October 5, 2015

ပညတ် နှင့် ပရမတ် (၄)


ဝိပဿနာဆိုတာ ယံကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မန္တိ ဟူသော အသိဥာဏ်ကိုရအောင် လုပ်ရတာမျိုး ဖြစ်ပါတယ်။ လိုရင်း အဓိပ္ပါယ်မှာ အလုံးစုံသော ရုပ်နာမ်သင်္ခါရအပေါင်းသည် ဖြစ်ခြင်းသဘောရှိ၏။ ထိုဖြစ်သမျှသော တရားအပေါင်းသည် ချုပ်ပျောက် ပျက် ဆုံးကြကုန်သော သဘောတရားချည်းသာပါတကား ဟူ၍ သိမြင်ရသော အသိဥာဏ်မျိုးပင် ဖြစ်ပါသည်။

ဤအသိဥာဏ်မျိုး ဆိုတာသည်လည်း သညာသိ ၀ိညာဉ်သိလောက်ကိုဆိုတာမဟုတ်၊ ပညာသိ သိတာမျိုး ကိုသာ ဆိုလိုရင်းဖြစ်ပါသည်။ သညာသိ ၀ိညာဉ်သိမျိုးဆိုတာ ကြားဖူးနားဝ ဗဟုသုတ အသင့်အတင့် ရှိသောသူမှစ၍ ပိဋကသုံးပုံဆောင် ပုဂ္ဂိုလ်များမှာ ထိုက်သင့်သလို တွေးတောကြံစည်ဝေဖန်တတ်ကြ သောကြောင့် အနုမာနအားဖြင့် ထောက်ဆ၍ မှန်းဆ၍ သိကြရခြင်းသာ ဖြစ်၏။ ပညာသိမှာမူ ၀ိပဿနာ ဥာဏ်ပညာဖြင့် တကယ်သိသော အသိမျိုးကိုဆိုခြင်းဖြစ်ပါသည်။ ၀ိပဿနာဥာဏ်ပညာသည် ဘာဝနာမယဥာဏ် ပင်ဖြစ်ပါသည်။ ဤဘာဝနာမယဥာဏ်တည်းဟူသော ပညာသိမျိုးကို တကယ်ပိုင်နိုင်စွာ သိပြီးမှသာလျှင် ထိုက်တန်သော မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို ရနိုင်ကြပါသည်။

တကယ်တော့ ၀ိပဿနာဆိုတာ ပညတ်ကိုပယ်၍ ပရမတ်ကို အနိစ္စအစရှိသော အခြင်းအရာတို့ဖြင့် ထူးထူးထွေထွေ တွေ့အောင် ရှုခြင်းကို ၀ိပဿနာဟု ခေါ်ရပါမယ်။ ဒီလိုဆိုလျှင် ပရမတ်ဆိုတာ ဘာလဲ၊ ဘယ်လိုနေသလဲ ဟု သိဖို့ရာ အရေးကြီးပါတယ်။

ပရမတ်ဆိုတာ ပုံသဏ္ဍာန်မှ ကင်းတယ်တဲ့၊ ပရမတ်မှာ ပုံသဏ္ဍာန်ရယ်လို့ မရှိဘူးတဲ့။ အနုမြူမျှလောက် သေးငယ်သော အရာဝတ္ထုတစ်ခုခုကို မြင်ရလျှင် ထိုအရာဝတ္ထုသည် များလှစွာသော ပရမတ်တွေသာလျှင် ဖြစ်နေသည်ဟုဆိုပါတယ်။ အဘယ်ကြောင့်ဆိုသော လောက၌ ရုပ်နာမ်မှတစ်ပါး လွဲ၍ ဘာမျှမရှိဟု ၀ိသုဒ္ဓိမဂ်ကျမ်းက ဆိုထားခြင်းကြောင့်ဖြစ်ပါသည်။

ဤနေရာ၌ စဉ်းစားရန်မှာ လောက၌ ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ တွေ့မြင်နေရသော သက်ရှိသက်မဲ့အရာဝတ္ထု အစုစုတို့သည် ပရမတ်ရုပ်နာမ်ချည်းပင်ဖြစ်သော်လည်း မျက်မြင်အားဖြင့် ပုံသဏ္ဍာန်တွေချည်းပဲ ဖြစ်နေသည် ကိုသိမြင်ကြမှာပါ။ အဲတော့ သုတ္တနိပါတ်အဋ္ဌကထာက ပရမတ်မှာ ပုံသဏ္ဍာန်မရှိဘူးလည်းဆိုတယ်။ ပုံသဏ္ဍာန် တစ်ခုမှာလည်း ပရမတ်ချည်းပဲဟုလည်းဆိုတယ်။ ဒီလိုဆိုလျှင် ပုံသဏ္ဍာန်တိုင်းမှာ ပရမတ်တွေရှိတယ်။ ပရမတ်အစုအဝေးတိုင်းမှာလည်း ပုံသဏ္ဍာန်ရှိတယ်လို့ အဓိပ္ပါယ်ရနေပါတယ်။ မှန်ပါတယ်။ အဘိဓမ္မာကျမ်းတွင် အဋ္ဌကလာပ်ပေါင်းများစွာ စုနေလျှင် သမူဟဖြစ်၏။ သမူဟဖြစ်လျှင် ပုံသဏ္ဍာန်ထင်၏။ ပုံသဏ္ဍာန်ထင်လျှင် ပညတ်ဖြစ်တော့၏ဟူ၍ ပါရှိပါတယ်။

ဒါဆိုလျှင် ဒီအတိုင်း အမှန်ပဲဖြစ်လျှင် ပရမတ်နှင့်ပုံသဏ္ဍာန်ဆိုတဲ့ ပညတ်လည်း မကင်းနိုင်သော တရားများ ဖြစ်ပါတယ်။ ပုံသဏ္ဍာန်ကို တွေ့ရတိုင်း ပရမတ်တွေက မရေမတွက်နိုင်အောင် ပါရှိ၍ နေကြရပြီး ပရမတ်တွေ စုဝေး၍ နေတိုင်းလည်း ပုံသဏ္ဍာန်က ပေါ်၍နေပြန်ပါသည်။ ဒီလိုဆိုလျှင် ပုံသဏ္ဍာန်နှင့် ပရမတ်ကို တခြားစီ နေအောင်ခွဲ၍ ရနိုင်ပါမည်လားဟု မေးစရာရှိပါတယ်။ ခွဲ၍မရနိုင်လျှင်လည်း ပညတ်ကို ပယ်၍ ပရမတ်အနိစ္စကိုသာ ရှုရမည်ဟု ကျမ်းဂန်က ဆိုမည်မဟုတ်ပါ။

ပုံသဏ္ဍာန်နှင့် ပရမတ်ကို ကွဲအောင် ၀ိပဿနာဖြင့် ဘာဝနာမယဥာဏ်ဖြင့် ဥဒယဗ္ဗယဥာဏ်ကို ရောက်အောင် အားထုတ်နေတဲ့ပုဂ္ဂိုလ်မှ အသင့်အတင့် ခွဲတတ်ပါသည်။ ဘင်္ဂဥာဏ်ဆိုတဲ့ ဗလ၀၀ိပဿနာဥာဏ်ကို ရောက်နေတဲ့ ပုဂ္ဂိုလ်မှသာ ပညတ်နှင့်ပရမတ်ကို ကောင်းကောင်းကြီး ကွဲအောင် ပညတ်ကို လုံးဝပျောက်ကင်း သွားအောင် ခွဲထုတ်၍ ပစ်နိုင်ပါသည်။ ပညတ်လုံးဝ ကင်းပျောက်သွားမှ ပရမတ်သက်သက်၏ အနိစ္စလက္ခဏာရေးကို ရှုလို့ရပါသည်။ သို့ဖြစ်၍ ၀ိပဿနာဝိဂြိုဟ်က ပညတ်ကိုပယ်၍ ပရမတ်ကို အနိစ္စကိုမြင်အောင် ရှုခြင်းကိုသာ ၀ိပဿနာအစစ်ဖြစ်ကြောင်း ပြဆိုခြင်းဖြစ်ပါသည်။

ဝိပဿနာဝိဂြိုဟ်က ဆိုသည့်အတိုင်း ပညတ်ကိုပယ်၍ ပရမတ်အနိစ္စ စသည်တို့ကို မြင်ရအောင် ဘယ်လိုလုပ်ရမလဲဟူမူ မြတ်စွာဘုရားဟောတော်မူသည့်အတိုင် ရှုမှဖြစ်ပါမည်။ ဟောတော်မူပုံမှာ --

ဒိဋ္ဌေ ဒိဋ္ဌမတ္တေန ၀ါ၊ သုတေ သုတမတ္တေန ၀ါ၊ မုတေ မုတမတ္တေန ၀ါ၊ ၀ိညာတေ ၀ိညာတမတ္တေန ၀ါ၊ ဧသေ၀န္တော ဒုက္ခဿာတိ။

အတိုချုပ်မှာ -- အပြင်အာယတန ခြောက်ပါးတည်းဟူသော အဆင်း အသံ အနံ့ အရသာ အထိ စိတ်၌ ပေါ်သော အာရုံတရားတို့ကို တွေ့သောအခါ မြင်မှန်း ကြားမှန်း နံမှန်း အရသာမှန်း ထိမှန်း သိမှန်း သိရုံမတ္တမျှသာဖြစ်အောင် အားထုတ်ရမည်ဟု ဟောတော်မူခြင်း ဖြစ်ပါသည်။

ဖြစ်ပျက်မပြတ် တရစပ် ဖြစ်ပျက်နေသော နေရာကိုရှာ၍ ရှုသောအခါ ပုံသဏ္ဍာန်အစရှိသော ပညတ်များကို မတွေ့ဘဲ နေပါမည်လားဟု မေးလျှင် ရှုခါစ၌ ပညတ်တွေကို တွေ့ရမှာပဲဟု ဖြေရမှာပါ။ တွေ့ရသော်လည်း ပညတ်အာရုံကို ဂရုမစိုက်ဘဲ အရေးမလုပ်ဘဲနေလျှင် ပညတ်ကို ပယ်ရာရောက်ပါတယ်။ ဤအတိုင်း ပညတ်ဟူသော သဘောမျိုးကို ပယ်၍ ဖြစ်ပေါ်လာမှုနှင့် ပျောက်ပျက်သွားပုံကိုသာ ဂရုစိုက်၍ ရှုသွားမည်ဆိုလျှင် ကြာတော့ခါ အာရုံခြောက်ပါးတို့၏ ပေါ်လိုက် ပျောက်လိုက် ပေါ်လိုက် ပျောက်လိုက်နှင့် ပေါ် ပျောက် မပြတ် တရစပ်နေသော ဥပ္ပါဒ၀ယဓမ္မိနော ဟူသော အဖြစ်နှင့်အပျက် တရားသဘောကိုသာလျှင် ရှုမိလျက်သား ဖြစ်၍သွားပါလိမ့်မယ်။

ဤသည်ကို သုတ်ပါထေယျ၌ --

သစ္စံ ဂယှတိ ပုဗ္ဗဘာဂေ ဘာဝနာယ ပန ၀ဎုမာနာယ

ပညတ္တိံ သမတိက္ကမိတွာ သဘာဝေယေ၀ တိဋ္ဌတိ။

ပုဗ္ဗဘာဂေ၊ ကမ္မဋ္ဌာန်းရှေ့အဖို့၌၊ ဂယှတိပန၊ ပညတ်ပုံသဏ္ဍာန် ကိုယ်အင်္ဂါစသည်တို့ကို ယူသည်ကား။ ၀ါ၊ တွေ့ရ မြင်ရသည်ကား။ သစ္စံ၊ မှန်၏။ ဘာဝနာယ၊ ၀ိပဿနာဘာဝနာကို၊ ၀ဎုမာနာယ၊ ယူမှတ်ပွားများ ရှုမြင်ဖန် များလာသည်ရှိသော်။ ပညတ္တိံ၊ ရှေးကယူ၍ မှတ်၍ထားသော ငါသိ သညာသိ ၀ိညာဉ်သိ သုတမယသိ စိန္တာမယသိတည်းဟူသော ပညတ်နိမိတ်တို့ကို။ သမတိက္ကမိတွာ၊ လွန်မြောက်၍။ သဘာဝေယေ၀၊ သဘာဝဆတ်ဆတ် ပရမတ်ဖြစ်သော ဖြစ်ပျက်သဘော၌သာလျှင်။ စိတ္တံ၊ သိသောစိတ်သည်။ တိဋ္ဌတိ၊ တည်နေတော့၏ .. တဲ့။

ထိုသို့တည်နေအောင်တွေ့လာသောအခါ မြင်အပ် ကြားအပ် နံအပ် လျက်အပ် ထိအပ် သိအပ်သော တရားတို့ကို မြင်တတ်သောတရားကသာ မြင်ရ၍ ကြားတတ်သောတရားက ကြား၊ နံတတ်သောတရားကနံ၊ အရသာမှန်းသိသောတရားကသိ၊ ထိမှန်းသိတတ်သောတရားက ထိသိ၊ အာရုံကို ကြံတတ်သိတတ်သော တရားက ကြံသိ သည်ဟူ၍ ယောဂီဥာဏ်၌ အလိုလိုဖြစ်လာလိမ့်မည်ဟုဆိုပါတယ်။ ထိုအခါ မြင် ကြား နံ လျက် ထိ သိမှုတို့ဖြစ်တိုင်း ဖြစ်တိုင်း တို့၌ ပရမတ်ဖြစ် ပျက်တွေ ဆက်၍နေသောကြောင့် ပညတ်အာရုံများ ကြားညှပ်၍ မ၀င်နိုင်တော့ဘဲ ပုဂ္ဂိုလ် သတ္တ၀ါ ငါ သူတပါး ယောကျာ်း မိန်းမ အရာဝတ္ထု အစရှိသော ပညတ်အာရုံမှန်သမျှ မပါဘဲ နေပါလိမ့်မယ်။ အဲဒီလို မပါဘဲ နေသောအခါ ပညတ္တိံ ဌပေတွာ ဟူသော ပါဠိအရ ပညတ်ကို ပယ်ပြီးသား ဖြစ်၍နေတော့ပေသည်။ ပညတ်ကို ပယ်ပြီးဖြစ်၍ ပညတ်အာရုံမပါလျှင် ဖြစ် ပျက် ပရမတ်အာရုံသာ ကျန်တော့သည်။ ထိုအခါ နေ့စဉ်အချိန်ရှိသမျှ တွေ့ကြုံ၍နေသော တရားအပေါင်း၌ ၀ိပဿနာယောဂီသည် ပညတ်ကွာအောင် ရှုသွားတတ်တော့သဖြင့် ပရမတ်ချည်းသာ ဖြစ်သွားရသည်။ ပရမတ်ဖြစ်လျှင် ခန္ဓာ အာယတန ဓာတ်ဆိုတာတွေဟာ အလိုလိုဖြစ်ပြီးသားဖြစ်၍ သွားတော့သည်သာ ဖြစ်ပါသည်။

သို့ဖြစ်၍ ၀ိပဿနာရှုသောအခါ သမူဟ ဥပါဒါ သဏ္ဍာန် သန္တိ အစရှိသော ပညတ်သဘောတို့ကို မလွှဲမရှောင်သာ၍ တွေ့ရသော်လည်း အဖက်လုပ်၍ အသိအကျွမ်းမလုပ်ဘဲ ပေါ်လာသော သဘောတရား တို့၏ ဖြစ်ပေါ်လာမှုနှင့် ပျောက်ပျက်သွားမှုတို့ကိုသာ ဂရုစိုက်ရမည်။ ဖြစ်-အစနှင့် ပျက်-အဆုံးကိုသာ ဂရုစိုက်၍ ယုံကြည်စွာ ရှုသွားနိုင်မှ ပညတ်အာရုံများ တဖြည်းဖြည်း ကွယ်ပျောက်သွား၍ ၀ိပဿနာသို့ ရောက်ပြီး ပေါက်မြောက်လွယ်မည်ဖြစ်ပါသည်။

မြင် ကြား နံ လျက် ထိ သိတို့၏ ဖြစ်ရုံခါ မတ္တမျှထက် ပို၍ မသွားအောင် ရှုရမည်ဆိုတာ ပစ္စုပ္ပန်အခိုက်အတန့်၌ တကယ် မြင်ရ ကြားရ နံရ လျက်ရ ထိရ သိရတာတွေကိုသာ ရှုရခြင်းဖြစ်သည်။ အတိတ်က တွေ့ကြုံခဲ့ရဖူးတာတွေ အနာဂတ်၌ ဖြစ်ပေါ်လတ္တံ့သော သဘောတွေကို တွေးတောကြံစည်၍ ရှုရတာမျိုး မဟုတ်ပါ။ ၀ိပဿနာအစစ်မှာမူကား ပစ္စုပ္ပန်တရားသာဖြစ်၏။ သို့အတွက် ပစ္စုပ္ပန်ဖြစ်ပျက် အာရုံကိုသာ ရှုရမည်ဟု ဟောတော်မူခြင်းဖြစ်ပါသည်။

အတိတ် အနာဂတ်ပါနေလျှင် ၀ိပဿနာအစစ် မဖြစ်ပါ။ ကလာပသမ္မသနခေါ် နယ၀ိပဿနာသာ ဖြစ်ပါသည်။ ထို့ကြောင့် မြတ်စွာဘုရားက မာလုကျပုတ္တအား ၀ိပဿနာတရား ပေးတော်မူသောအခါ အတိတ်နှင့် အနာဂတ် အာရုံများကို မပေးဘဲ ပစ္စုပ္ပန်အာရုံကိုသာ ပေးတော်မူပါသည်။

မြတ်စွာဘုရားရှင်က မာလုကျပုတ္တအား -- အို မာလုကျပုတ္တ၊ ထိုအရာကို ဘယ်လို ထင်သလဲ၊ မျက်စိဖြင့် မြင်နိုင်သည့် အကြင်အဆင်းများကို သင်မမြင်ရသေး၊ ရှေးကလည်း မမြင်ဖူးသေး၊ မြင်ဆဲလည်းမဟုတ်။ မြင်နိုင်သည် မြင်ပါစေ ဟူ၍လည်း စိတ်မကူး၊ ထိုသို့သော အဆင်းများ၌ လိုချင်မှု တပ်မက်မှု ချစ်ခင်မှု မုန်းမှုတို့သည် သင့်မှာဖြစ်နိုင်ပါသဘောဟု မြတ်စွာဘုရား မေးတော်မူသောအခါ မာလုကျပုတ္တက နော ဟေတံ ဘန္တေ ထိုသို့ဖြစ်ခြင်း မရှိနိုင်ပါ အရှင်ဘုရား ဟုဖြေဆိုပါတယ်။

ဤအတိုင်း အာရုံခြောက်ပါးစလုံးကို စေ့အောင် တစ်မျိုးစီ မေးတော်မူပါတယ်။ မာလုကျပုတ္တကလည်း ထိုသို့ဖြစ်ခြင်းမရှိနိုင်ပါဘုရား ဟူ၍သာ ဖြေကြားလျှောက်ထားပါတယ်။ ဤသို့ မေး ဖြေ ပြီးမှ မြတ်စွာဘုရားက ၀ိပဿနာပေးတော်မူပါတယ်။

ပစ္စုပ္ပန်အာရုံဆိုတာ ၀ိဘင်းပါဠိတော်မှာ ပါရှိတာလေးကို အကျဉ်းချုပ်ဖော်ပြပါမယ်။ ထိုရူပက္ခန္ဓာ၌ အဘယ်ရုပ်သည်၊ ပစ္စုပ္ပန်ရုပ်မည်သနည်းဆိုသော ယံရူပံ၊ အကြင်ရုပ်သည် ဖြစ်ဆဲ ဖြစ်ခိုက် ကောင်းစွာဖြစိုက် အသစ်ဖြစ်ခိုက် ကောင်းစွာပေါ်လာခိုက် မျက်မှောက်ဖြစ်ခိုက် တို့၌ လေးပါးသော မဟာဘုတ်တို့သည်၎င်း၊ လေးပါးသော မဟာဘုတ်တို့ကို စွဲမှီ၍ဖြစ်သော ရူပဉ္စ၊ ဥပါဒါရုပ်သည်လည်းကောင်း ဤသို့သဘောရှိသော ရုပ်ကို ပစ္စုပ္ပန်ရုပ်ဟူ၍ ဆိုအပ်ပါသည် .. တဲ့။

ဤတွင် ရည်ညွှန်းသော ပစ္စုပ္ပန်ရုပ်ဟူသည် ခဏပစ္စုပ္ပန်ကိုသာ ဆိုလိုရင်း ဖြစ်ပါသည်။ သို့ရာတွင် ၀ိပဿနာယောဂီ၏ အဖို့၌ ယောဂီ၏ ဥာဏ်မီနိုင်လောက်သော ခဏပစ္စုပ္ပန်သာ ဖြစ်သည်။ ဘုရားမှသာ သိနိုင်သော ခဏပစ္စုပ္ပန်မျိုးမဟုတ်။ ယောဂီ၏ ခဏသည်လည်း မျက်စိတစ်မှိတ်အတွင် မရေတွက်နိုင်လောက်သော ခဏပစ္စုပ္ပန်ရုပ်တို့၏ ဖြစ်ပျက်ပုံကို မြင်နိုင်ပါသည်။ ဥပမာ - မိုးရွာစဉ် မျက်စိတစ်မှိတ်ခန့် အတွင်း ကြည့်လျှင် များလှစွာသော မိုးရေပေါက်တွေရွာပြီး ပျောက် ပျောက်သွားတာ မြင်နိုင်ပါသည်။ ၀ိပဿနာရှုရာတွင်မူ မိုးရွာတာထက် များသော ဖြစ်ပျက်တို့ကို တစ်ဆက်တည်းတွေ့အောင် ရှု၍ နေနိုင်ပါသည်။ ဤမျှလောက် ပစ္စုပ္ပန်ဖြစ်သော အာရုံခြောက်ပါး တရားတို့၏ ဖြစ်ပျက်မပြတ် တရစပ်ဖြစ်သော ဖြစ်ပျက်တို့ကိုသာ ရှုမြင်နေရသောအခါ ပညတ်မဖက် သက်သက်သော ပရမတ် ရုပ် နာမ် ခန္ဓာ အာယတန ဓာတ်တို့ချည်းသာ ဖြစ်၍နေပါတော့သည်။ လောက၌ ရုပ်နာမ်မှတစ်ပါးလွဲ၍ ဘာမျှမရှိဟူသော ပါဠိနှင့်လည်း ကိုက်ညီ၍နေပါတော့သည်။

ထိုအခါ ဆရာကောင်းက ပြသပေးသည့်အတိုင်း ကြိုးစားအားထုတ်သွားလျှင် ခန္ဓာနာမ်ရုပ်တို့၏ ဖြစ်ပျက်မှုကို သိရုံမျှဖြစ်အောင် ရှုတတ်၍လာပါလိမ့်မည်။ ထို ရုပ် နာမ် ခန္ဓာ အာယတန ဓာတ်တို့၏ ဖြစ်ပျက် လှည့်လည်၍ နေရခြင်းကိုပင် သံသရာ ဟူ၍လည်း ခေါ်ပါသည်။ သံသရာကို လှည့်လည်နေရသောကြောင့် သံသာရ၀ဋ္ဋဒုက္ခ ဟူ၍ လည်းခေါ်ပါသည်။ ဒုက္ခဖြစ်သောကြောင့် သစ္စာဖွဲ့သော် ဒုက္ခသစ္စာ ဖြစ်ရပြန်ပါသည်။ ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင်ကြီး သိရမှ ပုထုဇဉ်ဘ၀မှ အရိယာဖြစ်နိုင်ပါမည်။ သို့အတွက် ဒုက္ခသစ္စာကို သိရအောင် ရုပ် နာမ် ခန္ဓာ အာယတန ဓာတ်တို့၏ ဖြစ်ပျက်ကို အစွမ်းကုန်သိရအောင် ၀ိပဿနာတရားကို အားထုတ်ရခြင်းပင် ဖြစ်ပေသည်။ ၀ိပဿနာတရားကို အားမထုတ်ဘဲနှင့် နေယျပုဂ္ဂိုလ်များမှာ ဒုက္ခသစ္စာကို မမြင်မတွေ့နိုင်ပေ။

ဒုက္ခသစ္စာဆိုတာ ဒုက္ခအစစ်အမှန်ကို ခေါ်ပါသည်။ ဒုက္ခအစစ်အမှန်ဆိုတာ လိုရင်းကတော့ ဖြစ်ခြင်းနှင့် ပျက်ခြင်း သဘောတရားပင် ဖြစ်၏။ ထိုဖြစ်ခြင်း ပျက်ခြင်းတရားဟာ မမြဲသောတရားမို့လို့ အနိစ္စဟူ၍ လည်း ခေါ်ရ၏။ ထိုမမြဲတဲ့အနိစ္စသည်ပင်လျှင် အရေးအကြီးဆုံးသော ဒုက္ခတရားဖြစ်သည်ဟူ၍ သံယုတ်အဋ္ဌကထာတွင် ပြဆိုထားပါသည်။

ထိုသို့ဆိုလျှင် လောက၌ ဥပါဒ် ဌီ ဘင် အားဖြင့် ဖြစ်လိုက် တည်လိုက် ပျက်လိုက်နှင့် နေသမျှသော တရားတွေသည် ဒုက္ခတရားအစစ်တွေသာ ဖြစ်ကြောင်း၊ ဒုက္ခတရားစစ်လျှင်လည်း ဒုက္ခသစ္စာအစစ်ဖြစ်ကြောင်း မှတ်ယူရမည်ဖြစ်၏။ ဒုက္ခသစ္စာဟု ယူလျှင် ဒုက္ခသစ္စံ ပရိညာယ ဆိုသည့်အတိုင်း ဒုက္ခသစ္စာကို ပိုင်းခြား၍ သိအောင် လုပ်ရမည်ဖြစ်သည်။

ဘယ်လိုလုပ်မလဲဆိုလျှင် ဒုက္ခသစ္စာထိုက်သော ရုပ် နာမ် ခန္ဓာ အာယတန ဓာတ်တို့၏ ဥပါဒ် ဌီ ဘင် ဟူသော ဖြစ် တည် ပျက် တရားတို့ကို တွေ့အောင်ရှာ၍ ရှုရမည် ဖြစ်ပေသည်။ ထိုသုံးပါးတွင်လည်း တည် ဟူသော ဌီတရားသည် ခဏဌီ ပဗန္ဓဌီအားဖြင့် တည်ကာမတ္တမျှသာလျှင် ဖြစ်၍ ဖြစ်သည်နှင့် တစ်ပြိုင်နက် ပျက်ရသောကြောင့် ၀ိပဿနာအရာ၌ တည် ဟူသော အမှတ်သင်္ကေတကို ရေတွက်ခြင်းမပြုဘဲ ဖြစ်နှင့်ပျက် နှစ်မျိုးကိုသာလျှင် ရှုရသော တရားဖြစ်ပါသည်။

ဤသို့ ဖြစ်ပျက်ကိုချည်း ဂရုစိုက်၍ ရှုသွားရင်း ဖြစ်ပျက်လျက်နေသော ရုပ် နာမ် ခန္ဓာ အာယတန ဓာတ်တို့ကို တဖြည်းဖြည်း တစ်စထက် တစ်စ တစ်ခဏထက် တစ်ခဏ ဒုက္ခတွေပါလားဟု ထင်၍လာရ၏။ ဒုက္ခတရားအစစ်တွေပါကလားဟု ၀ိပဿနာပညာစက္ခုခေါ် ဘာဝနာမယဥာဏ်ဖြင့် ပိုင်းခြား၍ သိမြင်လာသော အခါ သိ ပယ် ဆိုက် ပွား၊ လေးပါး ကိစ္စ၊ အပိုင်ရ ဟူသော သစ္စာလေးပါးတို့သည် မဂ်ဥာဏ်ဖြင့် မရှေးမနှောင်းဘဲ တစ်ပြိုင်နက်တည်း သိလျက် မဂ်ဖိုလ်သို့ ဆိုက်သွားရတော့၏ ဟု ကျမ်းဂန်များ၌ ဖွင့်ဆိုပြထားပါသည်။

ပညတ် နှင့် ပရမတ် တရားတော်ပို့စ် ကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်။

ပညတ် ပရမတ် တရားတို့ကို ခွဲခြားသိမြင်၍ ၀ိပဿနာဘာဝနာတရားများ ကျင့်ကြံပွားများအားထုတ် နိုင်ကြပါစေ။

မေတ္တာဖြင့်

tno

မှတ်ချက်။ ။ ၀ိပဿနာပါရဂူကျမ်းမှ ထုတ်နှုတ်မှတ်သား၍ ဖော်ပြပါသည်။

https://www.facebook.com/kotheinnaingohn

https://www.facebook.com/%E1%80%93%E1%80%99%E1%81%BC%E1%80%95%E1%80%AB%E1%80%9C-1451534851734569/timeline/

No comments:

Post a Comment