June 30, 2015

ရှင်သန်းခြင်း၏ အဓိပ္ပာယ်


ပျံသန်းနေတဲ့ ငှက်တစ်ကောင်ရဲ့ ဦးတည်ချက်က ဘာလဲ? ရှင်သန်နေတဲ့ တို့တွေရဲ့ ဦးတည်ချက်က ဘာလဲ?
ပျံသန်းနေတဲ့ ငှက်တစ်ကောင်ရဲ့ ဦးတည်ချက်က လိုရာခရီးပါပဲ။
ရှင်သန်နေတဲ့ တို့တွေရဲ့ ဦးတည်ချက်ကလည်း တစ်ခုသော လိုအပ်ချက်အတွက်ပဲ မလား?
တစ်ခုသော လိုအပ်ချက်ကို ချမှတ်ပေးတာက ဘယ်သူလဲ?

ချမှတ်ပေးတဲ့သူ အပေါ်မူတည်၍ လုပ်ဆောင်ချက်က အကျိုးရှိမှာကိုးဗျ။
သူခိုးက ခိုးလို့ သူ့လိုအပ်ချက်ကို ချမှတ်လိုက်ရင် အဲဒီ လိုအပ်ချက်ကို လုပ်ဆောင်ပေးခြင်းသည် အကျိုးယုတ်တဲ့ အလုပ်ဖြစ်သွားရော။
အလှူတစ်ခု လုပ်ချင်တယ်ဆိုတဲ့ လိုအပ်ချက်ကို ချမှတ်ပေးလိုက်ရင် အဲဒီ လိုအပ်ချက်အပေါ် လုပ်ဆောင်ချက်သည် အကျိုးမြတ်ကြီးတဲ့ အလုပ်ဖြစ်သွားရော- စသည်ဖြင့် ကွာခြားသွားတာပါ။
ဒီတော့ တစ်ခုသော လိုအပ်ချက်ကို ချမှတ်ပေးတာက -
အသိတရားရှိသူလား? အသိတရားမဲ့သူလား?
အကြားအမြင်ရှိသူလား? အကြားအမြင်မဲ့သူလား?
ဆိုတာတွေကို သုံးသပ်ကြည့်တော့ မိမိသန္တာန်မှာ လိုအပ်ချက်ကို ချမှတ်ပေးနေတာလည်း မိမိပဲ။ လိုအပ်ချက်ကို လုပ်ဆောင်နေတာလည်း မိမိပဲ ဖြစ်နေပါရော့လော…
ဒါဆိုရင် သုံးသပ်ကြည့်ရာမှာက မိမိပဲ ဖြစ်နေပါလားဗျ။
မိမိကိုယ် မိမိ သုံးသပ်ရတော့မယ်ဆိုတော့ (မိမိ) ကို သုံးသပ်မလား? မိမိရဲ့ (စိတ်) ကို သုံးသပ်ရမလား ဆိုတဲ့ မေးခွန်းထပ်ထုတ်လိုက်တယ်။
မိမိ ဆိုတာမှ မရှိဘဲဗျ။ မိမိရဲ့စိတ်ဆိုတာပဲ ရှိတာ။ မိမိဆိုတာက (အခေါ်ရှိ)၊ စိတ် ဆိုတာကတော့ (တကယ်ရှိ)။
မိမိ ဆိုတာက စိတ်ကို ဆိုင်းဘုတ်ဆွဲထားတာဆိုတော့…
ဒါဆိုရင် မိမိသန္တာန်မှာ ဖြစ်နေတဲ့ (စိတ်ကို အကဲခတ်) သုံးသပ်ကြည့်ရတော့မယ်။
အသိတရားရှိသူလား - အသိတရားမဲ့သူလား ဆိုတာသည်…
စိတ်နှင့် ပြောရင် အမောဟစိတ်(ပညာဉာဏ်)လား၊ မောဟစိတ်လား ဆိုတာကို ပြောတာပါပဲ။
အကြားအမြင်ရှိသူလား? အကြားအမြင်မဲ့သူလား? ဆိုတာသည်လည်းပဲ.. စိတ်နှင့် ပြောရင် အမောဟစိတ်(ပညာဉာဏ်)လား၊ မောဟစိတ်လား ဆိုတာကို ပြောတာပါပဲ။
မောဟ ဆိုတာ ဘယ်လို သဘောရှိသလဲ? ပညာဆိုတာက ဘယ်လို သဘောရှိသလဲ?
ဆိုတဲ့ မေးခွန်းနှစ်ခု ထပ်ထွက်လာပါပြီ။
မောဟ ဆိုတဲ့ တရားသည် အမှန်တရားကို ထိုးထွင်းသိ၊ပိုင်းခြားသိ နိုင်စွမ်းမရှိဘူး၊ သူ့ကြောင့်ပဲ အကုသိုလ်တွေ ဖြစ်ရတာပါ၊ သူက အကုသိုလ်အကျိုးဆောင် အဖွဲ့ရဲ့ အုပ်ချုပ်ရေး အရာရှိလည်း ဖြစ်ပါတယ်။
ပညာဉာဏ် ဆိုတဲ့ တရားသည် အမှန်တရားကို ထိုးထွင်းသိ၊ ပိုင်းခြားသိ နိုင်စွမ်းရှိတယ်တဲ့။ သူ့ကြောင့်ပဲ ကုသိုလ်တွေ ဖြစ်ရတာပါ။ သူက ကုသိုလ် အကျိုးဆောင်အဖွဲ့ရဲ့ အုပ်ချုပ်ရေး အရာရှိလည်း ဖြစ်ပါတယ်။
ဒီတော့ အမှန်တရားကို ထိုးထွင်းသိတဲ့ အမောဟ(ပညာဉာဏ်) စိတ် ဖြစ်အောင် စိတ်ကို ဘယ်လို ပြုပြင် ပေးရမှာလဲ? ဆိုတဲ့ မေးခွန်းက ထပ်ထွက်လာပြန်ပြီ။
(၁) စိတ်ကို ကောင်းအောင် ပြုပြင်ပေးနိုင်တဲ့ အကျိုးဆောင်တွေ ရှိပါတယ်။ (၂) စိတ်ကို ဆိုးအောင် ပြုပြင်ပေးနိုင်တဲ့ အကျိုးဆောင်တွေလည်း ရှိပါတယ်တဲ့ဗျာ…
(၁) စိတ်ကို ကောင်းအောင် ပြုပြင်တဲ့ စိတ်ရဲ့ အကျိုးဆောင်တွေကတော့ သီလ၌ အခြေတည်၍ ပေးကမ်းစွန့်လှူတဲ့ သဒ္ဓါတရား၊ သမာဓိအလုပ်( အာနာပါန - မေတ္တာဘာဝနာ…စသည်ဖြင့် ) နှင့် ဝိပဿနာအလုပ် (သတိပဌာန်) ။
(၂) စိတ်ကို ဆိုးအောင် ပြုပြင်ပေးနိုင်တဲ့ အကျိုးဆောင်တွေကတော့ ” သီလကို အလေးမထား၊ သဒ္ဓါတရားကို မတိုးပွားဘဲ၊ သမာဓိအလုပ် စိတ်မဝင်စား၊ ဝိပဿနာဆိုတာနောက်ထား ” ဆိုတဲ့ အရာတွေပါ။
ဒါဆိုရင် တို့တွေက အချိန်နှင့် အမျှ ရှင်သန်နေရတာသည် ဘယ်စိတ်ရဲ့ ဦးဆောင်မှု၊ ဘယ်စိတ်၏ လိုအပ်ချက်ကို လုပ်ဆောင်ပေးနေကြသလဲ? ဆိုတဲ့ အချက်ကို စာဖတ်သူ၏ ဉာဏ်ဖြင့် သုံးသပ်ကြည့်လို့ရပါပြီ။
မကောင်းဘူးဆိုရင် ”မတော်ဘူးဟ” အပယ်စခန်းသွားပဲ… ဆိုပြီးတော့ ရှောင်ဖို့ပဲ၊
ကောင်းတယ်ဆိုရင်တော့ တော်ပေစွဟု ဆောင်ရုံပါပဲ။
ဒါမျိုးတွေ ရှေးဘဝ သံသရာက မသုံးသပ်ခဲ့လို့ ဖြစ်ချင်တာတွေ မဖြစ်ရဘဲ မသိ-အဝိဇ္ဇာ- အပျော်- တဏှာတရားရဲ့ ချယ်လှယ်တာကို ခံရပြီး မသိပျော်ပျော်နေရင်း မရဏ မင်းက သတ်လိုက်ရင် သူတို့က မျက်နှာလွှဲခဲပစ် ပစ်လိုက်လို့ပဲ သံသရာဝဋ်တွင်းမှာ အိုဘေး၊ နာဘေး၊ သေဘေးနှင့်မတင့်တယ်တဲ့ အသုဘခန္ဓာကြီးကို ထမ်းပြီး နေရတာပါလားဗျ။
အခုတော့ သုံးသပ်သင့်ပြီ။ ရှောင်သင့်တာ ရှောင်သင့်ပြီ။ ဆောင်သင့်တာ ဆောင်သင့်ပြီဗျ။
အားလုံးကို လေးစားစွာဖြင်

ဝင်းမြင့်
http://www.myanmarengineer.org  မှတဆင့်ခံစားတင်ပြသည်။

No comments:

Post a Comment