လူတွေ အခု မိမိက ရာဂ၊ဒေါသ၊မောဟ ဖြစ်တယ်။
ဘယ်အပေါ်မှာဖြစ်တာလဲလို့ ပြန်စမ်းစစ်ဖို့လိုတယ်။
ပညတ်အာရုံမှာ ဖြစ်တာ။ဒါမို့ ပညတ်အာရုံ။ ပရမတ်အာရုံမှာ ဖြစ်ခွင့်မရဘူး။
ဘာကြောင့်ဖြစ်ခွင့်မရတာလဲ လို့ စဉ်းစား။ အဲဒီ ခန္ဓာငါးပါး ထိထိမိမိ လေ့လာကြ။
ရူပက္ခန္ဓာကို ပြန်စစ်ဆေးကြည့် ။ ရေမြှုပ်ကြီးနဲ့တူတယ် ။ ချောင်းထဲ၊ မြစ်ထဲမှာရှိတဲ့ ရေမြှုပ်ကြီး ပမာဏကဲ့သို့။
ဘယ်လောက်ပါ့ကြီးကြီး လက်နဲ့ကိုင်စမ်းကြည့်။ လက်ညှိုးနဲ့ လက်မပဲ ထိသွားမယ်။ ခုခံလို့နေရဲ့လားဟဲ့။
ဘာကြောင့်မခုခံတာလဲ အနှစ်သာရမရှိ။ အနှစ်သာရရှိရင် ခုခံမှာပေါ့ ။ ဒါမို့
လက်ညှိုးနဲ့ လက်မ ထိသွားတာ။အဲဒီ အနှစ်သာရမရှိတဲ့ ရူပက္ခန္ဓာကို ရူပက္ခန္ဓာလို့
ကွက်ကွက် ရှင်းရှင်းလင်းလင်း အပ်ကျမပ်ကျ သိရင် ရာဂ၊ဒေါသ၊မောဟ ဖြစ်ပါ့မလား။
အဲဒါ စဉ်းစား ရူပက္ခန္ဓာ။
ဝေဒနာက္ခန္ဓာ ရေပွက်ပမာဏ။ ထမင်းချက်တဲ့အခါပွက်ပွက် ပွက်ပွက်နဲ့ဆူပွက်နေတဲ့အခါ
ငွေဖလားလေးတွေ အင်မတန်တူတယ်။စီဖောင်းလေးတွေ ပေါ်လာလိုက် ပေါက်ကွဲသွားလိုက်
ပေါ်လာလိုက် ပေါက်ကွဲသွားလိုက် အနှစ်သာရမရှိဘူး။ ဒါကြောင့် ရေပွက်ပမာဏ
အနှစ်သာရမရှိ။
သညာက္ခန္ဓာ တန်ခူး ကဆုန်ကျ အပေါ်ကနေရောင်ကကျ အောက်က မီးခိုးကမှုတ် သောင်ပြင်ကြီးကို ရေပြင်လို့ထင်ရတယ်။
သားသမင်အပေါင်းတို့ မုဆိုးရန်ကြောက်ပြီးတော့ ပုန်းရှိုး၍ နေရသော်လည်း ရေငတ်တဲ့ပြဿနာနဲ့တွေ့ဆုံတဲ့အခါ ရေရှာထွက်လာခဲ့ကြတယ်။
ကမ်းပါးပေါ်က ရပ်ကြည့်တဲ့အခါ အောက်မှာ ရေတွေသွားမြင်တာပေါ့။
ဆင်းပြီးသွားလိုက်တဲ့အခါ ကျတော့ သောင်ပြင်ကြီး ဖြစ်နေတယ်။ ဒါမို့
တံလျှပ်ပမာဏ။
မော့ကြည့်လိုက်တဲ့အခါ ရေကရှေ့မှာ။ ဆက်ပြီးတော့ လိုက်သွားတယ် တစ်ပြလောက်
ရောက်တဲ့အခါ သဲသောင်ကြီးပဲ သွားတွေ့တယ်။ မော့ကြည့်ပြန်ပြီ ရှေ့မှာ။
ဆက်ဆက်ပြီးတော့ လိုက်သွားတာ သားသမင်အပေါင်း ရေငတ်ပြီးတော့သေကြတယ်။
ရေသောက်လို့ သေတာလား ငတ်လို့သေ တာလား။
အခုလည်းတရားနာ ပရိသတ်တွေ တံလျှပ်ပမာဏကဲ့သို့ လူချမ်းသာ ရှာကြတာ
တွေ့ကြပြီလား။ နတ်ချမ်းသာ ရှာတာ တွေ့ကြပြီလား။ ဗြဟ္မာချမ်းသာ ရှာတာ
တွေ့ကြပြီလား။ဘာဖြစ်လို့မတွေ့တာလဲ။ မရှိလို့။
ရှိရင်တွေ့လောက်ပြီနော်။ အဲလို ရှာလို့သေခဲ့တာ ကမ္ဘာနဲ့အမျှ။ မရေတွက်နိုင်အောင်သေခဲ့ကြပြီ။ စိစစ်ဖို့မကောင်းလား။
တွေ့တဲ့တရားက အိုနာသေ ဘာသစ္စာလဲ။ လူချမ်းသာလား။ ဒုက္ခသစ္စာလား။ နတ်ချမ်းသာလား။
ဒုက္ခသစ္စာလား။ ဗြဟ္မာချမ်းသာလား။ ဒုက္ခသစ္စာလား။ အဲလိုစိစစ်ဖို့မကောင်းလား။
ဆင်းရဲတဲ့တရားလို့ အမှန်သိရင် အမှန်သိတော့ လူချမ်းသာ နတ်ချမ်းသာ
ဗြဟ္မာချမ်းသာလို့ နှလုံးသွင်းမှားတဲ့ အဝိဇ္ဇာမချုပ်ဘူးလား။ အဝိဇ္ဇာချုပ်ရင်
တဏှာလာဦးမလား။ ဥပါဒါန်လာဦးမလား။ ကံလာဦးမလား။
ကဲ တဏှာ၊ဥပါဒါန်၊ကံ မလာဘူး။ မလာရင်နောက်ခန္ဓာလာပါ့မလား။
အဲလိုစိစစ်ဖို့မကောင်းလား။ ဒါ အမှန်သိတော့ အမှားပျောက်တယ်နော်။ အဲဒါလေ့လာကြ
လေ့လာကြ။
ဒါကြောင့် သက္ကာယ သက္ကာယဆိုတာ ခန္ဓာငါးပါးကို သက္ကာယလို့ဟောတာ။ သညာက္ခန္ဓာ တံလျှပ်နဲ့တူတယ်။
သင်္ခါရက္ခန္ဓာ ငှက်ပျောနဲ့ တူတယ်။ ငှက်ပျောဆိုတာ အပင်နဲ့တူတာ၊အရွက်တူတယ်။အသီးနဲ့တူတယ်လို့ ပြောခြင်းမဟုတ်။ အနှစ်သာရမရှိတာကို ဥပမာပေးတာ။
ဘယ်လိုအနှစ်သာရမရှိတာလဲ။ ငှက်ပျောပင်တစ်ပင် အရင်းဖြတ်၊ အဖျားဖြတ်။
ငှက်ပျောဖတ် ခွာကြည့်လိုက်။ ငှက်ပျောဖတ်သာ ကုန်သွားမယ် အနှစ်သာရ
တွေ့ပါ့မလား။ယုံရဲ့လား။အဲဒါ ဥပမာ။
အခုလည်း-ပုညာပုည၊အာနေဉ္ဇ ။ ဒါနကုသိုလ်၊ သီလကုသိုလ်တွေ မလုပ်ကြဘူးလား။
အဲဒီနှစ်ခုက ပုညာဘိသင်္ခါရ။ သင်္ခါရမပါလား။သင်္ခါရ… သဗ္ဗေသင်္ခါရာ အနိစ္စာ လို့
မဟောလား။အနှစ်သာရရှိရဲ့လားကွဲ့။ မရှိဘူးနော်။ အဲဒီသင်္ခါရကို
နောက်ကိုလှည့်ကြည့်တဲ့အခါ အဝိဇ္ဇာလို့မတွေ့လား။ အဝိဇ္ဇာ အုပ်ချုပ်တာကွဲ့။
စဉ်းစားဖို့မကောင်းလား။
အဝိဇ္ဇာပစ္စယာ သင်္ခါရာ။ အဲဒီသင်္ခါရပစ္စယာ ဝိညာဏံ။ ပုညာဘိသင်္ခါရကြောင့်…
ဒါနကုသိုလ်၊သီလကုသိုလ်ကြောင့် လူခန္ဓာမရဘူးလား။ နတ်ခန္ဓာမရဘူးလား။
လူခန္ဓာ၊နတ်ခန္ဓာရတယ်နော်။ အိုနာသေ လွတ်ကဲ့လား။ ဘာသစ္စာလဲ။
ဒါမို့ ရှေးပညာရှိတွေ၊ ဆရာတော်တွေ၊ သမားတော်တွေ လူ့ပြည်၊နတ်ပြည်၊ ဗြဟ္မာပြည်
ကို ယာယီအိမ် လို့မဟောလားဟေ့။ လူသေတဲ့အခါမှာ အချို့ဒေသန္တရတွေမှာ
ယာယီရေးရတယ်။အင်း သုဿန်မပို့ခင်တော့
ကြည့်လို့ကောင်းတယ်နော်။သုဿန်ပို့တဲ့အခါ ကြည့်လို့ကောင်းပါမလား။ အကုန်လုံး
ဆုတ်ပျက်သွားတော့တာ ကွဲ့။
ဘယ်လောက်မှမခံဘူးပေါ့။အခုလည်း ဗြဟ္မာပြည်သက်တမ်း ကုန်တော့ကာ အိုနာသေ
လွတ်ရဲ့လား။ နတ်သက်တမ်း ကုန်တော့ကာ အိုနာသေ လွတ်ရဲ့လား။ လူသေတော့ အိုနာသေ
လွတ်ရဲ့လား။ ဘာသစ္စာလဲ။ ဒါကြောင့် ယာယီအိမ်ကွဲ့။ အနှစ်သာရမရှိဘူးနော်။
စဉ်းစားဖို့နော်။ အနှစ်သာရ ရှိ၊မရှိ။ဒါမို့ ပုညာပုည အာနေဉ္ဇ ။ ပုညာဘိသင်္ခါရ
လူခန္ဓာ၊နတ်ခန္ဓာရတယ်။ အိုနာသေ။ အာနေဉ္ဇာဘိသင်္ခါရ ကမ္မဋ္ဌာန်းလေးဆယ် အားထုတ် ။
အားထုတ်တော့ တော်တော်လေး သမာဓိသာ ရသွားမယ်ဆိုရင် သူတစ်ပါး
စိတ်အစဉ်ကိုသိနိုင်တယ်တဲ့ သူတစ်ပါးစိတ်အစဉ်ကိုသိနိုင်တယ်။
အဲဒါထက် ရင့်ကျက်ရင် မြေလျှိုးနိုင်တယ်။ မိုးပျံနိုင်တယ်။ ကဲ မြေလျှိုး
မိုးပျံနိုင်တယ်။ မိုးပျံလည်း…သက္ကာယဒိဋ္ဌိ မပြုတ် စိတ်ချရပါမလား။
စိတ်မချရဘူး။ အာနေဉ္ဇာဘိသင်္ခါရ သင်္ခါရ ပါတည်းကကို အနှစ်သာရ မရှိတာကွဲ့နော်။
ဘာကြောင့်လဲ အဝိဇ္ဇာက ဦးစီးနေတာ။ အဲလိုလေ့လာဖို့မကောင်းလား။
အပုညာဘိသင်္ခါရဆိုတာ အပါယ်တစ်လမ်းသွား။ အဲကြောင့် လူ့ပြည်၊နတ်ပြည်၊ဗြဟ္မာပြည်က
ယာယီအိမ်။ အနှစ်သာရမရှိဘူး။ ဒါကြောင့် သင်္ခါရဆိုကတည်းက
အနှစ်သာရမရှိဘူး။စာလို ဝဋ္ဋဒါန ဝဋ္ဋသီလ ဝဋ္ဋ သမထပေါ့။
အဲဒီ ခန္ဓာ အကျိုး၊အပြစ်ကိုသိမယ်။ သတိ ပညာ ခြံရံပြီးတော့မှ
လှူတဲ့အလှူမျိုးကျတော့ ဝိဝဋ္ဋဒါန ဝိဝဋ္ဋသီလ ဝိဝဋ္ဋ သမထပေါ့။ ခန္ဓာက
လွတ်ချင်လို့လှူတာ၊ ခန္ဓာက ကျွတ်ချင်လို့ လှူတာ၊ ခန္ဓာမလိုချင်လို့
လှူတာနော်။ဒါ သမုဒယလား။ မဂ္ဂလား။
မဂ္ဂလို့ဆိုလိုချင်ရင် တဏှာ၊ဥပါဒါန်လာသေးရဲ့လား။ အာသဝအနေနဲ့ ကာမာသဝနဲ့ ဘဝါသဝ
ချုပ်တယ်။ ခန္ဓာသိတုန်းက ဒိဋ္ဌာသဝ နဲ့အဝိဇ္ဇာသဝ ချုပ်တယ်။ အာသဝေါ တရားလေးပါး
မကုန်ဘူးလား။ ကုန်ရင် သမုဒယသစ္စာမသေလား။ နောက်ခန္ဓာဇာတ်မသိမ်းလားဟေ့ ။
အဲလိုစိစစ်ဖို့လိုတယ်ကွဲ့နော်။
ဒါကြောင့်မလို့ သင်္ခါရလို့ တပ်လိုက်ရင် သူ့နောက်က
အဝိဇ္ဇာပါပြီးပြီဗျာ့။ဒါကြောင့် အနှစ်သာရမရှိလို့ သဗ္ဗေ သင်္ခါရာ အနိစ္စာ လို့
မဟောဘူးလား။အနှစ်သာရရှိရင် နိစ္စလို့ဟောမှာပေါ့။အနှစ်သာရ မရှိဘူး။
အဲလိုစိစစ်ဖို့မကောင်းလား။ အနိစ္စမှာလမ်းဆုံးတယ်ဗျ။ အဲလိုစိစစ်ဖို့လိုတယ်။
ဒါမို့ ခန္ဓာသိဖို့၊ သစ္စာသိဖို့၊ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးသိဖို့ ။
သိမှပယ်နိုင်တာ။ မသိ ပယ်နိုင်ပါ့မလား။ ခန္ဓာသိဖို့လိုတယ်၊ သစ္စာသိဖို့လိုတယ်။
ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးသိဖို့လိုတယ်။
အဲဒီတော့ စာအုပ်ကိုကြည့်တဲ့ပုဂ္ဂိုလ်များ ခန္ဓာဖွဲ့တတ်လို့ ရှိရင်လည်း
ဖွဲ့တတ်။ မဖွဲ့တတ်လည်း ကြည့်ပြီးတော့ ဟောရမှာပေါ့။ ဖွဲ့တတ်ကြမလား။
ခန္ဓာဖွဲ့ ခန္ဓာဖွဲ့တယ်ဆိုတာ အလုပ်သင်နည်းတွေ ပေါ့။ အခုလူတွေက အဲဒီခန္ဓာကို
မသိလို့ လူစွဲ၊နတ်စွဲ၊ဗြဟ္မာစွဲ စွဲနေတာကိုး။ ခန္ဓာသိကာ စွဲစရာလိုသေးသလား။
ဒါကြောင့် ခန္ဓာဖွဲ့ရမယ်။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရ ဆရာတော်ဘုရားကြီး
ဘဒ္ဒန္တသံဝရ ။
မုံလယ်ဇ
No comments:
Post a Comment