October 14, 2015

ဒယ်အိုးဆရာတော်၏ ဖြစ်သမျှအကြောင်း ကောင်းအောင်လုပ်ပါ။


  ဗုဒ္ဓမြတ်စွာဘုရားက “သတ္တာနံ ၀ိသုဒ္ဓိယာ ” သတ္တ၀ါတို့ရဲ့ စင်ကြယ်ဖို့ရာ “ဧကယနော ယံဘိက္ခဝေ မဂ္ဂေါ” တဲ့၊ ဘိက္ခဝေ ငါ၏ချစ်သား တပည့်များတို့ ဧကယနော တစ်ကြောင်းတည်းသော
လမ်းသည် မဂ္ဂင်လမ်းပဲရှိပါတယ်။ ဒို့တွေကိုးကွယ်နေတဲ့ ဗုဒ္ဓဘုရားရှင်ဟာ လမ်းပြပုဂ္ဂိုလ်ကြီးပါ။
မဂ္ဂင်တရားလက်ကိုင်ထားရင် ချမ်းသာအစစ်ကို ရနိုင်ပါတယ်။ လွတ်မြောက်မှုကို ရနိုင်ပါတယ်။

စင်ကြယ်ခြင်းကို ရနိုင်ပါတယ်။ သုဒ္ဓ၀ိပဿနာဆိုတော့ စင်ကြယ်ခြင်းကို ထည့်ပြောရမယ်။ စင်ကြယ်အောင် မဂ္ဂင်ရှစ်ပါးတရား၊ သစ္စာလေးပါးတရား၊ ဘုရား၊ တရား၊ သံဃာကို ယုံရမယ်။ သံ
ဃာဆိုတာ ခင်ဗျားတို့ရှေ့မှာ မြင်နေတဲ့ သင်္ကန်းခြုံ ကတုံး တုံးထားရုံ၊ သမုတိသံဃာကို ပြောတာမဟုတ်ဘူး။ ဘုရားအဆုံးအမကို ထဲထဲဝင်ဝင် လက်ခံကျင့်သုံးဆောက်တည်ထားတဲ့ အရိယာသံ
ဃာတွေကို ဆိုပါတယ်။
       
  ဒါဖြင့် တရားအဆုံးအမကို ထိန်းသိမ်းသူ၊ စောင့်ရှောက်သူ၊ ဘုရားကိုယုံတယ်၊ တရားကိုယုံတယ်၊ သံဃာကိုယုံတယ်ဆိုရင် ခင်ဗျားတို့မှာ သဒ္ဓါဆိုတဲ့ ကိုယ်ပိုင်ဥစ္စာ ရပါပြီ။ ကောင်းတာ
လုပ်ရင် ကောင်းကျိုးပေးမယ်။ မကောင်းတာလုပ်ရင် မကောင်းကျိုးပေးမယ်။ အကြောင်းကောင်း
မှ အကျိုးကောင်းမယ်။ အကြောင်းမကောင်းရင် အကျိုးမကောင်းဘူး။ အကြောင်းစင်ကြယ်မှ အကျိုးစင်ကြယ်မယ်။ တူသောအကျိုးပေးပါတယ်။
        
 ခင်ဗျားတို့မှာ ကိုယ်ပိုင်ပညာတွေရှိတယ်။ ပညာမရှိတဲ့သူက ကုသိုလ်မှန်းလည်းမသိ။ အကုသိုလ်မှန်းလည်းမသိ။ ကုသိုလ်ကိုလည်း မယုံကြည်၊ အကုသိုလ်ကိုလည်း မယုံကြည်။ အကုသိုလ်
အလုပ်မှန်းသိရက်နဲ့ လုပ်ရဲတာ သူ့မှာ ပညာမဲ့နေလို့၊ သူ့မှာ ပညာမရှိရင် သဒ္ဓါလည်း မရှိဘူး။ဘုရား တရားကို မယုံလို့ အကုသိုလ် လုပ်ရဲတာ။
        
 ဒါဖြင့် ခင်ဗျားတို့မှာ သဒ္ဓါလည်းရှိတယ်။ ပညာလည်းရှိတယ်။ မမေ့မလျော့ နေတတ်တဲ့သတိ၊ သတိကို ရှိအောင် အားထုတ်ရမယ်။ ကုသိုလ်တရားဖြစ်အောင်၊ အကုသိုလ်တရား မဖြစ်
အောင် အားထုတ်နိုင်မယ့် ၀ီရိယလည်း ရှိရမယ်။ ပြီးတော့ သမာဓိလည်း ရှိရမယ်။ သမာဓိဆိုတာဘယ်လို လောကဓံမျိုးရိုက်ခတ် ရိုက်ခတ်၊ စီးပွားရေး ၀ုန်းကနဲ တက်သွားလည်း ကိုယ်လုပ်နေကြ
ဘုရား၊ တရား၊ သံဃာ မမေ့ရဘူး။ ၀ုန်းကနဲ ပြုတ်ကျသွားလို့လည်း ကိုယ်ဆောင်ထားတဲ့ တရားကိုလည်း မမေ့ရပါဘူး။ အချွေအရံ ပရိတ်သတ် အသိုင်းအ၀ိုင်းတွေ များလာလို့လည်း ဆောင်ထား
တဲ့တရားကို မမေ့ရပါဘူး။ အချွေအရံ ပရိတ်သတ် တစ်ယောက်မှ မရှိလည်း ဆောင်ထားတဲ့တရား ကို မမေ့ရပါဘူး။
     
    မကောင်းမှုပြုရမှာကိုရှက်လည်းရှက်ရမယ်၊ ကြောက်လည်း
 ကြောက်ရမယ်။ အတိတ်ကပြုခဲ့တဲ့ မကောင်းသော အကုသိုလ် ကြောင်းကြောင့် ယခု သူတော်ကောင်းတို့တွေ မကောင်းသောပတ်ဝန်းကျင်၊ မကောင်းတဲ့သူတွေနဲ့ တွေ့နေရတယ်။ အဲဒါ အတိတ်က မကောင်းမှုကြောင့်ပဲ။ ဒါကို သံဝေဂ ယူပြီးတော့ဒီဘ၀မှာ ဖြစ်သမျှအကြောင်း ကောင်းအောင်လုပ်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
    
     ဒါကြောင့် တရားချစ်ခင် သူတော်ကောင်းတို့ကလည်း တရားသဘောကိုနားလည်ကြပြီးဘ၀ မြင့်မြတ်သထက် မြင့်မြတ်အောင် ကျင့်ဆောင်နိုင်ကြကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါ
စေ ကုန်သတည်း။
 
{ သာသနာတော်နှစ်၊ ၂၅၅၅ ခု၊ ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊နှစ်ဆန်း ၂ ရက်နေ့။ ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊  မှော်ဘီမြို့နယ် ဖန်ခါးကုန်းကျေးရွာ၊ သုဒ္ဓ၀ိပဿနာကျောင်းတိုက်အတွင်း မဟာသင်္ကြန်အထူး တရားစခန်း တရားပွဲ၌ဆရာတော်ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)ဟောကြားသော
တရားတော်  မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }

 http://buddhismworld.ning.com/profiles/blog/show?id=6371237%3ABlogPost%3A439

No comments:

Post a Comment