September 12, 2013

"စိုသော လက်ကို မခြောက်စေနဲ့ "

၁။ တတ်နိုင်သမျှ စကားနည်းပါ၊
၂။ ဥပေက္ခာ ပြုသင့်တာ ပြုပါ၊
၃။ တွေးတော ကြံစည် ပြုလုပ်မှု့တိုင်းမှာ စေတနာပါ - ပါစေ။
ကျမ္မာရေး အနေနဲ့ ကိုယ်နဲ့ မတည့်တဲ့ အစားအစာကို လုံးဝ မစားပဲ နေနိုင်အောင် ကြိုးစားပါ၊ ကိုယ်နဲ့ တည့်တာကိုတော့ လျော့စားပါ၊ ဒါဆို ကျမ္မာရေးလဲ ကောင်းပြီး အသက်ရှည်စွာ နေရပါလိမ့်မယ် - -
စာရေးသူ လက်ကိုင်ထားခဲ့တဲ့ ရှေးရှေးဆရာတော်ကြီးရဲ့ အဆုံးအမ သြ၀ါဒလေးဖြစ်ပါတယ်၊ စစ်ကိုင်းတောင်ရိုး ကျေးဇူးတော်ရှင် သာသနာပိုင် ရွှေဟင်္သာ ဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒဖြစ်မယ် ထင်ပါတယ်၊ ပရဟိတ -လူသားအကျိုးပြုလုပ်ငန်းတွေကို လုပ်လိုတယ် ဆိုရင် စကားနည်းနိုင်သမျှ နည်းပါစေ တဲ့၊ ဘာဖြစ်လို့လဲ ဆိုတော့ စကားအများကြီးပြောရင် စကားထဲက အမှားတွေ ပါလာတတ်ပြီး ဘ၀က လက်ရှိအခြေအနေကနေ သုည ဖြစ်သွားတတ်တယ်၊
နှစ်ကတော့ ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စကြီးငယ်တွေမှာ ဥပေက္ခာပြုထားနိုင်တာဟာလဲ စိတ်ချမ်းသာဖို့ နည်းလမ်းတစ်ခုပါပဲ၊ မဆိုင်ပဲ ၀င်ရှုပ်မိရင် သူများ ဓားခုတ်ရာ လက်ဝင်ရှိုသူလို ဓားစာခံ ဖြစ်တတ်ပါတယ်၊ သုံးနံပါတ် အနေနဲ့ ကိုယ်လုပ်လိုက်တဲ့ ကိစ္စ မှန်သမျှ ၊ ပြောစကားမှန်သမျှနဲ့ တွေးတော စဉ်းစားမှု့ တိုင်းမှာ စေတနာ ထားရပါမယ်၊ အလုံးစုံ ( တဖက်သား ထိခိုက်နစ်နာစေလိုတဲ့ စိတ်ထားဘယ်တော့မှ မထားရပါဘူး)
ဘုရားရဲ့ သားအရင်းပဲ ဆိုတဲ့ စိတ်နဲ့ စိတ်ဓာတ်တွေ ရုန့်ရင်း မောက်မာ မှာကို စိုးရိမ်တော်မူလို့ သားတော်ရာဟုလာလေး သာသနာ့ဘောင် ၀င်လာတဲ့ အခါမှာမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက အထူးသြ၀ါဒအနေနဲ့ ဆုံးမတော်မူထားတဲ့ ရာဟုလောဝါဒ သုတ္တန် ဆိုတာ ပိဋကတ်တော်မှာ အလေးထား ရတဲ့ ဒေသနာတစ်ခုဖြစ်နေဆဲပါ၊
ချစ်သား ရာဟုလာ - စကားတခွန်းကို ပြောတော့မယ် ဆိုရင် မပြောခင် စဉ်းစားလိုက်ပါ၊ အခု ငါပြောလိုက်မယ့် စကားတခွန်း ဟာ ကိုယ့်အတွက် အကျိုးမဲ့ ဖြစ်စေသလား ဒါမှမဟုတ် သူများအတွက် အကျိုးမဲ့ ဖြစ်စေသလား - တခုခု ထိခိုက်နေရင် အဲဒီစကားကို မပြောပါနဲ့၊
နောက်ထပ် ပြောနေဆဲ မှာလဲ သတိကပ်ပြီး စဉ်းစားလိုက်ပါ၊ အခု ငါပြောနေတဲ့ စကားဟာ - - --ပြောပြီးသွားရင်လဲ စဉ်းစားလိုက်ပါအုံး အခု ငါပြောပြီးသွားတဲ့ စကားတစ်ခွန်းဟာ --ကိုယ့်အတွက် သူများအတွက် အကျိုးမဲ့ ဖြစ်စေသလား - ပေါ့။
ပြောင်းပြန်အနေနဲ့ ကိုယ့်အတွက် သူများအတွက် တခုခု အကျိုးရှိစေတယ် ဆိုရင် ပြော သာ ပြောပါ - ဒါပေမယ့် အဲဒီစကား ဟာ ဟုတ်မှန်တဲ့ သစ္စာစကားလဲ ဖြစ်နေတယ်၊ အကျိုးလဲ ရှိစေတယ်၊
ကိုယ်ကလဲ မေတ္တာနဲ့ ပြောလိုက်မယ် - သူတပါးက မနာခံလိုရင်လဲ သာသနာအရေးကို ငဲ့ပြီး ပြောရပါမယ်- ပြောနိုင်ရပါမယ် -
ဘုရားရှင်လက်ထက်တော်အခါက မာဂဏ္ဍီပုဏ္ဏားလင်မလားနှစ်ယောက် အနာဂါမ် တည်ပြီး တရားထူးရမည် ကို ကြိုတင်သိတော်မူတဲ့ အတွက်ကြောင့် သမက်ရှာ ထွက်လာတဲ့ ပုဏ္ဏားလင်မယားနှစ်ယောက်ကို သင်တို့ သမီး ကို လက်ထက်ယူဖို့ ဝေးစွ၊ ငါဘုရား၏ ခြေဖ၀ါးတော်တွင် မစင်တွေငြိကပ်နေပါစေ - သို့သော်လည်း ကိလေသာစိတ်ဖြင့်တော့ သင်တို့ သမီးကို မတို့ထိ နိုင်ပါ - ဆိုပြီး စကားနိဒါန်းပျိုးလို့ ၄ ပါဒ
ဂါထာတပုဒ်ဟောလိုက်တာ တရားထူးရသွားခဲ့ဖူးပါတယ်။ ဒီနေရာမှာ မြတ်စွာဘုရား ဟာ သမီးဖြစ်သူ မာဂဏ္ဍီမင်းသမီးက မိမိအပေါ် အမျက်ပွား ရန်ငြိုးထားမှာကို သိပင် သိငြားသော်လည်း တရားတော်ကို လေးစားသောအားဖြင့် သာသနာကို ချီးမြှောက်ခဲ့တာပါ။ ဒါကြောင့် ဒီသုတ္တန်မှာလဲ ကိုယ် အမူအရာ နဲ့ပဲ ဖြစ်စေ၊ စိတ်နဲ့ ပဲ ဖြစ်စေ သူများအကျိုးပျက်စီးစရာကို ဘယ်အခါမှ မလုပ်နဲ့၊ မပြောမိစေနဲ့ ၊ ကြမ်းတမ်းသောစကားကို မဆိုနဲ့ ၊ မေတ္တာနှင့်ယှဉ်သော စိတ်ကို ဖြစ်စေရမည် -လို့ ဆုံးမထားတာဖြစ်ပါတယ်၊
အထက်က စကားကို ပြန်ကောက်ရရင် ပရဟိတ လုပ်လိုသူဟာ စိုသောလက် ကို မခြောက်ပါစေနဲ့ တဲ့၊ ဆိုလိုတာက လူ့ဘ၀ကို ခဏတာ ရောက်လာကြတဲ့ အချိန်လေး စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ ၊ ရန်ဖြစ်ထားလို့၊ စကားများထားလို့၊ ကိုယ့်လူ သူ့ဘက်သားဖြစ်နေလို့ ၊ အလုပ်ကိစ္စကြောင့်၊ ရည်ရွှယ်ချက်မတူလို့၊ ဆိုတဲ့ အကြောင်းပြချက်ပေါင်းများစွာနဲ့ မခေါ်မပြောပဲ နေကြတာတွေ မြင်ရ ကြားရတာတွေ ကြည့်ပြီး သူတို့နေရာကို ကိုယ်ချင်းစာ ၀င်ခံစားပြီး သနားစိတ်တောင်ဖြစ်မိတယ်၊
လူဆိုတာကလဲ အခက်သားကလား - သူ၏အကြိုက် ဆယ်ခါလိုက်လည်း မလိုက်တစ်ခါ ရှိခဲ့ပါမူ ကြီးစွာ ရန်သူ စွဲမှတ်ယူ၏ - တဲ့၊ တယောက်နဲ့ တစ်ယောက် မခေါ်မပြောပဲ နေကြပြီး အလိုလို အကုသိုလ်စိတ်တွေကို ငွေမကုန်ပဲ ၀ယ်နေကြတာပါလား လို့ တွေးမိတယ်၊ ဘုရားရှင်ဟောထားတဲ့ စိတ် အမျိုးအစား ၈၉ပါး အကျယ်အနေနဲ့ ၁၂၀ အားလုံးကို တထွာလောက်ရှိတဲ့ ဒီခန္ဒာကိုယ်မှာအကုန်မွေးထားကြတာပဲ ၊
ဒါကြောင့် ဥပမာ အနေနဲ့ ရေစိုနေတဲ့ လက်ကို မခြောက်စေပဲ ကြာကြာ ခံအောင် ၊ ဆက်လက် စိုစွတ်နေအောင် ကြိုးစားရသလိုပဲ အများအကျိုးပြု လုပ်ငန်းတွေကို လုပ်လိုသူဟာ လူတိုင်းနဲ့ တည့်အောင်ပေါင်းသင့်ပါတယ်၊ မေတ္တာဆိုတဲ့ အစိုဓာတ်ကို ဘယ်သောအခါမှ မခမ်းခြောက်စေပဲ ရေရှည်လက်တွဲ သွားနိုင်အောင် ကြိုးစားသင့်ပါတယ်၊
စာပေမှာတော့ အညမညံ ပိယစက္ခုဟိ သန္ဒဿန္တာ - အချင်းချင်း ချစ်ခင်ကြင်နာဖွယ် မျက်လုံးနဲ့ ကြည့်နေကြမယ် ဆို၇င် လောကကြီးက အေးချမ်းနေမှာပါ၊ ဒီလို မဟုတ်ပဲ ဒေါသစိတ်၊ မနာလိုစိတ်၊ မုဒိတာမပွားနိုင်တဲ့ စိတ်၊ ၀န်တို မစ္ဆရိယစိတ်၊ စတာတွေနဲ့ ကြည့်နေရင်တော့ လူဖြစ်ရှုံ့းတာပဲ အဖတ်တင်လိမ့်မယ်၊ ပြည့်ဝတဲ့ ဘ၀ အရည်အသွေး တွေ သူတော်ကောင်းအဆုံးအမတွေတော့ ရမှာမဟုတ်ပါဘူး၊ ၀ိနည်း မဟာဝါ ပါဠိတော် ဒီဃာဝု ဇာတ်တော်မှာလဲ ချစ်စ ကို ရှည်ပါစေ၊ မုန်းစ ကို တိုပါစေ - ဆိုတဲ့ သြ၀ါဒ ကို လိုက်နာခဲ့ လို့ ရန်သူမင်းနှစ်ပါးကြောင့် နိုင်ငံ၂ နိုင်ငံ စစ်ဘေးဒဏ်ကနေ ချမ်းသာခဲ့ဖူးပါတယ်။ ဒါကြောင့် ချစ်သော မေတ္တာစိတ်ဖြင့် စိုသော လက်ကို မခြောက်ပါစေနဲ့ လို့ သတိပေးရင်း နိဂုံးချုပ်လိုက်ပါတယ် ။
မှီခိုကျမ်းကိုး-
- ဆရာတော် အရှင်သုနန္ဒာလင်္ကာရ -M .A ( ပန်းကမ္ဘာ )၏ "စိုသော လက်ကို မခြောက်စေနဲ့ "ဓမ္မဆောင်းပါး
ကို ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
နှလုံး၊စိတ်ဝမ်း-ငြိမ်းချမ်းကြပါစေ။
မေတ္တာဖြင့်-

             ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ by လုံမငြိမ်းချမ်း  /  18d  //  keep unread  //  preview  //  trash
                                                           ဆိုက်မှ ကူယူဖေါ်ပြပါသည်။

No comments:

Post a Comment