July 17, 2015

အယုတ်ညံ့ဆုံးစိတ်။


        လောကမှာ အဆိုးဆုံး အယုတ်ညံ့ဆုံးလို့  ဘုန်းကြီးယူဆတဲ့ ဆင်းရဲစိတ် ကိလေသာစိတ်
ဟာ မနာလိုတဲ့စိတ် ဣဿာပဲ။ သူတစ်ပါး ကိုယ့်ထက် ရုပ်ချောနေတာကို မနာလိုဘူး။ အလကား
သက်သက် သူ့ဟာသူ ရုပ်ချောတာ ကိုယ်နဲ့ဘာဆိုင်သလဲ။ အဲဒါ သွားပြီး မနှစ်မြို့တဲ့ မနာလိုတဲ့
စိတ် ဖြစ်တာ။ အဲ သူတစ်ပါး ကိုယ့်ထက် ပညာတတ်နေတာ မနာလိုဘူး။ သူတစ်ပါး ကိုယ့်ထက်
နာမည်ကြီးနေတာ မနာလိုဘူး။ သူတစ်ပါး ကိုယ့်ထက် လူချစ်လူခင်ပေါတာ လူကြည်ညိုများတာ
မနာလိုဘူး။ သူတစ်ပါး ကိုယ့်ထက် ကြီးပွားချမ်းသာနေတာ မနာလိုဘူး။
         အမှန်တော့ လောကမှာ လူတိုင်းလူတိုင်း ချမ်းသာနေတယ်၊ ကောင်းစားနေတယ် ဆိုရင်
ဘ၀တူ လူသားတစ်ယောက် အနေနဲ့ ၀မ်းသာနေရမှာပါ၊ အဲဒါကို ၀မ်းမသာနိုင်ဘဲနဲ့ သက်သက်
သွားပြီးတော့ သူများကောင်းစားနေတာကို၊ ချမ်းသာနေတာကို စိတ်ထဲမှာ မကြည့်ရက်၊ မရှုရက်
ဖြစ်ပြီး စိတ်မချမ်းသာ ဖြစ်နေတာ။ အကုသိုလ် ဖြစ်နေတာ။
         သူများကို မနာလိုလို့  ကိုယ့်မှာ ဘာမှရတာလဲ မဟုတ်ဘဲနဲ့၊ ဘာမှ မပတ်သက်ဘဲနဲ့ စိတ်
ဆင်းရဲနေကြတာ။ စိတ်ထား  မတတ်တော့ အလကားသက်သက် စိတ်ဆင်းရဲကို ရှာယူနေကြတာ
ဒီလိုစိတ်ရှိရင် သူ့မှာ ဘာအမြတ်ရသလဲ၊ ဘာမှ မရဘဲနဲ့ကို အခြောက်တိုက် စိတ်ဆင်းရဲ ခံနေရ
တာ၊ ဒါကြောင့် ဒီစိတ်ကို အဆုံးဆုံး အယုတ်ညံ့ဆုံး စိတ်လို့ ယူဆတယ်။ တော်တော်ဆိုးတဲ့စိတ်
တကယ်ယုတ်ညံ့တဲ့စိတ်။ ဒီစိတ်တွေ ရှိနေသမျှတော့ ဆင်းရဲနေတာပဲ။
         လောကမှာ ပျက်စီးကြတာတွေဟာ ဟောဒီ မနာလိုစိတ် အရင်းခံလို့ ပျက်စီးကြတာတွေ
က အတော်ကိုများတယ်။ တစ်ဦးနဲ့ တစ်ဦး မတည့်ကြတာကအစ စစ်ပွဲကြီးတွေ ကြည့်ကြပါ၊ အဲ
ဒါ မနာလိုမှုကစပြီး ဖြစ်ရတဲ့ စစ်ပွဲတွေ တော်တော်များတယ်။
        ဒါကြောင့် အဲဒီစိတ်တွေကို ကိလေသာခေါ်တယ်။ ဒါတွေဟာ ဆင်းရဲတွေပဲ။ ဒီကိလေသာ
တွေ ရှိနေသမျှ လူဟာ ဆင်းရဲနေတာပဲ။ ဒီကိလေသာတွေ မရှိရင် လူဟာ မဆင်းရဲဘူး။ အဲဒါကို
မှတ်ရလွယ်အောင် ဆောင်ပုဒ်လေးနဲ့ လုပ်ထားတယ်။
        * မိမိကိန်းရာ၊ သတ္တ၀ါကို၊
           ဗျာပါလှိုက်ဆူ၊ ပူလောင်စေတတ်၊
           နှိပ်စက်တတ်၍၊ ထပ်ထပ်ညစ်ပေ၊
           ပြုတတ်လေ ဆယ်ထွေ ကိလေသာ။ ။
 { ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ ဟောကြားသော “ ဆင်းရဲငြိမ်းအေး ချမ်းသာရေး ”
   တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment