October 11, 2013

ဂေါတမမြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမြတ်စွာဘုရားရှင် ထံတော်တွင် ဗျာဒိတ်ခံယူတော်မူခြင်း

ယခုကျွန်တော်ရေးသားသည့် ဂေါတမမြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမြတ်စွာဘုရားရှင် ထံတော်တွင်
ဗျာဒိတ်ခံယူတော်မူခြင်းနှင့် တဆက်တည်းဖြစ်စေရန်အတွက် သိဒ္ဓတ္ထမြတ်စွာဘုရားရှင်၏
ဗုဒ္ဓဝင်အကျဉ်းကိုပါ တပေါင်းတည်း ထည့်သွင်းထားပြီး ယင်းဘလော့ဂ်ကို တိပိဋကဓရ ဓမ္မဘဏ္ဍာကာရိက
မင်းကွန်းဆရာတော်ကြီး ရေးသားသော မဟာဗုဒ္ဓဝင်ကျမ်း ပထမတွဲ ဒုတိယပိုင်းမှ
ထုတ်နုတ်ထားခြင်းဖြစ်လေရာ ယခုထက် ပြည့်စုံစွာသိရှိလိုပါက ထိုမဟာဗုဒ္ဓဝင်ကျမ်း ပထမတွဲ
ဒုတိယပိုင်း၌ လေ့လာဖတ်ရှုနိုင်ပါသည် ဓမ္မမိတ်ဆွေများခင်ဗျာ။
ထိုသို့ ပိယဒဿီမြတ်စွာဘုရား၊ အတ္ထဿီမြတ်စွာဘုရား၊ ဓမ္မဒဿီမြတ်စွာဘုရား အစဉ်သဖြင့်ပွင့်တော်မူရာ
ဝရကမ္ဘာကြီး ပျက်စီးပြီးသောအခါ ဘုရားမပွင့်သည့် သုညကမ္ဘာပေါင်း ၁၇၀၆ ကမ္ဘာရှိလေသည်။
ထိုသုညကမ္ဘာများကို လွန်မြောက်သော တခုသောကမ္ဘာသည် ဘုရားတစ်ပွင့်တော်မူမည့်
သာရကမ္ဘာကြီး ဖြစ်လေသည်။ ထိုကမ္ဘာတွင် လူတို့သက်တမ်း အသင်္ချေတမ်းမှ
တစ်သိန်းတမ်းသို့ ပြန်လည်ဆုတ်နစ်လာခဲ့သော် ပါရမီရင့်သန်တော်မူပြီးဖြစ်သော တုသိတာနတ်ပြည်ရှိ
အလောင်းတော်နတ်သားသည်လည်း ကြည့်ခြင်းငါးပါးဖြင့် ကြည့်တော်မူပြီး
ဘုရားဖြစ်ချိန်တန်ကြောင်း ကောင်းစွာသိတော်မူသောကြောင့် ဝေဘာရနေပြည်တော်ရှိ
ဥဒေနမင်းကြီး၏ တောင်ညာစံ သုဖဿာမိဖုရားကြီး၏ ဝမ်းတွင် ပဋိသန္ဓေယူတော်မူလေသည်။
အချိန်စေ့မြောက် ၁၀လသို့ ရောက်သော် ဝီရိယဥယျာဉ်တော်ကြီးတွင် ဖွားမြင်တော်မူရာ
လူအပေါင်းတို့ပြုဖွယ်ကိစ္စမှန်သမျှ အကျိုးအားလုံး ပြီးစီးပြီး ကိုယ်
စိတ်နှစ်ပါး
ချမ်းသာခြင်း ဖြစ်ကြသောကြောင့် သိဒ္ဓတ္ထမင်းသားဟု အမည်ပေးကြလေသည်။
အရွယ်ရောက်လာသည့်အခါတွင် ထီးနန်းစည်းစိမ်ကို ဆက်လက်ခံယူလျက် မင်းအဖြစ်အုပ်ချုပ်ကာ
လူမင်းစည်းစိမ်ကို သောမနဿဒေဝီမိဖုရားကြီးနှင့်အတူ အနှစ်တစ်သောင်း (၁၀၀၀၀) ပတ်လုံး
စံစားတော်မူလေသည်။ ထို့နောက် ဝါဆိုလပြည့် အနုပမမင်းသားကို ဖွားမြင်တော်မူသောနေ့တွင်ပင်
ရဟန်းနိမိတ်ကို မြင်ပြီးဖြစ်သော အလောင်းတော်သိဒ္ဓတ္ထမင်းသားသည်
ထိုနေ့ညတွင်ပင် ရွှေထမ်းစင်ကိုစီးကာ ဖွားတော်မူရာ
ဝီရိယဥယျာဉ်တော်သို့ တောထွက်ရဟန်းပြုလေသည်။ တစ်ကုဋေတစ်သိန်းမျှသော မင်းချင်း၊
လူယောက်ျားများသည်လည်း အလောင်းတော်ကို အားကျကာ အတုလိုက်၍ ရဟန်းဝတ်ကြလေသည်။
အလောင်းတော်သည်လည်း ထိုရဟန်းများ ခြံရံကာ ဒုက္ကရစရိယကို ၁၀လကြာအောင်
ကျင့်တော်မူလေသည်။ သို့နှင့်ပင် ဘုရားဖြစ်မည့် ကဆုန်လပြည့်နံနက်ပိုင်းသို့ ရောက်သောအခါ
အသဒိသပုဏ္ဏားရွာရှိ သုနေတ္တာပုဏ္ဏေးပျိုမလေး လှူဒါန်းသော နို့ဃနာဆွမ်းကို ရွှေခွက်နှင့်တကွ
ခံယူတော်မူကာ ဃနာနို့ဆွမ်းကို ဘုန်းပေးသုံးဆောင်တော်မူလေသည်။ ညနေချမ်းသို့ရောက်သောအခါ
အခြံရံများကို စွန့်ခွာကာ မဟာဗောဓိပင် (မဟာလှေကားပင်) သို့ တပါးတည်းကြွသွားတော်မူရာ
လမ်းခရီးအကြားတွင် မုယောခင်း (ဂျုံခင်း) စောင့်လယ်သမား ဝရုဏလှူဒါန်းသော မြက်ရှစ်ဆုပ်ကို
အလှူခံ ရရှိလေသည်။
ထိုအပရာဇိတပလ္လင်တော်ပေါ်တွင် ထက်ဝယ်ဖွဲ့ခွေ နေတော်မူကာ အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဝီရိယ၊
ဘုရားဖြစ်ရန် ဘဝအဆက်ဆက်မှ ဖြည့်ဆည်းခဲ့သော ပါရမီတော်များဖြင့်ပင် နေမဝင်ခင်
မာရ်နတ်ရန်ကို အောင်တော်မူလေသည်။ ထို့နောက် မဇ္ဈိမပဋိပဒါလမ်းစဉ်ဖြင့်
ဆက်လက်အားထုတ်သွားရာ မိုးသောက်အရုဏ်တက်သည်နှင့် သဗ္ဗညုတဉာဏ်တော်ကြီးကို
ရတော်မူကာ လောကသုံးပါးတွင် အတုမရှိသော ဗုဒ္ဓအဖြစ်ကို ရတော်မူလေသည်။
မဟာဗောဓိပင်ရင်းတွင် သတ္တသတ္တာဟစံနေတော်မူကာ တရားဦးဟောရန် သင့်တော်သူကို
ဆင်ခြင်တော်မူသည်ရှိသော် ဗောဓိပင်နှင့် ၁၈ ယူဇနာအဝေးတွင်ရှိ ကိုယ်တော်မြတ်ကို
အတုလိုက်ရဟန်းဝတ်သော ရဟန်းတော် တစ်ကုဋေတစ်သိန်းကို ဦးစွာပထမ တရားဟောသင့်ကြောင်း
သိမြင်တော်မူသဖြင့် ထိုနေရာသို့ ကြွသွားတော်မူကာ “ဒွေမေ ဘိက္ခဝေ” အစရှိသော
ဓမ္မစက္ကပဝတ္တနသုတ္တံကို ဟောကြားတော်မူလေသည်။ မြတ်သော အဂ္ဂသာဝကမထေရ်မြတ်နှစ်ပါးမှာ
သမ္ဗလမထေရ်နှင့် သုမိတ္တမထေရ်တို့ ဖြစ်ပြီး အလုပ်ကျွေးရဟန်းမြတ်မှာ ရေဝတမထေရ်ဖြစ်လေသည်။
ကဉ္စနဝေဠုမြို့အနီး အနောမဥယျာဉ်တော်ကြီးတွင် ပရိနိဗ္ဗာန် ဝင်စံတော်မူကာ အဓိဋ္ဌာန်ချက်ကြောင့်
ဓါတ်တော်များမှာ တစုတည်း တပေါင်းတည်းဖြစ်လေသည်။
လောကသုံးပါး အတုမရှိသော သိဒ္ဓတ္တမြတ်စွာဘုရား ထင်ရှားစွာပွင့်တော်မူခါနီးတွင်
သုရသေနမြို့တွင် ဗေဒင်ဝေဒကျမ်းများကို ကျွမ်းကျင်စွာ တက်မြောက်သော
မင်္ဂလပုဏ္ဏားတယောက်ရှိလေသည်။ ထိုပညာရှိ ဗြဟ္မဏပုဏ္ဏားသည် မိမိရှိသမျှဥစ္စာများကို
အကုန်စွန့်လှူဒါန်းကာ ရသေ့ဝတ်ပြီး မကြာခင်ပင် ဈာန်ငါးပါး၊
အဘိညာဉ်ငါးပါးဖြင့် ပြည့်စုံတော်မူလေသည်။ ထို့နောက် သိဒ္ဓတ္တမြတ်စွာဘုရား ပွင့်တော်မူကြောင်း
ကြားသိသည်နှင့် မြတ်စွာဘုရားအနီးသို့သွားကာ တရားတော်ကို ကြားနာလေသည်ရှိသော်
သရဏဂုံသုံးပါးတွင် ယုံကြည်သက်ဝင်လေသည်။ ထို့နောက် သဒ္ဓါထက်သန်လာသဖြင့် မိမိ၏
တန်ခိုးအာနုဘော်ဖြင့် ဇမ္ဗူဒိပ်ကျွန်းရှိ သပြေသီးကိုခူးကာ ဘုရားအမှူးရှိသော
သံဃာတော်ကုဋေကိုးဆယ်လုံးကို ကပ်လှူတော်မူလေသည်။ ထိုအခါ သိဒ္ဓတ္ထမြတ်စွာဘုရားရှင်သည်
အနာဂတံသဉာဏ်တော်တွင် ထင်ရှားစွာ မြင်တော်မူလာသည့်အတိုင်း မင်္ဂလရသေ့ကို “ချစ်သား၊
ယခုအချိန်မှစ၍ ရေတွက်လျှင် နောက်ထပ် ကမ္ဘာပေါင်း ကိုးဆယ့်လေးကမ္ဘာ (၉၄)
ကိုလွန်မြောက်သောအခါ ဘုရားငါးဆူပွင့်မည့် ဘဒ္ဒကမ္ဘာကြီး ဖြစ်လာလိမ့်မည်။ ထိုကမ္ဘာတွင်
အသင်ချစ်သားသည် ဂေါတမဆိုတဲ့ဘွဲ့အမည်ဖြင့် ငါကဲ့သို့ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်” ဟု
ဗျာဒိတ်ပေးတော်မူလေသည်။ ထိုအခါ အလောင်းတော်မင်္ဂလရသေ့သည်လည်း ဝမ်းမြောက်ကျေနပ်ကာ
ပါရမီဆယ်ပါး အပြားသုံးဆယ်လုံးကို ကောင်းစွာဖြည့်ကျင့်တော်မူလေရာ သေလွန်သည်ရှိသော်
အာဘဿရာဗြဟ္မာ့ဘုံသို့ ရောက်တော်မူလေသည်။
(တိဿမြတ်စွာဘုရားရှင်ထံတော်တွင် ဗျာဒိတ်ခံယူတော်မူခြင်းကို ဆက်ရန်)
ဓမ္မဒဿီမြတ်စွာဘုရားရှင်ထံတော်တွင် ဗျာဒိတ်ခံယူတော်မူခြင်း

No comments:

Post a Comment