October 31, 2013

မာန်မာန ကင်းရှင်းခြင်း

“ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်ဖို့အတွက် အရည်အသွေးတစ်ခုကတော့ မာန်မာနကင်းရှင်းခြင်း ၊ သို့မဟုတ် ကိုယ့်ကိုယ်ကို အထင်ကြီး၊ဘ၀မြင့်မှု ကင်းရှင်းခြင်း ဆိုတဲ့အရည်အသွေးပါပဲ။” မာနသိပ်မကြီးပါနဲ့ ။ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးပြီးတော့ သူများကို
အထင်မသေးပါနဲ့။ ကိုယ်အထင်သေးထားတဲ့သူက ကိုယ်အထင်သေးသလိုဟုတ်ချင်မှလည်းဟုတ်မှာ။ အခုလောလောဆယ်မှာ
ကိုယ့်ရဲ့အထင်သေးစရာဖြစ်နေပေမယ့် တစ်ချိန်မှာ ကိုယ့်ထက်သာချင်သာသွားမှာပါ။ ကိုယ်အထင်ကြီးစရာ အနေအထားမျိုး  ရောက်ချင်ရောက်သွားမှာပါပဲ။ ကိုယ့်ကိုယ်ကို အထင်ကြီးပြီးသူများကို အထင်သေးတဲ့စိတ်နဲ့မပြောသင့်မပြောထိုက်တာပြော ၊ မလုပ်သင့်မလုပ်ထိုက်တာ လုပ်မိရင် ကိုယ်ပဲပြန်ပြီးဒုက္ခ္ခ္ခ ရောက်တက်ပါတယ်။
ဝိဋဋူဘဇာတ်ကိုပြန်ကြည့်လိုက်မယ်ဆိုရင် ကျွန်မကမွေးတဲ့သားဆိုပြီးတော့ဝိဋဋူဘထိုင်သွားတဲ့နေရာ နွားနို့ရည်တွေနဲ့ဆေးလိုက်တော့ ဟိုကရန်ငြိုးဖွဲ့ပြီး မင်းတို့ကနွားနို့နဲ့ပဲဆေးတယ်၊ ငါကမင်းတို့ရဲ့လည်ချောင်းသွေးနဲ့ဆေးမယ်လုပ်လိုက်တာ ၊ သာကီဝင်တွေ တစ်ဆွေတစ်မျိုးလုံး အသတ်ခံရတယ်။ ဒါဟာ မာနလွန်ကဲလို့ ၊ ကိုယ့်ကိုယ်ကိုသိပ်အထင်ကြီးလွန်းလို့ ကြုံတွေ့ရတဲ့ဆိုးကျိုးတွေပဲ။
ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းတဲ့သူဟာ သူများကို အလိုလိုနေရင်း အထင်သေးသွားတတ်တယ်။ မြင်မြင်သမျှလူကို လူလို့တောင်မထင်တော့ဘူး ။ လောကကြီးမှာလူနဲ့တူတဲ့လူဆိုလို့ ငါတစ်ယောက်ထဲရှိတယ်လို့အထင်ရောက်သွားတယ်။
ဘယ်သူမှ ငါ့လောက်မရှိဘူး ၊ ဘယ်သူမှ ငါ့လောက်မသိဘူးလို့ ဘ၀မြင့်သွားတယ် ။

ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းအားကြီးတော့ လူအချင်းချင်းပြောဆိုဆက်ဆံတဲ့နေရာမှာ သူတစ်ဖက်သားကို အထင်သေးတဲ့စကားမျိုး၊ နှိမ့်ချတဲ့စကားမျိုးပြောမိတတ်တယ်။ ဆရာကြီးလေသံနဲ့အထက်စီးကနေစကား လုံးကြီးတင်ပြောမိတတ်တယ်။
အထင်သေးစကားပြောခံရတဲ့ တစ်ဖက်သားကငါ့ကိုအထင်သေးတဲ့စကားပြောတယ်ဆိုပြီး ကိုယ့်အပေါ် နာကျည်းမုန်းတီးသွားတယ်။ နဂိုက ကူညီနေတဲ့လူကလည်း မစောင့်ရှောက်တော့ဘူး ။ နဂိုက ပေါင်းသင်းနေတဲ့လူကလည်း မပေါင်းသင်းတော့ဘူး။ ကိုယ့်ကိုယ်ကို အထင်ကြီးပြီးသူများကို အထင်သေးခြင်းကြောင့် ကိုယ့်ပဲအကျိုးဆုတ်ယုတ်ရတယ်။
မာနကြီးတယ်ဆိုတဲ့စကားကို အထင်ကြီးတ
ယ်လို့သုံးနှုန်းထားတာလေးကိုက အင်မတန်စိတ်ဝင်စားဖို့ကောင်းတယ်။ တရားသဘောတွေ အများကြီးပါတယ်။
အထင်ကြီးတင်ဆိုကတည်းကိုက အမြင်ကြီးတာမှမဟုတ်ဘဲ။ အမှန်တကယ်လက်တွေ့တွေကြီးနေတာမှမဟုတ်ဘဲ။ အထင်တွေပဲကြီးနေတာ။
တကယ်တော့ လောကကြီးမှာ အထင်ကြီးတယ်ဆိုတာ အထင်တွေပဲရှိတာ ။ မာနကြီးလောက်စရာ၊ ဘ၀မြင့်လောက်စရာ ၊ ခြေဖျားထောက်လောက်စရာဆိုတာ တကယ်တော့ ဘာမှမရှိဘူး ။

ပစ္စည်းဥစ္စာအနေနဲ့ တစ်လောကလုံး ၊ တစ်ကမ္ဘာလုံးမှာရှိတဲ့လူတွေကို သူတို့ဘာမှမလုပ်ဘဲနဲ့စားနိုင်သောက်နိုင်အောင် ကျွေးနိုင် ၊ ပေးနိုင် ၊ စွန့်လှူနိုင်တဲ့အနေအထားမျိုးကိုယ့်မှာရှိနေပြီလား၊သက်ရှိသတ္တာဝါမှန်သမျှကို အချိန်တိုင်း လိုသလောက်
ပေးလှူနိုင်လောက်အောင်ကိုယ့်မှာမရှိသေးပါဘူး ။ ဒါဆိုရင် ပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ဘာလို့မာနဖြစ်နေဦးမှာလဲ။

မာနဖြစ်တယ်ဆိုရင် ကိုယ့်ပစ္စည်းဥစ္စာတွေကို မာနဖြစ်လောက်စရာလို့ရူးသွပ်စွာထင်နေတဲ့ စိတ်ကူးယဉ် အထင်မျှသာပါပဲ။
မာနကြီးတာဟာ အထင်သက်သက်ကြီးနေတာပါပဲ။ အထင်ဆိုတဲ့ သဘာဝကိုက မကောင်းတဲ့ဥစ္စာ၊အထင်ကြီးတယ်ဆိုတော့ ပိုဆိုးတာပေါ့။
ရုပ်ဆင်းဥပဓိအနေနဲ့ တစ်လောကလုံး၊ တစ်ကမ္ဘာလုံးမှာ ငါအလှဆုံး၊ငါအချောဆုံးလို့ပြောနိုင်လောက်အောင် လှနေ ချောနေပြီလား ၊
နတ်သား ၊ နတ်သမီးတွေထက်ကို ချောနေပြီလား ၊ မလှသေး၊မချောသေးဘူးဆိုရင် ရုပ်အဆင်းအကြောင်းပြုပြီး ဘာလို့မာနကြီးနေဦးမှာလဲ ။ မာနကြီးတယ်ဆိုရင် ဒါအထင်သက်သက်မျှသာ ကြီးနေတာပဲ။
ရာထူးအာဏာအနေနဲ့လည်း တစ်လောကလုံး ၊ တစ်ကမ္ဘာလုံးကိုလွှမ်းမိုးနိုင်လောက်အောင် ကိုယ့်မှာ ရာထူးအာဏာရှိနေပြီလား။
ပညာအနေနဲ့ လည်းသိသင့်သိထိုက်တဲ့ လောကီ၊ လောကုတ္တရာ အ ကြောင်းအရာအားလုံးကို သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ တန်းတူယှဉ်နိုင်လောက်အောင် ကိုယ့်မှာ သိနေတတ်နေပြီလား။

အဲဒီလိုအားဖြင့်မာနကြီးလောက်စရာလို့ ကိုယ့်ထင်နေတဲ့အရာတွေကို အမြင့်မားဆုံး၊ အကြီးကျယ်ဆုံးစံချိန်တွေနဲ့ မှတ်ကျောက်တင် စစ်ဆေးကြည့်လိုက်ပါ။ အစစ်ဆွေးမခံနိုင်ဘူးဆိုရင် မာနကြီးမနေပါနဲ့ ။ အထင်ကြီးမနေပါနဲ့ ။
မာနကြီးတယ်ဆိုရင် အထင်သက်သက်ကြီးနေတာပဲဖြစ်မှာပါ။ အထင်ဟာ အထင်ပါပဲ။ အမြင်မဟုတ်ပါဘူး ။ အမှန်မဟုတ်ပါဘူး ။ တကယ်လက်တွေ့မဟုတ်ပါဘူး ။
ကိုယ့်ကိုယ်ကို အထင်မကြီးတော့ဘူးဆိုရင် သူတစ်ပါးကိုလည်း အထင်မသေးတော့တဲ့အတွက် စိတ်နေစိတ်ထားရော ၊ အပြောအဆို ၊ အပြုအမူပါ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်လာလို့ ပေါင်းသင်းဆက်ဆံရေးပိုအဆင်ပြေလာတဲ့အပြင် မပြစ်မှားသင့်မပြစ်မှားထိုက်သူတွေကိုလည်း မပြစ်မှားတော့တဲ့အတွက် စိတ်အပူ ၊ ဘ၀အပူတွေကင်းရှင်းပြီး ငြိမ်းအေးပျော်ရွှင်ရပါတော့တယ်။ ။

ဆရာတော် အရှင်ဆန္ဒာဓိက
 http://yatanavasatemple.ning.com/မှတင်ပြသည်။

No comments:

Post a Comment