လောကမှာ အဆန်းကြယ်ဆုံးက သေခြင်းတရားလို့ အမြဲလက်ခံယုံကြည်ခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ သေခြင်းတရားနယ်မြေထဲရောက်သွားတာနဲ့ လက်ရှိဘ၀ရဲ့
သုခ,ဒုက္ခတွေဟာ ချုပ်ငြိမ်းသွားတာပဲလေ..။ သေခြင်းတရားရဲ့ ဘောင်အတွင်းမှာ
ဆင်းရဲသူ,ချမ်းသာသူ ရုပ်ချောသူ,ရုပ်ဆိုးသူ ဘယ်လိုလူမျိုးကိုမှ
လူတန်းစားခွဲခြားတာ မရှိဘူး..။ အားလုံးဟာ တန်းတူပဲလေ..။
သေခြင်းတရားအကြောင်းကို မစဉ်းစားခဲ့ဖူးတဲ့နေ့ရယ်လို့ မရှိခဲ့ဘူး..။
နေ့တိုင်း အနည်းဆုံး တစ်နေ့ကို တစ်ကြိမ်လောက်တော့ စဉ်းစားဖြစ်တယ်…။
စဉ်းစားမိတိုင်း ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်ခဲ့တာချည်းပဲ…။
သေခြင်းတရားနဲ့ဆုံတွေ့ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတာလည်း သိခဲ့ရပါတယ်..။
ဒါကြောင့်မို့ အတက်နိုင်ဆုံး ဥစ္စာဓနထက် ကုသိုလ်ပိုချမ်းသာဖို့ကို
အလိုရှိခဲ့တယ်…။
လွန်ခဲ့တဲ့ရှစ်နှစ်လောက်တုန်းက အစာအိမ်ပြွန်ရောင်ရောဂါနဲ့
ဂန္ဓီဆေးရုံကြီးမှာ သုံးရက်တိတိ အစာမစားရေမသောက်ရဘဲ
ဆေးသွင်းနေခဲ့ရတဲ့အချိန်မှာ သေခြင်းတရားအကြောင်းကို
နက်နက်နဲနဲစတင်တွေးခဲ့မိတာ။ ကုသိုလ်,ပညာ,ဥစ္စာနဲ့ ကိုယ့်အပေါ်
ထောက်ပံ့ကူညီခဲ့သူတွေအပေါ် ဘာမှအကျိုးကျေးဇူးမပြုနိုင်ဘဲ လောကအတွင်းက
ထွက်ခွါသွားရမှာ အရမ်းစိုးရိမ်ခဲ့တယ်…။
ပြီးတော့ မပြင်မဆင်ဘဲသေသွားခဲ့ရင် သေခါနီးလေးမှာ
နောက်ဆံတင်းစရာအဖြစ်မျိုး မကြုံဖို့အတွက် ကိုယ်သေရင် ဘယ်ပစ္စည်းဘယ်လှူရမယ်၊
ဘယ်ဟာကတော့ လှူထားတာ၊ ဘယ်ဟာကတော့ ငှါးထားတာ၊ ဘယ်သူ့ဆီကို
အကြွေးပေးစရာရှိတယ်- ဆိုပြီးတော့ စာရွက်တစ်ရွက်မှာ အမြဲတမ်းရေးမှတ်ထားတယ်။
ဘာကြောင့်လဲဆိုတော့ အကြွေး
ကျန်ရင် ကံတရားအရ ကျွန်ခံရမှာဖြစ်သလို
မတော်တဆများ ခန္ဓာကိုယ်တစ်ခြမ်း သေသွားခဲ့လို့ စကားမပြောနိုင်,
မမှာကြားနိုင်ခဲ့ရင် သောကတွေ ရင်မှာပိုက်ပြီးသေရတဲ့
အဖြစ်မျိုးမကြုံအောင်ပေါ့..။
ဟိုတုန်းက အအေးကို တော်တော်လေးကြိုက်ခဲ့တယ်။ မိုးတွင်းမှာတောင်
ကိုယ်ပတ်လေးနဲ့ပဲ အနေများခဲ့တယ်။ ဆောင်းတွင်းမှာလည်း ခြုံထည်တောင်မှ
မကပ်နိုင်ဘူး…။ ခန္ဓာကိုယ်မှာ အပူဓာတ်ပိုများလို့လေ…။ အခုနောက်ပိုင်းတော့
အရင်လိုမဟုတ်တော့ဘူး။ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေက သိသာလာခဲ့တယ်။
အအေးဓာတ်ကိုလည်း ပိုမိုခံစားလာရတယ်။ လူက ညာသန်ဖြစ်တဲ့အတွက် မတော်တဆများ
ညာဘက်အပိုင်းမလှုပ်နိုင် စကားလည်း မပြောနိုင်တဲ့ရောဂါမျိုး
ဖြစ်လာခဲ့မယ်ဆိုရင် အခက်အခဲမဖြစ်အောင်ဆိုပြီး လက်နှစ်ဖက်လုံးနဲ့
စာရေးနိုင်အောင်လည်း ကြိုးစားခဲ့တယ်။ အနာဂတ်က ကြိုမမြင်ရဘူးလေ..။
ဘ၀ကကြမ်းတမ်းလွန်းလို့လားမဆိုနိုင်ဘူး။ ပျော်ရွှင်မှုဆိုတာကို အခုထိ
ကောင်းကောင်းနားမလည်သေးဘူး။ သူများတွေလို ဟာသ-တွေ ဘာတွေကိုလည်း
သိပ်မခံစားတတ်ဘူး။ အဖြစ်အပျက်လေးတစ်ခုပြောရမယ်ဆိုရင် ငယ်စဉ်အခါက
တီဗွီတွေထဲမှာ လူတွေတိရိစ္ဆာန်ရုံသွားတဲ့အခါ ပျော်ရွှင်နေကြတာကိုမြင်ခဲ့တယ်။
အဲ… လွန်ခဲ့တဲ့(၄)နှစ်လောက်က ၀င်ဒါမီယာထဲက ဗြဟ္မနိမ္မိတာရုံကျောင်းမှာ
စာလိုက်တော့ ရွှေတိဂုံနဲ့လည်းနီးတာနဲ့ တိရိစ္ဆာန်ရုံကို လူတွေသွားတဲ့အခါ
ပျော်မြူးနေတာကိုသတိရပြီး တစ်နေ့တော့ တိရိစ္ဆာန်ရုံကိုသွားခဲ့တယ်။ ဒါပေမယ့်
ထင်သလိုဖြစ်မလာခဲ့ပါဘူး။ နည်းနည်းလေးမှ မပျော်ရွှင်ခဲ့ဘူး..။
မြောက်ကလေးတွေကို လှောင်အိမ်ထဲမှာကြည့် မလွတ်မလပ်နေရတဲ့အဖြစ်တွေ၊
မိကျောင်းတွေကို ရေတိမ်တိမ်လေးမှာ ကန်စွန်းရွက်တွေ ပစ်ပေးနေတာတွေ၊
ရေမြင်းကြီးတွေရဲ့ ခြောက်ကပ်ကပ်နိုင်လှတဲ့ နေပုံထိုင်ပုံတွေကို
တွေ့မြင်လိုက်ရတဲ့အခါမှာ ပျော်ရွှင်စရာကောင်းတယ်ဆိုတဲ့
တွေးမြင်ခဲ့ဖူးတာတွေဟာ တဟုန်ထိုးပဲ အဝေးကိုလွင့်စင်သွားခဲ့ပါတယ်…။
တိရိစ္ဆာန်တွေရဲ့ စစ်မှန်တဲ့နေရာဒေသနဲ့ စစ်မှန်တဲ့လွတ်လပ်ခွင့်တွေ
မရှိပါလားဆိုပြီး စိတ်မကောင်းဖြစ်တာနဲ့ပဲ ပြန်လာခဲ့ရတယ်။
ဘ၀က တောမှာမွေးခဲ့ပေမယ့် တောကလေးတွေဆော့တဲ့ သားရေကွင်းပစ်တာ၊
ဂျင်ပေါက်တာ၊ ကျောက်ဒိုးလှိမ့်တာ၊ ဘောကန်တာ၊ ခြင်းခက်တာ…စတာ..စတာတွေ
တစ်ခုမှမလုပ်တတ်ဘူး…။ ဘာကြောင့်လဲဆိုတော့ ဘာကစားနည်းကိုမှ ကောင်းကောင်း
မကစားဖူးခဲ့ဘူးလေ..။ (၁၂)နှစ်သား ရန်ကန်ုကိုစာလာသင်တော့
ချိုင်းလိမ်းဆီဗူးမှာပါတဲ့ အလုံးလေးကို ပိန်ပေါင်လေးလို ပျဉ်ပြားလေးနဲ့
တော့ခဲ့တာက လွဲရင် ကျန်တာတွေကို သိပ်နားမလည်ခဲ့ပါဘူး။ အဲ… ဒါပေမယ့်
ကျားထိုးတာကိုတော့ ကျွမ်းကျွမ်းကျင်ကျင်သိခဲ့ပါတယ်။
အဲဒီလို ကိုယ်တိုင်မဆော့ခဲ့ရတော့ စာသင်တိုက်ကနေ တောကိုပြန်သွားတဲ့အခါ
တောကကိုရင်လေးတွေ ဆော့တာမြင်ရင် ရိုက်မိတယ်။ အဲဒီအခါ သူငယ်ချင်းတွေက
ဘာဖြစ်လို့ရိုက်တာလဲမေးတယ်။ ဆော့လို့ရိုက်တာလို့ပြန်ဖြေတော့ “ဟ.. ဦးပဏ္ဍိရ
ကလေးပဲ ဆော့မှာပေါ့ဘုရား”တဲ့။ ဒါပေမယ့် သိတဲ့အတိုင်းလေ ကိုယ်ကအဲဒါတွေမှ
နားမလည်တော့ “ဟာ..ကိုယ်တော်ရဲ့ ဘာဆော့စရာလိုလဲ ၊ အလုပ်မရှိ လက်ရေးလှအောင်
လက်ရေးလေးလေ့ကျင့်နေပေါ့။ ဆော့နေရင် အချိန်ကုန်တာပဲ အဖတ်တင်တယ်။
တပည့်တော်တောင် တစ်ခါမှမဆော့ခဲ့ဘူး”ဆိုပြီး ဘုတောခဲ့တယ်။ နောက်
အသက်(၁၈)နှစ်လောက်ရောက်လို့ ယဉ်ကျေးမှုသင်တန်းတွေဘာတွေ ဖွင့်တဲ့အခါကျမှ
ကလေးဆိုတာ ဆော့တတ်တဲ့သဘောတရားရှိတာကိုး-ဆိုပြီး နားလည်သဘောပေါက်ခဲ့ပါတယ်။
ကိုယ်တိုင်မပျော်ခဲ့တဲ့အတွက် ပျော်ရွှင်မှုအကြောင်းကို သိပ်နားမလည်ပါဘူး။
ကိုယ်နားလည်တာက လူဆိုတာ ကိုယ်နေတဲ့နေရာမှာ အကောင်းဆုံးမဟုတ်တောင်
အဆိုးဆုံးမဖြစ်စေရဘူး-ဆိုတာပဲ။ သာသနာတော်မှာနေတယ်။ သေချာကတော့
ပျော်လို့နေနေတာမဟုတ်ဘူး။ သာသနာ့ဝန်ထမ်း ရှင်ရဟန်းဘ၀နဲ့က
သူများအကျိုးပြုရတာ ပိုထိရောက်လို့ ဒီဘ၀မှာမြဲနေတာပါပဲ။ နိဗ္ဗာန်အတွက်
မြဲနေတာမဟုတ်ပါဘူး။ အခုနောက်ပိုင်း ဘ၀ရဲ့အခက်အခဲတွေ ရှိခဲ့ပေမယ့်
သာသနာတော်ကို ထိခိုက်သူတွေများလာတော့ ပိုပြီးတော့ ကာကွယ်မှုတွေ လုပ်ဖြစ်တယ်။
သာမန်လူတစ်ယောက်အနေနဲ့ဆိုရင် သာသနာပြုလုပ်ငန်းတွေ၊
အများအကျိုးပြုလုပ်ငန်းတွေကိုလုပ်ဖို့ဆိုတာ ငွေကြေးအများကြီး လိုတယ်လေ။
ဒါပေမယ့် ရဟန်းဘ၀နဲ့ကျတော့ တွယ်တာစရာသိပ်မရှိတော့ ဓနမပေးနိုင်ရင်တောင်
ဘ၀ပေးလို့ရရင် ပေးပြီးသာသနာပြုကြရတာပဲမဟုတ်လား။ ဒါကို တောင်တန်းသာသနာပြု
သွားကြတဲ့ ညီတော်နောင်တော်တွေက သက်သေခံနေတယ်လေ။
ဘ၀မှာ အကောင်းဆုံးအဖော်မွန်တွေကတော့ စာအုပ်တွေပါပဲ…။ ဟုတ်တယ်…။
ပျင်းတဲ့အခါ စာအုပ်တစ်အုပ်ကောက်လှန်လိုက်တာနဲ့ ပျင်းတဲ့အချိန်
(၉၀)ရာခိုင်နှုန်းက ပျောက်သွားတာပဲလေ။ ပြီးတော့ စာအုပ်က ရသပေးသလို
သုတလည်းပေးတယ်။ ပြီးတော့ စာအုပ်နဲ့ပျော်ရတာက အပြစ်ကင်းတယ်လို့လည်း
ယူဆမိတယ်။ ကိုယ်တွေက လူကိုယ်တိုင် ကမ္ဘာမပတ်နိုင်တော့ စာပေနဲ့ပဲ
ကမ္ဘာပတ်ခဲ့တယ်။ စာပေက ငါတို့ကိုယ်တိုင် မမြင်နိုင်ခဲ့တဲ့ အတိတ်တွေဆီကိုလည်း
ခေါ်သွားခဲ့တယ်။ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ဖို့လည်း နည်းလမ်းတွေပေးခဲ့သလို
သတိတရားကိုလည်း ဖြစ်စေခဲ့တယ်လေ။ တစ်ခါတစ်လေများ စာအုပ်ဖတ်ရင်း
ဈာန်ဝင်သွားရင် မိုးစင်စင်လင်းတော့တာပဲ။ ငယ်ငယ်တုန်းက
စာသင်တိုက်မှာတုန်းကတော့ လရောင်နဲ့တောင် စာဖက်ခဲ့ဖူးတယ်။
အဲဒီအကျိုးကျေးဇူးကြောင့်ထင်တယ်… အခုတော့ မျက်လုံးတွေကလည်း ဆန္ဒပြလာကြပြီလေ။
ဘာကိုမှ သိပ်မသဲကွဲချင်တော့ဘူး…။
ကိုယ့်လက်ရှိဘ၀ပေါ်မှာ ကျေနပ်တယ်လည်းမဟုတ်ဘူး၊ မကျေနပ်ဘူးလည်းမဟုတ်ဘူး။
သာမန်ပါနဲ့။ ကိုယ်လုပ်သင့်တာလုပ်၊ မလုပ်သင့်တာ တက်နိုင်သမျှရှောင်၊
အပြစ်နည်းအောင်ကြိုးစား၊ ဒီလိုနဲ့ပဲ ရပ်တည်နေခဲ့တာပဲ။ ဟုတ်တယ်လေ
ငါတို့တတွေက ကမ္ဘာကိုသာသနာပြုမယ်ဆိုပြီး လေကြီးမိုးကြီးပြောလို့
ရတာမှမဟုတ်တာ။ အပြောများပြီး အလုပ်မပါရင် သိပ်ရှက်စရာကောင်းတယ်။ ဒီတော့..
ရှိသမျှနဲ့ လှအောင်နေ၊ ရတာလေးနဲ့ရောင့်ရဲ။ ။
ပစ္စည်းဥစ္စာနဲ့ပတ်သက်ရင်တော့ သိပ်ထွေထွေထူးထူးမရှိပါဘူး။
ထွေထွေထူးထူးမရှိတာက ဘာမှမရှိလို့ကို ထွေထွေထူးထူးမရှိတာ။ တကယ်တော့ ဘ၀မှာ
သိပ်အများကြီးမလိုအပ်ပါဘူး။ ကျောတစ်ခင်းနဲ့ကိုယ်လုပ်ချင်တဲ့အလုပ်ကို
အောင်အောင်မြင်မြင်လုပ်နိုင်ရင် ကျေနပ်စရာပဲလေ။ ဖိနပ်နှစ်ရံရှိလို့
တစ်ခါတည်းစီးလို့မှ မရတာလေ။ ပြီးတော့ “Closed hand cannot receive.”
(ဆုပ်ထားတဲ့လက်နဲ့ ယူလို့မရဘူး။)ဆိုတဲ့စကားရှိတဲ့အတွက် ရသမျှအကုန်ယူ
ကိုယ့်မူမပျက်စေနဲ့ဆိုပြီး လုပ်နေလို့လည်းမဖြစ်သေးဘူး။
သူများကိုဒါနအကြောင်းဟောသလို ကိုယ်လည်းဒါနပြုရတယ်လေ။ တော်ကြာ နောင်ဘ၀ကျမှ
တရားနာသူက ပစ္စည်းဥစ္စာနဲ့ ပြည့်စုံနေပြီး တိုက်တွန်းခဲ့တဲ့သူက
သူတောင်းစားဖြစ်နေရင် ဒုက္ခ။
သြော်…ဒုက္ခဆိုလို့ အခက်အခဲတွေကို သိပ်တော့မညည်းညူဖြစ်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ အခက်အခဲတွေ အဆိုးလောကဓံတွေက မိတ်ဆွေဖြစ်ခဲ့တာ
ကြာပြီလေ။ ကြာတော့ အရေထူနေတာနဲ့ သူတို့နဲ့ပတ်သက်ပြီး
ရေးကြီးခွင့်ကျယ်လုပ်ဖို့ သတိမရဖြစ်တော့ဘူး။ မွေးကတည်းက
ဒုက္ခ..ဒုက္ခ…ဒုက္ခ-လို့ အော်ဟစ်နေသူတွေကြားမှာ ခြေစုံရပ်ခဲ့တာမို့ ဒါတွေကို
ခပ်ပါးပါးလေးလို့ပဲ ထင်မြင်မိပါတယ်။
မွေးတုန်းက ဘာမှပါမလာခဲ့ဘူး။ ဟုတ်တယ်..။ အ၀တ်အစားတောင် မပါခဲ့ဘူးလေ..။
ဆံပင်တောင် အပြင်ဘက်ကျမှ ကောင်းကောင်းပေါက်တာမဟုတ်လား။ ဒီတော့
သေဆုံးသွားတဲ့အခါမှာလည်း တို့တတွေ ကုသိုလ်မပါရင်တောင် မကုသိုလ်တွေ
ပြန်သယ်သွားလို့တော့ အဆင်မပြေဘူးနော်။ တစ်ခုသတိထားရမှာက ဘယ်ဘာသာမှာမဆို
ငရဲ-ဆိုတာရှိတယ်။ ဒီတော့ တို့တတွေ ယူသွားကိုကြည့်ပြီး ကံတရားက
ထိုက်တဲ့ဘုံဘ၀-ကို ဆုံးဖြတ်ပေးလိမ့်မယ်။ အဲဒီအခါ ကိုယ်ယူတာမှားပြီဆိုပြီး
နောင်တမရမိစေဖို့ တို့တတွေ အပြန်လက်ဆောင်တွေက
ကောင်းမှု-လေးတွေဖြစ်ဖို့လိုတယ်နော်..။
*****ဆက်ရန်ရှိသေးသည်*****
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)
No comments:
Post a Comment