October 1, 2015

သားသတ်ရုံမှန်းမသိလို့ပျော်မိပါတယ်


မိမိတို့ပျော်ရွှင်နေတာ လောကထဲမှာ ရောက်ရာကျရာ ဘုံဘ၀တွေမှာ ဘာကြောင့်များပျော်နေကြသလဲ ဆိုတာ တွေကို မပျော်ကောင်းတဲ့အရပ်မှန်း တိတိကျကျသိအောင်လို့ ဘုရားရှင်က ဟောကြားပေးထားပါတယ်။ မိမိတို့ အသီးသီးရောက်ရှိနေတဲ့ ကိုယ့်ဘုံ ကိုယ့်ဌာန ကိုယ်ရောက်နေတဲ့ဘ၀ ကျရာကျရာအရပ်တွေမှာရောက်နေကြ တဲ့ သတ္တ၀ါတိုင်း သူ့နည်းသူ့ဟန်နဲ့ မပျော်ဘူးလားမေးရင်….ပျော်နေကြပါတယ်။
အဲ့ဒီပျော်နေကြတဲ့ ၃၁ဘုံထဲက သတ္တ၀ါတွေ လူ့ပြည်မှာလည်းရောက်ကြတယ်၊ နတ်ပြည်ဌာန နတ်လောကကိုလည်းရောက်ကြ၊ ဗြဟ္မာ့ပြည်မှာ လည်း ရောက်နေကြသလို ၊ ငရဲ ၊ တိရစ္ဆာန် ၊ ပြိတ္တာ၊ အသူရကာယ် ဆိုတဲ့ အပါယ်လေးဘုံမှာလည်း ရောက်နေ ကြတယ်။ ဒါဆို ၃၁ဘုံကြီးထဲမှာ ရောက်နေတဲ့ အားလုံးသော သတ္တ၀ါတွေကလည်း သူ့ဆိုင်ရာ ဆိုင်ရာ ကံအ ကျိုးပေးနေရာမှာ နေရာယူထားတော့ အခုတရားဟော၊တရားနာ ပုဂ္ဂိုလ်တွေက လူ့လောကမှာ လူရယ်လို့လာ ဖြစ်နေကြတဲ့သူတွေပေါ့။ လူရယ်လို့ လာဖြစ်တဲ့ လူသတ္တ၀ါတွေရှိသလို သက်ဆိုင်ရာဘုံအသီးသီးမှာလည်း သူ့ကံအကျိုးပေးကြောင့် ဖြစ်လာကြတဲ့ ပုံသဏ္ဏာန်မတူညီတဲ့ အရွယ်အစားအမျိုးမျိုးနဲ့ တည်နေကြတဲ့ သတ္တ၀ါ တွေလည်း ရှိကြပါတယ်။ ဟော ၃၁ဘုံကြီးကလည်း သေချာပေါက် ရှိနေပြန်တယ်။ ဒီထဲမှာလည်း နေရာယူပြီး အသီးသီးကံအကျိုးပေးနဲ့ ပုံသဏ္ဏာန်မတူ အရွယ်အစားအမျိုးမျိုးနဲ့ ရပ်တည်နေကြတဲ့ သတ္တ၀ါကလည်း စုံလှ တယ်။ အဲ့ဒီသတ္တ၀ါတွေဟာ ကိုယ်ရောက်တဲ့ဘ၀ ကိုယ်နေရတဲ့အရပ်မှာ အမြဲမပြတ် ဆင်းရဲတဲ့ ပုဂ္ဂိုလ်လည်း ဆင်းရဲတဲ့အလျှောက် ပျော်ကြ ၊ ချမ်းသာတဲ့ ပုဂ္ဂိုလ်လည်း ချမ်းသာတဲ့အလျှောက် ပျော်ကြ။ ညစ်နွမ်းတဲ့ ပုဂ္ဂိုလ် လည်း ညစ်နွမ်းတဲ့အလျှောက် ပျော်နေကြ ၊ စင်ကြယ်တဲ့ ပုဂ္ဂိုလ်လည်း စင်ကြယ်တဲ့အလျှောက် ပျော်နေကြဆို တော့ ပျော်နေကြတာတော့ သူ့နည်းသူ့ဟန်နဲ့ ပျော်မနေကြဘူးလား….ပျော်နေကြပါတယ်။ အဲ့ဒီပျော်ရင်း ပျော် ရင်းနဲ့ ဟောဒီခန္ဓာကိုယ်ကြီးသည် တစ်နေ့တစ်ခြား နုပျိုလာတာလား ရင့်ရော်အိုမင်းလာတာလား….ရင့်ရော်အို မင်းလာတာပါ။
ဒါဖြင့် ဇရာလက်တွင်းကလည်း မလွတ်ဘူးဆိုတာတော့ မမေ့နဲ့နော်။ ဇရာလက်တွင်းကလည်း မလွတ်ပြန်ဘူး။ အဲ့ဒီဇရာလက်တွင်းကမလွတ်လို့ တရွေ့တရွေ့ အရွယ်တွေကြီးရင့်လာပြီး အိုမင်းလာတဲ့ငါတို့ အားလုံးသည် နောက်ဆုံးတော့လည်း နေရတာလား …သေရတာလား… သေရတာပါ။ ၃၁ဘုံထဲကိုရောက်လာ ကြတဲ့ သတ္တ၀ါတွေ အသက်ဘယ်လောက်ပဲရှည်ရှည် သက်တမ်းကုန်ရင် သေရမှာ။ ကံကုန်ရင်လည်း သေရမှာ ပဲ။ အပါယ်ဘုံသားလည်း သေရမှာပဲ။ လူသားအားလုံးလည်း သေရမှာပဲ။ နတ်သား နတ်သမီးအားလုံးလည်း သေရမှာပဲ။ ဗြဟ္မာကြီးတွေလည်း သေရမှာပဲ။ နောက်ဆုံးတော့ မရဏသေမင်းလက်တွင်းမှာပဲ ဘယ်သူမှမလွတ် အောင် သေရပါလားဆိုတာကိုတော့ ပေါ်သွားပြီနော်။ ဒါကရောက်ရှိနေကြတဲ့ သတ္တ၀ါတွေအတွက် ကိုယ် ရောက်တဲ့ ဘုံဌာန ကိုယ်ဖြစ်ရတဲ့အဖြစ်နဲ့ ကြုံတွေနေရတဲ့ ဟောဒီဇရာလက်ချက် မရဏလက်ချက်အတွင်းမှာ တစ်သက်လုံးရှောင်ပြေးလို့ မရအောင်ကိုကြုံနေရတယ်ဆိုတာက ၃၁ဘုံထဲကိုရောက်ရင် ပြေးလို့မရဘူးနော်။ ဒါလေးမှတ်ထားကြ။
သတ္တ၀ါအဖြစ်နဲ့ရောက်နေပြီဆိုရင် ဟောဒီဇရာ၊မရဏနဲ့မတွေ့ဘူးလား…တွေ့ပါတယ်။ ဘယ်တုန်းကလွတ်ခဲ့ဖူးလည်း …မလွတ်ခဲ့ဖူးပါဘူး။ မလွတ်ခဲ့တဲ့ နှိပ်စက်မှု့တွေကိုမမြင်အောင် အ၀ိဇ္ဇာကဖုံးပြီး တော့ တဏှာရဲ့အချော့အမြူအောက်မှာ ကျရာပျော်ဘ၀နဲ့နေရတဲ့ကိုယ့်အဖြစ်ကို ယနေ့အမှန်သိပြီးတော့ ပျော်စ ရာမဟုတ်တာကို ပျော်စရာမဟုတ်မှန်းသိရင် ကိုယ်နေရတဲ့ဘ၀ကနေပြီးတော့ အလွန်လျှင်မြန်တဲ့အသိတရား တွေကို သာသနာတွင်းအဖိုးတန်ကာလနဲ့ဆုံခိုက်မှာ လွတ်မြောက်အောင် ကြိုးစားဖို့ ၊ တိတိကျကျဆုံးဖြတ်ချက် ချနိုင်ဖို့ အရေးကြီးပါတယ်။ တို့တစ်တွေ ဘာလို့ပျော်နေကြလဲဆိုတော့ သားသတ်ရုံမှန်းမသိလို့ ပျော်နေကြတာ။
သုံးဆယ့်တစ်ဘုံ နွားသတ်ရုံ
ပမာ ပုံတူသည်
သတ္တ၀ါများ သတ်မည့်နွား
မခြား တူလေသည်
စွဲလမ်းလို့သာ ဤခန္ဓာ
ရခါလာခဲ့သည်
ဇရာတရား နွားဆွဲသမား
သတ်သူထံသာ ဆွဲနေသည်
မရဏတရား နွားသတ်သမား
ရောက်နွားအကုန် သတ်လေသည်။

ဆရာတော်အရှင်ပုညာနန္ဒ၏ သားသတ်ရုံမှန်းမသိလို့ ပျော်မိပါတယ် တရားတော်မှ ကောက်နှုတ်ဖော်ပြအပ်ပါ သည်။

No comments:

Post a Comment