October 27, 2015

အသိဉာဏ် အထက်မြက်ဆုံး ပုဂ္ဂိုလ်။


        “ဥဂ္ဃဋိတညူ”တဲ့။ ဒီပုဂ္ဂိုလ်ကတော့ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်မျိုးပေါ့၊ အသိဉာဏ်
အထက်မြက်ဆုံး ပုဂ္ဂိုလ်၊ နည်းနည်းလေးပြောလိုက်တာနဲ့ တစ်မဂ်တစ်ဖိုလ် ရသွားနိုင်တယ်၊
ဥပမာ အရှင်သာရိပုတ္တရာမထေရ်မြတ် တို့လိုပါ။ အရှင်သာရိပုတ္တရာ မထေရ်မြတ်ဆိုလို့ရှိရင်
ပထမတုန်းက တရားဓမ္မရှာရင်း သိစ္စည်းပရိဗိုဇ်ကြီးရဲ့ တပည့်အဖြစ် ခံယူတယ်၊ ပရိဗိုဇ်ဝတ်
နေတယ်၊ သူ့ထံက ပညာတွေ သင်လိုက်တဲ့အခါ ဘာမှမယ်မယ်ရရ မရရှိလိုက်ပါ။   သူတို့
လိုချင်တဲ့တရား မဟုတ်ဘူးဆိုတာ သိလာတယ်၊ ဒါကြောင့်မို့ တရားစစ် တရားမှန်ကို ဟော
ပြောနိုင်တဲ့ပုဂ္ဂိုလ်ကို ရှာရင်းရှာရင်းနဲ့ နောက်ဆုံးမှာ ပဉ္စ၀ဂ္ဂီငါးဦးထဲက ရှင်အဿဇိမထေရ်
မြတ်နဲ့ သွားပြီးတော့တွေ့ လိုက်ရပါတယ်။
         တွေ့တဲ့အခါမှာလည်းပဲ ရာဇဂြိုဟ်ပြည်ထဲမှာ ဆွမ်းခံသွားရင်းကနေ အမှတ်မထင်
တွေ့တော့ ... ပုဂ္ဂိုလ်ရဲ့အခြေအနေကို သုံးသပ် ကြည့်လိုက်ပါတယ်။ အကဲခတ်လိုက်တာနဲ့
ဒီပုဂ္ဂိုလ်ကတော့ တရားထူးတရားမြတ် ဖြစ်ရတဲ့ပုဂ္ဂိုလ်ဖြစ်လောက်တယ်ဆိုပြီး ရှင်အဿဇိ
နောက်ကနေလိုက်ပြီး ရှင်အဿဇိ ဆွမ်းဘုဉ်းပေးတဲ့နားမှာ ၀တ်ကြီးဝတ်ငယ်ပြုလို့ ဆွမ်း
ဘုဉ်းပေးပြီးတဲ့အခါ မေးတယ် ..   “အရှင်ဘုရားရဲ့ ဆရာက ဘယ်သူပါလဲ ?၊  ဘယ်သူ့ကို
ဆရာတင်ပြီးတော့ သင်္ကန်းဝတ်လာပါသလဲ ?၊ အရှင်ဘုရားရဲ့ဆရာက ဘာတွေဟောပြော
ပါသလဲ ?၊” ဆိုတဲ့ မေးခွန်းတွေကို မေးလိုက်ပါတယ်။
          အဲလိုမေးတဲ့အခါ ရှင်အဿဇိက “သူ သာသနာ့ဘောင် ၀င်လာတာ မကြာသေးပါ
ဘူးတဲ့၊ ဘုရားရဲ့ဝါဒ အကျယ်တ၀င့် သူမပြောနိုင်ပါဘူးတဲ့၊ သူသိသလောက်အကျဉ်းကလေး
ပြောပါ့မယ်” ဆိုတော့ ရှင်သာရိပုတ္တရာအလောင်း ဥပတိဿပရိဗိုဇ်က “ အရှင်ဘုရားတဲ့၊
တပည့်တော်ကို အတိုလေးပဲ အမိန့်ရှိပါတဲ့၊ အဓိပ္ပာယ်ကပဲ အရေးကြီးပါတယ်၊ စကားလုံး
တွေများဖို့မလိုပါဘူး၊ အရှင်ဘုရား အကျယ်မပြောချင် နေပါ၊ အကျဉ်းလေးပဲသာ ပြောပါ” တဲ့။
         ဒီတော့ အရှင်အဿဇိ ပြောလိုက်တာမှ လေးကြောင်းပဲရှိတဲ့ ဂါထာလေးတစ်ပုဒ်ပါ။
““ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ၊ တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယော နိရောဓော၊ ဧ၀ံ ၀ါဒီ မဟာသမဏော။””
ယေ ဓမ္မာ- အကြင် အကျိုးတရားတို့သည်၊ ဟေတုပ္ပဘ၀ါ - အကြောင်းတရားကို အခြေခံ၍
ဖြစ်ပေါ်လာကြပေကုန်၏၊ တေသံ- ထို အကျိုးတရားတို့ရဲ့၊ ဟေတုံ- အကြောင်းစစ် အကြောင်း
မှန်ကို၊ တထာဂတော - မြတ်စွာဘုရားသည်၊ အာဟ -ဟောတော်မူခဲ့လေပြီ။
ရှင်အဿဇိက ရှင်းပြလိုက်တဲ့စကားဟာ “ဘယ်အရာပဲဖြစ်ဖြစ်၊ အကြောင်းကင်းပြီး မဖြစ်ဘူးတဲ့၊
အကြောင်းတရားကို အခြေခံပြီးတော့မှသာ ဖြစ်တာတဲ့၊ အဲဒီအကြောင်းတရားကို မြတ်စွာဘုရား
ဟောပါတယ်” တဲ့၊ အကြောင်းတရားနဲ့ အကျိုးတရား၊ ဒီနှစ်ခုကို ပြောလိုက်ပါတယ်။ အဲဒီ စကား
ကို နားထောင်လဲပြီးရော သောတာပန်ဖြစ်သွားပါတယ်၊ သောတာပန်ဖြစ်တယ်ဆိုတာ သံသယ
တွေ ကင်းသွားတာပါ။ ၀ိစိကိစ္ဆာ လုံးဝ မရှိတော့ပါ။ မှားယွင်းတဲ့အမြင် လုံးဝမရှိတော့ဘူး၊ အမြင်
မှန်ရသွားပြီ၊ အကြောင်းတရားနဲ့ အကျိုးတရား မြင်သွားပါပြီ။
             ဒါကြောင့် အခု တရားချစ်ခင် သူတော်စင်ပရိသတ်တို့လည်း လူ့ဘ၀ရနေကြပြီ၊ ကံ
ကောင်းတဲ့ပုဂ္ဂိုလ် တစ်ယောက်ထဲမှာ တို့တတွေပါနေတဲ့အချိန်၊ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို
ကျင့်သုံးခြင်းဖြင့်သာလျှင် တကယ့်ကံကောင်းတဲ့ပုဂ္ဂိုလ် ဖြစ်နိုင်မှာ ဖြစ်သောကြောင့် တရားချစ်ခင်
သူတော်စင်ပရိသတ်တို့သည် ကံကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ခိုက်မှာ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို
ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။
 { ၁၃၆၈ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၈ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၌   အရှင်နန္ဒမာ
   လာဘိဝံသ (Ph.D) ဟောကြားသော ရှစ်ယောက်နှင့် တစ်ယောက် တရားတော်မှ ကောက်နုတ်
         ရေးသားပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment