November 26, 2015

အခွင့်ကောင်းဆိုတာ နှစ်ခါမလာပါ။

 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
        “အခွင့်ကောင်းကို ရအောင်ယူ” ဆိုတဲ့စကားကို အရေးတကြီး ပြောကြားခဲ့တဲ့အထဲမယ် 
မြတ်စွာဘုရားရဲ့ တပည့်သားသာဝက ရှင်ဥပါလိမထေရ်ဆိုတာ ရှိပါတယ်။ ရှင်ဥပါလိမထေရ်ဟာ 
ဝိနယပိဋကကို တာဝန်ယူပြီး ထိန်းသိမ်း စောင့်ရှောက်ခဲ့တယ်၊ မြတ်စွာဘုရားရဲ့ စည်းမျဉ်းစည်း
ကမ်းတွေကို တပည့်ပရိသတ်တွေအား အခွင့်ကောင်းကို ရအောင်ယူ သင်ကြားပေးခဲ့တဲ့ 
မထေရ်ကြီးဖြစ်ပါတယ်။  

         အခွင့်ကောင်းဆိုတာ ကြုံတော့ကြုံတယ်။ ကြုံမှန်းမသိကြဘဲ သို့မဟုတ် အခွင့်ကောင်းကို 
အသုံးမချဘဲ ဘ၀တစ်ခုကို လက်လွတ် ဆုံးရှုံးသွားကြတာတွေ လောကမှာ အများကြီးပါပဲ။ အခွင့်
ကောင်းကြုံနေတာကို ကြုံမှန်းမသိလို့ ဆုံးရှုံးတာလည်းရှိပါတယ်။ သိလျက်သားနဲ့ အခြားကိစ္စ
ဝိစ္စတွေနဲ့ မအားဘူးဆိုတာကို အကြောင်းပြပြီးတော့ ဘ၀တစ်ခုပြီးဆုံးသွားကြတာ၊ အခွင့်ကောင်း
ကို လက်လွတ်ဆုံးရှုံးသွားကြတာတွေ ရှိပါတယ်။ 
         အခွင့်ကောင်းဆိုတာ အမြဲမရှိဘူးဆိုတာ အင်မတန်မှ မှန်ပါတယ်။ အခွင့်ကောင်းဆိုတဲ့
နေရာမှာ အမျိုးမျိုးရှိပါတယ်။ ရှေးတုန်းက လျှပ်စစ်မီးတွေ ဘာတွေ မရှိမီက ညအခါ အလုပ်လုပ်
ချင်ပြီ ဆိုလို့ရှိရင် လ,ရောင်ကို အားပြုကြရတယ်။ ဒါ့ကြောင့် “လသာတုန်း ဗိုင်းငင်” ဆိုတဲ့စကား 
ပေါ်လာပါတယ်။ ဒါလည်း အခွင့်ကောင်းပါပဲ။ “နေပူတုန်း စပါးလှန်း” ဆိုတာ နေပူတဲ့အချိန်မှာ
လှမ်းကြရတယ်။ နေအကြောင်းကို မိုးရာသီကျရင် ပိုသိကြရပါတယ်။  ဘယ်ဟာပဲဖြစ်ဖြစ်
အခွင့်ကောင်းဆိုတာ အချိန်ပိုင်းလေးပဲ ရတာပါ။ အမြဲတမ်းရမှာ မဟုတ်ပါ။
         တို့တစ်တွေလည်း ဒီအတိုင်းပါပဲ။ အခွင့်ကောင်းကလေး ခုချိန်မှာ ရနေပြီ။ လူတိုင်းလူတိုင်း
ဟာ ငါ - အခွင့်ကောင်းရနေတယ်လို့ သိချင်မှ သိကြပါတယ်။ သိတောင်မှလည်း အခွင့်ကောင်း
ဆိုတာ စီးပွားရေးအတွက် အခွင့်ကောင်းလား၊ ပညာရေးအတွက် အခွင့်ကောင်းလား ခွဲခြား သိရ
ပါမယ်။ များသောအားဖြင့် လူတွေဟာ စီးပွားရေးအတွက် အခွင့်ကောင်းကိုသာ အခွင့်ကောင်းလို့ 
သတ်မှတ်ကြပါတယ်။ သို့သော် စီးပွားရေး တိုးတက်နိုင်တယ်ဆိုတာ တစ်ဘ၀ပါပဲ။ တစ်ဘဝ
တောင်မှ တစ်ခဏပဲလို့ ပြောရပါမယ်။ ကိုယ့်မျက်စိအောက်မှာတင်ပဲ ချမ်းသာပြီးတော့မှ ဆင်းရဲ
သွားတဲ့လူတွေလည်း အများကြီးရှိပါတယ်။ အဲဒီတော့ အချိန်ပိုင်းလေးအနေနဲ့ အလွန် တိုတောင်း
ပါတယ်။ အဲဒါလေးကို အခွင့်ကောင်းလို့ သတ်မှတ်ပြီးတော့ တခြား ဒီ့ထက် အရေးကြီးတဲ့ အခွင့်
ကောင်းကို မစဉ်းစားဘူး ဆိုလို့ ရှိရင် ဒီ့ထက်အရေးကြီးတဲ့ အခွင့်ကောင်းတွေ ဆုံးရှုံးနစ်နာ
သွားနိုင်ပါတယ်။
         ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအဖို့ မြတ်စွာဘုရားက လမ်းညွှန်ထားတဲ့ အခွင့်ကောင်း
ဆိုတာ ဘယ်လိုဟာကိုခေါ်သလဲဆိုတော့ အခု-ဘုရားပွင့်လို့ တရားဓမ္မတွေ ဟောပြောထားလို့ 
သာသနာတော်ကြီး တည်ရှိနေပါတယ်။ အဲဒီလိုတည်ရှိနေတာ အခွင့်ကောင်းကြီး တစ်ခုပါပဲ။ 
ကိုယ်ကိုယ်တိုင်က စဉ်းစားဉာဏ်ရှိတယ်။ အကြောင်းအကျိုး၊ အကောင်းအဆိုး ခွဲခြားပြီးသိတယ်။
ဒီသိနိုင်တဲ့ အချိန်လေးဟာလည်း အခွင့်ကောင်းပါပဲ။ တစ်ခါတစ်ခါကျတော့ မသိနိုင်တဲ့ဘ၀ထဲ 
ရောက်သွားနိုင်ပါတယ်။
         ဓမ္မရေးရာ အသိဉာဏ်ကို အခွင့်ကောင်းလို့သတ်မှတ်ရင်တော့ ဒီဘ၀တင် မကဘူး။ ဘဝ
ပေါင်း မြောက်များစွာ ကိုယ့်အတွက် အခြေအနေကောင်းတွေ ရရှိသွားမှာ ဖြစ်ပါတယ်။ မြတ်စွာ
ဘုရားရဲ့သာသနာ ပွင့်ထွန်းလို့ တရားဓမ္မကိုလည်း ဟောပြောနေတယ်။ တရားတွေကို ကိုယ်
သိချင်ရင် သိလို့ရတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ခံယူနိုင်တဲ့ ဉာဏ်စွမ်းတွေရှိတယ်။ အဲဒီလို 
ရခဲတဲ့ လူ့ဘ၀ကို ရပြီးတော့ အခြေအနေတွေ ကောင်းနေတဲ့အခါမှာ တရားဓမ္မကို လိုက်စားမယ်။ 
လေ့လာမယ် ဆိုလို့ရှိရင် မြန်မာပြည်မှာ အခြေအနေတွေ အလွန်ကောင်းပါတယ်။ ဒါကြောင့်မို့ 
တို့ဘ၀ဟာ ခုချိန်မှာ ဘာလုပ်ချင်သလဲ၊ အကောင်းဆုံး အခွင့်အရေးဆိုတာ ဘာလဲဆိုတာ သေ
သေချာချာသိဖို့ လိုပါတယ်။
         ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း သာသနာနဲ့ကြုံတွေ့ပြီး အသိ
ဉာဏ်ရှိတဲ့ဘ၀၊ ဘုရားတရားတွေ လေ့လာလို့ရနိုင်တဲ့ ဘ၀လေးမှာ တရားဆိုတာ ဘာလဲဆိုတာ 
တရားရဲ့အရသာကို မြည်းစမ်းပြီးတော့ မကြည့်လိုက်ဘူးဆိုရင် နောင် ဒါမျိုး-ကြုံဖို့ဆိုတာ အများ
ကြီး ခဲယဉ်းသွားလိမ့်မယ်၊ ဝေးသွားလိမ့်မယ်။ ဝေးသွားမှ ဒါကိုသိချင်ပါတယ် ဆိုလို့ရှိရင်
အခွင့်ကောင်း ဆုံးရှုံးသွားပြီး ပြန်ပြီးရဖို့ ဆိုတာ မဖြစ်နိုင်ပါ။ ဒါကြောင့်မို့ လူ့ပညာရှိတွေက 
ပြောကြတယ် “အခွင့်ကောင်းဆိုတာ နှစ်ခါ မလာဘူး။ တစ်ခါပဲလာတယ်” ဆိုတာ နားလည်သ
ဘောပေါက်ကြပြီး ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ ကုန်သတည်း။ ။
 {၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော် (၄)ရက်နေ့၊ (၂၃-၁-၂၀၁၁) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ
ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ထေရ၀ါဒပသာရဏီ သိမ်တော်ကြီးအတွင်း ဒေါက်တာ အရှင်နန္ဒမာလာ
ဘိဝံသ  ဟောကြားအပ်သော“အခွင့်ကောင်းကို ရအောင်ယူ” တရားတော်မှ ကောက်နုတ်ရေးသား 
ပူဇော်ပါသည်။}
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment