October 19, 2013

“လူမိုက်၏ အတတ်ပညာ”

ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် အရှင်မဟာမောဂ္ဂလာန် တွေ့မြင်ခဲ့ရသော သဋ္ဌိကူဋပြိတ္တာကို အကြောင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အရှင်မဟာမောဂ္ဂလာန်နှင့် အရှင်လက္ခဏတို့ ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လာကြစဉ် အရှင်မဟာမောဂ္ဂလာန်သည် သဋ္ဌိကူဋပြိတ္တာကို တွေ့မြင်သဖြင့် ပြုံးမိ၏။

ထိုပြိတ္တာသည် သုံးဂါဝုတ်ပမာဏရှိ၏။ အလျှံရဲရဲတောက်ပြောင်ကုန်သော သံတူခြောက်သောင်းတို့သည် ထိုပြိတ္တာ၏ ဦးခေါင်းကို တစ်လက်ပြီးတစ်လက်
ထုနှက်ကြကုန်၏။ သံတူများထုနှက်၍ ကြေသွားသော ဦးခေါင်းသည် တစ်ဖန်ပြန်၍ ဖြစ်လာကာ အထုခံ၍ ကွဲရပြန်၏။

အရှင်လက္ခဏက ပြုံးရခြင်းအကြောင်းကို မေးလျှောက်ရာ
အရှင်မဟာမောဂ္ဂလာန်က မဖြေသေးဘဲ ဘုရားရှင်ရှေ့တော်မှောက်
ရောက်ခါမှ ဖြေဆို၏။
ဘုရားရှင်ကလည်း အရှင်မဟာမောဂ္ဂလာန်၏ ဖြေဆိုချက်ကို
ထောက်ခံတော်မူလေသည်။

ဤတွင် ရဟန်းတို့က ထိုပြိတ္တာ၏ အကုသိုလ်ကံကို မေးလျှောက်ကြသဖြင့် ဘုရားရှင်က ဟောကြားတော်မူ၏။

ရှေးလွန်လေပြီးသော အ
ခါတုန်းက ထိုပြိတ္တာသည် လုလင်တစ်ယောက် ဖြစ်ခဲ့၏။ ကျောက်စရစ် ပစ်တတ်သော အတတ်ပညာဖြင့် ဘုရင်၏ချီးမြှောက်ခြင်းကို ခံယူရသော ငဆွံ့အ ထံမှ
ကျောက်စရစ် ပစ်တတ်သော အတတ်ပညာကို သင်ယူပြီးလျှင် ပစ်ခတ်သတ်ဖြတ်၍ ပညာစမ်းရမည့်သူကို ရှာဖွေ၏။

ပိုင်ရှင်ရှိသော နွားများနှင့် ဆွေမျိုးသားချင်းရှိသော လူများကို ပစ်ခတ်သတ်ဖြတ်မိလျှင် လျော်ကြေးပေးရမည်ဖြစ်၍ သုနေတ္တအမည်ရှိသော ပစ္စေကဗုဒ္ဓါအရှင်မြတ် ဆွမ်းခံကြွလာစဉ်တွင် အရှင်မြတ်၏ လက်ယာဘက် နားပေါက်ထဲသို့ ကျောက်စရစ်ကို ပစ်သွင်းလိုက်၏။ ကျောက်စရစ်သည် ဦးခေါင်းကို ဖောက်ထွင်းကာ လက်ဝဲဘက်နားမှ ထွက်လာ၏။
ပစ္စေကဗုဒ္ဓါအရှင်မြတ်သည် ပြင်းထန်လှစွာသော ဝေဒနာဖြင့် သစ်ရွက်မိုး ကျောင်းကလေးသို့ ကောင်းကင်ခရီးမှ ကြွရောက်ကာ ပရိနိဗ္ဗာန် ပြုတော်မူ၏။

ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို ကိုးကွယ်ဆည်းကပ်သူများက ရိုက်နှက်သဖြင့် ထိုယောက်ျား သေဆုံးပြီးလျှင် မဟာအ၀ီစိငရဲ၌ ကျခံရ၏။ ငရဲမှလွတ်ပြီးနောက် အကျိုးအကြွင်းအကျန်ဖြင့် ဂိဇ္ဈကုဋ်တောင်တွင် သဋ္ဌိကူဋပြိတ္တာဖြစ်၍ ခံစားနေရလေသည်။

ဘုရားရှင်သည် သဋ္ဌိကူဋပြိတ္တာ၏ အကုသိုလ်ကံကို ဟောကြားတော်
မူပြီးလျှင် ထိုအကုသိုလ်ကံနှင့် ဆက်စပ်၍ တရားစကား ဟောကြားတော်
မူလိုသဖြင့် အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသတည်း။

လူမိုက်၏အတတ်ပညာသည် လူမိုက်၏အကျိုး ပျက်စီးစေရန်သာ ဖြစ်၏။
စင်ကြယ်သော ကုသိုလ်အဖို့ကို ဖျက်ဆီးတတ်၏။
ပညာတည်းဟူသော ဦးခေါင်းကို ပြတ်၍ကျစေတတ်၏။

( ဓမ္မပဒ။ ဗာလ၀ဂ် )
3 Treasures: Buddha, Dhamma & Sangha

No comments:

Post a Comment