June 19, 2015

ဘဒ္ဒကမ္ဘာ ဆိုတာ ...


တဆူသာရ ၊ နှစ်မဏ္ဍ ၊ ၀ရ သုံးဆူသာ ။
သာရ မဏ္ဍ ၊ လေးဆူပြ ၊ ဘဒ္ဒငါးဆူပါ ။
တဆူသော်မျှ ၊ မပွင့်က ၊ သုည ထိုကမ္ဘာ ။

သတ္တ၀ါတို့ ဖြစ်ပေါ်ရာ ကမ္ဘာသည် မြတ်စွာဘုရားတို့ ကင်းဆိတ်သော
(၀ါ) မြတ်စွာဘုရားတဆူမျှ မပွင့်သော သုညကမ္ဘာနှင့် မြတ်စွာဘုရားတို့မှ မကင်းဆိတ်သော
(၀ါ) မြတ်စွာဘုရား အနည်းဆုံး တဆူဖြစ်စေ ပွင့်သော အသုညကမ္ဘာဟူ၍ နှစ်မျိုးရှိသည်။

တဖန် ထိုအသုညကမ္ဘာသည်လည်း-
၁။ ဘုရားတဆူသာပွင်သော သာရကမ္ဘာ
၂။ ဘုရားနှစ်ဆူပွင့်သော မဏ္ဍကမ္ဘာ
၃။ ဘုရားသုံးဆူပွင့်သော ၀ရကမ္ဘာ
၎။ ဘုရားလေးဆူပွင့်သော သာရမဏ္ဍကမ္ဘာ
၅။ ဘုရားငါးဆူပွင့်သော ဘဒ္ဒကမ္ဘာဟူ၍ ငါးမျိုးရှိသည်။

ယခုရောက်ဆဲကမ္ဘာသည် ဘဒ္ဒကမ္ဘာဖြစ်၍ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဟူသော ဘုရားလေးဆူ ပွင့်ခဲ့ပြီး နောင်တွင် အရိမေတ္တေယျ ဘုရားတဆူ ပွင့်ရန်ရှိပါသည်။

ဂေါတမဗုဒ္ဓ အလောင်းတော်သည် လွန်ခဲ့သော လေးသင်္ချေနှင့် ကမ္ဘာတသိန်းထက်တွင် ဒီပင်္ကရာမြတ်စွာဘုရားထံ၌ ဘုရားဆုကို ပန်ခဲ့သည်။
ထိုကမ္ဘာ၌ ဘုရားလေးဆူ ပွင့်တော်မူရာ ဒီပင်္ကရာမြတ်စွာဘုရားသည် စတုတ္ထမြောက် ဖြစ်သည်။
ထိုဘုရားလေးဆူနှင့်တကွ ဂေါတမမြတ်စွာဘုရားကိုပါ ထည့်သွင်း ရေတွက်ပါမှ လေးသင်္ချေနှင့် ကမ္ဘာတသိန်း အတွင်း၌ မြတ်စွာဘုရားပေါင်း ( ၂၄ ) ဆူသာ ပွင့်ခဲ့သည်။

ဘုရားပွင့်သောကမ္ဘာကား ( ၁၁ ) ကမ္ဘာမျှသာ ရှိခဲ့သည်။ ကျန်သောကမ္ဘာပေါင်း ( ၉၉၉၈၉ ) ကမ္ဘာတို့မှာ ဘုရားမှဆိတ်သုဉ်းသော သုညကမ္ဘာများသာ ဖြစ်ကြသည်။ ထို့ကြောင့်ပင် ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော-ဘုရားတဆူ ဖြစ်ပေါ်လာခြင်းကို ရခဲလှပေ၏-ဟူ၍ ဟေကြားတော်မူခြင်း ဖြစ်ပါသည်။

( ဆောင်ပုဒ် )
တဆူသာရ ၊ နှစ်မဏ္ဍ ၊ ၀ရ သုံးဆူသာ ။
သာရ မဏ္ဍ ၊ လေးဆူပြ ၊ ဘဒ္ဒငါးဆူပါ ။
တဆူသော်မျှ ၊ မပွင့်က ၊ သုည ထိုကမ္ဘာ ။

..........................................
Credit to : မင်္ဂလာသတင်းစဉ်

No comments:

Post a Comment