June 28, 2016

ကောင်းရာသုဂတိဘုံသို့။

    မြန်မာပြည်မှာ ပြောကြတယ်၊ ဗြဟ္မာ့ပြည်က အပ်တစ်စင်း၊ လူ့ပြည်ကအပ်တစ်စင်း ချ
လိုက်ရင် အဲဒီအပ်ဖျားချင်း ထိကောင်းထိလိမ့်မယ်။ လူ့ဘ၀ရောက်ဖို့ အင်မတန်မှ ခဲယဉ်းတယ်။
ခဲယဉ်းတယ်ဆိုတာ ဖြစ်ကိုမဖြစ်နိုင်ဘူးလို့တောင် ဆိုလိုတာနော်။
        မြတ်စွာဘုရားက လူ့ဘ၀ ရခဲတယ်ဆိုတာကို လိပ်ကန်းကြီးတစ်ကောင်နဲ့ ဥပမာ ပေးထား
တယ်။ လိပ်ကန်းကြီးတစ်ကောင်က ပင်လယ်ထဲမှာ ကျက်စားတယ်။ အနှစ်တစ်ရာကြာမှ ပင်
လယ်ရေ မျက်နှာပြင်ပေါ် ခေါင်းလေးပြူကြည့်ပြီး အသက်ရှူတယ်။
         အနှစ်တစ်ရာလုံးလုံး ပင်လယ်ရေ မျက်နှာပြင်ပေါ်မှာ တက်မလာဘူးတဲ့။ ပင်လယ်ရေ
နက်ပိုင်း ထဲမှာပဲ လှည့်လည်ကျက်စားပြီးနေတဲ့ လိပ်ကြီး။ အဲဒီ ပင်လယ်ပြင်ထဲမှာ ထမ်းပိုးတုံး
ကြီး တစ်ခုက အပေါက်ကလေး တစ်ပေါက်ပဲပါတယ်။ ပင်လယ်ရေဆိုတာ ငြိမ်သက်နေတဲ့ နေရာ
မဟုတ်ဘူး။ အမြဲတမ်း လှုပ်ရှားနေတာ၊ လှိုင်းက အမြဲတမ်း တိုက်ပြီးနေတဲ့ နေရာ။ အဲဒီ ထမ်း
ပိုးတုံးကြီးတစ်တုံး ပင်လယ်ထဲမှာ မျောပြီး မျောချင်ရာ မျောနေတယ်။
         လိပ်ကန်းကြီးကလည်း သွားချင်ရာသွား၊ အနှစ်တစ်ရာ ကြာတဲ့အခါ ပင်လယ်ရေ မျက်
နှာပေါ်တက်ပြီး ခေါင်းကလေး ပြူလိုက်တယ်။ အဲဒီပြူလိုက်တဲ့ ခေါင်းလေးနဲ့ ခုနက မျောချင်ရာ
မျောနေတဲ့ ထမ်းပိုးတုံးကြီးရဲ့ အပေါက်နဲ့ သွားစွပ်မိတယ်ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်သေးတယ်
တဲ့။ အပါယ်လေးဘုံ ရောက်သွားတဲ့ သတ္တ၀ါတစ်ယောက် လူ့ပြည်ရောက်ဖို့ဆိုတာ ခဲယဉ်းတယ်။
         ဘာကြောင့်လဲဆိုတော့ စဉ်းစားကြည့်ပေါ့။ ကိုယ့်မျက်စိအောက်မှာရှိတဲ့ တိရစ္ဆာန်လေး
တွေပဲကြည့်။ လူတွေနဲ့ အနီးစပ်ဆုံး ကြောင်ကလေးတွေ၊ ခွေးကလေးတွေ ကြည့်ပေါ့။ နေ့စဉ်နဲ့
အမျှ သူတို့ အစာဝရင်အိပ်မယ်၊ အစာမ၀ရင် အစာရှာမယ်။ အစာရှာရင်း တစ်ကောင်နဲ့တစ်
ကောင် အနိုင်ကျင့်မယ်၊ ရန်ဖြစ်မယ်။ ပုတီးစိတ်တဲ့အချိန်၊ ဘုရားရှိခိုးတဲ့အချိန် မရှိဘူး။ ကိုယ့်ရှိတဲ့
အစာလေးတောင် တစ်ကောင်နဲ့တစ်ကောင် မျှစားချင်တာ မဟုတ်ဘူး။ ကြောင်ကလေးတွေဆို
အစာကလေးတစ်ခု ကြွက်ကလေးတစ်ကောင် ပါးစပ်ထဲ ရောက်လာပြီဆိုရင် မာန်ဖီနေတာ၊ ဘယ်
သူမှ မလာနဲ့၊ လာရင်ကိုက်မှာပဲ။ အဲဒီတော့ သူတို့ရဲ့ စိတ်နေသဘောထားလေးတွေ ကြည့်လိုက်မယ်
ဆိုရင် အစာပေါ်မှာ မက်မောနေတာက “ လောဘ ” ရထားတဲ့အစာကို သူများနဲ့ ရှယ်ယာမလုပ်
နိုင်ဘဲ မာန်ဖီနေတာက “ မစ္ဆရိယ ” မာန်ဖီပြီးတော့ ဟိန်းနေတာက “ ဒေါသ ” ကျန်တဲ့ အချိန်တွေ
မှာ “ မောဟ ”။ ကဲ .. စဉ်းစားကြည့်။ လောဘရယ်၊ ဒေါသရယ်၊ မောဟရယ်၊ မစ္ဆရိယရယ်၊ ဒါတွေ
ပဲ လွှမ်းမိုးနေတာ။ သူတို့မှာ ကုသိုလ်ပြုလိုတဲ့စိတ် ဆိုတာမျိုး အလွန်ရှားပါတယ်။
         မြတ်စွာဘုရားက တိရစ္ဆာန်တွေဘ၀ကို “ အညမညခါဒိကာ ” တစ်ကောင်နဲ့တစ်ကောင်
သတ်စားတဲ့ဘ၀၊ “ ဒုဗ္ဗလခါဒိကာ ” အားနည်းတဲ့အကောင်ကို အားကြီးတဲ့အကောင်က သတ်စားတဲ့
ဘ၀။ အဲဒီဘ၀မှာ ရောက်နေတဲ့ တိရစ္ဆာန်တွေ ဒီလောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ဒီတရားတွေ လွှမ်း
နေတဲ့အတွက် ကောင်းရာသုဂတိတော့ ဘယ်နည်းနဲ့မှ မရောက်နိုင်ဘူး။
         ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေ အပေါင်းတို့ကလည်း တရားသဘောကို နားလည်သ
ဘောပေါက်ကြပြီး မြတ်နိဗ္ဗာန်ကို ရရောက်နိုင်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ဖြစ်ကြပါစေသတည်း။
  {၁၃၇၀ ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် (၁၃) ရက်နေ့၊ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့
   သာသနာ့ဇောတာရုံ ကျောင်းတိုက်အတွင်းဝယ် အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒာဘိဝံသ(Phd) ၏
    လူဖြစ်ကျိုးနပ်ပါစေ တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ပါသည်။ }
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment