အမေး။ ။ စာရေးဆရာကြီးတစ်ဦးရဲ့ အဆိုဖြစ်တဲ့ သောတာပန်ဟာ အရက်သောက်ရင်
ကြိုးကြာရေသောက်သလို ရေသာဝင်တယ်၊ အရက်မ၀င်ဘူးဆိုတာကို သိလိုပါတယ်ဘုရား။
အဖြေ။ ။ စာရေးဆရာကြီး ရေးသားချက်အရ သောတာပန်ဟာ အရက်သောက်သေးသတဲ့ ဆိုတာ
မဟုတ်ပါ။ သောတာပန်ပုဂ္ဂိုလ်ဟာ သာမာန်လိုမဟုတ်တော့ ရတနာသုံးပါး၌
ချွင်းချက်မရှိ ယုံကြည်မှုအပြည့်ရှိသလို ငါးပါးသီလကိုလည်း
သီးသန့်ဆောက်တည်နေစရာ မလိုတော့ဘဲ
လုံခြုံပြီးသား
ဖြစ်ပါတယ်။ “အရက်မသောက်က သတ်ပစ်မယ်”လို့ ခြိမ်းခြောက်ကာ အရက်ကို
အတင်းတိုက်ဦးတော့ အသက်သာအသေခံမယ် သီလအပျက်မခံတော့တာဟာ
သောတာပန်အရိယာများရဲ့ သဘာဝပါ။
ခုနပြောတဲ့စာရေးဆရာကြီးက “သောတာပန်ဟာ
အရက်သေစာသောက်သည်အထိ ငါးပါးသီလ ကျုးလွန်နိုင်သေးတယ်”လို့ပြောထားပါတယ်။ သူဟာ
လူတွေရဲ့ စိတ်ဓါတ်ကို လေ့လာခဲ့တာ ကြာပါပြီတဲ့၊ အဲဒီလို
လေ့လာပြီးဖြစ်တဲ့အတွက်
သူက ဒီလို ရဲရဲရင့်ရင့် ဆိုနိုင်ပါသတဲ့။ သူ့စိတ်သူ
လေ့လာတာ ဖြစ်မှာပါ။ သူက သူ့ကိုယ်သူ သောတာပန်လို့ ယူဆထားဟန်တူပါတယ်။
ပြီးတော့ သူက အရက်ကိုလည်း ကြိုက်တတ်တယ်လို့ သတင်းကြားရတယ်။ ဒါကြောင့်
သူ့စိတ်နှင့်နှိုင်းပြီး ဆုံးဖြတ်လိုက်ဟန် တူပါတယ်။ ဒါလည်း အံ့သြစရာပဲ၊
ကိုယ်နဲ့နှိုင်းမရိုင်းဘူးဆိုတဲ့ မြန်မာစကားပုံဟာ အဆင့်အတန်းတူတဲ့
သူအချင်းချင်းသာ သုံးစွဲရမည့်စကားပုံဖြစ်ပါတယ်။ အဆင့်အတန်းမတူရာမှာ
ကိုယ်နဲ့နှိုင်းရင် အလွန်ပင် ရိုင်းပါတယ်။ စဉ်းစားကြည့်ပါ၊
ဂဏန်းသင်္ချာကို မသင်ဖူးတဲ့ လူတစ်ယောက်က ဂဏန်းအရာမှာ ပါရဂူမြောက်
တတ်မြောက်နေတဲ့လူကို ဂဏန်းသင်္ချာနဲ့စပ်ပြီး ငါလိုပဲလို့ ကိုယ်နဲ့နှိုင်းရင်
အများကြီး လွဲမှားမယ်။ အများကြီးရိုင်းမယ်ဆိုတာကို သိနိုင်ပါတယ်။ အဲဒါလိုပဲ
ပုထုဇဉ်ပုဂ္ဂိုလ်က ကိုယ့်စိတ်နဲ့နှိုင်းပြီး သောတာပန်ကိုဆုံးဖြတ်လျှင်
အလွန်ရိုင်းပြီး အလွန်လွဲမှားတတ်ပါတယ်။ အမှန်မှာတော့ သောတာပန်အစစ်
တကယ်ဖြစ်နေတဲ့ပုဂ္ဂိုလ်မှာ သတိကလေးက အတော်လေးကောင်းနေပြီ။ ဒါကြောင့်
ရုတ်တရက် လောဘဖြစ်လာတယ်ဆိုရင် အဲဒီသတိကလေးက သူ့အလိုလို ဖြစ်ပေါ်လာပြီးတော့
ထိန်းထားလိုက်တယ်၊ ဒီလို သတိက အုပ်ထိန်းလိုက်တဲ့အတွက် လောဘဟာ
အရှိန်ပျက်သွားပါတယ်။ အကြီးအကျယ် မဖြစ်ရတော့ဘူး၊ ဒေါသဖြစ်လာရင်လည်း
သတိနဲ့အုပ်ထိန်းလိုက်တာပဲ။ ဒါကြောင့် အကုသိုလ်တရားတွေဟာ အလွန်အကဲ
အကြီးအကျယ် မဖြစ်ပွားရတော့ဘူး။ သီလသိက္ခာပုဒ်တွေကို ကျူးလွန်နိုင်လောက်အောင်
ပြင်းပြင်းထန်ထန် မဖြစ်ရတော့ဘူး။ ဒါကြောင့် သောတာပန်မှာ အပါယ်လားကြောင်း
အကုသိုလ်တွေလည်း ငြိမ်းတယ်။ အပါယ်လေးပါးမှလည်း လွတ်တယ်လို့
ယုံကြည်စိတ်ချရတာ၊ ဒါတွေဟာ သတိကလေး ကောင်းနေခြင်းရဲ့ အကျိုးတွေပါပဲ။
ဒါဟာ သောတာပန်များရဲ့ ပင်ကိုယ်သဘာဝပဲ ဖြစ်ပါတယ်။ ဒါကြောင့် သောတာပန်များဟာ
အရက်တိုက်ရင် ရေသာဝင်တယ် အရက်မ၀င်ဘူးဆိုတဲ့ စကားအရ
လုံးဝမဖြစ်နိုင်ပါဘူးလို့ ဖြေကြားပေးလိုက်ပါတယ်။
ဦးကောဝိဒ(မြိတ်) http://venkawwida.com မှတင်ပြသည်။
No comments:
Post a Comment