October 27, 2016

သတိနဲ့ပျော် စိတ်ကိုစောင့် လွတ်အောင်ရုန်း


     ကံ ကြောင့် လူဘ၀ဆိုတာ ရလာတယ်၊ ဒါနကုသိုလ်ကြောင့် ချမ်းသာတယ်၊ သီလကုသိုလ်ကြောင့် အသက်ရှည်တယ်၊ ဒါန သီလ ကုသိုလ်ကောင်းမှု အကျိုးပေးလို့ ဒီဘ၀မှာ ချမ်းသာသုခနဲ့ ပြည့်စုံပြီး အသက်ရှည်ရှည်နေရတာကို သိမြင်ဖို့လိုပါတယ်။ ( မိမိတို့ ဘယ်ဘ၀က လာသည်ဆိုသည်ကို အတိအကျ မသိနိုင်သော်လည်း မိမိတို့ဘယ်အဆင့်အတန်း၊ ဘယ်လိုစိတ်မျိုးရှိခဲ့သည်၊ ဘယ်လိုဗီဇ ရှိသည် ဆိုသည်ကို လက်ရှိဘ၀ အခြေအနေ အနေအထားဖြင့် နှိုင်းယှဉ်ပြီး ခန့်မှန်းနိုင်ပါသည်၊ မိမိအယူအဆသာ ဖြစ်ပါသည်)။

     ဒါကိုမမြင်ဘဲ အဟုတ်ကြီးထင် မာန်ကြီးတက်လို့ မော့မော့ကြွားကြွားနဲ့ လောကချမ်းသာတွေ ကာမဂုဏ်ကိလေသာတွေနဲ့ မေ့လျော့ပျော်ပါးနေရင်တော့ ကံကုန်လို့ သေမင်းခေါ်တဲ့အခါ သွားရတော့မယ် ဆိုတော့မှ နောင်တတွေရပြီး မျက်ရည်ကျနေလို့ အပိုပါပဲ။ ချစ်လှပါတဲ့ ဇနီး ခင်ပွန်းကလည်း မကယ်နိုင်၊ မွေးထားတဲ့ သား သမီးတွေကလည်း မကယ်နိုင်၊ ဆရာဝန်ကို ငွေပုံပေးလို့လဲ ကယ်နိုင်မှာ မဟုတ်တော့ဘူး။

     မိမိတို့ ရှေ့အတိတ်က ကောင်းမှုကုသိုလ် သီလ ဒါနကြောင့် ဒီခေတ် ဒီအခါ လူဖြစ်လာစဉ်တစ်ခဏ အကျိုးမရှိတာတွေနဲ့ ပျော်မနေပဲ၊ ပယ်သင့်တာပယ်၊ သယ်သင့်တာသယ်ဖို့ လိုပါတယ်၊ မသေခင်က လုပ်ခဲ့တဲ့ ကံတွေဟာ သေမဲ့အချိန်မှာ ကုသိုလ်သော်လည်းကောင်း အကုသိုလ်သော်လည်းကောင်း ဆိုင်ရာ အားကြီးရာ ကတိနိမိတ်ကို အထောက်အပံ့ပြုပါတယ်။

     အနေချောင်ချောင်နဲ့ မေ့မေ့မောမော နေခဲ့ရင် အသေကျပ်မည်ကို သတိထားပါ၊ ဘာလုပ်လုပ် သတိနဲ့ ဆင်ခြင်ပြီး သိနေဖို့လိုပါတယ်၊ ဒီလိုသိနေဖို့ကလည်း ကိုယ့်စိတ်ကို ပြန်စစ်ပြီး သိနေဖို့ အကျင့်လေးလုပ်ဖို့လိုပါတယ်၊ ကျင့်ပါများ လုပ်ပါများရင် အလိုလိုသတိကရှိပြီးသား၊ သိနေ ဆင်ခြင်နေမိမှာပါပဲ။

    လူရယ်လို့ဖြစ်လာရင် လောကဓံဆိုတာကို မလွဲဧကန် ရင်ဆိုင်ကြရမှာပါ၊ လောကဓံဆိုတာက အတွင်းလောကဓံနဲ့ အပြင်လောကဓံဆိုပြီး ရှိပါတယ်၊ အပြင်လောကဓံကတော့ လူတိုင်းနီးပါး သိရှိထားပြီးဖြစ်တဲ့
၁။  လာဘ - ပစ္စည်းဥစ္စာ ရရှိခြင်း ။
၂။  အလာဘ - ပစ္စည်းဥစ္စာ မရရှိခြင်း ။
၃။  ယသ - အခြွေအရံ ပေါများခြင်း ။
၎။  အယသ - အခြွေအရံ မရှိခြင်း ။
၅။  နိန်ဒါ - အကဲ့ရဲ့ ခံရခြင်း ။
၆။  ပသံသာ - အချီး မွမ်း ခံရခြင်း ။
၇။  သုခံ - ချမ်းသာခြင်း ။
၈။ ဒုက္ခံ - ဆင်းရဲ့ ခြင်း ။ တို့ပဲဖြစ်ပါတယ်။

   အတွင်းလောကဓံကတော့ စိတ်စေတသိတ်တွေဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဠိ၊ ၀စိကိစ္ဆာ တို့ဘဲဖြစ်ပါတယ်၊ အတွင်းလောကဓံက အလွန်အရေးကြီးပါတယ်၊ လူတိုင်းဟာ သူများ ကိုသာ မြင်တတ်ပြီး မိမိကိုယ်ကို မမြင်ကြပါဘူး၊ မြင်အောင်လည်းမကြည့်ဘူး၊ ကြည့်လည်း မကြည့်တတ်ကြပါဘူး အတွင်း လောကဓံကို နိုင်မှသာ အပြင်လောကဓံကို နိုင်မှာဖြစ်ပါတယ်၊ ဒါကြောင့် အတွင်းလောကဓံ တရားတွေကို တိုက်ထုတ်ဖို့ ဖြစ်လျှင်ဖြစ်ချင်း သိဖို့ ထိန်းချုပ် ပယ်ဖြတ်ဖို့ မိမိစိတ်ကို စစ်ဆေးနေဖို့လိုပါတယ်။

     လောကီလူသားတို့အနေနဲ့ ယုတ်စွအဆုံး လုပ်ချင်ရာလုပ်၊ သတိလေးနဲ့ သိနေဖို့တော့လိုပါတယ်၊ ကာမဘုံသားတို့အနေနဲ့ ပညတ်ကိုတော့ ပယ်နိုင်မှာမဟုတ်ပါဘူး၊ ဘာကြောင့်လဲ ဆိုတော့ နေစဉ်ကြုံတွေ့နေရ၊ လုပ်ဆောင်နေရ၊ ပြောဆိုနေရတာမို့ပါ၊ သို့ပေမယ့် ပရမတ်ကိုတော့ သိရပါမယ်၊ ပညတ် ၂ မျိုးရှိပါတယ်၊ အ၀ိဇ္ဇမာနပညတ် - အများသုံးစွဲ ခေါ်ပြောနေတဲ့ သဘော ၊ ဥပမာ ယောက်ျား မိန်းမ ငါ သူတစ်ပါး အိုး အိမ် စတဲ့ ပုံသဏ္ဍာန်ကို အမည်တပ်ခေါ်တာကို ဆိုလိုပါတယ်၊ ၀ိဇ္ဇာမာနပညတ် - ဘုရားဟော ဥပမာ - အကြောင်းအကျိုး ရုပ် နာမ် ခန္ဓာ သစ္စာ နိဗ္ဗာန် စတဲ့ နာမ်တရားတွေကို ခေါ်ပါတယ်၊ ပညတ်ကိုဖယ်ပြီး ၀ိပဿပ   နာရှုရင် ပရမတ်ကို တွေ့ပါမယ်။

     ရှေးဘ၀က ကောင်းမှုကုသိုလ်ကြောင့် သုဂတိဘုံထဲမှ အကောင်းဆုံး  အသာဆုံး လူ့ဘုံကို ရောက်ရှိလာစဉ်တစ်ခဏ လောက ကိလေသာ ကာမဂုဏ်အပျော်တွေနဲ့ ပျော်တော့ပျော် သတိနဲ့ပျော်ပါ၊ ဒီ ကာမဂုဏ်အာရုံတွေထဲမှာ နစ်မနေဘဲ လွတ်အောင်ရုန်းထွက်ပါ၊ မိမိတို့ ခန္ဓာကိုယ်ကြီးဟာ စက္ကန့်ပိုင်း အချိန်ပိုင်းအတွင်း ပျက်စီးယိုယွင်းနေတာကိုလည်း သတိပြုပါ၊ နေ့စဉ် အသုဘကမ္မဠာန်း၊ မရဏကမ္မဠာန်းတရားတို့ကို ပွားများပါ၊ ဒါမှသာ ခန္ဓာကို မတွယ်တာ၊ ဘ၀ကို မတပ်မက်ဘဲ ဘ၀ပြတ်ကြောင်းတရားကို လိုချင်မယ်၊ ရှာကြံသင်ယူမယ်၊ သိလာရင် အားထုတ်လာမယ်၊ အားထုတ် ကျင့်ကြံမှသာ သံသရာက လွတ်မြောက်နိုင်မယ်။

အသုဘကမ္မဠာန်းနဲ့မှ မိမိစိတ်ဟာ လိုချင်တပ်မက်မှု အားကြီးနေဦးမယ်ဆိုရင် ၃၂ ကောဌာသကို ဆင်ခြင်ပွားများပါ၊ အကုန်မဟုတ်တောင် ပထမ ၅ မျိုးလောက် ဆိုရင်ပဲ သတိသံဝေဂရပြီး ၀ိပဿ   နာညာဏ် ကိန်းအောင်းနေပါပြီ။ ဆက်လက် ကျင့်ကြံ အားထုတ်လျှင်တော့ လွတ်ပါပြီ ဒီသံသရာဆိုးကြီးက။ ဒါကြောင့် သတိနဲ့ပျော် စိတ်ကိုစောင့်ပြီး ဘ၀တဏှာ ဒုက္ခအပေါင်း သိုမှီးရာဖြစ်သော သံသရာဆိုးမှ လွတ်အောင်ရုန်းနိုင်ကြပါစေလို့ တင်ပြလိုက်ပါတယ်။


No comments:

Post a Comment