December 3, 2015

"တရားအားထုတ်ရန်သင့်တော်မည့် နေရာရွေးချယ်ခြင်း”

“အရညဂတောဝါ ရုက္ခမူလဂတောဝါ သုညာဂါရဂတောဝါ” ဟူသော ပါဠိတော်နှင့်အညီ တောတောင်အရပ်၊ သစ်တစ်ပင်ရင်း၊ ဝါးတစ်ရုံအောက်- ဤသုံးနေရာအနက်ကြိုက်ရာ အဆင်ပြေရာ နေရာတစ်ခုခုတွင် နေထိုင်ပြီး တရားအားထုတ်နိုင်ကြောင်း မြတ်စွာဘုရားက ခွင့်ပြုနေရာပေးထားတော်မူပါသည်။

  ၁။ တောဟူသည်မှာ
ရွာနှင့် ရွာ့ ဥပစာကို ချန်ထားပြီး ကြွင်းကျန်သောအရပ်သည် တောဖြစ်သည် ဟု ဝိနည်းဒေသနာတော်၌ ဟောတော်မူထား၏။
လေးတောင်တစ်လံရှိသော လှံတံဖြင့် ရွာတံခါးမှတိုင်းတာလျှင် အပြန်ငါးရာ ဝေးကွာသော အရပ်သည် (ဝါ) အတောင်ပေါင်းနှစ်ထောင်၊ (ဝါ) ကိုက်တစ်ထောင် (ဝါ) ပေသုံးထောင် ဝေးကွာသော အရပ်သည် တောအရပ် ဖြစ်၏ဟု သုတ္တန်ဒေသနာတော်၌ ဟောတော်မူထား၏။
အိမ်တံခါးမှ အပြင်ဘက်အရပ်သည် တောဖြစ်၏ဟု အဘိဓမ္မာဒေသနာတော်၌ ဟောတော်မူထား၏။
၂။ သစ်တစ်ပင်ရင်း၊ ဝါးတစ်ရုံအောက်ဟူသည်မှာ
နေပူ၊လေပူ ကင်းဝေးပြီး အရိပ်အာဝါသကောင်းမွန်အေးမြသည့်အပြင် ကျေးသံငှက်သံ ကင်းဆိတ်သည့် သစ်တစ်ပင်၏ အရင်းအောက် ဟု ဆိုလို၏။
၃။ ဆိတ်ငြိမ်ရာဟူသည်မှာ
လမ်းသွားလမ်းလာ လူသူကင်းရှင်းပြီး ဆူညံကင်းဆိတ်သည့် ဘုရား၊ တန်ဆောင်း၊ ကျောင်းသင်္ခမ်း၊ ရိပ်သာ အိမ်ဦးခန်းအစရှိသည့် နေရာတစ်ခုခု ဟု ဆိုလို၏။ အချိန်ပြည့်ဝိဝေက ရရှိရာ နေရာ အထက်ပါနေရာ သုံးမျိုးတို့အနက် မိမိအတွက် အဆင်ပြေမည့်နေရာ၊ မိမိကြိုက်နှစ်သက်ရာနေရာတွင် တရားအားထုတ်နိုင်၏။ မိမိနေထိုင်အားထုတ်ရမည့်နေရာသည် ကာယဝိဝေက စိတ္တဝိဝေက ဖြစ်ဖို့သာ လိုရင်းဖြစ်သည ဟု သိရှိထားရပါမည်။.
နေရာမျိုးတွင်တရားအားထုတ်သင့်သည်ဟု နေရာထိုင်ခင်းကို ရွေးချယ်ပေးတော်မူသောအားဖြင့် တရားအားထုတ်မည့်ယောဂီအား ပြင်ပအနှောက်အယှက်များကို ဖယ်ရှားပေးတော်မူ၏။ ပြင်ပအနှောင့်အယှက် ကင်းရှင်းခြင်းသည် တရားထူး တရားမြတ် ရရှိရေးကို များစွာအထောက်အကူပေးနိုင်သောကြောင့် ဖြစ်၏။ ကာယဝိဝေက ဖြစ်ရာဟု ဆိုအပ်သည့် လူသူကင်းရှင်းပြီး အသံဗလံ တိတ်ဆိတ်သည့်နေရာသည် တရားဓမ္မဘက်သို့ စိတ်ညွတ်လာအောင် ဆွဲဆောင်သောအားဖြင့် စိတ္တဝိဝေကကို ကျေးဇူးပြု၏။
တောရိပ်တောင်ရိပ်တို့ဖြင့် ချမ်းမြေ့ရိပ်ငြိမ်ပြီး သာယာနေသည့်အပြင် လူသူလေးပါးကလည်းကင်းရှင်း၊ အသံဗလံကလည်း တိတ်ဆိတ် အရိပ်အာဝါသကလည်းကောင်းမွန်သိပ်သည်းနေသည့် သစ်ပင်ကြီးတစ်ပင်၏ အောက်သို့ မိမိရောက်ရှိသည်ဟု မှန်းဆကြည့်စမ်းပါ။ ထိုအခါ ထိုသစ်ပင်ကြီးအောက်တွင် ထိုင်ပြီး ပုတီးစိပ်ချင်သည့် စိတ်၊ တရားထိုင်ချင်စိတ်များက ရင်တွင်း၌ တဖွားဖွားဖြစ်လာမည်ကို ထောက်ဆနိုင်ပါသည်။
ဤသို့လျှင် ကာယဝိဝေက စိတ္တဝိဝေကဖြစ်ရာ နေရာမျိုးသည် ဗဟိဒ္ဓမှနေပြီးစိတ်ကို ခေါ်ထုတ်နေသည့် အာရုံများကင်းရှင်းပြီး၊ အဇ္ဈတ္တတွင် စိတ်တည်ငြိမ်စေလျက် တရားဓမ္မကျင့်ကြံအားထုတ်လိုစိတ် ဖြစ်ပေါ် ထက်သန်စေပါသည်။ ထို့ကြောင့် အနှောင့်အယှက်များလည်း ကင်းရှင်းစေ တရားဓမ္မကျင့်ကြံအားထုတ်လိုစိတ် လည်း ဖြစ်ပေါ်ရှင်သန်စေဟူသော ရည်ရွယ်ချက်ဖြင့် မြတ်ဗုဒ္ဓသည် မဂ်ဥာဏ် ဖိုလ်ဥာဏ်၏ ရေခံမြေခံကောင်းကို စစဦး ချမှတ်ပေးလိုသည့်အတွက် ကာယဝိဝေက စိတ္တဝိဝေက ရရှိစေနိုင်သည့် ဤသို့သော နေရာမျိုးကို သတ်မှတ်ရွေးချယ်ပေးတော်မူခဲ့ခြင်း ဖြစ်ပါသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)


No comments:

Post a Comment