May 21, 2014

မြတ်ဗုဒ္ဓဟောကြားသော လက်တွေ့သိရတဲ့ဒုက္ခ။

  ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါက မလ္လတိုင်းမှာ ဥရုဝေလကပ္ပလို့ခေါ်တဲ့ နိဂုံးရွာကြီး
ရှိပါတယ်။ အဲဒီ နိဂုံးရွာကြီးအနီးမှာ မြတ်စွာဘုရား သီတင်းသုံးနေတဲ့အချိန် ဘဒြက ဆိုတဲ့ ရွာ
သူကြီးက မြတ်စွာဘုရားကို လာပြီးတော့ လျှောက်ပါတယ်။

         “ အရှင်ဘုရား၊ ဘုရားတပည့်တော်က ဒုက္ခကို ထိုက်သင့်သလောက် သိပါတယ်။ ဒုက္ခ
ရဲ့ သမုဒယ ဆိုတဲ့ ဖြစ်ကြောင်းတရားနဲ့ ဒုက္ခရဲ့ အတ္ထင်္ဂမ လို့ဆိုတဲ့ ချုပ်ကြောင်းတရားတွေဟာ
ဘာတွေပါလဲ ?။ အဲဒီဒုက္ခတွေ ဘာကြောင့် ချုပ်ငြိမ်းသွားနိုင်သလဲ ?” ။
         မြတ်စွာဘုရားက “အတိတ်က ဆင်းရဲဒုက္ခတွေဟာ ဘာကြောင့် ဖြစ်ခဲ့တယ်၊ ဘယ်လို
ချုပ်ငြိမ်းသွားတယ်ဆိုတာ ငါ- မင်းကိုပြောမယ်ဆိုရင်  မင်း သံသယ ဖြစ်ကောင်းဖြစ်နေလိမ့်
မယ်။ အနာဂတ်မှာ ဆင်းရဲဒုက္ခတွေဟာ ဘယ်လိုဖြစ်တယ်ဆိုတာကို၊ ဘယ်လိုချုပ်တယ်ဆိုတာ
ကို မင်းကို- ပြောရင်လည်း မင်း- သံသယဖြစ်ကောင်း ဖြစ်လိမ့်မယ်။ အဲဒါကြောင့်  အခု   မင်း
ဒီနားထိုင်နေတုန်းပဲ ငါ လက်တွေ့ပြမယ်” လို့ မိန့်တော်မူပြီး ဘုရားက လက်တွေ့ဒုက္ခတစ်ခုကို
ဖေါ်ပြတဲ့အနေနဲ့ သူ့ကို မေးခွန်းလေးပုဒ် မေးလိုက်ပါတယ်။
         “ မင်း - ဥရုဝေလကပ္ပ ဆိုတဲ့ ဒီ နိဂုံးရွာကြီးမှာ လူဦးရေ မြောက်များစွာရှိတဲ့ အထဲမယ်
တစ်စုံတစ်ခုဒုက္ခရောက်သွားမယ်ဆို စိတ်သောကဖြစ်ရမယ့်ပုဂ္ဂိုလ်တွေ ဒီရွာထဲမှာ ရှိသလား ?။
အချို့ပုဂ္ဂိုလ်တွေ ဒုက္ခရောက်လည်း  အေးအေးဆေးဆေး နေနိုင်တယ်ဆိုတဲ့   ပုဂ္ဂိုလ်မျိုးတွေ
ကော ရှိသလား ? ။ ကဲ - ဥရုဝေလ
ကပ္ပ က လူတွေထဲမှာ အချို့ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီး မင်း
စိတ်ဆင်းရဲတယ်။ အချို့ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီး မင်း စိတ်မဆင်းရဲဘူး မဟုတ်လား ?။ မင်း
ဘာသာမင်း စဉ်းစားကြည့်လိုက်။   တချို့ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီး စိတ်ဆင်းရဲရတာ   ဘာ
ကြောင့်လဲ၊ တချို့ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီး စိတ်မဆင်းရဲရတာ ဘာကြောင့်လဲ ? ။
         ရွာသူကြီးက “အရှင်ဘုရား၊ တချို့ပုဂ္ဂိုလ်တွေနဲ့  ပတ်သက်လာရင် သူတို့အပေါ်မှာ ခင်
မင်မှု၊ သိကျွမ်းမှုတွေမရှိတော့ စိတ်ဆင်းရဲစရာမရှိဘူး။ ကိုယ်နဲ့လည်းမသိဘူး၊  ကိုယ်နဲ့လည်း
မပတ်သက်ဘူး ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဘယ်လောက်ပဲ ဒုက္ခရောက်ရောက်  ကိုယ့်
မှာ စိတ်ဆင်းရဲမှု မဖြစ်လာဘူး။  တချို့ပုဂ္ဂိုလ်တွေကျတော့ တပည့်တော်နဲ့ ခင်မင်တဲ့ ပုဂ္ဂိုလ်
တွေပါဘုရား။ ကိုယ်နဲ့ သံယောဇဉ်ရှိတဲ့ ပုဂ္ဂိုလ်တွေ တစ်စုံတစ်ခုဖြစ်သွားပြီဆိုရင် တပည့်တော်
စိတ်သောကရောက်ရပါတယ်ဘုရား”။
         သူ့ရဲ့အဖြေအရ မြတ်စွာဘုရားက “ကဲ- ခင်မင်မှုဟာ ဒုက္ခကို ယူလာတာပဲ၊ ခင်မင်မှု
မရှိဘူးဆိုရင် ဒုက္ခမရှိဘူးဆိုတာ မထင်ရှားဘူးလား”။ တဏှာအတွယ်အတာ ရှိနေလို့ရှိရင် ဒုက္ခ
ဖြစ်မှာပဲ။ တဏှာဆန္ဒ၊ ချစ်ခင်မှုဆိုတဲ့ တဏှာအတွယ်အတာရှိနေတဲ့နေရာမှာ ဒုက္ခဆိုတာ လာ
မှာပဲ လို့ ဟောကြားလိုက်ရာ ဒုက္ခဖြစ်ကြောင်းတရားကို ရွာသူကြီးနားလည်သွားပါတယ်။
         ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း အတွယ်အတာမှန်သမျှပြုတ်
ပြီး သဘာဝတရားတွေကို ရှုမြင်သုံးသပ်နိုင်တဲ့ ၀ိပဿနာဉာဏ်မျိုးရအောင် ကျင့်ကြံကြိုးကုတ်
အားထုတ်ခြင်းဖြင့် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့ ကိုယ်စီကိုယ်ငှ မျက်မှောက်ပြု
နိုင်ကြပါစေ ကုန်သတည်း။ ။
             (ဒုက္ခချုပ်ကြောင်းကို ဆက်လက်ရေးသားဖေါ်ပြပါမည်။)
 { ၁၃၇၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၌
     အရှင်နန္ဒမာလာဘိဝံသ( Ph.D) ဟောကြားသော “နန္ဒီ ဒုက္ခဿ မူလံ” တရားတော်မှ
             ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment