September 26, 2015

အမြတ်ဆုံးဒါန။


         ရှင်သာရိပုတ္တရာရဲ့အလောင်းဥပတိဿ ပရဗိုဇ်ကြီး အမတ ဆိုတဲ့ သေခြင်းကင်းရာ တရား
ကို လိုက်ရှာပါတယ်။ ရှာတဲ့အခါမှာ ထိုခေတ်က ခေတ်စားနေတဲ့ နာမည်ကြီးတဲ့ သဉ္စယဆိုတဲ့ ပရဗိုဇ်
ကြီးထံမှာ တပည့်ခံပြီး ပရဗိုဇ်လုပ်နေပါတယ်။ သူ့ဆီက ပညာတွေ သင်လိုက်တယ်။ အဲဒီ သင်ယူလိုက်
တဲ့ သူ့ဆီကပညာတွေက သူလိုချင်တဲ့အကျိုးကို မပေးစွမ်းနိုင်ပါ။ ပေးနိုင်စွမ်းမရှိလို့ တရားဓမ္မကို
လှည့်လည်ပြီး ရှာရင်း အကြာကြီးစောင့်စားနေခဲ့ပါတယ်။ နောက်ဆုံးကျတော့ မြတ်စွာဘုရားပွင့်လို့
ပဉ္စ၀ဂ္ဂီငါးဦးကို တရားဓမ္မဟော၊ တရားဟောပြီး သာသနာပြုတွေ စေလွှတ်လိုက်တဲ့နောက်မှာ ပဉ္စ၀ဂ္ဂီ
တွေထဲမှာ အငယ်ဆုံးဖြစ်တဲ့ ရှင်အဿဇိက တစ်ပတ်ပြန်ကျော့ပြီးတော့ ရာဇဂြိုဟ်ကို ရောက်လာပါ
တယ်။
          အဲဒီအချိန်မှာ ရှင်သာရိပုတ္တရာအလောင်း ဥပတိဿ ပရဗိုဇ်က သွားတွေ့ပါတယ်။ မြင်လိုက်
တာနဲ့ပဲ ဒီပုဂ္ဂိုလ်ရဲ့ အနေအထားကို စိတ်ထဲမှာ ကျေနပ်သွားပါတယ်။ ရင်ထဲမှာ တရားရှိတဲ့ပုဂ္ဂိုလ်ရဲ့
မျက်နှာ အနေအထား၊ ကိုယ်ဣနြေ္ဒ အမူအရာနဲ့ တရားမရှိတဲ့ ပုဂ္ဂိုလ်ရဲ့ မျက်နှာအနေအထား၊ ကိုယ်
ဣနြေ္ဒအမူအရာက လုံးဝမတူပါ။ အကဲခတ်တတ်တဲ့ ပုဂ္ဂိုလ်က သိပါတယ်။ ရင်ထဲမှာ အေးချမ်းနေလို့
ရှိရင် မျက်နှာမှာလည်း လာပြီး အရိပ်ထိုးနေပါတယ်၊ အေးချမ်းပါတယ်။ ရင်ထဲမှာ ပူနေလို့ရှိရင်လည်း
မျက်နှာမှာ လာပြပါတယ်။ အေးချမ်းမှု ရှိမရှိ၊ တရားထူးတရားမြတ် ရှိမရှိ ဆိုတာ သူ့ရဲ့အမူအရာ
ကြည့်တာနဲ့ အကဲခတ်လို့ရပါတယ်။
         ရှင်အဿဇိကို မြင်လိုက်တာနဲ့ သူ့ဆရာကြီးထက် အဆပေါင်းများစွာသာတယ်၊ မျက်နှာအနေ
အထား ကြည့်လိုက်တာနဲ့ တရားထူးတရားမြတ် ရှိရမယ်လို့ စိတ်ထဲမှာ ဆုံးဖြတ်ပြီးသား ဖြစ်သွားပါ
တယ်။ အဲဒီ ရှင်အဿဇိနောက် လိုက်ပြီးတော့ မေးပါတယ်။ “ဘယ်သူ့ကို ဦးတည်ပြီး သင်္ကန်းဝတ်တာ
လဲ၊ သင့်ဆရာ ဘယ်သူလဲ၊ သင့်ဆရာက ဘာတွေဟောလဲ၊ သင့်ဆရာရဲ့အယူဝါဒက ဘာတွေလဲ”
ရှင်အဿဇိက သူ ရဟန္တာဖြစ်နေပေမယ့်လို့  ထိုအချိန်မှာ ဓမ္မစကြာတို့၊ အနတ္တလက္ခဏသုတ်တို့
လောက်ပဲ မြတ်စွာဘုရား ဟောသေးပါတယ်။ သုတ္တန်တွေ မြောက်များစွာ မထွက်သေးပါ။ ဒါနဲ့ သစ္စာ
လေးပါးကို အကျဉ်းချုံးပြီး ပြောလိုက်ပါတယ်။ ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ။ တေသံ ဟေတုံ တထာဂ
တော အာဟ။ တေသဉ္စယောနိရောဓော၊ ဧ၀ံဝါဒီ မဟာသမဏော။
         ဆိုလိုတာက “ အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတရားတွေရဲ့ အကြောင်းကိုလည်း ဟော
တယ်၊ အဲဒီ အကြောင်းတရားတွေ ချုပ်ငြိမ်းသွားလို့ အကျိုးတရားတွေ ချုပ်ငြိမ်းသွားတာကိုလည်း
ဟောတယ်” သြော်- အကြောင်းရှိနေလို့ အကျိုးရှိနေတယ်၊ အကြောင်းချုပ်ရင် အကျိုးချုပ်မယ်ဆိုတဲ့
 philosophy ကို ပြောလိုက်ပါတယ်။
         အဲဒီ ဓမ္မဒါနကို လက်ခံရရှိလိုက်တဲ့ အခါကျတော့မှ ရှင်သာရိပုတ္တရာ မထေရ်မြတ် အလောင်း
ဖြစ်တဲ့ ဥပတိဿဟာ အသိဉာဏ် ပွင့်သွားတယ်။ အသိဉာဏ် ပွင့်သွားပြီး သံသယ ကင်းသွားတယ်၊
အမြင်မှားတွေ ပျောက်သွားတယ်၊အမြင်မှန်ရသွားတယ်၊ “သောတာပန် ဖြစ်တယ်ဆိုတာ အမြင်မှန်ရ
တာနဲ့ သံသယကင်းသွားတာပါ။
          ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ဓမ္မမိတ်ဆွေ အပေါင်းတို့ဟာလည်း အလှူဒါနများ
စွာ ရှိကြတဲ့အထဲ “ ဓမ္မဒါန”  တရား၊ အသိပညာ အလှူက အမြတ်ဆုံး၊ အသာဆုံး ဟု နားလည်
သဘောပေါက်ကြပြီး နိဗ္ဗာန်ချမ်းသာကို မျှော်မှန်းလျက် ကျင့်ကြံကြိုးကုတ် အားထုတ်တော်
မူနိုင်ကြပါစေ ကုန်သတည်း။ ။
 {ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက်နေ့ မန္တလေးမြို့၊ မဟာအောင်
မြေမြို့နယ်၌ ဒေါက်တာ အရှင်နန္ဒာမာလာဘိဝံသ ဟောကြားတော်မူသော
 “ ၁၂  နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ ” မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment