October 14, 2015

နှစ်ကြိမ်မြောက် မွေးဖွားကြသူများ။

  
 ဆရာသမားဆိုတာ တပည့်တို့ကို နှလုံးသားနဲ့လွယ်ပြီး အာခံတွင်းက မွေးဖွားပေးကြသူ (ပ၀တ္တိမိဘ)များ ဖြစ်တယ်။ ဆရာကောင်း တပည့်များဟာလည်း ဆရာတို့ရဲ့ နှလုံးသားမှာ သန္ဓေတည်ခဲ့ပြီး အာခံတွင်းက မွေးဖွားလာကြသူများ ဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ ဆရာသမားများဟာ တပည့်တွေအပေါ်တော်စေချင်၊ တတ်စေချင်၊ လိမ္မာစေချင်တဲ့ မေတ္တာ၊ ဂရုဏာ၊မုဒိတာတရားတွေ နှလုံးသားထဲမှာကိန်း
အောင်း ဖြစ်တည်စေပြီးတော့မှ ကြီးမားတဲ့လုံလတွေနဲ့ လှုံဆော်ပြီး အာခံတွင်းကနေ မြွက်ဆို ဟောညွှန်သင်ပြ ပေးကြတာတွေဖြစ်လို့ ဒီလို မြွက်ဆို ဟောကြား သင်ပြပေးတာတွေကို နာယူသင်ကြား တတ်
မြောက်လာကြတဲ့ တပည့်ကောင်းများသာလျှင် တကယ့် “ဆရာသမားတို့ရဲ့” နှလုံးသားမှာ သန္ဓေတည်ပြီးအာခံတွင်းက မွေးဖွားကြသူများလို့ ဆိုနိုင်တယ်။

      
   မိဘတို့က ဖွားမြင်ပေးရုံနဲ့ မပြည့်စုံနိုင်ပါဘူး။ ပထမအကြိမ် မွေးဖွားပေးတဲ့ မိဘတို့ဆိုတာ “မာတာ
ပိတ၊ မိနှင်ဖတို့၊ ရေကြည်ကလလ၊ တည်ဦးစပင်၊ ချိုချဉ်ပူစပ်၊ ရှင်းရှင်းပြတ်အောင်၊ မပြတ်ယုယ၊ မိဘတို့
မှာ၊ စိုးရိမ်စွာနှင့်၊ အစာဆိမ့်အေး၊ နို့ချိုပေး၍၊ မွေးသည့်မိခင်၊ ကျွေးဖခင်ကို” ဆိုတဲ့အတိုင်း အမေကယုယ
အဖေက ရှာကျွေးရုံလောက်သာ ဖြစ်လို့ လူလားမြောက်ရုံသာ စွမ်းနိုင်ကြတာပါ။
       
  မိဘက မွေးဖွားပေးလို့ လူဖြစ်ပြီး လူလားမြောက်လာတဲ့ လူကလေးတွေကို လူရာဝင်ဖို့ ဆိုတာက
တော့ “နယနည်းနာ၊ အဖြာဖြာကို၊ လိမ္မာစေကြောင်း၊ မေတ္တာလောင်း၍။ မကောင်းကိုကြဉ်၊ ကောင်းရာ
ယှဉ်လျက်၊ နှုတ်မြတ်သံချို၊ဆုံးမဆိုသာ” ဆိုတဲ့အတိုင်း ဆရာသမားတို့က သင်ကြားပြသ ဟောညွှန်ပေး
တာကို နည်းနာခံ သင်ယူပြီး “တစ်ခုပညာ၊ ကိုယ်စီပါ” အောင် သင်ယူခဲ့တဲ့ တပည့်အဖြစ်နဲ့ ဒုတိယအကြိမ်
(နှစ်ကြိမ်မြောက်) မွေးဖွားခဲ့သူများ ဖြစ်ကြမှသာ လူရာဝင်နိုင်ကြတာပါ။
        
 မိဘများက မွေးဖွားပြီးလို့ လူလားမြောက်လာတဲ့ လူကလေးတွေကို ဆရာသမားများက ဒုတိယ
အကြိမ် ဖွားမြင်ပေးဖို့ နှလုံးသားနဲ့ လွယ်ရတဲ့အခါမှာတော့ “တပည့်” ဆိုတဲ့ လူကလေးတွေမှာ ပတ်ဝန်း
ကျင်ရဲ့ အဆိုးအကောင်း စရိုက်စုံတွေက အတုမြင် အတတ်သင်ထားကြပြီးဖြစ်လို့ မေတ္တာနှလုံးသား
ကိုယ်ခံစွမ်းအား အတော်ကြီးကောင်းကောင်း ထားပြီးတော့ကို လွယ်ယူပိုက်ထွေးကြရတယ်ဆိုတာ ဆရာ
ဆရာမများ အသိဆုံးပါ။
        
 ကျောင်းဆရာဆိုတာ “စေတနာ၊ စာနာ၊ ၀ါသနာ” ရယ်လို့ “နာ” သုံးနာမကပါဘူး၊ “အသံနာ၊ လည်
ချောင်းနာ” ရတဲ့အပြင် “တစ်ခါတစ်ခါ ရင်ပါ“နာ” ရလို့..လေး ငါး ခြောက်“နာ”မကပါ၊ ကျေးလက်ကျောင်း
ဆရာတွေဆိုရင် ခရောင်းလမ်းခရီးမှာ ခြေလျင်လျှောက်ရ၊ စက်ဘီးစီးရ၊ လှည်းစီးရနဲ့ ခြေနာ၊ ခါးနာ၊ တစ်
ကိုယ်လုံးနာတာကို ကြိတ်မှိတ်ခံပြီး တပည့်တွေကို နှလုံးနဲ့လည်းလွယ်၊ ခံတွင်းကလည်း ဖွားမြင်ပေးနေကြ
ရတာပါ။ ဒီကြားထဲမှာ “ရင်ပါ နာကြရတယ်” ဆိုရင်တော့ တပည့်များအနေနဲ့ အလွန်စဉ်းစားသင့်ပါတယ်။
         
သံယုတ္တနိကာယ်၊ ကလျာဏမိတ္တသုတ်မှာ အရှင်အာနန္ဒာက မြတ်စွာဘုရားရှင်ကို “အရာကိစ္စအား
လုံး ပြီးမြောက်အောင်မြင်ရေးမှာ ဆရာသမား(ကလျာဏမိတ္တ)တို့ရဲ့ စွမ်းအား အထောက်အကူဟာ ထက်
ဝက်လောက် အရေးကြီးပါတယ်လို့ မှတ်ထင်ကြောင်း လျှောက်ထားတဲ့အခါ မြတ်စွာဘုရားရှင်က“အာနန္ဒာ..
ဒီလို မပြောနဲ့၊ အာနန္ဒာ....ဒီလို မပြောနဲ့” လို့ နှစ်ခွန်းဆက် တားမြစ်ပြီးတော့မှ “ အာနန္ဒာ...ကိစ္စအားလုံး
ပြီးမြောက်ရေးမှာ ဆရာသမား(ကလျာဏမိတ္တ) တို့ရဲ့ အထောက်အကူဟာ ရာနှုန်းပြည့်လောက် အရေး
ကြီးပါတယ်။ သင် တပည့်သားတို့ အနေနဲ့ ပါရမီတွေ ဘယ်လောက်ပဲ ရှိနေနေ၊ ငါဘုရားရှင်ဆိုတဲ့ ဆရာသ
မား(ကလျာဏမိတ္တ)နဲ့ မတွေ့ကြုံခဲ့ရင် နိဗ္ဗာန်ရောက်ကြောင်း အကျင့်တွေ ဘယ်လိုလုပ် ကျင့်သုံးနိုင်မလဲ၊
ဒါကြောင့် တပည့်အားလုံးရဲ့ အောင်မြင်ရေးမှာ ဆရာသမားတို့ရဲ့ အထောက်အကူဟာ  ရာနှုန်းပြည့်
လောက် အရေးပါတယ်လို့ မှတ်ရမယ်” ဆိုတဲ့အကြောင်း မိန့်ကြားတော်မူပါတယ်။
       
  ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း ဒီနေ့ လူရာဝင်နေကြသူတွေအားလုံးဟာ
လည်း ဆရာသမားတို့ရဲ့ အာခံတွင်းက မွေးဖွားသူများဖြစ်ကြတယ်ဆိုတာ နားလည်သဘောပေါက်ကြပြီး
တရားဓမ္မကို လိုက်နာကျင့်သုံး အားထုတ်နိုင်ကြကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
 
{ ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)၏ ဘယ်ကျောင်းနေမလဲ မောင်ရေခဲနှင့် အာခံတွင်းက ဖွားသူ
   များမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}

No comments:

Post a Comment