"မြင်းလေးမျိုး ဥပမာ"
****************
၁။ ကျောပေါ်တွင် ကြိမ်ကလေး ဝင့်ပြရုံနှင့် ပြေးသော မြင်းတစ်မျိုးmmmmmm
၂။ ကြိမ်ဝင့်ပြရုံဖြင့် မပြေးသေး၊ သို့သော် အမွေးပေါ် ကြိမ်ဖြင့် ထိကပ် ပွတ်သပ် သတိပေးမှ ပြေးသော မြင်းတစ်မျိုး။
၃။ ကြိမ်ဝင့်ရုံဖြင့် မပြေး၊ အမွေးသပ်ရုံနှင့်လည်း မရ၊ သံချွန်ဖြင့် အရေးပါးဖောက်၍ သွေးစို့အောင် ထိုးမှ ပြေးသော မြင်းတစ်မျိုး။
၎။ ကြိမ်ဝင့်ရုံဖြင့် မပြေး၊ အမွေးသပ်ရုံနှင့်လည်း မရ၊ သံချွန်ဖြင့်
သွေးစို့အောင် ထိုးသော်လည်း မလှုပ်၊ အရိုးကို ဒုတ်ဒုတ်ထိအောင် သံချွန်ဖြင့်
ဆောင့်၍ ထိုးမှ ပြေးသော မြင်းတစ်မျိုး။
(၁) ဤလေးမျိုး ဥပမာအတိုင်းပင် ပုဂ္ဂိုလ်လည်း လေးမျိုး ရှိကြ၏၊ ဘယ်မြို့
ဘယ်ရွာ ဘယ်ဒေသမှာ ဘယ်သူတော့ဖြင့် ဒုက္ခရောက်၍ သေရှာပေါ့တဲ့" ဤကဲ့သို့သော
သတင်းကို သူတစ်ပါးထံမှ တစ်ဆင့် ကြားရရုံမျှဖြင့် ထိတ်လန့်သံဝေဂ
ရသွားပြီးလျှင် တရားအားထုတ်တော့၏၊ ဤပုဂ္ဂိုလ်မျိုးသည်
ကြိမ်ရိပ်ပြရုံမျှဖြင့် ပြေးသော ပထမမြင်းမျိုးနှင့် တူသည်။
(၂) "ဘယ်မြို့ ဘယ်ရွာ ဘယ်ဒေသမှာ ဘယ်သူတော့ဖြင့် ဒုက္ခရောက်၍ သေရှာပေါ့တဲ့"
ဤကဲ့သို့သော သတင်းမျိုးကို တစ်ဆင့်ကြားရရုံမျှဖြင့် သံဝေဂ မဖြစ်သေး၊
သို့သော် ကိုယ်တိုင် မျက်မြင် တွေ့လာသောအခါတွင်ကား သံဝေဂတွေ ဖြစ်ပွား၍
တရားအားထုတ်လေတော့၏၊ ဤပုဂ္ဂိုလ်မျိုးသည် ဒုတိယမြင်းမျိုးနှင့် တူသည်။
(၃) "ဘယ်မြို့ ဘယ်ရွာ ဘယ်ဒေသမှာ ဘယ်သူတော့ဖြင့် ဒုက္ခရောက်၍ သေရှာပေါ့တဲ့"
ဤသတင်းမျိုးကို တစ်ဆင့်စကား သတင်းကြားဖြင့် သံဝေဂ မရ၊ ကိုယ်တွေ့
မျက်မြင်ကြုံ၍လည်း သံဝေဂ မဖြစ်၊ သို့သော် သွေးသားတော်စပ်တဲ့
ကိုယ့်ဆွေမျိုးထဲမှ တစ်စုံတစ်ယောက် ဒုက္ခရောက်၍ သေဘေးတွေ့သောအခါမှ သံဝေဂ
ဖြစ်၏၊ ချက်ချင်း ထ၍ တရားအားထုတ်တော့သည်၊ တတိယမြင်းမျိုးနှင့် တူသည်။
(၄) "ဘယ်မြို့ ဘယ်ရွာ ဘယ်ဒေသမှာ ဘယ်သူတော့ဖြင့် ဒုက္ခရောက်၍ သေရှာပေါ့တဲ့"
ဤသတင်းမျိုးကို တစ်ဆင့်ကြားဖြင့်လည်း သံဝေဂ မဖြစ်၊ ကိုယ်တွေ့
မျက်မြင်ကြုံ၍လည်း သံဝေဂ မဖြစ်၊ ကိုယ့်သွေး ကိုယ့်သား ကိုယ့်ဆွေမျိုးထဲမှ
ဒုက္ခတွေ့၍လည်း သံဝေဂ မဖြစ်၊ သို့သော် မိမိကိုယ်တိုင် ဘေးဒုက္ခနှင့်
ရင်ဆိုင်ရသောအခါတွင်ကား သံဝေဂတွေ ဖြစ်ပွား၏၊ ထိုအခါတွင်မှ ချက်ချင်းထ၍ တရား
အားထုတ်တော့သည်၊ အချိန်နှောင်း၍ အားပျော့နေပြီ၊ စတုတ္ထမြင်းမျိုးနှင့်
တူသည်။
(မှတ်ချက်။ ။ "အချိန်ရှိခိုက် လုံ့လစိုက်" ဟူသော စကားပုံအတိုင်း
စတုတ္ထအမျိုးအစားထိအောင် မဆိုင်းသင့်။ ပထမ၊ ဒုတိယ၊ တတိယ အမျိုးအစားကတည်းက
အားထုတ်သင့်တော့သည်။)
"ကျေးဇူးတော်ရှင် အရှင်ဃောသိတ ဆရာတော်ဘုရားကြီး"
No comments:
Post a Comment