October 2, 2015

ပညတ် နှင့် ပရမတ်


ဝိပဿနာရှုတယ်ဆိုတာ ပညတ် နှင့် ပရမတ် ကွဲကွဲပြားပြား ခွဲခွဲခြားခြားသိအောင်၊ ကြားနာ မှတ်သား ပြီးမှ၊ ပရမတ် ၏ သဘာဝကို လက်တွေ့မြင်အောင်၊ ရှုခြင်းပင် ဖြစ်ပါသည်။

အချို့ပုဂ္ဂိုလ်တို့က ပညတ် ကိုပြောလျှင်၊ ပရမတ် ဘက်သို့ ကူးပြောင်းပြီး၊ ဆန့်ကျင်ဘက် ကပ်ဖဲ့ စကားပြောတတ်ကြပါတယ်။

အချို့ပုဂ္ဂိုလ်ကတော့ ပရမတ် စကားပြောလျှင်၊ ပညတ် နှင့်ရောထွေးပြီးတော့၊ ဆင်ခြေ ဆင်လက် ပေးလေ့ ရှိကြပါတယ်။

လောကီနယ်မှာ ပညတ် ကို လွန်ကျူးလျှင်၊ အပါယ်သို့ကျမယ်။ လောကုတ္တရာနယ်မှာ ပရမတ် ကိုလွန်ကျူးလျှင်၊ သံသရာမှ ထွက်ခွင့်မရှိ။ တမဂ် တဖိုလ် မရနိုင်ပေ။

ထို့ကြောင့် ထိုနယ် နှစ်နယ်ကို မရောစေရပါ။ နယ်မကူးရ၊ ကန့်သတ်ပြီးတော့၊ ယူရမယ်ဖြစ်ကြောင်း၊ အထူးသတိပြုကြစေလိုပါသည်။

ပညတ် ဆိုတဲ့ အမည်နာမ အခေါ်အဝေါ်တွေဟာ အဟုတ်အမှန်ရှိတယ်လို့ ယူဆလျှင်၊ ၀ိပ္ပလ္လာသ တရားတွေ ဖြစ်တတ်ပါတယ်။

(၁) သညာဝိပ္ပလ္လာသ = အမှတ် အထင် ဖောက်ပြန်ခြင်း။

(၂) စိတ္တ၀ိပ္ပလ္လာသ = အသိ အကြံ ဖောက်ပြန်ခြင်း။

(၃) ဒိဋ္ဌိဝိပ္ပလ္လာသ = အစွဲအလမ်း အယူအဆ ဖောက်ပြန်ခြင်း လို့သုံးမျိုးရှိပါတယ်။

ထိုသုံးမျိုးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ ၄ မျိုးနဲ့မြှောက်လိုက်တော့ ၀ိပ္ပလ္လာသ ၁၂ မျိုး ဖြစ်လာပြန်ပါတယ်။

ပုထုဇဉ်ရဟန်းတပါးက “အဘယ်မျှလောက်သိလျှင် ရဟန္တာဖြစ်ပါသလဲ” လို့ ရဟန္တာကြီးလေးပါးအား တပါးစီမေးမြန်းလျှောက်ထားရာမှာ ထိုရဟန္တာကြီး အသီးသီးက ---

(၁) အတွင်း အာယတန ၆ ပါးတို့၏ ဖြစ် ပျက်မှုကို ရှုလျှင်၊ ရဟန္တာဖြစ်တယ်။

(၂) ခန္ဓာ ၅ ပါးတို့၏ အဖြစ် အပျက်ကို ဥာဏ်မြင်အောင်ရှုလျှင် ရဟန္တာဖြစ်တယ်။

(၃) မဟာဘုတ် ၄ ပါးတို့၏ အဖြစ် အပျက်ကို ဥာဏ်မြင်ပေါက်အောင်ရှုလျှင် ရဟန္တာဖြစ်တယ်။

(၄) ဖြစ်ခြင်းသဘောရှိတဲ့ တရားဟူသမျှသည် ချုပ်ပျောက် ကုန်ဆုံးခြင်း သဘောရှိသည်ဟု၊ ဥာဏ်အမြင်ပေါက်အောင်ရှုလျှင် ရဟန္တာဖြစ်တယ် လို့ အသီးသီးဖြေဆိုတော်မူကြပါတယ်။

ရဟန္တာကြီး ၄ ပါးတို့၏ ဖြေပုံများမှာ တမျိုးစီလို့ ထင်ရသော်လည်း၊ သဘောအချုပ်ကတော့ ပညတ် ပရမတ် ကွဲအောင် လုပ်ပြီးနောက်၊ အတွင်းအာယတန ၆ ပါးကိုဘဲ ရှုသည်ဖြစ်စေ၊ ခန္ဓာ ၅ ပါးကိုဘဲ ရှုသည်ဖြစ်စေ၊ မဟာဘုတ် ၄ ပါးကိုဘဲ ရှုသည်ဖြစ်စေ၊ ရုပ် နာမ်တို့၏ ဖြစ်မှု ပျက်မှု သဘောကို ဥာဏ်မြင်ပေါက်ဖို့ အရေးကြီးကြောင်း ထင်ရှားလှပါတယ်။

ပညတ် နှင့် ပရမတ် မကွဲလျှင် ၀ိပဿနာရှုလို့မဖြစ်နိုင်ပါ။ ၀ိပဿနာဥာဏ်မြင်ပေါက်အောင်၊ မရှုနိုင်သမျှ ကာလပတ်လုံးလဲဘဲ၊ သံသရာဝဋ်မှ မလွတ်မြောက်နိုင်ပေ။

ကိလေသာကို အကြွင်းမဲ့ သမုစ္ဆေဒပဟာန်ဖြင့် မပယ်သတ်နိုင်ဘဲနှင့်၊ သံသရာမှကျွတ်လွတ်မှု မဖြစ်နိုင်။

သောတာပန်တို့အတွက် ဒိဋ္ဌိ ၀ိစိကိစ္ဆာကို အကြွင်းမဲ့မပယ်သတ်ဘဲနှင့်၊ အောက်သံသရာဝဋ်ဒုက္ခမှ ဘယ်တော့မှ ကျွတ်လွတ်ရိုး ထုံးစံမရှိပါ။

သကဒါဂါမ်တို့အတွက် သောတာပန်နှင့် မထူးခြားပါ။

အနာဂါမ်တို့အတွက် ကာမတဏှာကို အကြွင်းမဲ့မပယ်သတ်ဘဲနှင့်၊ အလယ်သံသရာဝဋ်ဒုက္ခမှ ဘယ်တော့မျှ ကျွတ်ရိုး လွတ်ရိုး ထုံးစံမရှိပေ။

ရဟန္တာတို့အတွက် ရူပတဏှာ အရူပတဏှာတို့ကို အကြွင်းမဲ့ မပယ်သတ်နိုင်ဘဲနှင့်၊ အထက်သံသရာဝဋ်ဒုက္ခမှ ဘယ်တော့မျှ ကျွတ်လွတ်ရိုး ထုံးစံမရှိလို့ ဆိုပါတယ်။

အဲဒါကြောင့် ဗုဒ္ဓဘာသာ သာသနာတော်၏ နယ်နမိတ်အတွင်းမှသာ ကြားနာ သိရှိရတဲ့ ပညတ် နှင့် ပရမတ် တို့၏ သဘောတို့ကို ကွဲကွဲပြားပြား ခွဲခွဲခြားခြား ထင်ရှားသိမြင်နိုင်အောင် လေ့လာ ဆည်းပူးမှတ်သားကြပါလို့ စေတနာမေတ္တာရှေ့ထား၍ တိုက်တွန်းလိုက်ရပါသည်။

အသိအမြင်စင်ကြယ်ကြပါစေ..

မေတ္တာမွန်ဖြင့်

tno

https://www.facebook.com/kotheinnaingohn

https://www.facebook.com/%E1%80%93%E1%80%99%E1%81%BC%E1%80%95%E1%80%AB%E1%80%9C-1451534851734569/timeline/

No comments:

Post a Comment