ဒီနေ့ တရားတစ်ပုဒ်နာဖြစ်တယ်။ အဲဒီထဲက မှတ်သားစရာ ကောင်းတာလေးတွေ ပြောပြချင်လို့။ တရားခေါင်းစဉ်က “အဖော်ကောင်း ရှိပါစေ”
တဲ့။ ဟောတဲ့ဆရာတော်က မြောက်ဦးဆရာတော်ပေါ့။ အဲဒီတရားထဲမှာ အဓိက main
pointက ဘာလဲဆိုတော့ (၁) အဖော်ရယ် ၊ (၂) ဆရာရယ် ၊ (၃) ပျော်စရာရယ်တဲ့။
(၁) အဖော် ဆိုတာ ကုသိုလ်အဖော် ၊ တရားအဖော်ကိုပြောတာ။ အဲဒီမှာ (၄) မျိုး
ထပ်ခွဲတယ်။ ၁။ ဒါနကုသိုလ်၂။ သီလကုသိုလ် ၃။ သမထကုသိုလ် ၄။
ဝိပဿနာကုသိုလ်ဆိုပြီးလေ။
- ဒါနကုသိုလ် ကတော့ ပေးကမ်း ၊ စွန့်ကြဲ ၊ လှူဒါန်းခြင်းပေါ့။ ဒါက
တနည်းအားဖြင့် ကိုယ့်ရဲ့ ဝတ္တု ပစ္စည်း အပေါ်မှာရှိတဲ့ လောဘကို ပယ်သတ်
လိုက်တာပဲပေါ့။
- သီလကုသိုလ်ကျတော့ (၅)ပါးသီလ ၊ (၈)ပါးသီလ စသဖြင့် ကိုယ်နိုင်
သလောက် စောင့်ထိန်းဖို့ပေါ့။ ဒါကကျတော့ဝစီကံနဲ့ ကာယကံကို ထိန်းသိမ်း
လိုက်ခြင်းပဲလေ။
- သမထကုသိုလ်ကျတော့ ကိုယ့်စိတ်ကလေး သွားချင်တိုင်း
ပေါက်လွတ်ပဲစားသွားလို့ မရအောင် သမာဓိကောင်းအောင် လေ့ကျင့်ခြင်းပဲ။ ဒါက
စိတ်ကို ထိန်းခြင်းပေါ့။
- ဝိပဿနာကုသိုလ်ကတော့ ဖြစ်ခြင်း၊ပျက်ခြင်းသဘောတွေကိုမြင်အောင်ကြည့်ပြီး
နှလုံးသွင်းမှန်စွာနဲ့ ပွားများအားထုတ်ခြင်းပေါ့။ အဲလိုအားထုတ်နေတော့“
အနိစ္စ” အချက်ကို မြင်တတ်လာမယ်။ အရာရာဖြစ်ပြီးပျက်နေတယ်။ မမြဲမရှိဘူး။
ဘယ်အရာမှ မခိုင်မြဲဘူးဆိုတာသိလာမယ်။
ပျော်ရင်လည်း ဒါဟာခဏပဲ၊ စိတ်တိုရင်လည်း ခဏနေရင်ပျက်သွားပြီ။
အို..အရာရာဖြစ်ပြီး ပျက်ပျက်လိုက်သွားတော့ တခုခုကို စွဲနေလ
ည်း
အဲဒါကပျက်မှာပဲ။ အဲဒီလို အပျက်တွေချည်း ဆက်တိုက်မြင်နေတော့ ဒါကြီးမမြင်ချင်
တော့ဘူး။ ဒါလည်းမြင်ရတဲ့အပျက်ကမရပ်ဘူး။ ဒီတော့ ဒီအပျက်တွေအပေါ်မှာ “ဒုက္ခ”
အချက် ကိုကွက်ကွက်ကွင်းကွင်းကို သိရတော့တာပဲ။ အဲဒီကနေ ဝိပဿနာကုသိုလ်တွေ
ဆက်ပွား ဆက်ပွားတဲ့ အခါအို.. မလိုချင်တော့ပါဘူး။ မရချင်တော့ ပါဘူး။
ဒီအပျက်တွေကို (အသံကြား လည်းပျက်၊ သိသမျှအကုန်လိုက်ပျက်)နေတော့
တော်ပါတော့ဆိုလည်း မရဘူးလေ။
ဒါ…..အရှိတရားတွေဆိုတော့ အမလေး ..လေး..ဘာပြောကောင်း လိမ့်မလဲ?။
အရှိန်တွေကောင်းစွာနဲ့ ပျက်ပြနေ လိုက်တာ၊ မလိုချင်လေ ပိုပျက်ပြလေ၊
မလိုချင်လေ ပိုဆိုးလာလေပဲ။ ဒီတော့မှပဲ “အနတ္တ”သဘောကို ကောင်းကောင်း
သဘောပေါက်သွားတော့တယ်။ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်ရင် “အတ္တ”လေ။ အဲလိုမှ
မဖြစ်တော့ သြော်..ဒါဟာ“အနတ္တ” သဘော တွေပါလားလို့ လက်ခံလိုက်ရတော့တယ်။
အဲဒီလက္ခဏာရေး သုံးပါးကို ဝိပဿနာ ရှု့ပွားမှု့ ကသာလျှင် Result
အနေနဲ့ရရှိလာမှာပေါ့။ အဲဒီ(၃)မျိုးလုံးကို ကိုယ်တိုင်
ခံစားတွေ့ထိသိမြင်လာနိုင်အောင်ထိ အားထုတ်ရမှာပါ။
အရာရာမှာ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောနဲ့ သုံးသပ်လိုက်တော့
အရာအားလုံး ဘယ်လိုဟန်ရေးချီလာလာ နောက်ဆုံးတော့ ပျောက်ပျက်ပြီး
ပြေးပေတော့ပေါ့။ နောက်တော့ ဒါဟာ လက်နက် တစ်ခု ဖြစ်လာမှာပါ။ ကိုယ့်စိတ်ဟာ
ဘာတွေ လာတင်တင် ပျက်ခြင်း လက်နက်က အထဲကချိန်ထားတော့ ဘာမှကိုမကြာလိုက်ဘူး။
အကုန် ဒက်…ဒက်…ဒက်… ဒက်…နဲ့ ပျက်လိုက်သွားတယ်။ ဒီတော့ စိတ်ဟာ ပကတိ
ငြိမ်းအေးစွာနဲ့ပဲကြာကြာနေနိုင်သွားတာပေါ့။
တရားအရှိန်ကောင်းရင် ကောင်းသလို သူတို့မှာ ဝင်လာသမျှ လောကဓံကို
တိုက်ထုတ်နိုင်မယ့် လက်နက်တွေ အဆင်သင့် ရှိလာမှာပေါ့။ ကဲ.အဲကနေ
ဆက်ကြဦးစို့။ အခုမှ အဖော်ပဲ ရှိသေးတယ်။ ကဲ.. ဒါဆို အဖော်ကို ကောင်းကောင်း
သိမှာပါနော်။ ရင်ထဲမှာ ကိန်းနေတဲ့ လောကဓံ ဟူသမျှကို တိုက်ထုတ်ပေးမယ့်
ကိုယ့်ကို အမြဲကြည်လင်အောင် ကာကွယ် ပေးမယ့် လက်နက်နဲ့တူတဲ့ “အဖော်ကောင်း”
လေး လူတိုင်းမှာရှိထားသင့်တယ်နော်။ ဒီအဖော်လေးသာရှိနေမယ် ဆိုရင်
အို..ပျော်စရာပဲပေါ့လို့ ဆရာတော်က သေချာလေး ဟောပြသွားပါတယ်။
(၂) ဆရာဆိုတာကတော့ ဒီအဖော်ကောင်းလေး ရင်ထဲမရောက် မချင်း
ဆရာလိုတယ်လေ။ ဆရာဆီမှာ နည်းနာခံလို့ ၊ ပြောတာ နားထောင်လို့ ဒီအဖော် ရင်ထဲ
ရောက်လာဖို့ ဆရာနဲ့အတူ လက်တွဲ ရှာဖွေရမှာလို့ ပြောတာ။ ဆရာဆိုတဲ့ နေရာမှာ
ကိုယ့်ရှု့မှတ်မှုကို အသေးစိတ် ညွှန်ကြားပေးမယ့် ဆရာ ကောင်းတွေ၊
ကိုယ်ဒီလမ်းကိုသွားမှ ဒီအဖော်ကိုရနိုင်မယ်ဆိုလို့ သွားနေစဉ်မှာ
လမ်းမှာချုံခိုတိုက်တာတွေ၊ ဆက်မသွားရအောင်တားတာတွေ၊ စိတ်ဓာတ် ကျပြီး
လှည့်ပြေးအောင် လုပ်တာတွေနဲ့ ကြုံမှာပဲလေ။ ဒါတွေကြုံလာခဲ့ရင် ကိုယ် ဘယ်လို
ရင်ဆိုင်ရမလဲဆိုတာ ဆရာရှိမှ ဖြစ်မှာမို့ ဆရာသည် ကိုယ့် ရင်ထဲကို
တရားအဖော်လေး ရောက်မလာမချင်း လက်လွှတ်လို့ မရပါဘူး။ အကယ်၍
အဖော်လေးရသွားရင်တော့ ဆရာ အမောပြေပြီပေါ့။ စိတ်လည်း ချရပြီပေါ့။ သူ့ဘာသူ
ဒီအဖော်လေးနဲ့ပဲ အေးချမ်းစွာနေနိုင်မှာဖြစ်လို့ အဲဒီ အချိန်မှာ
ဆရာကလက်လွတ်လိုက်လို့ရသွားပါပြီ။ ဒါကြောင့် ဒီနေရာမှာ ဆရာဟာ အဓိက
ကဏ္ဍမှာပါတယ်ဆိုတာ မမေ့ပါနဲ့။
ကဲ.. ဒီလိုနဲ့ဆရာ၊ ဒကာ ကိုက်ညီလို့များ လမ်းလေးဖြောင့်လို့ တရား
အဖော်လေး ရင်ထဲ ကိန်းသွားပြီ ဆိုရင်(၃)ဖြစ်တဲ့ ပျော်ရွှင်စရာတွေချည်းပဲ
ပြည့်နေပါလိမ့်မယ်။ ဒါဆိုရင်တော့ ပျော်စရာအစစ်ကို ရသွားပြီလို့သာ မှတ်
လိုက်ပေတော့။ အဲဒီ တရားအဖော်ကလည်း ဘယ်တော့မှ ခွဲသွားမှာမဟုတ်လို့
သေထိစိတ်ချစွာ လက်တွဲသွားနိုင်ပါပြီတဲ့။ သေခါနီးအသက်ငင်နေချိန်၊ ရောဂါ
နှိပ်စက်ချိန်မှာ အဲဒီ အဖော်ကောင်းလေးက ကိုယ့်ကိုတန်ဖိုးမဖြတ်နိုင်အောင်
အကျိုးပြုမှာပဲဖြစ်ပါတယ်။ ဒါကြောင့် လောကီအဖော်ကမှ ကောင်းကျိုးပေး တာ၊
မပေးတာ ဆိုတာတွေ ရှိနိုင်သေးတယ်။ ဒီတရားအဖော်လေးကတော့
ဘာမှသံသယဖြစ်စရာမလိုအောင် ကိုယ့်ကို အချိန်ပြည့် စောင့်ရှောက်ပေးမှာမို့
ဒီတရား အဖော်လေးကို မြန်မြန်ရှာကြစေလိုပါတယ်။
ဒီတရားအဖော်လေးသာ ရင်ထဲရောက်လာရင် မပူမပင် ပျော်ရွှင်စွာ၊
ပျော်တပြုံးပြုံး မော်မဆုံးဖြစ်ရမှာမို့ အားလုံး ပျော်စရာ အစစ်ကို
အိပ်မက်မက်မနေပဲ အခုသိ၊ အခုလုပ်လို့ အခုကြိုးစားကြပါစို့လို့
တိုက်တွန်းရင်းဖြင့် နာဖြစ်ခဲ့သော တရားတစ်ပုဒ်အားပြန်လည်ဝေမျှ
ရေးသားလိုက်ရပါတော့သည်။
အားလုံးစစ်မှန်သောပျော်ရွှင်မှုတွေရနိုင်ကြပါစေ။
စောသဇင်(မန္တလေး)
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺
by cosajaṅ ဆိုက်စာမျက်နှာမှ ကူယူဖေါ်ပြပါသည်။
No comments:
Post a Comment