October 26, 2015

ဝိပဿနာဆိုတာဘာလဲ (၂)


ဝိပဿနာဆိုတာ ခန္ဓာမှာ ပညာရှေ့သွား ရှုရမည်၊ ပညာရှေ့သွား ရှုသူအား နှစ်ပါး ရုပ်နာမ်တွေ့ရမည် လို့ မှတ်ထားကြပါ။ ရှုခါစမှာ ပထမတော့ ဆရားသမားပြောတဲ့အတိုင်း အေး နွေး တိုက် တွန်း ထိသဘောက ရုပ်တရားပဲ၊ ရုပ်-ရုပ် လို့ ရှုနေတာက နာမ်တရားပဲလို့ အနုမာနနည်းနဲ့ မှန်းဆ ရှုနေတာပါ။

ဆရာသမားပြောတဲ့အတိုင်း ရုပ်-ရုပ် နဲ့ ရှုနေရာမှ နောက်ပိုင်းမှာ ကိုယ်ပိုင် ဉာဏ်နဲ့ ဒီခန္ဓာကိုယ်မှာ ရုပ်နာမ် နှစ်ပါးပဲရှိပါလားလို့ ရုပ်နာမ်ကို ပိုင်းခြားသိလာပါလိမ့်မယ်။ အဲဒီလိုသိရင် နာမ်ရုပ်ပိုင်းခြားသိတယ်လို့ ခေါ်ပါတယ်။ အဲဒီအသိကို လုပ်ယူလို့ မရပါ။

ရုပ်အမှန်ကို နာမ်အမှန်ကို မြင်တွေ့လာတယ်ဆိုကတည်းက နဂိုအနေထက် ဉာဏ်တက်သွားပါပြီ၊ အသိအမြင်ထူးသွားပါပြီ၊ အဲဒီ အသိဟာ သာမန်အသိမဟုတ်ပါ။ ဒိဋ္ဌိပြုတ်တဲ့ အသိပါ။ အဲဒီအသိကိုရဖို့ အင်မတန် အရေးကြီးပါတယ်။ တရားအားထုတ်တဲ့အခါ အဲဒီ အသိကို တစ်နံပါတ် ရရမှာပါ။

နောက် ဘာဆက်လုပ်ရမလဲဆိုရင် အဲဒီအသိသည် ဘယ်လိုသဘော ရှိသလဲ၊ အဲဒီ နာမ်သည် ဘယ်လိုသဘော ရှိသလဲလို့ ရုပ်နာမ်သဘောကို သိအောင် ဆက်ပြီး ရုပ်-ရုပ် ၊ နာမ်-နာမ် နဲ့ ရှုရမှာပါ။

ဥပမာ အရာဝတ္ထုတစ်ခုကို ကြည့်နေရင် သူဘယ်လို သဘောရှိသလဲဆိုတာ သိလာသလို စုံထောက်တစ်ယောက်က လူတစ်ယောက်ကို စုံစမ်းထောက်လှမ်းသလို အလိုက်သင့်ကလေး ရုပ်၊ နာမ် အရှိကို စောင့်ကြည့် စောင့်ရှုရမှာပါ။

ယခုလည်း တရားအားထုတ်တယ်ဆိုတာ ရုပ်နာမ်ကို စုံထောက်တာပါ။ ရုပ်ဟာ ဘယ်လိုသဘောရှိသလဲ၊ နာမ်ဟာ ဘယ်လိုသဘောရှိသလဲလို့ စောင့်ကြည့်တဲ့အခါ ဖောက်ပြန်သဘောသည် ရုပ်တရား၊ သိတဲ့ ညွှတ်တဲ့သဘောသည် နာမ်တရားလို့ သိလာပါလိမ့်မယ်။

ရုပ်က ဘယ်လိုသဘော ရှိသလဲဆိုရင် ဖောက်ပြန်တဲ့သဘော၊ ဖောက်ပြန်တယ်ဆိုတာ နာလိုက်၊ ကျင်လိုက် စသည်ဖြစ်နေတာကို ခေါ်ပါတယ်။ အဲဒီ နာသဘော စသည်ကို သိတာက နာမ်ပါ။ ဖောက်ပြန်တာက ရုပ်အလုပ်၊ သိတာက နာမ်အလုပ်၊ ဉာဏ်အလုပ်ပါ။

ရုပ်တရားက ဖောက်ပြန်ပြီးရင် ပျက်သွားပါတယ်။ နာမ်တရားကလည်း သိပြီးရင် ပျက်သွားပါတယ်။ ယောဂီပုဂ္ဂိုလ်က - သြော် .. ဒီခန္ဓာကိုယ်မှာ ရုပ်နဲ့နာမ်ပဲ ရှိတယ်။ ရုပ်ကလည်း ဖောက်ပြန်ပြီးတော့ ပျက်သွားတယ်။ နာမ်ကလည်း သိပြီးတော့၊ ညွှတ်ပြီးတော့ ပျက်သွားတယ်။ ဒီခန္ဓာကိုယ်မှာ ခိုင်တာမြဲတာ မရှိပါလားလို့ သိလာပါလိမ့်မယ်။

ရုပ်နာမ် ခြင်းရာ၊ သိဖို့ရာ၊ ဆက်ကာ ကြိုးစား ရှုရမည် ဆိုတဲ့အတိုင်း ဆက်ပြီးတော့ ရှုတော့ ရုပ်၊ နာမ် နှစ်ပါးရဲ့ သဘောတရားကို ပိုင်းပိုင်းခြားခြား ပြတ်ပြတ်သားသား ဘယ်လိုသိလာနိုင်သလဲဆိုရင် -

အခိုင်းသမား၊ နာမ်တရား၊ လုပ်သား ရုပ်ဖြစ်သည်။

လို့သိလာပါလိမ့်မယ်။ ပထမ ရုပ်နာမ် နှစ်ပါးပဲ ပိုင်းခြားသိပါတယ်။ ရုပ်နာမ်သဘောကို ဆက်ရှုတော့ နာမ်တရားက အခိုင်းသမားပဲလို့ သိလာပါလိမ့်မယ်။ ကိုယ်ပိုင် ဉာဏ်နဲ့ သိရမှာပါ။ အဲဒီလို သိဖိုရာ စိတ်ရှည်ရှည် စိတ်အေးအေးနဲ့ အချိန်များများယူပြီး ရှုကြည့်မှ သိနိုင်မှာပါ။ ခဏကလေးနဲ့တော့ မသိနိုင်သေးပါ။

နာမ်က အခိုင်းသမား၊ ရုပ်က အလုပ်သမားဖြစ်သည့်အလျောက်၊ အခိုင်းသမား နာမ်ကလည်း ခိုင်းစရာရှိရင် ခိုင်းလိုက်၊ အလုပ်သမားဖြစ်တဲ့ ရုပ်ကလည်း နာမ်ခိုင်းသမျှ လုပ်ပါတယ်။

ဘုန်းကြီးတို့ မျက်စိကနေ တစ်ခုချင်း ကြည့်ပြီးတော့ ပြောကြည့်ရအောင်ပါ။ ကြည့်ချင်တာက နာမ်၊ တကယ်ကြည့်တာက ရုပ်ပါ။ ကြည့်ခိုင်းတာက နာမ်၊ ကြည့်တာက ရုပ်ပါ။ မျက်စိထဲမြင်ခိုက်မှာ နာမ်နဲ့ရုပ်ပဲ ရှိပါတယ်။ နားထောင်ချင်တာက နာမ်၊ နားထောင်တာက ရုပ်၊ ရှုချင်တာက နာမ်၊ ရှုတာက ရုပ်၊ စားချင်တာက နာမ်၊ စားတာက ရုပ်၊ ထိချင်တာက နာမ်၊ ထိတာက ရုပ်၊ ကြံချင်တာက နာမ်၊ ကြံတာလည်း နာမ်ပါ။

အဲဒီသဘောတွေကို လိုက်ပြီးတော့ အလိုက်သင့် ရှုကြည့်နေတော့ တော်တော်ကြာလာရင် ရုပ်ပဲ နာမ်ပဲ ကွဲလာမယ်။ အခိုင်းသမား၊ အလုပ်သမား ကွဲလာမယ်။ အဲဒီလို အလိုက်သင့်ကလေး လိုက်ရှုကြည့်တော့ မပင်ပန်းပါ။

ဝိပဿနာတရားဆိုတာ အထူးအဆန်း မဟုတ်ပါ။ နဂိုပကတိအတိုင်းလေးမှာ သတိလေး ပြောင်းထားလိုက်တာပါပဲ။ အသိလေးပြောင်းထားလိုက်တာပါပဲ။

နဂိုတုန်းက ငါပဲ၊ သူပဲ၊ ပုဂ္ဂိုလ်ပဲ သတ္တ၀ါပဲဆိုတဲ့ ငါ၊ သူသတိ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါသတိကနေ ရုပ်နာမ်ပေါ် သတိပြောင်းထားလိုက်တာပဲ။ နဂိုက ခေါင်း၊ ကိုယ်၊ ခြေ၊ လက်တွေပေါ်မှာ သတိထားရာကနေ ရုပ်နာမ်အပေါ် သတိပြောင်းထားလိုက်တာပဲ။

ရုပ်နာမ်သဘော သိအောင်ပြောရရင် အသက်ရှုသွင်းချင်တာက နာမ်၊ အသက်ရှုသွင်းတာက ရုပ်ပါ။ မျက်စဖွင့်ချင်တာက နာမ်၊ မျက်စိဖွင့်တာက ရုပ်ပါ။ ရှုသွင်းတဲ့အခါမှာ အလိုက်သင့်ကလေး စောင့်ကြည့်တော့ သိသွားပါတယ်။

ဖောက်ပြန်တယ်ဆိုတာ အသက်ရှုမသွင်းခင်က တစ်မျိုး၊ ရှုသွင်းလိုက်တော့ တစ်မျိုး၊ မျက်စိမဖွင့်ခင်က တစ်မျိုး၊ မျက်စိဖွင့်လိုက်တော့ တစ်မျိုး၊ ပြောင်းသွားတာကို ဖောက်ပြန်တယ် ခေါ်ပါတယ်။ ရုပ်လို့ ခေါ်ပါတယ်။ အဲဒီ တစ်မျိုးဖြစ်သွားခိုက်မှာ ရုပ်လို့ ရှုပါ။

နဂိုအနေကနေ နောက်တစ်မျိုး ပြောင်းသွားတဲ့အခါ နဂိုအနေ မရှိတော့ပါ။ နဂိုအနေ မရှိတာကို ပျက်သွားတယ်လို့ ခေါ်ပါတယ်။ နောက်ထပ်အသစ် ဖြစ်လာတာကို အဖြစ်လို့ ခေါ်ပါတယ်။ အဲဒီ အဖြစ်ကလည်း အမူအရာတစ်မျိုးပြောင်းသွားတော့ အဖြစ်မရှိတော့ပါ။ ပျက်သွားပါပြီ။

အဲဒီသဘောတွေကို သတိထား၊ ၀ီရိယစိုက်ပြီး ဉာဏ်နဲ့ကြည့်တော့ ခန္ဓာကိုယ်မှာ ရုပ်ကဖောက်ပြန် နာမ်ကသိနေပါလား။ ဖောက်ပြန်တဲ့ ရုပ်ကလည်း ဖောက်ပြန်ပြီး ပျက်သွားပါလား။ သိတဲ့နာမ်ကလည်း သိပြီးတော့ ပျက်သွားပါလားလို့ သိလာပါလိမ့်မယ်။

ရုပ်နာမ်နှစ်ဖြာ၊ ခိုင်းလုပ်တာ၊ ဆက်ကာရှုရမည်..ဆိုတဲ့အတိုင်း အခိုင်းသမား နာမ်တရားရဲ့သဘော၊ အလုပ်သမား ရုပ်တရားရဲ့သဘောကို သိအောင် ဆက်ရှုလို့ သိတာပါ။ အလိုလို အမှတ်တမဲ့နေလို့ သိတာမဟုတ်ပါ။ ပြီးတော့ -

ခိုင်းသားနာမ်လည်း၊ ခိုင်းရင်းပဲ၊ မမြဲပျက်ရသည် .. ဆိုတဲ့အတိုင်း ခိုင်းသားနာမ်ကို ပြန်ကြည့်ရင် ခိုင်းသားနာမ်ကလည်း အလုပ်တစ်ခုကို နှစ်ခါပြန် မခိုင်းပါ။ တစ်ခါခိုင်းပြီး ပျက်သွားပါတယ်။ နောက်ထပ် ခိုင်းချင်တာက အသစ်နာမ်ပါ။

အဲဒီလို အသစ်သစ်နာမ်ကို မြင်အောင် ရှုရမှာပါ။ ပြီးတော့ -

လုပ်သားရုပ်လည်း၊ လုပ်ရင်းပဲ၊ မမြဲပျက်ရသည် .. ဆိုတဲ့အတိုင်း နာမ်ကခိုင်းလို့ လုပ်ရတဲ့ ရုပ်တရားကလည်း တစ်ခါလုပ်ပြီးရင် ပျက်သွားပါတယ်။ အလုပ်တစ်ခုကို နှစ်ခါပြန် မလုပ်နိုင်ပါ။ တစ်ခါလုပ်ပြီးရင် တစ်ခါပျက်ပါတယ်။

အဲဒီသဘောကို ရှုတဲ့အခါ ယောဂီပုဂ္ဂိုလ်က ဖြစ်-ပျက် ၊ ဖြစ်-ပျက် လို့ မဆိုရပါ။ ဖြစ်တယ် ပျက်တယ် လို့လည်း မဆိုရပါ။ ဖြစ်မှန်း ပျက်မှန်း သိအောင် သတိထား ၀ီရိယစိုက်ပြီး ဉာဏ်နဲ့ကြည့်နေရုံပါပဲ။

အဲဒီလို ဖြစ်မှန်း ပျက်မှန်းသိတဲ့အခါ ဖြစ်ပျက်သိပြီလို့ မတော်လိုက်နဲ့ဦးတဲ့။ ရုပ်တရားကလည်း မမြဲပါလား။ နာမ်တရားကလည်း မမြဲပါလားလို့ သိတဲ့ ဉာဏ်ကိုရအောင် ဆက်ရှုရပါဦးမယ်။ မမြဲပါလားလို့ သိတဲ့ ဉာဏ်ကလေးကို ရရမှာပါ။

ယခု အားထုတ်တာလည်း အဲဒီအသိ ဉာဏ်ကို လိုချင်လို့ အားထုတ်တာပါ။ ကြာကြာထိုင်နိုင်အောင် အားထုတ်တာမဟုတ်ပါ။ အထိုင်ကျင့်တာမဟုတ်ပါ။ ထိုင်ကောင်းအောင် အားထုတ်တာမဟုတ်ပါ။

ကြာကြာရပ်နိုင်အောင် အားထုတ်တာလည်း မဟုတ်ပါ။ ရပ်ကောင်းအောင် အားထုတ်တာလည်း မဟုတ်ပါ။ ရုပ်နာမ်နဲ့ ပတ်သက်တဲ့ အသိ ဉာဏ်ကို ရအောင် အားထုတ်တာပါ။ အဲဒီ အသိ ဉာဏ်ရတော့မှ လောဘ ဒေါသ မောဟ စတဲ့ ကိလေသာတွေကို ပယ်နိုင်တာပါ။

ဟုတ်ပါတယ်။ မကောင်းတာကို မကောင်းဘူးလို့ သိသွားရင် မကောင်းတာကို မလုပ်တော့ပါ။ အဲဒီလို မလုပ်တာကို ပယ်တယ်လို့ ခေါ်ပါတယ်။ ကောင်းတာကို ကောင်းတယ်လို့သိရင် ကောင်းတာကို ရအောင် ကြိုးစားအားထုတ်မှာပါ။

ဒါကြောင့် ဘာအရေးကြီးလဲဆိုရင် အသိ အလိမ္မာ ဉာဏ်ပညာ အရေးကြီးပါတယ်။ အထူးမှတ်ထားရမှာက ကြာကြာထိုင်နိုင်ဖို့ မဟုတ်။ ကြာကြာရပ်နိုင်ဖို့ မဟုတ်။ အသိ အလိမ္မာ ဉာဏ်ပညာ အထူးရဖို့ပါ။ အသိ အလိမ္မာ ဉာဏ်ပညာထူး ရသွားရင် မကောင်းတာကို မလုပ်ချင်၊ မပြောချင်၊ မကြံချင်တော့ပါ။ ပယ်လိုက်ပါပြီ။ ကောင်းတာကို ရအောင် ကြိုးစားပြီး ပြု ပြော ကြံစည်ပါလိမ့်မယ်။

ယခု ပြောခဲ့တဲ့ အကျိုးတရားတွေဟာ ၀ိပဿနာရဲ့ အကျိုးတရားတွေပါ။ ယခု ပြောခဲ့တဲ့ အတိုင်းဆိုရင် ၀ိပဿနာ အားထုတ်ရတာ မပင်ပန်းပါ၊ ချမ်းချမ်းသာသာပါပဲ။

ဝိပဿနာဆိုတာ ဥပမာ ပြောရရင် ပစ်တိုင်းထောင်ရုပ်လိုပဲ။ ပစ်တိုင်းထောင်ရုပ်ဆိုတာ ဘယ်နေရာ ပစ်လိုက်ပစ်လိုက် ထောင်နေတာပဲ။ ၀ိပဿနာ ရှုတယ်ဆိုတာလည်း ဘယ်ဣရိယာပုတ်နဲ့ဖြစ်ဖြစ် အလိုက်သင့် ချမ်းချမ်းသာသာ ရှုရပါမယ်။ ဣရိယာပုတ် လေးပါးမှ လွတ်ပြီး တခြား ဘယ်လိုနေနေ ချမ်းချမ်းသာသာနေပြီး ရှုလို့ရပါတယ်။

ဘယ်ဣရိယာပုတ်နဲ့ဖြစ်ဖြစ် ရှုလို့ရပါတယ်။ ဘယ်နေရောက်နေနေ ရှုလို့ရပါတယ်။ ဘယ်အလုပ်လုပ်နေလုပ်နေ ရှုလို့ရပါတယ်။ ဘယ်အချိန်ဖြစ်ဖြစ် ရှုလို့ရပါတယ်။ ရှင်းရှင်းပြောရရင် ၀ိပဿနာဆိုတာ ဣရိယာပုတ်မရွေး ရှုလို့ရတယ်။ နေရာမရွေး ရှုလို့ရတယ်။ နေရာမရွေး ရှုလို့ရတယ်။ အလုပ်မရွေး ရှုလို့ရတယ်။ အချိန်မရွေး ရှုလို့ရပါတယ်။

ဝိပဿနာအလုပ်ဆိုတာ အမြင် အပြောအနေနဲ့ခက်သလိုလို ရှိသော်လည်း အမှန်တကယ် ရှုကြည့်တတ်သွားရင် အမှန်တကယ် လွယ်ပါတယ်။ ဘုန်းကြီးတို့ အစကပြောခဲ့တဲ့ ဗုဒ္ဓသာသနာတော်ရဲ့ ဒါန သီလ သမထ ၀ိပဿနာဆိုတဲ့ အလုပ်လေးခုမှာ တစ်ခုနဲ့တစ်ခု အကျိုးပေးချင်း မတူပါ။

ဒါနကုသိုလ်လုပ်ငန်းထက် သီလကုသိုလ်က ပိုပြီး အကျိုးကြီးပါတယ်။ သီလကုသိုလ်လုပ်ငန်းထက် သမထကုသိုလ်လုပ်ငန်းက ပိုပြီး အကျိုးကြီးပါတယ်။ ၀ိပဿနာကုသိုလ်လုပ်ငန်းသည် အကျိုးအကြီးဆုံးပါ။

ယောဂီတို့ လုပ်ရတဲ့အထဲမှာ ၀ိပဿနာကုသိုလ်လုပ်ငန်းထက် ပိုပြီး အကျိုးကြီးတာ မရှိတော့ပါ။ ယောဂီတို့ကို မေးကြည့်ရင် အကျိုးအကြီးဆုံးလုပ်ငန်းနဲ့ အကျိုးအနည်းဆုံးလုပ်ငန်း ဘယ်လုပ်ငန်း လုပ်မလဲလို့ မေးရင် အကျိုးအကြီးဆုံးလုပ်ငန်း လုပ်မယ်လို့ ဖြေရမှာပါ။ အကျိုးအကြီးဆုံးက ၀ိပဿနာကုသိုလ်လုပ်ငန်းပါပဲ။

ဝိပဿနာမှ မရှုပွား အားမထုတ်ရင် ဘယ်လိုနည်းနဲ့မှ နိဗ္ဗာန်ကို မရနိုင်ပါ။

ဗုဒ္ဓသာသနာတော်ရဲ့ အနှစ်သာရဟာ မဂ် ဖိုလ် နိဗ္ဗာန်ပါ။ ဗုဒ္ဓသာသနာ့ အနှစ်သာရ ဗုဒ္ဓသာသနာ့ပန်းတိုင်ဖြစ်တဲ့ မဂ်ဖိုလ် နိဗ္ဗာန်ကို ဘာကုသိုလ်နဲ့မှ တိုက်ရိုက်ရနိုင်သလဲဆိုရင် ၀ိပဿနာကုသိုလ်နဲ့မှ တိုက်ရိုက် ရနိုင်ပါတယ်။ ဒီလိုဆိုတော့ ၀ိပဿနာ မရှုမပွားရင် မဂ်ဖိုလ် နိဗ္ဗာန် မလိုချင်တဲ့သဘောလို ဖြစ်နေပြီ။ မဂ်ဖိုလ် နိဗ္ဗာန်ကို မယုံကြည်တဲ့သဘောလို ဖြစ်နေပါပြီ။

မဂ်ဖိုလ နိဗ္ဗာန် လိုချင်ရင် မဂ်ဖိုလ် နိဗ္ဗာန်ကို ယုံကြည်ရင် ၀ိပဿနာတရားကို ရှုပွားအားထုတ်ရမှာပါ။ မဂ်ဖိုလ်နိဗ္ဗာန်ကို လိုချင်ရုံ၊ ရချင်ရုံ၊ ရောက်ချင်ရုံနဲ့ မပြီးသေးပါ။

ဥပမာ မော်လမြိုင်ကနေ ရန်ကုန်သွားချင်တယ်ဆိုပြီး ရန်ကုန်အမြန်ရောက်ရပါလို၏လို့ ထိုင်ပြီး ဆုတောင်းနေလို့ ရန်ကုန် မရောက်နိုင်ပါ။ ဘာဖြစ်လို့ မရောက်တာလဲ၊ ဝေးလို့လားဆိုတော့ မဟုတ်ပါ၊ မသွားလို့ပါ။

အဲဒီအတူပဲ၊ နိဗ္ဗာန်ကို မလိုချင်ဘူးလား၊ လိုချင်ကြပါတယ်။ မရောက်ချင်ဘူးလား၊ ရောက်ချင်ကြပါတယ်။ ဘာဖြစ်လို့ မရောက်လဲမေးရင် ရှုပွားအားထုတ်သောအားဖြင့် မဂ္ဂင်လမ်းမပေါ်ကို မလျှောက်လို့ မသွားလို့ပါ။ အဲဒါ ဘယ်သူရဲ့ အပြစ်လဲဆိုရင် မရှုပွားသူရဲ့ အပြစ်ပါ။

အလှူဒါနနဲ့ ၀ိပဿနာမှာ ဘယ်ကုသိုလ် ခက်သလဲမေးရင် အလှူဒါနက ခက်ပါသေးတယ်။ အလှူဒါနဆိုတာ လှူစရာ ပစ္စည်းရှာရသေးတယ်၊ အဲဒီ လှူစရာပစ္စည်းပေါ်မှာ လောဘကို ပယ်ရသေးတယ်၊ လောဘကို ပယ်နိုင်မှ လှူဖွယ်ပစ္စည်းဝယ်လို့ရတာ။ လှူစရာပစ္စည်းရပြန်တော့ လှူစရာပုဂ္ဂိုလ်ကို ရှာရသေးတယ်။ ပုဂ္ဂိုလ်တွေ့တိုင်းလည်း မလှူနိုင်ပါ။ အလှူခံပုဂ္ဂိုလ်တွေ့ပြန်တော့ ကိုယ်လှူချင်တဲ့ အချိန်တိုင်းမှာလည်း လှူလို့မရပါ။ ဒါနဟာ ၀ိပဿနာထက် ခက်ပါတယ်။

အဲဒီလောက်လွယ်ပြီး အကျိုးကြီးတဲ့ ၀ိပဿနာကုသိုလ်ကို အားမထုတ်သေးဘူးဆိုရင် အရှုံးကြီးရှုံးပါတယ်။ ပစ္စည်းရှုံးတာထက် ကုသိုလ်ရှုံးတာက ပိုဆိုးပါတယ်။ ၀ိပဿနာအလုပ်ကို မလုပ်ဘူးဆိုတာ အကျိုးအကြီးဆုံး ကုသိုလ်ကို အရှုံးခံနေတာပါ။

အမှန်တကယ် ပြောရမယ်ဆိုရင် ၀ိပဿနာကုသိုလ်အလုပ်မှ မလုပ်ဖူးသေးရင် ဗုဒ္ဓသာသနာဝင်ဖြစ်ကျိုး မနပ်သေးပါ။ ဗုဒ္ဓသာသနာနဲ့တွေ့ရကျိုး မနပ်သေးပါ။ လူဖြစ်ရကျိုးလည်း မနပ်သေးပါ။

ဘုရားဂုဏ်တော်ကိုးပါးထဲမှာ ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်ဆိုတာ ပါပါတယ်။ ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာ ကုသိုလ်လုပ်ငန်း လေးခုမှာ ဒါန၊ သီလ၊ သမထကုသိုလ်က စရဏကုသိုလ်ပါ။ ၀ိပဿနာက ၀ိဇ္ဇာကုသိုလ်ပါ။

ဘုန်းကြီးတို့ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဘာဖြစ်လို့ ဘုရားဖြစ်သလဲမေးရင် စရဏနဲ့ ၀ိဇ္ဇာ ပြည့်စုံလို့ပါ။ ရှင်သာရိပုတ္တ၊ ရှင်မဟာမောဂ္ဂလ္လာန်တို့လည်း စရဏနဲ့ ၀ိဇ္ဇာ ပြည့်စုံလို့ ရဟန္တာဖြစ်တာပါ။ ၀ိသာခါ၊ အနာထပိဏ်တို့ သောတာပန်ဖြစ်တာလည်း စရဏနဲ့ ၀ိဇ္ဇာ ပြည့်စုံလို့ ဖြစ်တာပါ။

ဘုန်းကြီးတို့ ယောဂီတွေ ဘာဖြစ်လို့ သောတာပန် မဖြစ်သေးသလဲမေးရင် စရဏနဲ့ ၀ိဇ္ဇာ မပြည့်စုံသေးလို့ပါ။ ဘုန်းကြီးတို့ ယောဂီတွေမှာ စရဏအနေနဲ့ ဒါနလည်း ရှိသင့်သလောက်ရှိပါတယ်၊ သီလလည်း ရှိသင့်သလောက်ရှိပါတယ်။ ဘုရားရှိခိုး၊ ပုတီးစိပ်၊ မေတ္တာပို့ စသည်ဖြင့် သမထလည်း ရှိသင့်သလောက်ရှိပါတယ်။ ဘာမရှိသေးလဲ မေးရင် ၀ိပဿနာ ဉာဏ် ၀ိဇ္ဇာ မရှိသေးပါ။

ယောဂီတို့မှာ အလိုအပ်ဆုံးဟာ ၀ိပဿနာကုသိုလ်ပါ။ ၀ိပဿနာကုသိုလ်ကို ဘာဖြစ်လို့ မလုပ်သေးလဲဆိုရင် လုပ်ရမှာ ကြောက်နေ ပျင်းနေကြလို့ပါ။ အမှန်တော့ ကြောက်စရာ ပျင်းစရာမဟုတ်ပါ။ အမှန်တကယ်လုပ်တတ်ရင် ပျော်စရာကြီးပါ။ ဘာမှလည်း မခက်ပါ။ အလွန်တရာ လွယ်ကူပါတယ်။

လွယ်ပုံကို ဣရိယာပုတ်လေးပါးနဲ့ ပြောကြည့်မယ်ဆိုရင် သွားချင်တာ နာမ်ပါ၊ သွားနေဟန်က ရုပ်ပါ။ သွားနေဟန် ရုပ်နဲ့ ပတ်သက်လို့ ဘယ်ခြေ ညာခြေကို မကြည့်ရပါ။ သွားချင်တဲ့ ပထမနာမ် လာပါတယ်၊ သွားတယ်ဆိုတော့ ခြေထောက်ကို ကြွလိုက်ပါတယ်၊ ကြွတဲ့အခိုက် ဘယ်ခြေ ညာခြေပဲ ကြွကြွ ခြေထောက်ထဲမှာ နာကျင် စသည် တစ်မျိုးတစ်မည် ဖြစ်သွားတာကို ရုပ်ဖောက်ပြန်တယ်လို့ ခေါ်ပါတယ်။ အဲဒီ တစ်မျိုးတစ်မည် ဖြစ်သွားတဲ့ နာကျင်သဘောကို ရုပ်-ရုပ် လို့ ရှုပါ။ ဘယ်ခြေ ညာခြေကို မရှုပါနဲ့။ ကြွတဲ့ ပုံစံကိုလည်း မရှုပါနဲ့။ ဘယ်ခြေ ညာခြေ ကြည့်နေရင် ခုနကလည်း ဒီခြေထောက်၊ ခုလည်း ဒီခြေထောက်၊ မထူးပါ။

ကြွလိုက်တဲ့အခိုက် ခြေထောက်ထဲမှာ လေးသွား နာသွား တင်းသွားတဲ့ ရုပ်သဘောတရားတွေကို ရုပ်-ရုပ် လို့ ရှုပါ။ ရှေ့ကို လှမ်းတဲ့အခါ ကြွတဲ့အခိုက် ရုပ်တွေပျက်ပြီး လှမ်းတဲ့အခိုက် နာ ကျင် တင်း တောင့် ရုပ်အသစ်တွေ ဖြစ်လာပါတယ်။ အဲဒီ နာ ကျင် တင်း တောင့် ရုပ်တရားတွေကို ရုပ်-ရုပ် လို့ ရှုပါ။

ဝိပဿနာဆိုတာ အတွင်း ရုပ် နာမ် သဘောကို ရှုကြည့်တဲ့အလုပ်ပါ။ အပြင် ဘယ်ခြေ ညာခြေ စတဲ့ ပုံသဏ္ဍာန်ကို ကြည့်ရတဲ့အလုပ် မဟုတ်ပါ။ အတွင်း ရုပ် နာမ် သဘောမှာ ဖောက်ပြန်ပြောင်းလဲ ဖြစ်ပျက်သဘော အမြဲရှိနေပါတယ်။ အဲဒီ သဘောကို မြင်အောင် ရှုရမှာပါ။ ဘယ်ခြေ ညာခြေကို မြေကြီးပေါ်မှာ ချတဲ့အခိုက် ခြေထောက်ထဲမှာ ပူ အေး နာ ကျင် ရုပ်တရားကို ရုပ်-ရုပ် လို့ ရှုပါ။ ရုပ်ကို ရှုရင် ရုပ်ဖြစ်ပျက်ကို တွေ့ရပါမယ်။ အလိုမလိုက် အကြိုက်မပါတဲ့သဘောကို တွေ့ရပါလိမ့်မယ်။

ဒီနေရာမှာ ဒုက္ခ နဲ့ ပတ်သက်လို့ ပြောချင်ပါတယ်။ ဒုက္ခဆိုတာ နာကျင် ကိုက်ခဲတဲ့ ဒုက္ခကို ဒီနေရာမှာ မဆိုလိုပါ။ ဖြစ်ခြင်း ပျက်ခြင်းဖြင့် နှိပ်စက်ခံရတဲ့ ရုပ် နာမ် ဒုက္ခကို ဆိုလိုပါတယ်။ ဖြစ်ခြင်း ပျက်ခြင်းဘေးက ဘယ်သူ့ကို နှိပ်စက်တာလဲမေးရင် ရုပ်နာမ်ကို နှိပ်စက်ပါတယ်။ လူကို နှိပ်စက်တာ မဟုတ်ပါ။ ဖြစ်ခြင်း ပျက်ခြင်းဘေးကို မဖြစ်ပါနဲ့လို့ တားလို့ မရပါ။ ဖြစ်ခြင်း ပျက်ခြင်းဘေးသည် ကိုယ့်အလိုမလိုက်၊ ကိုယ့်အကြိုက်မပါပါ။

အဲဒီ သဘောတွေကို ကြားဖူးနားဝနဲ့ အနိစ္စပဲ၊ ဒုက္ခပဲ၊ အနတ္တပဲလို့ မလုပ်ပါနဲ့။ အလိုက်သင့် ရှုပွားရင်း ကိုယ့် ဉာဏ်ထဲမှာ မမြဲတဲ့ အနိစ္စ ထင်ချင်ထင်မယ်။ ဆင်းရဲတဲ့ ဒုက္ခ ထင်ချင်ထင်မယ်။ အစိုးမရတဲ့ အနတ္တ ထင်ချင်ထင်မယ်။ ဒီလို ထင်မှုပေါ်ဖို့ရာ ရှုကြည့်ဖို့ရာ ကိုယ့်တာဝန်ပဲ။

သွားချင်တာက နာမ်၊ သွားနေဟန်က ရုပ်၊ ငါမဟုတ် သူမဟုတ်၊ သွားတာ နာမ်နဲ့ရုပ် .. ဆိုတော့ သွားတာ ဘယ်သူနဲ့ ဘယ်သူသွားတာလဲ၊ မေးရင် သွားတာ နာမ်နဲ့ရုပ်ပါ။ သွားချင်တဲ့ နာမ်က သွားခိုင်းတယ်။ သွားတဲ့ ရုပ်က သွားတယ်။ တစ်ခါခိုင်း တစ်ခါသွားပြီးတော့ လိုရာခရီး မရောက်သေးရင် ခိုင်းပြန် သွားပြန်ပါပဲ။ ဖြစ်ပြန် ပျက်ပြန်ပါပဲ။

ကိုယ်လိုရာခရီးရောက်ရင် သွားချင်တဲ့ နာမ်ပေါင်းများစွာ ဖြစ်ပျက်သွားတာ၊ ရုပ်ပေါင်းများစွာ ဖြစ်ပျက်နေတာကို ရှုတွေ့ရပါမယ်။ အဲဒါ အသာလေး သွားရင် ရှုသွားတော့ သွားတဲ့ အလုပ် မပျက်ဘဲ .. နာမ် ရုပ် နှစ်သင်း၊ အမြင်လင်း၊ သွားရင်း အလုပ်လုပ်.. တာပါ။

စားတာနဲ့ ပတ်သက်လို့ ပြောရင် စားချင်တာက နာမ်၊ စားနေဟန်က ရုပ်ပါ။ ငါမဟုတ်၊ သူမဟုတ်၊ စားတာ နာမ်နှင့်ရုပ်ပါ။ နာမ်ရုပ် နှစ်သင်း၊ အမြင်လင်း၊ စားရင်း အလုပ်လုပ် .. တာပါ။ စားချင်တဲ့ နာမ်က စားခိုင်းတယ်၊ စားတဲ့ ရုပ်က စားတယ်။ စားချင်တယ် စားတယ် လို့ ပါးစပ်ကလည်း မဆိုပါနဲ့။ စိတ်ထဲကလည်း မဆိုပါနဲ့။ စားရင်းနဲ့ အလိုက်သင့်လေး ရှုကြည့်စားပါ။ ရှုကြည့်တဲ့အခါ စားချင်တဲ့နာမ်က ဖြစ်သွားလိုက်၊ ပျက်သွားလိုက်၊ စားတဲ့ရုပ်ကလည်း ဖြစ်သွားလိုက်၊ ပျက်သွားလိုက်၊ စားချင်တဲ့နာမ်၊ စားတဲ့ရုပ်တွေ အဆက်မပြတ် တရစပ် ဖြစ်ပျက်နေတာတွေ့ရပါလိမ့်မယ်။

အဲဒီလို မြင်တွေ့ရတဲ့အခါ စားချင်တဲ့စိတ်၊ စားတဲ့ဟန်၊ စားချင်တဲ့နာမ်၊ စားတဲ့ရုပ်တွေ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခ မြင်လာပါတယ်။ အဲဒီလို ထမင်းစားရင်း ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခ မြင်ရမှာပါ။ အဲဒီလို ရှုပြီး စားရင် ထမင်းစားရင်း တရားရနိုင်ပါတယ်။

ဝိပဿနာအလုပ်ဟာ မပင်ပန်းပါ။ မူလ အလုပ်လည်း မပျက်ပါ။ မူလ အနေ အစား အသွား အလာ မပျက်ပါ။ ကိုယ်အမူအရာ အလိုက်၊ အလိုက်သင့်ရှုကြည့်ရတာပါ။ ထိုင်ချင်တာက နာမ်ပါ။ ထိုင်တာက ရုပ်ပါ။ ထူးခြားတဲ့ အမူအရာကို အလိုက်သင့် ရုပ် လို့ရှုပါ။

ထချင်တာက နာမ်ပါ။ ထတာက ရုပ်ပါ။ ထတဲ့အခိုက်မှာ ထင်ရှား ထူးခြားတဲ့ ရုပ်အမူအရာကို အလိုက်သင့်ရှုပါ။ သိချင်တာက နာမ်ပါ။ သိတာကလည်း နာမ်ပါ။ နားထောင်ချင်တာက နာမ်ပါ။ နားထောင်တာက ရုပ်ပါ။ ရှုချင်တာက နာမ်ပါ။ ရှုတာက ရုပ်ပါ။ စားချင်တာက နာမ်ပါ။ စားတာက ရုပ်ပါ။ စသည်ဖြင့် သူ့အမူအရာအလိုက် သူသတိထားပြီး ၀ီရိယစိုက်ကာ အသိ ဉာဏ်နဲ့ ရှုကြည့်ရင် ရုပ်နာမ်သဘောကို သိလာပါလိမ့်မယ်။

သိတယ်ဆိုတော့ ချက်ချင်းတော့ မသိနိုင်ပါ။ သိချိန်တန်မှ သိရမှာပါ။ သိအောင် စနစ်တကျ ရှုရပါတယ်။ စနစ်တကျဆိုတာ ရှုစဉ်မှာ သိချင်ဇောနဲ့ မတောင့်တပါနဲ့၊ မကြောင့်ကြပါနဲ့၊ အတိတ်ကိုလည်း မပြန်ပါနဲ့၊ အနာဂတ်လည်း မမျှော်ပါနဲ့၊ ပစ္စုပ္ပန်ထင်ရှားတဲ့ ရုပ်၊ ထင်ရှားတဲ့နာမ်ကို အလိုက်သင့် ရှုပါ။

ယောဂီတို့၊ ရှုပွားအားထုတ်တဲ့အခါ ရုပ်ကလည်း ဖြစ်ပျက်၊ နာမ်ကလည်း ဖြစ်ပျက်နဲ့ ရုပ်နာမ် ဖြစ်ပျက်တွေချည်းမြင်လာတော့ မမြဲသဘော၊ ဆင်းရဲသဘော၊ အစိုးမရတဲ့သဘော ဒီလိုသဘောတွေကို မြင်လာတော့ -

ရုပ်နာမ်ခြင်းရာ၊ ဉာဏ်နှင့်သာ၊ မှန်စွာမြင်လာမည် .. ဆိုတဲ့အတိုင်း ရုပ်နာမ်အခြင်းအရာကို သိလာ မြင်လာပါလိမ့်မယ်။

အဲဒီလို မြင်လာလည်း ဒီရုပ်၊ ဒီနာမ်၊ ဒီခန္ဓာကိုယ်ပဲ ဆက်ပြီး ရှုရမှာပါ။ အဲဒီလို ဆက်ရှုတဲ့အခါ ရုပ်၊ နာမ်ရဲ့ အဖြစ်အပျက်တွေ၊ အပြစ်တွေ၊ ဘေးတွေ မြင်တွေ့လာတဲ့အခါ -

ရုပ်နာမ်ခြင်းရာ၊ မြင်တွေ့လာ၊ ဉာဏ်မှာငြီးငွေ့ရပေမည် .. ဆိုတဲ့အတိုင်း ဒီရုပ်၊ ဒီနာမ်၊ ဒီခန္ဓာကိုတော့ မလိုချင်တော့ဘူး။ မဖြစ်ချင်တော့ပါဘူး စသည်ဖြင့် ရုပ်၊ နာမ်၊ ခန္ဓာတွေအပေါ်မှာ ငြီးငွေ့မှု ဖြစ်လာပါလိမ့်မယ်။ အဲဒီလို ငြီးငွေ့မှု ဖြစ်လာလည်း ရှုစရာက ဒီရုပ်၊ ဒီနာမ်ပဲ ရှိတော့ ဒီရုပ် ဒီနာမ်ပဲ ဆက်ရှုရမှာပါပဲ။

ငြီးငွေ့တာနဲ့ ပျင်းတာနဲ့ မတူပါ။ ငြီးငွေ့တာက ဉာဏ်ပါ၊ ပျင်းတာက ဒေါသပါ။ ငြီးငွေ့သော်လည်း ဆက်ရှုတဲ့အခါ ရုပ် နာမ် သဘောတွေ ပိုထင်ရှားလာပြီး -

ငြီးငွေ့ပျင်းလာ၊ တပ်မက်တာ၊ ကင်းကာ နိဗ္ဗာန်ရပေမည် .. ဆိုတဲ့အတိုင်း ငြီးငွေ့မှု ပြင်းထန်ပြီးတော့ ရုပ်နာမ်ပေါ်မှာ တပ်မက်မှုကင်းပြီး နိဗ္ဗာန်ရပါလိမ့်မယ်။

အဲဒီမှာ ရုပ် နာမ် ဖြစ်ပျက်၊ ရုပ် နာမ် ခြင်းရာ မြင်တာက ယထာဘူတ ဉာဏ်ပါ။ ရုပ် နာမ် ခြင်းရာ၊ ရုပ် နာမ် သဘောတွေ မြင်ပြီး ငြီးငွေ့တာက နိဗ္ဗိန္ဒ ဉာဏ်ပါ။ ငြီးငွေ့မှု ပြင်းထန်လာပြီး ရုပ် နာမ် ခန္ဓာတွေ မလိုချင်တော့တာက မဂ်ဉာဏ်ပါ။ မဂ်ဉာဏ်ရတယ်ဆိုတာ သူ့မဂ်အလျောက် ဖိုလ် နိဗ္ဗာန်ရပါတယ်။

အားလုံးသန္တာန်၊ အမြင်မှန်၊ လျင်မြန်ရစေသော်။

ဓမ္မဒူတ အရှင်ပညာဇောတ

ဆက်လက်ဖော်ပြပါမည်။

မေတ္တာဖြင့်

tno

https://www.facebook.com/photo.php?fbid=806940416085698&set=a.260133857433026.54541.100003092422923&type=3&src=https%3A%2F%2Fscontent-sin1-1.xx.fbcdn.net%2Fhphotos-xfp1%2Fv%2Ft1.0-9%2F11880534_806940416085698_9090652628097600991_n.jpg%3Foh%3D0e8a8fda31a8b5ca210a02136af20795%26oe%3D569C72CC&size=900%2C596

https://www.facebook.com/%E1%80%93%E1%80%99%E1%81%BC%E1%80%95%E1%80%AB%E1%80%9C-1451534851734569/timeline/

No comments:

Post a Comment