အဲဒီတော့ နိဂမ၀ါသီတိဿမထေရ်ကို “ဆွေမျိုးတွေနဲ့
ရောနှောတယ်”လို့ ကဲ့ရဲ့တော့ မြတ်စွာဘုရားရှင်က မေး။ တိဿမထေရ်က ဖြေ။
“အလိုနည်းခြင်းဆိုတဲ့ အပ္ပိစ္ဆဂုဏ်ဟာ ရှေးသူတော်ကောင်းကြီးတွေရဲ့
ထုံးတမ်းစဉ်လာ ဓမ္မတာပါပဲ။ ငါဘုရားရဲ့ ကျင့်ထုံးဟောင်းလည်း
ဖြစ်ပါတယ်”ဆိုပြီးတော့ အတိတ်ကို ဟောတာပေါ့။ အဲဒီဝတ္ထုရော ဟောပေးရဦးမလား။
တစ်ခါတုန်းက ရေသဖန်းတောကြီးထဲမှာ ဘုရားလောင်းကျေးမင်းက
ရေသဖန်းပင်တစ်ပင်ကို အမှီပြု၊ ရေသဖန်းသီးတွေ စားပြီးတော့ နေတယ်။ အဲဒီ
ရေသဖန်းပင်က ရေသဖန်းသီးတွေ ကုန်သွားတဲ့အခါကျတော့ ရေသဖန်းပင်မှာ ရှိတဲ့
အညွှန့်တွေကို စားပြီးတော့ နေတယ်။ အညွန့်တွေ ကုန်သွားတော့
အရွက်တွေစားပြီးတော့ နေတယ်။ အရွက်တွေ ကုန်သွားတော့ အပွေးလေးတွေကို
စားပြီးတော့ နေတယ်။ အပွေးလေးတွေ ကုန်သွားတော့ အခေါက်ကလေးတွေကို စားပြီးတော့
နေတယ်။
တခြားငှက်တွေ သစ်သီးပေါတဲ့ တခြားတောထဲကို
ရွှေ့ပြောင်းပြီးတော့ သွားကြပေမယ့်၊ အသီးရှိတဲ့ တခြားအပင်ကတော့
အဲဒီရေသဖန်းပင်ကြီးမှာပဲ ရှိတာလေးနဲ့ မျှတပြီးတော့စား၊ ဂင်္ဂါမြစ်က
ရေလေးသောက်ပြီးတော့ နေတယ်။
အဲဒီလို အကျင့်ပြင်းထန်တော့
ထုံးစံအတိုင်းပေါ့လေ။ သိကြားမင်းကျောက်ဖျာတင်းတယ်၊ ပူတယ်။
ကျောက်ဖျာတုန်လူပ်တယ်လို့လည်း ဆိုပါတယ်။ သိကြားမင်း ကျောက်ဖျာတင်းတော့
သိကြားမင်းက လူ့ပြည်မှာ ဘယ်သူများ အကျင့်ပြင်းထန်သလဲလို့ ကြည့်လိုက်တော့
ကျေးမင်းကို သွားတွေ့တယ်။
စုံစမ်းစစ်ဆေးရေးလုပ်ဦးမှပဲ ဆိုပြီးတော့
သိကြားမင်းက အဲဒီဘုရားလောင်းကျေးမင်း နေထိုင်တဲ့ ရေသဖန်းပင်ကြီးကို
ခြောက်သွေ့အောင် လုပ်လိုက်တယ်။ နေ့ချင်းညချင်း ဆိုသလိုပဲ ရေသဖန်းပင်ကြီးက
ခြောက်သွား။ အကိုင်းတွေ ဘာတွေပြိုကျ။ သစ်ငုတ်လေးပဲ ကျန်တော့တယ်။
အပေါက်တွေ ဖြစ်၊ အခေါင်းတွေ ဖြစ်။ လေတိုက်
လိုက်တယ်ဆိုရင် တူရိယာတီးမူတ်လိုက်သလို အသံတွေထွက်။ အဲဒီအပေါက်တွေကနေ
လေတိုက်တဲ့အခါကျတော့ အမူန်တွေထွက်ကျ။ ဘုရားလောင်းကျေးမင်းက
အဲဒီ
အမူန့်လေးတွေပဲ စားပြီးတော့ မျှတနေတယ်။
အမူန့်လေးတွေပဲ စားပြီးတော့ မျှတနေတယ်။
ဘုရားလောင်းကျေးမင်းက သစ်ငုတ်တိုက
အမူန်လေးတွေစား၊ ဂင်္ဂါမြစ်က ရေသောက်ပြီးတော့ သစ်ငုတ်တိုလေးမှာပဲ ငြိမ်သက်စွာ
ထိုင်နေတယ်။ ညအိပ်ချိန်ကျတော့လည်း အဲဒီသစ်ငုတ်တိုလေးမှာပဲ အိပ်တယ်။
အိပ်နေတဲ့အချိန် အသာထား။ သစ်ငုတ်တိုမှာ ငှက်ကလေးတစ်ကောင် ထိုင်နေရင် ဘာလုပ်နေမယ် ထင်တုံး။
လူတို့ နတ်တို့ဆိုရင်တော့
လုပ်စရာအလုပ်တွေက အများကြိးရှိတာပေါ့။ တိရစ္ဆာန်ဖြစ်နေတော့ သစ်ငုတ်တိုလေးပေါ်
ထိုင်ပြီးတော့ ဘာများလုပ်နေမလဲ။ ဦးဇင်းတို့လည်း တွေးကြည့်တာပေါ့လေ။
အခုဒီဟာ ဟောမှရယ်လို့ မဟုတ်ပါဘူး။ ဇာတ်တော်တွေထဲမှာ တိရစ္ဆာန်ဘဝ
နေတာထိုင်တာလေးတွေ ဖတ်ရတဲ့အခါကျတော့ ဘာများလုပ်နေပါ့မလဲ။
ဘုရားလောင်းကျေးမင်း သစ်ငုတ်တိုလေးပေါ်မှာ
ထိုင်ရင်း မိမိရဲ့ အပ္ပိစ္ဆဂုဏ် - အလိုနည်း ရောင့်ရဲတဲ့ ဂုဏ်လေး
ဆင်ခြင်ပြီးတော့ နေမယ်၊ တစ်ခါတစ်ရံကျတော့ မေတ္တာဘာဝနာလေး ပွားပြီးတော့နေမယ်။
တောထဲတောင်ထဲမှာရှိတဲ့ ကျေးငှက်သာရကာတွေ ကျန်းမာချမ်းသာကြပါစေ။ သမင်၊
ဒရယ်၊ ကျား၊ ခြင်္သေ့ အစရှိတဲ့ တောတိရစ္ဆာန်တွေလည်း တစ်ဦးနဲ့တစ်ဦး
မေတ္တာတရားနဲ့ ဆက်ဆံပြီးတော့ ကျန်းမာချမ်းသာကြပါစေ။ ဘေးရန်အန္တရာယ်တွေ
ကင်းရှင်းကြပါစေ။
ဘုရားလောင်းကျေးမင်း အလိုနည်းတဲ့ဂုဏ်လေး
တွေးလိုက်၊ မေတ္တာလေးပို့လိုက်နဲ့ နေမှာပါ။ ဘုရားအလောင်းတော်အနေနဲ့
မေတ္တာဓာတ်တွေကလည်း သံသရာတစ်လျှောက်လုံး ဖြည့်ဆည်းလာခဲ့တာဆိုတော့
မေတ္တာဓာတ်တွေကလည်း အားကောင်းနေတာကိုး။
မေတ္တာဓာတ် အားကောင်းနေတော့
မေတ္တာဓာတ်တွေလည်း ပို့လွှတ်နေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကိုယ့်ရဲ့
အလိုနည်း ရောင့်ရဲတဲ့ဂုဏ်ကိုလည်း ဆင်ခြင်နေလိမ့်မယ်လို့ ထင်ပါတယ်။
ကြည်ညိုစရာပဲနော်။
ကိုယ့်အိမ်နားလေးတွေမှာတို့၊
သွားရင်းလာရင်းနဲ့ လမ်းပေါ်မှာတို့ ခွေးတွေဘာတွေ အိပ်နေတာ မတွေ့ရဘူးလား။
အိပ်နေရင်တော့ ထားလိုက်တော့။ အိပ်ပျော်နေတာမို့လို့။ ထိုင်နေရင်တော့
ဒီခွေးလေးတွေ ဘာများတွေးနေလဲ မသိဘူးနော်။ တစ်ခုခုတော့ တွေးနေမှာပဲ ထင်တယ်။
“ဒကာကြီးဦးလူမော် ဒီခွေးတွေ ဘာတွေးနေမယ်ထင်တုံး”
“စားဖို့ အိပ်ဖို့ပဲ တွေးနေမှာပါဘုရား”
စားဖို့ကလည်းပဲ စားစရာတွေ့မှသာ
စားမယ်ဆိုတဲ့စိတ် ဖြစ်မှာ။ ဗိုက်ပြည့်နေတဲ့အချိန်မှာတော့ အလကားနေရင်း
စားဖို့တော့ တွေးနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ စားပြီးတဲ့ဟာလေး
ပြန်တွေးရင်လည်း တွေးမှာပေါ့။ ဟိုအိမ်က ကျွေးလိုက်တဲ့ အမဲရိုးလေးက ဘယ်လို၊
ဒီအိမ်က ကျွေးလိုက်တဲ့ ကြက်ရိုးက ဘယ်လိုဆိုပြီးတော့ တွေးချင်
တွေးနေမှာနော်။
အိပ်ဖို့ကတော့ တမင်ထိုင်တွေးနေမယ်
မထင်ဘူး။ သူအိပ်ချင် အိပ်လိုက်မှာပါပဲ။ အားရင် အိပ်နေတာတော့ များတာပေါ့။
ကာမဂုဏ်ခံစားဖို့လည်း အမြဲတော့ တွေးနေမယ် မထင်ပါဘူး။ သူ့လနဲ့သူ၊
သူ့ရာသီနဲ့သူပဲ ဆိုတော့လေ။
“အိပ် - စား - ကာမ၊ ဤသုံးဝပဲ
နားလည်တယ်”ဆိုပြီးတော့ တိရစ္ဆာန်တွေရဲ့ ဂုဏ်ပုဒ်ကို မပြောကြဘူးလား။
ပြောကြတယ်။ ပြောမယ့်သာပြောတာ၊ ကာမဂုဏ်နဲ့ ပတ်သက်ရင်လည်း တိရစ္ဆာန်တွေဆိုတာက
သူ့လနဲ့သူနော်။ လူမှာကျတော့ သူ့လနဲ့သူ ရှိသေးလား။ မရှိဘူး။ နေ့တိုင်းပဲ
ဆိုပါတော့။
အဲဒီတော့ ဘုရားလောင်းကျေးမင်း
သစ်ငုတ်တိုလေးပေါ်မှာထိုင်။ အလိုနည်းခြင်းဂုဏ်လေး ဆင်ခြင်။ မေတ္တာဘာဝနာလေး
ပွားများပြီးတော့ ငြိမ်သက်စွာနဲ့ သီတင်းသုံးနေတာလို့တောင်
ပြောလိုက်ချင်တယ်။
ကြည်ညိုလွန်းလို့နော်။ ငြိမ်သက်စွာနဲ့ နေနေတယ်။
ကြည်ညိုလွန်းလို့နော်။ ငြိမ်သက်စွာနဲ့ နေနေတယ်။
သိကြားမင်းကြီးကလည်း “သြော်… ဒီကျေးမင်းက
အပ္ပိစ္ဆဂုဏ်နဲ့ ပြည့်စုံတယ်”။ ကြည်ညိုလွန်းလို့ မိဖုရားသုဇာကိုလည်း
ခေါ်လာပြီးတော့ ဟင်္သာမောင်နှံ ယောင်ဆောင်ပြီး သူ့ဆီ လာမေးတာပေါ့လေ။
တခြားဘေးနားလေးက သစ်ပင်တစ်ပင်ပေါ် အကိုင်းတစ်ကိုင်းမှာ နားပြီးတော့…
“တောထဲက တခြားအပင်တွေမျာ အသီးတွေ အများကြီးရှိပါလျက်နဲ့ ဘာဖြစ်လို့ ဒီသစ်ငုတ်တိုလေးအပေါ်မှာ အမူန့်တွေ စားပြီးတော့ နေရတာလဲ”
စသည်အားဖြင့် မေးတာပေါ့လေ။
ဒီတော့ ဘုရားလောင်းကျေးမင်းကလည်း…
စသည်အားဖြင့် မေးတာပေါ့လေ။
ဒီတော့ ဘုရားလောင်းကျေးမင်းကလည်း…
“မိတ်ကောင်းဆွေကောင်းဆိုတာ ကိုယ့်မိတ်ဆွေ
ဒုက္ခရောက်နေတဲ့အချိန်မှာလည်း စွန့်လွှတ်မသွားရဘူး၊ စွန့်ခွာမသွားရဘူး။
ဒီသစ်ပင်ဟာ ကျွန်ုပ်ကို နှစ်ပေါင်းများစွာ အကျိုးပြုခဲ့တယ်။ ကျွန်ုပ်ရဲ့
မိတ်ဆွေကောင်းပဲ။ ဒါ့ကြောင့် မိတ်ဆွေကောင်းကြီး အခုလို
ကျိုးပဲ့ပျက်စီးသွားတဲ့အချိန်မှာ စွန့်ခွာမသွားဘဲ နေတာပါ”
စသည်အားဖြင့်ပေါ့။ ပြောပြီးတော့ မိတ်ကောင်းဆွေကောင်းဆိုတာ ဘယ်လိုအင်္ဂါတွေနဲ့ ပြည့်စုံရမယ် ဆိုတဲ့အကြောင်း တရားဓမ္မ ဟောကြားပါတယ်။
သိကြားမင်းနဲ့ သုဇာ ဟန်ဆောင်လာတဲ့
ဟင်္သာမောင်နှံကလည်း ကျေးမင်းဟောတဲ့တရားလေး နာကြားပြီးတော့
ကြည်ညိုလွန်းတဲ့အတွက် အမြိုက်ရေစင်နဲ့ အဲဒီ သစ်ငုတ်ကို
သွန်းလောင်းလိုက်တဲ့အခါ ချက်ချင်းဆိုသလိုပဲ ပင်စည်တွေနဲ့၊
အကိုင်းအခက်တွေနဲ့၊ အသီးအပွင့်တွေနဲ့၊ အရွက်အညွှန့်တွေနဲ့ ဝေေ၀ဆာဆာ
ဖြစ်သွားပါတယ်။
အဲဒီရေသဖန်းပင်ကလည်း ဆယ့်နှစ်ရာသီ
အမြဲတမ်း အသီးသီးသွားပါတယ်။ အခုခေတ်လို အသီးသီးအောင်၊ အသီးကြီးအောင်
ဆေးတွေဘာတွေ ထိုးစရာလိုသေးလား။ မလိုတော့ဘူး။ ဆယ့်နှစ်ရာသီ
အသီးသီးသွားတာနော်။ အသီးတွေကလည်း ကြီးမှကြီး။ ဒါက သိကြားမင်းရဲ့
အမြိုက်ရေစင်သွန်းလောင်းလိုက်လို့ပေါ့။
ဇာတ်လမ်းကတော့ တကယ်ချဲ့ပြီး
ပြောမယ်ဆိုရင်တော့ အရှည်ကြီးပေါ့လေ။ ဘုရားလောင်းကျေးမင်းဟောတဲ့
မိတ်ကောင်းဆွေကောင်းရဲ့ အင်္ဂါရပ်တွေကတော့ သီးခြား တရားတစ်ပုဒ်
ဟောပေးရမှာပေါ့။ ဒီနေ့ ပြောချင်တာကတော့ ဘာဂုဏ်လဲ။ အပ္ပိစ္ဆာဂုဏ်။
ရွှေပါရမီတောရ ဆရာတော်အရှင်ဆန္ဒာဓိက “အဝေးမှာမနေပါနဲ့” စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။
ဘာသာရေးစာပေများကို ♣☺ မေတ္တာရိပ် ☺♣ မှာလည်း လာရောက်ဖတ်ရူလေ့လာနိုင်ပါသည်။
ဘာသာရေးစာပေများကို ♣☺ မေတ္တာရိပ် ☺♣ မှာလည်း လာရောက်ဖတ်ရူလေ့လာနိုင်ပါသည်။
No comments:
Post a Comment