October 17, 2015

စဉ်းစားပုံချင်း မတူကြပါ။


      ကိုယ့်ကိုယ်ကို ဘယ်လိုပြင်မလဲ ?- “ငါဟာ အခု ဒီဘ၀မှာ ကုသိုလ်ကောင်းမှုတွေ
လုပ်ခွင့်ရတယ်၊ ဒီဘ၀မှာ ငါ ကုသိုလ်မလုပ်လိုက်ဘူးဆိုလို့ရှိရင် ငါသေသွားလို့ရှိရင် ငရဲကျ
သွားနိုင်တယ်၊ တိရစ္ဆာန်ဖြစ်နိုင်တယ်၊ ပြိတ္တာဖြစ်နိုင်တယ်” ။ ငရဲ တိရစ္ဆာန် ပြိတ္တာဘုံ
ရောက်သွားလို့ရှိရင် - ကိုယ့်မျက်စိအောက်မှာ ကြည့် - ကြက်ကလေးတွေ၊ ၀က်ကလေး

တွေ တရားမနာနိုင်ပါ။ တရားနှလုံးမသွင်းနိုင်ပါ။ “ ဒီဘ၀မျိုးဆိုရင် ငါ တရားနာချင်လို့လည်း
မရပါ။ တရားကျင့်ချင်လို့လည်း မရပါ။ အခု တရားကျင့်နိုင်တဲ့ဘ၀မှာ ငါကျင့်မှပဲ ” ။“ ဒီဘဝ
မှာ မလုပ်ဘူးဆိုလို့ရှိရင် သံသရာမှာ ငါလုပ်ဖို့ အခြေအနေတွေ ရချင်မှရမှာပါ၊ ဒါကြောင့်မို့
ဒီဘ၀ပဲ ငါလုပ်မှပဲ ” လို့ စိတ်ထဲက ဒီလိုနှလုံးသွင်းပြီးတော့ ကြိုးစားရပါမယ်။
         နောက်တစ်ခုက “ ကာမဂုဏ်အာရုံဆိုတာ ဘယ်ဘ၀မဆို ခံစားကြရတာ၊ တိရစ္ဆာန်တွေ
လည်း တိရစ္ဆာန်အတိုင်းအတာအလိုက် ခံစားတာပဲ၊ လူတွေလည်း လူတွေရဲ့ အတိုင်းအတာအ
လိုက် ခံစားတာပဲ။ အဲဒီ ခံစားမှုကြီးကိုပဲ အဟုတ်ကြီးထင်ပြီးတော့ ဒါတွေနဲ့ နစ်မြုပ်ပြီးတော့နေ
မယ်ဆိုရင် ငါ့မှာ ရသင့်ရထိုက်တဲ့ အသိပညာတွေက လက်လွတ်ဆုံးရှုံးလိမ့်မယ်၊ အဲဒီတော့
ဒါတွေကို လက်လွတ်ဆုံးရှုံးခံလို့ မဖြစ်ဘူး ”။
        ဘုရားအလောင်း သုမေဓာဆိုတာ သာမန်ပုဂ္ဂိုလ် မဟုတ်ပါ။ ခုခေတ် ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေ
က ကိုယ့်ဘ၀ကိုစွန့်တာ မဆန်းပါ၊ ဘ၀မှာ အဆင်ပြေပြီးတော့ တကယ်ထိပ်တန်းကျတဲ့ပုဂ္ဂိုလ်က
ဒါတွေကိုစွန့်ဖို့ဆိုတာ မလွယ်ပါ။
          ဘုရားလောင်း သုမေဓာသူဌေးသားလေးဟာ ဘိုးဘွားမိဘတွေ လက်ထက်ကတည်းက
စုဆောင်းလာတဲ့ ရတနာသိုက်တွေဟာ နည်းတာ မဟုတ်ဘူး။ မိဘတွေ မရှိတော့တဲ့နောက် ဒီရ
တနာတွေ သူ့လက်ထဲရောက်တော့ သူစဉ်းစားပုံလေးကြည့်ပါ....၊
         ဒီရတနာတွေ ရှာဖွေစုဆောင်းတာ စာရင်းနဲ့ဘာနဲ့ မှတ်ထားတယ်။ “ ဒါက ဘယ်အဘိုး
လက်ထက်က၊ ဒါက ဘယ်အဘွားလက်ထက်က၊ ဒါက အဘိုးပစ္စည်း၊ ဒါက အဘွားပစ္စည်းဆိုပြီး
စာရင်းဇယားတွေနဲ့ ဆွေ ၇-ဆက် မျိုး ၇-ဆက်က ပစ္စည်းတွေ ” ဆိုပြီး ပြတယ်။
          ဒီတော့ သူက ဆက်ပြီးစဉ်းစားတယ်။ “ ပစ္စည်းရှာတဲ့ ပုဂ္ဂိုလ်တွေက အခု မရှိကြတော့ဘူး၊
သူတို့ရှာသွားတဲ့ ပစ္စည်းတွေပဲ ကျန်ရစ်တယ်၊ ဒီပစ္စည်းတွေကို ငါသုံးမသွားနိုင်ဘူးဆိုရင် ငါလည်းဒီ
လိုပဲ ထားခဲ့ရမှာပဲ၊ ပစ္စည်းရှာသွားတဲ့ပုဂ္ဂိုလ်တွေ မရှိတော့ဘဲနဲ့ ပစ္စည်းတွေသာ ကျန်ရစ်တယ်။
သူတို့ရှာသွားတဲ့ပစ္စည်း သူတို့ သုံးမသွားရဘူး၊ ငါကတော့ ငါပိုင်တဲ့ ပစ္စည်းတွေ အားလုံးသုံးမယ် ”
လို့ - ဘယ်နည်းနဲ့ ယူသွားလို့ရှိရင်ရနိုင်မလဲလို့ ဆင်ခြင်စဉ်းစားကြည့်ပါတယ်။
          “ ဒီပစ္စည်းတွေက ယူလို့ရတာတွေ မဟုတ်ဘူး၊ အဲဒီတော့ ယူလို့ မရတဲ့ ပစ္စည်းတွေကို
စောစောကတည်းက စွန့်ပြီးတော့ ကိုယ်စွန့်ခြင်းဖြင့် ရလာတဲ့ ဒါနကောင်းမှုကိုပဲ ငါ ယူမယ် ” လို့
အဲဒီလို စဉ်းစားပြီးတော့ သူပိုင်တဲ့ပစ္စည်းတွေအားလုံး စွန့်ပစ်လိုက်တယ်၊ ပစ္စည်းကို စွန့်လှူပြီးတော့
ရတဲ့ ဒါနကောင်းမှုပဲ ယူသွားမယ်၊ ဆောက်တည်လို့ရတဲ့ သီလကောင်းမှုပဲ ယူသွားမယ်၊ တရားဓမ္မ
နှလုံးသွင်းလို့ရတဲ့ ဘာဝနာကောင်းမှုပဲ ယူသွားမယ် တဲ့။ စွန့်ပြီးတော့ တောကြီးထဲ ထွက်ပြီးတော့
သူ တရားကျင့်တယ်ပေါ့။ အဲဒီကျမှ ဒီပင်္ကရာဘုရားနဲ့ တွေ့တယ်။
         စဉ်းစားပုံချင်းက မတူဘူး၊ သာမန်ပုဂ္ဂိုလ်ဆိုရင် ဘယ်လိုစဉ်းစားမတုန်း၊ “ ငါ့ဒီပစ္စည်းတွေ
တစ်သက်လုံး မကုန်ဘူး၊ ပျော်ချင် ပါးချင်တိုင်း ပျော်ပါးမယ် ” ။“ ဒီ ပစ္စည်းတွေ သုံးဖြုန်းပြီး ဒီဘဝ
မှာ ဒီလိုနေသွားမယ် ” လို့ ဒီလိုပဲစဉ်းစားမှာပေါ့။ သုံးဖြုန်းပျော်ပါးသွားလို့ရှိရင် ကုသိုလ်က မရ
လိုက်ဘဲနဲ့ ပစ္စည်းတွေသုံးတာတော့ ဒီဘ၀မှာ သုံးလို့လည်းရမယ်၊ ဖြုန်းလို့လည်းရမယ်၊ သို့သော်
သုံးတယ် ဖြုန်းတယ်ဆိုတဲ့အချိန်မှာ  လောဘတွေ တက်လာတယ်၊ ဒေါသတွေ တက်လာတယ်၊
ကာမဂုဏ်အာရုံစိတ်တွေပဲ တိုးတက်လာတယ်။ အဲဒါတွေက လူကို ဆွဲချသွားတာ။ ပစ္စည်းပေါ်မှာ
တွယ်တာမှုတွေက လူကို ဆွဲချသွားလိုက်တယ်။ နောက်ဆုံးမှာ နိမ့်ကျတဲ့ဘ၀တစ်ခု ရောက်သွား
ပါမယ်။
         ဒါကြောင့်မို့ “ အတ္တာနံ ယေ၀ အဓိပတိံ ကတွာ ” ကိုယ့်ကိုယ်ကို အလေးထားဆင်ခြင်
စဉ်းစားပြီးတဲ့အခါမှာ အကုသိုလ်တွေဖယ်ဖို့ ကြိုးစားရပါမယ်။ ကုသိုလ်တရားတွေ ပွားများအား
ထုတ်ဖို့ ကြိုးစားရပါမယ်လို့ နားလည်သဘောပေါက်ကြပြီး တရားထူး တရားမြတ်ရကြပါစေ
ကုန်သတည်း။ ။
 {သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော်(၆)ရက်၊
(၂၅-၁-၂၀၁၂) ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ သုမင်္ဂလာလမ်း၊
ကေတုမာလာရိပ်သာ မိသားစုတို့၏ ပဉ္စမအကြိမ်မြောက် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်
အခမ်းအနား၌  အရှင်နန္ဒမာလာဘိဝံသ( Ph,D) ဟောကြားသော " အလေးထား၍ စဉ်းစားဆင်ခြင်
ကောင်းအောင်ပြင် "တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment