October 28, 2015

*မဆုတ်ယုတ်ကြောင်းတရား(၇)ပါး*

"မဆုတ်ယုတ်ကြောင်းတရား(၇)ပါးဖြစ်တဲ့ ဗောဇ္ဈင်(၇)ပါး" ဆိုတဲ့ တရားတော်ဖြစ်ပါတယ်။
"ဗောဇ္ဈင်" ဆိုတာ… ဗောဇ္ဈင်္ဂ (ဗောဓိ+အင်္ဂ)
"ဗောဓိ" ဆိုတာ… အသိဉာဏ်၊
"အင်္ဂ" ဆိုတာ… အကြောင်းအင်္ဂါအစိတ်အပိုင်း၊
ဒီတော့… ဗောဇ္ဈင်တရားတွေဆိုတာ "အသိဉာဏ်ဖြစ်ကြောင်း အစိတ်အပိုင်းအင်္ဂါ (၇)ပါး"ပါပဲ။
အသိဉာဏ်မရှိရင် ပစ္စုပ္ပန်မှာရော သံသရာမှာပါ ကောင်းကောင်းမွန်မွန် ရပ်တည်ဖို့ မဖြစ်နိုင်သလို၊
သံသရာမှ လွတ်မြောက်ဖို့ရာလည်း မဖြစ်နိုင်ပါ။ "ဗောဇ္ဈင်တရား"ကို ကြိမ်ဖန်များစွာ ပွားများခြင်းဖြင့် အသိဉာဏ်ကိုမဆုတ်ယုတ်စေတဲ့အပြင်၊ အသိဉာဏ်ဟာ တိုးတက်ဖို့ပဲ ရှိပါတယ်။ အသိဉာဏ်တိုးတက်လာရင် ပစ္စုပ္ပန်မှာရော သံသရာမှာပါ ကောင်းကောင်းမွန်မွန် ရပ်တည်နိုင်မယ်။ သံသရာကနေလည်း လွတ်မြောက်နိုင်ပါတယ်။
ဗောဇ္ဈင်သုတ်ဟာ ရွတ်ဖတ်နေဖို့ထက် ပွားများဖို့က အဓိကပါ။ ဘယ်လိုပွားများရမလဲဆိုတာ ပြောကြည့်ရအောင်။ ဗောဇ္ဈင်တရားကို ပွါးများတော့မယ်ဆိုရင် အကြောင်းဗောဇ္ဈင်တွေနဲ့ အကျိုးဗောဇ္ဈင်တွေဆိုပြီး ခွဲခြားသိထားရမယ်။
၁။ သတိ သမ္ဗောဇ္ဈင်
၂။ ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်
၃။ ၀ီရိယ သမ္ဗောဇ္ဈင်
၎။ ပီတိ သမ္ဗောဇ္ဈင်
၅။ ပဿဒ္ဓိ သမ္ဗောဇ္ဈင်
၆။ သမာဓိ သမ္ဗောဇ္ဈင်
၇။ ဥပေက္ခာ သမ္ဗောဇ္ဈင်။
အဲဒီမှာ "သတိသမ္ဗောဇ္ဈင်" နဲ့ "၀ီရိယသမ္ဗောဇ္ဈင်"တို့ဟာ အကြောင်းဗောဇ္ဈင်တွေ ဖြစ်ပါတယ်။
"သတိ သမ္ဗောဇ္ဈင်"လို့ ဆိုလိုက်တာနဲ့ မိမိကြိုက်ရာ ကမ္မဌာန်းပေါ်မှာ အာရုံပြု စူးစိုက်ထားလိုက်ပါ။ (ဥပမာ… ၀င်လေ၊ထွက်လေ။)
ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ ၀င်လေ ထွက်လေ ဆိုတာ ကိုယ်သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သူကတော့ အလိုအလျောက် ၀င်နေထွက်နေမှာပဲ။ အဲဒီလေကလေးကို "မသိပဲ မ၀င်စေရ၊ မသိပဲ မထွက်စေရ…" ဆိုပြီး သတိလေး ထားကြည့်လိုက်ပါ။"သတိ" ဆိုတာ အာရုံပေါ်မှာ စူးစိုက်ပြီး အမှတ်ရနေတာပါပဲ။
အဲဒီ ၀င်လေ၊ ထွက်လေကို ညီညွတ်မျှတအောင် "၀ီရိယ"နဲ့ အားစိုက်ပြီး ထိန်းညှိပေးရမယ်။
စိတ်ဆိုတာ အာရုံမရှိပဲ မဖြစ်ပေါ်နိုင်ဘူး။ ဟိုဟိုဒီဒီ ပျံ့လွင့်နေတဲ့ စိတ်ကို ကမ္မဋ္ဌာန်းအာရုံတစ်ခုပေါ်မှာ ချည်နှောင်ပြီး လေ့ကျင့်ပေးတာဟာ တရားအားထုတ်တာပဲ။ ပျံလွင့်နေတဲ့ စိတ်ကလေးကို ၀င်လေထွက်လေ ဆိုတဲ့ အာရုံပေါ်မှာ "သတိ၊ ၀ီရိယ" နဲ့ ပူးကပ်ချည်နှောင်ပြီး လေ့ကျင့်ပေးရမယ်။ အဲဒီလို လေ့ကျင့်ပေးနေတာဟာ "သတိသမ္ဗောဇ္ဈင်နဲ့ ၀ီရိယသမ္ဗောဇ္ဈင်"ကို ပွါးများနေတာပဲ။
အဲဒီဗောဇ္ဈင်တရား ၂-ပါး အင်အားပြည့်လာတဲ့အခါမှာ မတည်ငြိမ်တဲ့ စိတ်ကလေးတွေဟာ တည်ငြိမ်လာတာကိုတွေ့ရမယ်။ ဒါဟာ "သမာဓိသမ္ဗောဇ္ဈင်" ဖြစ်လာတာပဲ။ "သမာဓိ" ဆိုတာ "သတိနဲ့ဝီရိယ" ကြောင့်ဖြစ်လာတာ။ ဒါကြောင့် သမာဓိသမ္ဗောဇ္ဈင်ကို အကျိုးဗောဇ္ဈင်လို့ မှတ်ခဲ့ပါ။
အဲဒီလို သမာဓိရလာပြီဆိုတဲ့ အခါမှာ ယောဂီဟာ ၀မ်းသာလာတယ်။ ကျေနပ်လာတယ်။ အဲဒါကို "ပီတိ" လို့ခေါ်ပါတယ်။ ပီတိသမ္ဗောဇ္ဈင် စဖြစ်လာတာပါပဲ။ တစ်ခါတလေမှာ ယောဂီဟာ တစ်ခါမှ မမြင်ဘူးတဲ့ အရောင်အလင်းလေးတွေကို မြင်လာရတတ်တယ်။ ဘယ်လောက်ကြည့်ကြည့် မငြီးငွေ့ဘူး။ တစ်ခါတစ်လေကျတော့ ကောင်းကင်မှာ ပျံဝဲနေရသလို ပေါ့ပါးပြီးနေတတ်တယ်။ အဲဒီအခါမှာ ယောဂီဟာ ဝမ်းသာလာတယ်။ ကြည်းနူးလာတယ်။ ပီတိသမ္ဗောဇ္ဈင် ပါပဲ။
အဲသလို ၀မ်းသာလာတဲ့အခါ စိတ်ကလေးတွေဟာ အေးချမ်းလို့သွားတယ်။ အပူအအေးမျှတပြီး နေလို့ကောင်းနေတတ်တယ်။ ကိုယ်ရောစိတ်ပါ အေးချမ်းလို့သွားတယ်။ အဲဒါကို "ပဿဒ္ဓိသမ္ဗောဇ္ဈင်" လို့ခေါ်ပါတယ်။ ဒီ "ပီတိသမ္ဗောဇ္ဈင်နဲ့ ပဿဒ္ဓိသမ္ဗောဇ္ဈင်" တို့ကိုလည်း အကျိုးဗောဇ္ဈင်လို့ မှတ်ထားခဲ့ပါ။
အဲသလို ဗောဇ္ဈင်တရားတွေ ဖြစ်ပွါးလာတဲ့အခါမှာ လူ့ခန္ဓာမှာရှိတဲ့ စိတ်ဟာပြောင်းလဲသွားတာမို့ သွေးတွေပါပြောင်းလဲသွားပါတယ်။ ဗောဇ္ဈင်တရားကို ပွါးများလို့ ရောဂါတွေ သက်သာပျောက်ကင်းသွားတယ် ဆိုတာ အဲဒီအနေအထားမျိုးကို ပြောတာဖြစ်ပါတယ်။(ဒါ့ကြောင့် ဗောဇ္ဈင်တရားဆိုတာ လိမ်းဆေးမဟုတ်ဘူး၊ သောက်ဆေးဖြစ်တယ်။)
ဝိပဿနာကို ကူးဖို့ရာကျတော့ ဒီတင်ရပ်လို့ မရပါဘူး။ အဲဒီ "ပီတိ၊ ပဿဒ္ဓိတွေ" ကို ပယ်ခွါရပါမယ်။ ပီတိတွေ အားကြီးတဲ့အခါမှာ ရှုမှတ်လို့မရဘူး။ တအားဝမ်းနည်းနေတဲ့ အခါမျိုးမှာလည်း ရှုမှတ်လို့ မရတတ်ပါဘူး။ရှင်းရှင်းပြောရရင် ဓမ္မဝိစယသမ္ဗောဇ္ဈင် ဝင်လို့မရဘူး။ ဓမ္မဝိစယသမ္ဗောဇ္ဈင်မှ ဝင်လို့ မရရင်လည်း ဝိပဿနာနယ်ကို မရောက်သေးဘူး။ ဒါကြောင့် ဓမ္မဝိစယသမ္ဗောဇ္ဈင်ဝင်လို့ရအောင်အတွက် ဥပေက္ခာသဗောဇ္ဈင်ကို ဖြစ်ပွါးစေရမှာ ဖြစ်ပါတယ်။ ဘယ်လိုဖြစ်ပွါးစေရမလဲ။ သတိနဲ့ဝီရိယကို အကြောင်းပြု ပြီး သမာဓိဆိုတာ ဖြစ်လာတယ်။ သမာဓိကို အကြောင်းပြု ပြီး ပီတိနဲ့ ပဿဒ္ဓိဆိုတာတွေ ဖြစ်လာတယ်။ အကြောင်း အကျိုးတရားတွေပါလား။ သူ့ဓမ္မနဲ့ သူ့အကြောင်းနဲ့ သူ့အကျိုးတွေပဲ၊ ပျော်ရွှင်စရာ ကျေနပ်စရာ ဝမ်းမြောက်စရာ သာယာစွဲလမ်းစရာတွေ မဟုတ်ပါလား ဆိုပြီး ဥပေက္ခာသဗောဇ္ဈင်ကို ဖြစ်ပွါးစေပါ။ အဲဒီဥပေက္ခာသဗောဇ္ဈင် ကို အကြောင်းဗောဇ္ဈင်လို့ မှတ်ခဲ့ပါ။
တခါ.. ၀မ်းသာတာတွေ၊ပျော်ရွှင်တာတွေဟာ မြဲသလား၊ မမြဲဘူးလားဆိုတာကို "ဓမ္မ၀ိစယသမ္ဗောဇ္ဈင်" နဲ့ ထပ်ရှုပါ။ "ဓမ္မ၀ိစယ" ဆိုတာ ပညာပါပဲ။ ပညာနဲ့ အကဲခတ်လိုက်တဲ့အခါမှာ ဘယ်အရာမှ မမြဲဘူးဆိုတာ တွေ့လာမယ်။
မမြဲတာက…"အနိစ္စ"၊
မမြဲတဲ့သဘောလေးက…"လက္ခဏာ"၊
မမြဲတဲ့သဘောကိုမြင်လိုက် သိလိုက်တာက…"ဉာဏ်"။
ဓမ္မ၀ိစယသမ္ဗောဇ္ဈင် ဆိုတာ ဉာဏ်ပညာ။
အနိစ္စရဲ့ လက္ခဏာကို မြင်လိုက်တဲ့ဉာဏ်မို့ အနိစ္စလက္ခဏဉာဏ်လို့ခေါ်တာ။ အဲ့ဒီအချိန်ကျမှ အနိစ္စလက္ခဏာဉာဏ်ဖြစ်တာ။ ဓမ္မ၀ိစယသမ္ဗောဇ္ဈင်ဖြစ်တာ။
ထို့နည်းတူ… ခန္ဓာကိုယ်ကို ကြည့်လိုက်တဲ့အခါကျတော့ ဆင်းရဲတဲ့သဘောတွေ၊ နှိပ်စက်တဲ့သဘောတွေ ရှိတာကိုတွေ့တယ်။ ဉာဏ်နဲ့ အကဲခတ်လိုက်တဲ့အခါမှာ… "ဒုက္ခလက္ခဏဉာဏ်" ဖြစ်လာတယ်။
တဖန်… ငါ၊ သူတစ်ပါး၊ လူ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါဆိုတာ မပါဘူး။ သတိ၊၀ီရိယကို ထူထောင်လိုက်လို့ သမာဓိဖြစ်လာတာပဲ။ သူ့ကို မထူထောင်ရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ သူ့အကြောင်းနဲ့သူ့အကျိုး ဆက်စပ်ဖြစ်ပေါ်နေတဲ့ "အနတ္တ" သဘောကို ဓမ္မ၀ိစယ(ဉာဏ်)နဲ့ ရှုလိုက်တဲ့အခါမှာ… "အနတ္တလက္ခဏဉာဏ်" ဖြစ်လာတယ်။
ဗောဇ္ဈင်တရား(၇)ပါးဆိုတာ (၇)ပါးစလုံးကို အားထုတ်ရမှာမဟုတ်ပါဘူး။
ပထမဦးဆုံးနဲ့ အရေးကြီးဆုံးက"သတိနဲ့ ၀ီရိယ" ကိုမဖြစ်မနေ ထူထောင်ရပါမယ်။ ၀င်လေထွက်လေပေါ်မှာ သတိလေးကပ်၊ ၀ီရိယလေးနဲ့ အားစိုက်ပေးနေရင် သမာဓိရယ်၊ ပီတိရယ်၊ ပဿဒ္ဓိရယ်တို့ဆိုတာတွေက သူ့သဘောသူဆောင်ပြီး ဖြစ်ပွါးလာပါလိမ့်မယ်။ အဲဒီအခါမှာ ဥပေက္ခာနဲ့ ဓမ္မဝိစယကို ဆက်လက် ဖြစ်ပွါးစေရမှာ ဖြစ်ပါတယ်။
အဲသလို ဗောဇ္ဈင်တရားတွေကို ပွားများလိုက်ပီဆိုရင် ယောဂီမှာ အသိဉာဏ်တွေ ရင့်သန်ဖို့ရာပဲရှိပါတယ်။ ဆုတ်ယုတ်သွားဖွယ်ရာမရှိပါဘူး။ ဒါ့ကြောင့် မြတ်စွာဘုရားက "အပရိဟာနိယ ဓမ္မ"(မဆုတ်ယုတ်ကြောင်းတရားတော်) ဆိုပြီး ဟောကြားတော်မူခဲ့တာပါ။ တကယ်ယုံယုံကြည်ကြည်နဲ့ ပွါးများရင် ကောင်းကျိုးတရားကို လက်တွေ့မျက်တွေ့ ခံစားကြရမှာပါ။
ဗောဇ္ဈင်တရားတွေဖြစ်ပွါးပြီး စိတ်တွေပြောင်းလဲ လာတာနှင့်အမျှ နှလုံးအိမ်မှသွေးတွေပါ ပြောင်းလဲသွားပါတယ်။ သွေးတွေကြည်လင်သန့်ရှင်းလာရင် ရုပ်ပါကြည်လင်လာပါတယ်။ အဲဒီအခါမှာ ရောဂါတွေလည်း သက်သာပျောက်ကင်းလာကြရတာပေါ့။ ကဲ! ကျေနပ်ကြရောပေါ့။ အဲဒီအတိုင်း ကြိုးစားအားထုတ် ပွားများနိုင်ကြပါစေ။ မေတ္တာပို့ သာဓုခေါ်ကြ။
အမျှ…အမျှ…အမျှ…
သာဓု…သာဓု…သာဓု…။
စာကြွင်း… တရားတော်အား ပြည့်စုံအောင် တည်းဖြတ်ပြင်ဆင် ဖြည့်စွက်ပေးသော ဦးဇင်းဦးဝိသာရဒ(ရမ္မာဝတီ)အား အထူးကျေးဇူးတင်စွာဖြင့် ဦးတင်လျှက် တရားတော်ဖြင့် ပူဇော်လိုက်ပါတယ်ဘုရား။_/\_/\_/\_

No comments:

Post a Comment