January 17, 2014

အမြတ်ကြီးစား အလှူ့ရှင်တွေ။

  ကုသိုလ်ကောင်းမှုကို ပြုရာ၌ သန့်စင်သောစေတနာ အရင်းခံရန်လိုပါသည်။ တစ်ဖက်သား
အဆင်ပြေ အကျိုးရှိစေဟူသော စေတနာကောင်းတစ်ခုထားရန်လိုပါသည်။ ထိုကုသိုလ်ကောင်းမှု
အတွက် မည်သည့်အမျှော်နှင့် တောင့်တမှုမျှ ပြုစရာမလိုပါ။ အမျှော်ကင်းသော ကုသိုလ်ကောင်း

မှုမှသာ သန့်စင်ပါသည်။ မွန်မြတ်ပါသည်။ ရယူလိုမှု၊ တောင့်တမှုတစ်ခုခုကို မျှော်လင့်၍ ပြုအပ်
သော ကုသိုလ်ကောင်းမှုသည် မသန့်စင်၊ လောဘအစေး ငြိတွယ်နေသောကြောင့် မွန်မြတ်ခြင်း
မရှိနိုင်ပါ။
         ကုသိုလ်မှုသည် ကောင်းကျိုးပေး၏။ ဤသည်မှာ ကုသိုလ်၏စွမ်းအင်သတ္တိဖြစ်ပါ၏။ သန့်
စင်ပြီး စေတနာကောင်းဖြင့်ပြုသော ကုသိုလ်မှုမှန်သမျှသည် ကောင်းကျိုးပေးမည်သာ ဖြစ်ပါ၏။
ကုသိုလ်ကောင်းမှုက သူ့သဘော သူဆောင်၍ သူ့အလုပ် သူလုပ်သွားလိမ့်မည်သာ ဖြစ်ပါ၏။
ကုသိုလ်ကောင်းမှုပြုပြီး လောဘဇောဖြင့် လောကီဆုအထွေထွေ တောင်းနေစရာ မလိုပါ။ ယင်း
သို့ ဆုတောင်းနေမိလျှင် ယင်းဆုတောင်းသောအရာများ ရလိုမှုဟူသော လောဘ အရင်းခံဖြင့်
လှူဒါန်းခဲ့သလားဟူ၍ မိမိနှလုံးသားကို ရိုးရိုးသားသား ပြန်လည်ဆန်းစစ် သင့်ပါ၏။
         လှူတာက ခု ဆယ်၊ ဆုတောင်းတာက(ရလိုမှုက)သိန်း သန်းဆိုလျှင် မိမိသည် မည်မျှ
လောဘကြီးနေသလဲဆိုတာ ပြန်လည် စီစစ် သုံးသပ်သင့်ပါသည်။ နှလုံးသားထဲကသာ တကယ်
လှိုက်လှဲလေးနက်သော စေတနာသန့်သန့်ဖြင့် စွန့်လွှတ်လှူဒါန်းပါ။ မည်သည့်လောကီဆုတွေကို
မျှ တောင်းနေစရာ မလိုပါ။ ကုသို
လ်ကောင်းမှု ပြုပြီးသောအခါ ကောင်းကျိုးပေးမှုသည် ကျွဲကူး
ရေပါ ဆိုသလို ဖြစ်ထွန်းလာမည်သာ ဖြစ်ပါသည်။
         ဥပမာ- ငါးကလေးများကို ဇီဝိတဒါနအဖြစ် လှူဒါန်းလိုက်သည် ဆိုပါစို့။ မိမိကို အကြောင်း
ပြုလျက် ငါးကလေးများ သေမည့်ဘေးအန္တရာယ်မှ လွတ်မြောက်ပြီး ရေထဲတွင် ပျော်ပျော်ရွှင်ရွှင်
ကူးခတ်သွားသည်ကို မြင်ရလျှင် အဘယ်မျှ ရွှင်လန်းချမ်းမြေ့ဖွယ် ကောင်းပါသနည်း။ သည့်အ
တွက် “ နင့်အသက် တစ်ခါလွှတ်၊ ငါ့အသက် ဆယ်ခါလွှတ် ” ဟု ဆုတောင်းနေစရာ မလိုပါ။ ဆု
မတောင်းစေကာမူ ကုသိုလ်နှင့် သင့်လျော်သောအကျိုးကား တစ်ချိန်ချိန်တွင် အကျိုးပေးမည်
သာ ဖြစ်ပါသည်။
         ဒါကြောင့် တရားချစ်ခင် သူတော်ကောင်းအပေါင်းတို့ကလည်း ဒါနမှုပြုပြု၊ သီလမှုပြုပြု၊
ဘာဝနာမှုပြုပြု ဦးတည်ဆုတောင်းသင့်သောအရာမှာ လောကီစည်းစိမ်ဥစ္စာ ရွှေ ငွေ ရတနာများ
မဟုတ်ပါ။ သံသရာတည်းဟူသော ၀ဋ်ဆင်းရဲမှ လွှတ်မြောက်စေရန်သာ ဆုတောင်းရမည်ဖြစ်
ကြောင်း နားလည်သဘောပေါက်ကြပြီး နိဗ္ဗာန်ရောက်ကြောင်း အကျင့်တရားများကို ကျင့်ကြံ
အားထုတ်ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။
 { မင်းနန်(မော်ကျွန်း)၏ ဆရာတော်ကြီးများ၏ သြ၀ါဒများပေါင်းချုပ်မှ ကောက်နုတ်ရေးသား
    ပူဇော်ပါသည်။}
   “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment