်နဲ့လို့ ဟောထားပါတယ်။ သင်ယူထားတဲ့ ကျမ်းစာနဲ့ ကိုက်တယ်
ဆိုရုံနဲ့လည်း အမှန်တရားကို မဆုံးဖြတ်နဲ့တဲ့။ မှန်ချင်မှန်မယ်၊ မှားချင်မှားမယ်၊ ဒါတင်ရပ်မထားနဲ့၊
ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်စဉ်းစားဖို့ လိုအပ်တယ်လို့ ဟောထားပါတယ်။
        နံပါတ်(၅) “မာ တက္ကဟေတု”၊တက္ကဆိုတာ ဒီကနေ့  ယုတ္တိဗေဒ ကိုခေါ်တာပါ။ အကြောင်း
အကျိုး ဆီလျော်အောင် တွေးတော ဆင်ခြင်မှု၊ တတ္တဗေဒနည်း၊ တွေးခေါ်မြော်မြင်တဲ့ နည်းစနစ်
တစ်ခုကို တက္ကလို့ခေါ်ပါတယ်၊ လောကမှာ တတ္တဗေဒနည်းတွေ အများကြီး ရှိတယ်လေ၊ ကြောင်း
ကျိုးဆင်ခြင်တာပေါ့၊ “လူသည် သေမျိုး ဖြစ်သည်၊ ဦးဘသည် လူတစ်ယောက်ဖြစ်သည်၊ ဒါ့ကြောင့်
ဦးဘသည် သေမျိုးဖြစ်သည်”။ ဒီလို ကြောင်းကျိုး ဆင်ခြင်တာမျိုးကို ဆိုလိုတာပါ၊ အဲဒီတော့ နေ
ရာတကာတိုင်းမှာ ဒီနည်းစနစ်ကို သုံးလို့ရှိရင်လည်း အမှန်တရားကို ရှာဖွေလို့ရမှာ မဟုတ်ပါ။ အသိ
ဉာဏ်နဲ့ ရှာဖွေမှသာလျှင် မှန်ကန်တဲ့ တရားကို သိနိုင်တယ်လို့။ ဒါကြောင့်မို့ တတ္တဗေဒ နည်းနဲ့လည်း
အမှန်တရားကို မဆုံးဖြတ်လေနဲ့လို့ မြတ်စွာဘုရား ဟောတာ ဖြစ်ပါတယ်။
       နံပါတ်(၆) “မာ နယဟေတု” တဲ့။ နယဆိုတာ နည်းယူပြီးတော့ပြောတာ၊ အကြောင်းမြင်ရင်
အကျိုးကို ပြောလို့ရပါတယ်၊ အကျိုးအကြောင်းကို ပြောလို့ရတယ်၊ အဲဒါကို တစ်ဆင့်မှန်းဆပြီးပြော
တယ်ဆိုရင် အနုမာန လို့ခေါ်ပါတယ်၊ အကျိုးကိုကြည့်ပြီး အကြောင်းကို တွက်ဆတာပါ၊ အကြောင်း
ကိုကြည့်ပြီးတော့ အကျိုးကို တွက်ဆတာပါ၊ တစ်ခုပဲမြင်ရတယ်၊ တစ်ပိုင်းပဲမြင်ရတယ်၊ မြင်ရတာနဲ့
ကျန်တာကို မှန်းပြီးတော့ ဆုံးဖြတ်တာကို အနုမာန လို့ခေါ်ပါတယ်၊ တစ်ဆင့် မှန်းဆပြီးတော့
သိတာမျိုး။ အဲဒါနဲ့လည်း အမှန်တရားကို ရှာလို့မရဘူးလို့ ဒီလိုပြောထားပါတယ်။
        နံပါတ်(၇) “အာကာရပရိဝိတက္ကေန” ကြောင်းကျိုးဆင်ခြင်ပြီး သုံးသပ်ကြည့်တာ၊ အကြောင်း
တရားကို တွေးတောဆင်ခြင်ပြီး ကြည့်တာ၊ အဲဒီလို တွေးတောဆင်ခြင်ပြီးတော့ အတွေးအခေါ်တစ်ခု
နဲ့ အမှန်တရားကို ဆုံးဖြတ်ရင် အမှန်တရားကို မရနိုင်ပါ။
        နံပါတ်(၈) “ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ”၊ ဒိဋ္ဌိ ဆိုတာ ကိုယ့်ရဲ့အမြင်၊ ကိုယ့်ရဲ့အမြင်ကို ဆင်ခြင်စဉ်း
စားလိုက်တဲ့အခါ ကျေနပ်စရာအဖြေတွေ ထွက်တယ်၊ ကိုယ့်အမြင်လေးက သဘောကျစရာရှိတယ်၊
ကြောင်းကျိုးဆင်ခြင်လို့ရတယ်၊ ကိုက်ညီတယ်။ ကိုယ့်အမြင်ဟာ သူများအမြင်နဲ့လည်း ကိုက်ညီ
တယ်၊ ကျေနပ်စရာ ကောင်းတယ်၊ ဆင်ခြင်သုံးသပ်ပြီး ကြည့်မှုနဲ့ရော အမှန်တရားကို  မရပါ။
         နံပါတ်(၉) “မာ ဘဗ္ဗရူပတာယ”ဖြစ်နိုင်ခြေရှိတာ  လို့ခေါ်ပါတယ်၊ ဘယ်ကိစ္စ ဖြစ်ဖြစ် လူ
တွေကပြောကြတယ် “ဒါ ဖြစ်နိုင်တယ်” တဲ့။ အကြောင်းအကျိုး ဆင်ခြင်မှုတော့ ရှိတာပေါ့၊ ဒါ
ဖြစ်နိုင်တယ်လို့ ပြောရတဲ့ အရာတစ်ခုဟာလည်း ကိုယ်က ဖြစ်နိုင်တယ်လို့ ပြောပေမယ့် ဖြစ်ချင်မှ
ဖြစ်တာပါ၊ ဒါကြောင့်မို့ ဒါနဲ့လည်းပဲ အမှန်တရားကို မဆုံးဖြတ်နိုင်ပါ။
         နံပါတ်(၁၀) “မာ သမဏော နော ဂရု” တချို့က လေးစားရတဲ့ သူ့ရဲ့ဆရာက ပြောသွား
တဲ့စကား “ဒီသမဏဟာ တို့ရဲ့ ဆရာပဲ၊ ဆရာပြောတာဆိုရင် မမှားဘူး” လို့ ဒီလိုနဲ့ အမှန်တရားကို
ဆုံးဖြတ်လို့ မရဘူးတဲ့။ အဲဒီတော့ အသိဉာဏ်မပါဘဲနဲ့ ဘယ်အချက်ကိုမှ ကိုယ့်ရဲ့ ဆင်ခြင်တုံတရား
ပစ္စဝေက္ခဏဉာဏ် မရှိဘဲနဲ့ ဘယ်ဟာကိုမှ အမှန်တရားလို့ မဆုံးဖြတ်ရဘူးလို့  မြတ်စွာဘုရားက
ကာလာမအမျိုးသားတွေကို ဟောတာ ဖြစ်ပါတယ်။ 
         ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ်တို့ ကာလာမသုတ္တန်အတိုင်း မြတ်စွာဘုရား
ဟောကြားဆုံးမတဲ့တရားကို နာယူမှတ်သားပြီး မိမိတို့ဘ၀မှာ တကယ် ဆင်ခြင်စဉ်းစားရမှာက-
အပြစ်ရှိတဲ့ အရာလား၊ အပြစ်မရှိတဲ့ အရာလား၊ အကုသိုလ်လား ကုသိုလ်လား၊ ပညာရှိတွေ ကဲ့ရဲ့
တဲ့အရာလား ချီးမွမ်းတဲ့အရာလား၊ လက်တွေ့ကျင့်သုံးလို့ရှိရင် ကောင်းကျိုးချမ်းသာကို ပေးတတ်
သလား ဆင်းရဲဒုက္ခကို ပေးတတ်သလား ဆိုတာတွေဖြစ်ပါတယ်။ ဒီ အတိုင်းအတာတွေနဲ့ ဆင်ခြင်
သုံးသပ်ပြီး ကိုယ်ပိုင်ဉာဏ်ဖြင့်ဆုံးဖြတ်ကာ လက်တွေ့လိုက်နာကျင့်သုံးကြရမှာ ဖြစ်တယ်လို့
ကိုယ်စီကိုယ်စီ သဘောကျပြီး ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။ ။
 {၁၃၇၃ ခုနှစ်၊ နတ်တော်လဆန်း(၁)ရက်၊ ၂၆-၁၁-၂၀၁၁ (စနေနေ့)၊ မန္တလေးတိုင်းဒေသကြီး၊
 မဟာအောင်မြေမြို့နယ်တွင် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြားသော“ကာလာမသုတ်
 အနှစ်ချုပ်” တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment