September 9, 2013

ဝိစိကိစ ၦာ၏ သေဘာ…(၁)…

ဝိစိကိစ ၦာ ဟူသည် နာမ်တရား စေတသိက် တစ်ခုပင် ဖြစ်သည်။ဝိစိကိစ္ဆာသည် ဟိုဟာ ဖြစ်လေသလား၊ ဒီဟာ ဖြစ်လေသလား၊ ဟုတ်မှ ဟုတ်ပ့ါမလား၊ အဟုတ်ပဲ ဖြစ်နေမလားစသည်စသည်ဖြင့် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် မချနိုင်ဘဲ အာရုံ၌ ယုံမှား တွေးတောခြင်းသဘောပင် ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရသော် စိတ်နှစ်ခွ ဖြစ်ခြင်း၊ မဆုံးဖြတ်နိုင်ခြင်း၊သို့လော သို့လော သံသယ ဖြစ်ခြင်း၊ အာရုံအပေါ် သံသယ ဖြစ်ခြင်း စသည်ဖြင့် အဓိပ္ပာယ် ပြန်ဆိုနိုင်လေသည်။ကိလေသာ ဆယ်ပါးတွင် ဝိစိကိစ္ဆာသည်လည်း အခန်းကဏ္ဍ တစ်ခုတွင် နေရာ ဝင်ယူထားသည် ဖြစ်ရာ ၄င်းနှင့်ပတ်သက်သည့် အခြေခံ သဘောတရားများကို သိထားရမည် ဖြစ်သည်။

အဘယ်ကြောင့် ဆိုသော် ဝိစိကိစ္ဆာသည် ဓမ္မလမ်းကြောင်းတွင်ယုံမှားတွေးတောခြင်း ဟူသော ဆူးငြောင့် ခလုတ် တံသင်း ငုတ် သဖွယ် ဖြစ်နေသောကြောင့်ပင်တည်း။ကုသိုလ်တရားတို့ကို တားမြစ်ပိတ်ပင်တတ်သည်။ ကုသိုလ်တရားတို့ကို နှိပ်စက် ခိုးယူ လုယက်တတ်သည်။ယုံမှား တွေးတော မဆုံးဖြတ်နိုင်ခြင်းဖြင့် အကုသိုလ် တရားတို့ကို နှောင်ဖွဲ့ထားတတ်ပြန်သည်။မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို မမြင်အောင် ဖုံးကွယ်ထားတတ်သည်။ သတ္တဝါတို့၏ အဇ္ဈတ္တ အတွင်းသန္တာန်၌ကိန်းအောင်းနေပြီး အဆိပ်ကဲ့သို့ ဒုက္ခပေးတတ်လေသည်။ ထိုကြောင့် အကုသိုလ် စေတသိက် (၁၄)လုံးတွင် တစ်ခု အဖြစ် ဝိစိကိစ္ဆာစေတသိက် ပါဝင်နေသည်။

ဝိစိကိစ္ဆာဟူသော ယုံမှားသံသယ ဖြစ်ခြင်း ဆိုသည်မှာမည်သို့သော ကိစ္စ အကြောင်းအရာများကို ယုံမှားသံသယ ဖြစ်သနည်း ဟု မေးစရာ၊ တွေးစရာများရှိလာပေသည်။ အမှန်အားဖြင့် ဝိစိကိစ္ဆာ သည် ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါး၊ ကံနှင့်ကံကံ၏ အကျိုး၊ သံသရာလည်ခြင်း ပြတ်ခြင်း၊ ရှေးဘဝ နောက်ဘဝ၊ သစ္စာလေးပါး၊ ခန္ဓာ၊ အာယတန၊ဓာတ်၊ ပဋိစ္စသမုပ္ပါဒ် စသည်တို့၌ ယုံမှား သံသယ ဖြစ်ခြင်းသည် ဝိစိကိစ္ဆာ ဖြစ်သည်။ ဝိစိကိစ္ဆာသည် လိုချင်တပ်မက်မှု လောဘနှင့်လည်း ယှဉ်တွဲ၍ မဖြစ်၊ ဖျက်ဆီး ပျက်စီးစေလိုသော ဒေါသနှင့်လည်းယှဉ်တွဲ၍ မဖြစ်ပေ။ တွေဝေ မိုက်မဲစေသော မောဟနှင့်သာ ယှဉ်တွဲ၍ ဖြစ်သည်။

ဝိစိကိစ္ဆာ အတုလည်း ရှိသေးသည်။ လောကတွင် ဖြစ်လေ့ဖြစ်ထရှိသော တစ်ဦးကို တစ်ဦးက မယုံကြည်ခြင်း၊ မသင်္ကာ ဖြစ်ခြင်း၊ သူသည် မိမိထင်ထားသည်နှင့်ဟုတ်ရောဟုတ်ပါ့မလား ဟု သံသယ ဖြစ်ခြင်း၊ တစ်ဦးနှင့် တစ်ဦး ထင်ယောင် ထင်မှား ဖြစ်ခြင်း၊မဝေခွဲနိုင်ခြင်း၊ မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်ခြင်း၊ မိမိ မသွားရောက်ဖူးသော လမ်းခရီးကိုသွားရာတွင် ဤလမ်းသည် မှန်ရော မှန်ပါ့မလား၊ ဖြစ်ရော ဖြစ်နိုင်ပါ့မလား တွေးတောပြီး စိတ်နှစ်ခွဖြစ်ခြင်း၊ ချစ်ခင်နှစ်သက်နေကြသော အမျိုးသားနှင့် အမျိုးသမီးတို့သည် ငါ့ကွယ်ရာမှာ သူဖောက်ပြန်နေသလား၊ ငါ့အပေါ်မှာ ချစ်ခင်နှစ်သက်မှု ရှိရော ရှိပါသေးရဲ့လား ဟု တစ်ဦးကိုတစ်ဦး ယုံမှား သံသယ ဖြစ်ခြင်း၊ မယုံသင်္ကာ ဖြစ်ခြင်း စသည်တို့သည် ဝိစိကိစ္ဆာ အတုသာလျှင်ဖြစ်သည်။


ထိုကဲ့သို့ ဝိစိကိစ္ဆာ အတုကို ဝိတက်ဟု ဆိုရသည်။အချို့ အရာများ၌ စဉ်းစားကြံစည် သုံးသပ် ဆင်ခြင်တတ်သော ဉာဏ်၊ အကြံသက်သက် ဝိတက်သဘော သာလျှင်ဖြစ်သည်။ ဉာဏ်နည်းခြင်းကြောင့်လည်း အာရုံကို မှန်ကန်စွာ မဆုံးဖြတ်နိုင်ဘဲ သို့လော သို့လောဖြင့်ယုံမှား သံသယ ဖြစ်နေတတ်လေသည်။ ဝိတက်များနေသူများသည် အာရုံတစ်ခုကို ဆုံးဖြတ်ချက် ချနိုင်ရန်အတော်ပင် ခဲယဉ်းတတ်သည်။ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေတတ်သည်။

ထိုကြောင့် ဝိတက်များနေသူသည် အဖွဲ့အစည်း တစ်ခု၏ခေါင်းဆောင် ဖြစ်နေပါက စဉ်းစား တွေဝေမှု များနေသောကြောင့် လုပ်ငန်း အောင်မြင်မှု အထမြောက်ရန်အခွင့်အလမ်း နည်းပါးလေသည်။ အိပ်မပျော်ဘဲ စဉ်းစားတွေးခေါ်မှု များနေလျှင်လည်း အာရုံ အမျိုးမျိုးအစုံစုံ အပေါ်တွင် ဝိတက်လွန်နေသောကြောင့်ပင် ဖြစ်သည်။ ဝိတက် လွန်နေခြင်းဖြင့် စိတ်တို့သည်ဂနာမငြိမ် ဖြစ်နေတတ်သည်။

ရတနာသုံးပါး၊ ကံနှင့် ကံ၏ အကျိုး စသည် စသည်များ၌ယုံမှားသံသယ ဖြစ်ခြင်းသာလျှင် ဝိစိကိစ္ဆာ အစစ် ဖြစ်သည်။ အလွယ်အားဖြင့် ပြောရလျှင် ဓမ္မ၌ယုံမှား သံသယ ရှိနေခြင်း ဖြစ်နေခြင်းပင် ဖြစ်သည်။ ဤသို့ဖြင့် ဝိစိကိစ္ဆာ အစစ်နှင့်အတု ဖြစ်သော ဝိစိကိစ္ဆာနှင့် ဝိတက်တို့ကို ခွဲခွဲခြားခြား သဘောပေါက် သိမြင်ကြရမည် ဖြစ်သည်။သို့မှသာ ဝိစိကိစ္ဆာ၏ သဘော သဘာဝ လက္ခဏာများနှင့် ၄င်းကို မည်သို့မည်ပုံ ကျင့်ကြံ ပယ်ရှားရမည်ကိုနားလည် တတ်ကျွမ်းလာပေလိမ့်မည်။

ရဟန္တာများပင်လျှင် ဝိနည်းတော် အရာများ၌ “ဤအမှုသည်အပ်မှ အပ်စပ်ပါ့မလား” ဟု ယုံမှားတော် မူတတ်ကြသေးသည်။ ဤသည်ကား ဝိစိကိစ္ဆာ မဟုတ်ပေ။ မှန်၏မမှန်၏၊ ဟုတ်၏ မဟုတ်၏ ဟုသာ ဆင်ခြင် သုံးသပ်နေသော ပညာဉာဏ်သာလျှင် ဖြစ်သည်။ ရဟန္တာများသည်ကိလေသာ လုံးဝ ကင်းစင်နေပြီး ဖြစ်သဖြင့် ဝိစိကိစ္ဆာ လုံးဝ မရှိတော့ပေ။ သောတာပန် အဆင့်မှာပင်လျှင်သောတာပတ္တိမဂ်ဖြင့် ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်ထားပြီး ဖြစ်သည်။ 

ထိုကြောင့်လည်းသောတာပန်တွင် ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာ လုံးဝ မရှိတော့ပေ။ ရတနာမြတ် သုံးပါးကို အသက်ထက်ဆုံးလေးလေးစားစား ယုံယုံကြည်ကြည် စိတ်ထား၊ ခိုင်မြဲသော သဒ္ဒါစင်စစ်ဖြင့် ဆည်းကပ် ကိုးကွယ်သွားတော့သည်။

ဝိစိကိစ္ဆာ ကင်းစင်အောင် မည်သို့ ကျင့်ကြံရမည်နည်းဟု ဆိုလျှင် ရဟန်းပညာရှိ၊ လူပညာရှိများနှင့် အချိန် အခါအားလျော်စွာ ဆွေးနွေးတိုင်ပင်ကာမိမိကိုယ်တိုင် ကျင့်ကြံအားထုတ်ခြင်းဖြင့် ၄င်းကို ပယ်ဖျောက်နိုင်သည်။ ဝိစိကိစ္ဆာ ကင်းစင်လျှင်ရတနာမြတ် သုံးပါး အပေါ် သက်ဝင် ယုံကြည်မှု သဒ္ဓါစွမ်းအား ကောင်းမွန်လာပြီး ဓမ္မလမ်းကြောင်းပေါ်ကိုရောက်လာပေလိမ့်မည်။

ဝိစိကိစ္ဆာကို ပယ်ရှားနိုင်ရန် တရား (၆) ပါး ရှိလေသည်။

ဝိစိကိစ္ဆာ၏ သဘော…(၂)… သို့ ဆက်ရန်

အရှင်ဉာဏဒီပ
ဒေလီတက္ကသိုလ်၊ အိန္ဒိယ
                       အရှင်ဉာဏဒီပ (ဓမ္မရတနာ) by  ဆိုက်မှ ကူယူဖေါ်ပြပါသည်။

No comments:

Post a Comment