January 17, 2015

"ဘာသာ မပျောက်အောင် သာသနာပြုနိုင်ခဲ့သည့် စူဠသုဘဒ္ဒါ"

စူဠသုဘဒ္ဒါဆိုသည့် သာသနာ့အာဇာနည် အမျိုးသမီးသည် အနာထပိဏ်သူဌေးကြီး၏ သမီးတစ်ဦးပါ။ ဘာသာခြားနှင့် အိမ်ထောင်ပြုခဲ့ပေမယ့် ဘာသာမပျောက်သည့်အပြင် သာသနာကျယ်ပြန့်အောင် သာသနာပြုနိုင်ခဲ့သည့် သာသနာ့အာဇာနည် မြတ်စွာဘုရားတပည့်အစစ်ပါ။ ယခုခေတ် ဗုဒ္ဓဘာသာဝင်တိုင်း၊ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်မိန်းကလေးတိုင်း အတုယူသင့်သည့် စံနမူထားသင့်သည့် အမျိုးသမီးပါ။ အနာထပိဏ်သူဌေးမှာ ကျောင်းနေဖက် ဘာသာခြား သူငယ်ချင်း ဥဂ္ဂသူဌေးဆိုသူ ရှိပါတယ်။
ထိုငယ်သူငယ်ချင်းနှင့် ကတိကဝတ်ပြုထားတဲ့ အချက်တစ်ချက်ရှိလည်းရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ “မင်းမှာ သမီးမွေး၊ ငါ့မှာသားမွေး ပေးစားကြစတမ်း၊ ငါ့မှာသမီးမွေး မင်းမှာသားမွေး ပေးစားကြစတမ်း” ဆိုတဲ့ ကတိပါ။
တစ်နေ့ အနာထပိဏ်သူဌေးကြီးဆီကို ဥဂ္ဂသူဌေးရောက်လာပါတယ်။ အနာထပိတ်ဏ်သူဌေးကြီးက ဥဂ္ဂသူဌေးရဲ့ စားရေး သောက်ရေး ဝေယျာဝေစ္စအတွက် စူဠသုဘဒ္ဒါကို တာဝန်ပေးထားပါတယ်။ စူဠသုဘဒ္ဒါသည် ဥဂ္ဂသူဌေးအတွက် စားဝတ်နေရေးအတွက် ကျွမ်းကျွမ်းကျင်ကျင် စိတ်ထားကောင်းကောင်း လုပ်ကျွေးပါတယ်။ အိမ်တွင်းရေး ကိစ္စနိုင်နင်းသည့်အြ
ပင် စိတ်ထားကလည်းကောင်းနေသည့် အတွက် ဥဂ္ဂသူဌေးက သဘောကျ နှစ်ြခိုက်ကာ သူ့သားနဲ့ အိမ်ထောင်ချပေးလိုသည့် အကြောင်း ငယ်ငယ်က ပေးထားတဲ့ ကတိအတိုင်း တောင်းရမ်းပါတော့တယ်။
အနာထပိဏ်သူဌေးကြီးက ငယ်သူချင်းဖြစ်ပေမယ့် ဘာသာခြားဖြစ်နေသည့်အတွက် ချက်ချင်း သဘောမတူပါဘူး။ ဒီကိစ္စကို မြတ်စွာရားရှင်အား လျှောက်ထားမှ သင့်လျော်မည်။ ဒါကြောင့် သမီးရဲ့ အိမ်ထောင်ရေးကို ဘာသာခြားက လာရောက်တောင်းရမ်းသော်လည်း ချက်ချင်း သဘောမတူဘဲ အကြောင်းအကျိုး အကောင်းအဆိုးကို မြတ်စွာဘုရားရှင်အားလျှောက်ထားတာပါ။ မြတ်စွာဘုရားရှင်က ဥဂ္ဂသူဌေး၏ ဗုဒ္ဓဘာသာဖြစ်မည့် အကြောင်းဥပနိဿယကို မြင်တော်မူသဖြင့် လက်ထပ်ဖို့ ခွင့်ပြုတော်မူပါတယ်။ အခုခေတ် သမီးရှင် မိဘများ အထူး အတုယူစရာဖြစ်ပါတယ်။ ဆိုလိုတာက သား၊ သမီးအိမ်ထောင်ရေးဟာ ဘာသာခြားဖြစ်မည်ဆိုပါက တတ်သိသည့် ဆရာတော် သံဃာတော်များနှင့် တိုင်ပင်သင့်လှတာပါ။
ဒီလိုနဲ့ အနာထပိဏ်သူဌေးကြီးဟာ သမီးစူဠသုဘဒ္ဒါခေါ်ပြီး ချစ်သမီး- ယောက္ခမအိမ်၌ နေထိုင်ရသော ချွေးမ မည်သည်ကား အတွင်းမီးကို အပသို့ မထုတ်အပ် စသည်ဖြင့် ဓနဉ္စယသူဌေးကြီး၏ ဝိသာခါအား ပေးအပ်သောနည်းအတိုင်း ဆယ်ပါးသော အဆုံးအမများကိုပေး၍ တိုင်ပင်ခံ သူကြွယ်ရှစ်ယောက်အပြင် များစွာသော စီးစိမ်ဥစ္စာများကိုပေးပြီး လွှတ်လိုက်ပါတယ်။ ထိုနေ့၌ပင် မြတ်စွာဘုရားအမှူးထားသော သံဃာတော်အပေါင်းအား အလှူကြီးကိုပေးပါတယ်။
စူဠသုဘဒ္ဒါဥဂ္ဂမြို့ကိုရောက်တဲ့အခါ ဥဂ္ဂမြို့သူမြို့သားများက လှိုက်လှဲစွာကြိုဆိုကြပါတယ်။ မင်္ဂလာနေ့မှာ ဥဂ္ဂသူဌေးကလည်း မိမိကိုးကွယ်နေတဲ့ အဝတ်မဝတ်တဲ့ တိတ္ထိတို့ကို ပူဇော်သက္ကာရပြုပါတယ်။ အဲဒီအခါမှာ ဥဂ္ဂသူဌေးသားက အဝတ်မဝတ်တဲ့ တိတ္ထိတို့အား ရှိခိုးဖို့ခေါ်ပါတယ်။ စူဠသုဘဒ္ဒါက ရှိမခိုးနိုင်ကြောင်း ငြင်းဆန်နေပါတယ်။ ဘာသာရေးနှင့်ပတ်သတ်လို့ အခိုင်အမာအယူရှိထားသည့်အတွက် ရတနာသုံးပါးမှ တစ်ပါး ရှိခိုးခြင်းအမှုကို မပြုခြင်းပါ။ အားနာ ပါးနာနဲ့တောင် ပြုခြင်းမရှိပါဘူး။ သူဌေးကြီးက အကြိမ်ကြိမ်ခေါ် စူဠသုဘဒ္ဒါက အကြိမ်ကြိမ်ငြင်းဆိုသည့်အတွက် ဒေါသဖြစ်ကာ စူဠသုဘဒ္ဒါကို နှင်ထုတ်ပါတော့တယ်။ လင်တစ်ယောက်ကို ငတ်လို့မဟုတ်ဘဲ အပြစ်မရှိအပြစ်ရှာ ဇွတ်အတင်းကြီး လုပ်ရပ်ကို ခေါင်းငုံ့မခံသည့် အနေဖြင့် အပြစ်မရှိသည့်အတွက် မဆင်းနိုင်ကြောင်း အတိုင်ပင်ခံ သက်သေ သူကြွယ်ရှစ်ယောက်ကလည်း စူဠသုဘဒ္ဒါမှာ အပြစ်မရှိကြောင်း သူဌေးကြီးကို ပြောကြားပါတယ်။ ဥဂ္ဂသူဌေးက စူဠသုဘဒ္ဒါက သူကိုးကွယ်နေတဲ့ အဝတ်မဝတ် တိတ္ထိများကို အရှက်မရှိသောသူဟု ပြောဆိုပြီး ရှိမခိုးဘဲနေသည့် အကြောင်း သူဌေးကတော်ကြီးကို ပြောကြားပါတယ်။ သူဌေးကတော်ကြီးက ငါတို့ကိုးကွယ်နေတဲ့ တိတ္ထိတွေကို အရှက်မရှိဘူးဆိုရင် သင်ကိုးကွယ်နေသည့် ရဟန်းများကရော ဘယ်လို အကျင့် ဘယ်လိုဂုဏ်တွေ ရှိနေသနည်းဆိုတော့ ဘာသာရေး ကိုယ်ခံအားကောင်းနေတဲ့ စူဠသုဘဒ္ဒါက ရတနာသုံးပါး ဂုဏ်တော်၊ ကျေးဇူးတော်များကို တစ်ခုမကျန်ကုန်စင်အောင်ပြောပြပါတော့တယ်။ ထိုဂုဏ်တော် ကျေးဇူးတော်တွေကို ကြားသိရတော့ ကိုယ်တိုင်မြင်ခြင်းငှာတောင်းဆိုသည့်အတွက် မြတ်စွာဘုရားရှင် အမှူးထားသောရဟန္တာပေါင်းငါးရာကိုနောက်နေ့မှာ ပင့်ဖိတ်ပေးလိုက်ပါတယ်။
မြတ်စွာဘုရားနှင့် သံဃာတော်အရှင်များ၏ ကြွတော်မူပုံ၊ ထိုင်တော်မူပုံ၊ ဆွမ်းဘုဉ်းပေးတော်မူပုံ သင်္ကန်းဝတ်ရုံပုံ စသည့် အသရေတော်ကို ဥဂ္ဂသူဌေးကြီး အလွန်ပင် ကြည်ညိုလွန်းသဖြင့် ခုနစ်ရက်တိုင်တိုင် အလှူကြီးပေးပါတော့တယ်။ မြတ်စွာဘုရားရှင်က တရားကို ဟောတော်မူသဖြင့် သူဌေးကြီးအပါအဝင် ရှစ်သောင်းလေးထောင်သော ပရိတ်သတ်များဟာ သစ္စာလေးပါးတရားများကို ထိုးထွင်းသိပြီး ဗုဒ္ဓဘာသာဝင်များ ဖြစ်ကုန်ကြပါတယ်။ စူဠသုဘဒ္ဒါကို အကြောင်းပြုပြီး ဥဂ္ဂသူဌေးအပါအဝင် မြို့သူမြို့သားအပေါင်းဟာ ဗုဒ္ဓဘာသာအဖြစ်သို့ ရောက်ရှိသွားပါတော့တယ်။
စူဠသုဘဒ္ဒါ၏ သာသနာပြုပုံကား ဗုဒ္ဓဘာသာဝင်တို့အတွက် အတုယူဖွယ်ပါ။ ဘာသာတရားကိုယ်ခံအား ကောင်းနေသည့်အတွက် ဘာသာခြားနှင့် အိမ်ထောင်ပြုပေမယ့် ဘာသာမပျောက်ခဲ့ပါ၊ ဘာသာကျယ်ပြန့်အောင် သာသနာပြုနိုင်ခဲ့ပါတယ်။ ဇွတ်အတင်းခြိမ်းခြောက်ပေမယ့်လည်း ဘာသာမပျောက်ခဲ့သည့်အပြင် ဗုဒ္ဓဘာသာဟာ ဘယ်လိုဘာသာဆိုတာကို လက်မထောင်ပြီး ရှင်းပြ သာသနာပြုနိုင်ခဲ့တာပါ။ နောက်တစ်ချက်က အနာထပိဏ်သူဌေးကြီးရဲ့ သမီးအိမ်ထောင်ရေးရဲ့ ကောင်းကျိုး ဆိုးကျိုးကို သိစေဖို့ မြတ်စွာဘုရားရှင်ထံ လျှောက်ထားပုံကလည်း အတုယူဖွယ်ပင်။ သတို့သားက ဘာသာခြားဖြစ်နေသည့်အတွက် ဘယ်လောက်ပဲ ချမ်းသာသာ ချက်ချင်း ခေါင်းမငြိမ့်ဘဲ ဘာသာရေးခေါင်းဆောင်ဖြစ်တော်မူတဲ့ မြတ်စွာဘုရားရှင်နဲ့ တိုင်ပင်တဲ့အချက်ပါ။ သမီးရှင် သားရှင်များ အထူး သတိထား၊ အတုယူဖွယ်ပင်ဖြစ်ပါတော့တယ်။ သတို့သား သတို့သမီးများ ဘာသာခြားဖြစ်ခဲ့ပါလျှင် ချက်ချင်း သဘောမတူသင့်ကြောင်း အသိပေးလိုတာပါ။ ဘာသာရေးခေါင်းဆောင် သံဃာတော်များနှင့် တိုင်ပင် သင့်ကြောင်း ထင်ရှားပါတော့တယ်။ ဘာသာရေးကိုယ်ခံအား ကောင်းသည့် သာသမီးများအတွက် ပြဿနာမရှိနိုင်ပေမယ့် ဘာသာရေးကိုယ်ခံအားနည်းသည့် သားသမီးများအတွက်တော့ ဆင်ခြင်ရမည့် အချက် ငြင်းပယ်ရမည့် အချက်ပါ။ အထူးတိုက်တွန်းလိုတာက ဘာသာရေးအခြေခံမကောင်းတဲ့ အမျိုးသမီးငယ် အမျိုးသားငယ်များ မိမိဘာသာဝင်များနှင့်သာ အိမ်ထောင်ရေး အဆင်ပြေမည်ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment