October 1, 2015

ကုသိုလ်စိတ်နဲ့အကုသိုလ်စိတ်


စိတ်ဟာ ဘာကိုအမှီပြုပြီးဖြစ်လာကြသလဲ? စိတ်ဟာ မျက်လုံးမှာဆိုယင် မျက်စိထဲမှာ အကြည်ဓာတ်ဆိုတာ လေးရှိတယ်ပေါ့၊ မျက်လုံးမှာ အရိပ်ထင်တဲ့ နေရာပေါ့၊ (Retina) လို နေရာမျိုးပေါ့၊ နားထဲမှာလည်းပဲ အသံက (vibration) သွားထိတဲ့နေရာရှိတယ်၊ ပါဠိလိုကျတော့ ပသာဒလို့ခေါ်တယ်။ အဲဒါကို အဲလိုဟာမျိုးကို အမှီပြုပြီးတော့ စိတ်တွေဟာ အမျိုးမျိုးဖြစ်တယ်။

ပြီးတော့ နှလုံး၊ အဘိဓမ္မာအရကတော့ (heart) နှလုံးကို ဟဒယ၀တ္ထုလို့ ခေါ်တယ်၊ ဟဒယ၀တ္ထုကို အမှီပြုပြီးတော့လည်းပဲ စိတ်တွေ အများကြီးဖြစ်တယ်။ အဲဒီစိတ်တွေဟာ ခုနပြောတဲ့ စေတသိက်တွေနဲ့ တွဲတွဲပြီးတော့ ဖြစ်တော့ ကောင်းတဲ့ စေတသိက်တွေနဲ့လည်း တွဲတယ်၊ မကောင်းတဲ့ စေတသိက်တွေနဲ့လည်း တွဲတယ်။

ကောင်းတဲ့စေတသိက်တွေနဲ့ တွဲဖြစ်နေတဲ့ခါ ဒီစိတ်ကို ကောင်းတဲ့စိတ်လို့ ခေါ်တာ၊ ကုသိုလ်စိတ်ပေါ့။ မကောင်းတဲ့ စေတသိက်နဲ့တွဲဖြစ်တဲ့အခါကျတော့ သူ့ကို အကုသိုလ်စိတ် မကောင်းတဲ့စိတ်လို့ခေါ်တာ။

ပြီးတော့ (Neutral) ဖြစ်တဲ့ စေတသိက်တွေလည်း ရှိတယ်။

နဂိုက သူ့ဟာသူ သန့်ရှင်းနေတဲ့စိတ်ဟာ ကောင်းတဲ့စေတသိက်တွေနဲ့တွဲမိတဲ့ခါကျတော့ ကောင်းတဲ့စိတ်၊ မကောင်းတဲ့စေတသိက်တွေနဲ့ တွဲမိတဲ့အခါကျတော့ မကောင်းတဲ့စိတ်၊ ဒီလို ခေါ်ရတယ်။

အဲဒီစိတ်ဟာ ဗုဒ္ဓအဘိဓမ္မာမှာ ၈၉ (သို့) ၁၂၁ မျိုး ရှိတယ်၊ အဲဒါကြောင့်မို့ စိတ်တစ်ခု ယုတ် ၉၀ လို့ဆိုတယ်။ စိတ်တစ်ခုယုတ် ၉၀ ဆိုတာ တစ်ခုယုတ် ၉၀ လို့ ခေါ်လိုက်တာ၊ ဆိုလိုတာက ၈၉ပေါ့။

အဲဒီတော့ အကုသိုလ်စိတ် ၁၂ ခု ရှိတယ်။

အကုသိုလ်ဆိုတာ အကုသလဆိုတဲ့ ပါဠိက လာတာ။ အကုသလမှာ အနဲ့ကုသလနဲ့ နှစ်မျိုးရှိတယ်။ အ ဆိုတာက မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ ကုသလဆိုတာက ကုသိုလ်ပဲ၊ အဲဒီတော့ ကုသိုလ်မဟုတ်တဲ့ စိတ်ပေါ့။

ကုသိုလ် မဟုတ်ဘူးဆိုတာ ဒီနေရာမှာ ကုသိုလ်ရဲ့ဆန့်ကျင်ဘက်လို့ ဆိုလိုတာပါ။ မဟုတ်ဆိုတဲ့ စကားကလည်း အဓိပ္ပာယ်အများကြီးရှိပါတယ်။
ကုသိုလ်မဟုတ်ရင် ကြိယာစိတ်တွေကလည်း ရှိသေးတာလေ၊ ကုသိုလ်မဟုတ်တဲ့စိတ်တွေ၊ ကုသိုလ် မဟုတ်ရင် အဲဒါကိုတော့ အကုသိုလ်လို့မခေါ်ဘူး။ ကုသိုလ်ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ စိတ်မျိုးကိုသာ အကုသိုလ်လို့ ခေါ်တာပါ။

ကုသလဆိုတဲ့ပုဒ်က ကျွမ်းကျင်တယ်ဆိုတဲ့ အနက်ရှိတယ်လို့ပြောနိုင်တယ်။ အနာကင်းတယ် (healthy) ဖြစ်တယ်လို့လည်း ပြောနိုင်တယ်။ ဒါကတော့ သဒ္ဒါနည်းပေါ့။

ကုသလဆိုတဲ့ပုဒ်ဟာ ဘာဖြစ်ဖြစ် ကျွမ်းကျင်တာ မှန်သမျှကို ကုသလလို့ ခေါ်လိုက်တာ။ ဒါကြောင့်မို့ ကုသ+လ ကနေပြီးတော့ ကုသလ ကျွမ်းကျင်တယ်ဆိုတဲ့ အဓိပ္ပာယ် ဟောထားတယ်။ အဲတော့ စိတ် ကျွမ်းကျင်တယ် ဆိုတော့ အကုသိုလ် မဖြစ်အောင် လုပ်တတ်တာပေါ့။ လောဘ ဒေါသ မောဟ မရှိအောင် လုပ်တာပေါ့။ အဲဒါကို ကျွမ်းကျင်တယ်လို့ပဲ သုံးတယ်ပေါ့။

တစ်နည်းအားဖြင့်တော့ အနာကင်းတယ် (healthy) ဖြစ်တယ်။ စိတ်ရောဂါဆိုတာ လောဘ ဒေါသ မောဟတွေဟာ စိတ်ရောဂါတွေပေါ့။ အဲဒီစိတ်ရောဂါတွေ မရှိဘူးဆိုရင် ဒီစိတ်ဟာ ကျန်းမာနေတဲ့စိတ်၊ ဒါကတော့ သဒ္ဒါအားဖြင့် ပေါ့လေ။ အဘိဓမ္မာမှာ ပေးထားတဲ့ (definition) ဒါလည်းသိရမယ်ပေါ့။

ကုသိုလ်ဆိုတာ အပြစ်မရှိခြင်း ကောင်းသောအကျိုးကိုပေးခြင်း၊ ဒီလက္ခဏာနှစ်မျိုးနှင့် ပြည့်စုံတဲ့စိတ်ကို ကုသိုလ်စိတ်လို့ခေါ်တာ။

လောကကြီးအနေနှင့် ကြည့်ကြည့်လိုက်ယင် အပြစ်ရှိသလား၊ မရှိဘူးလား၊ အပြစ်မရှိရင် ကုသိုလ်စိတ်ဖြစ်မယ်၊ တစ်ခါ ဒီစိတ်က ကောင်းသောအကျိုးလည်း ပေးရမယ်၊ အပြစ်မရှိပဲနှင့် ကောင်းသော အကျိုးမပေးတဲ့စိတ်လည်း ရှိသေးတယ်။ ဒါကြောင့်မို့ အပြစ်မရှိခြင်း၊ ကောင်းသော အကျိုးပေးခြင်း၊ ဒီလက္ခဏာနှစ်ပါးနှင့် ပြည့်စုံရင် ဒီစိတ်ကို ကုသိုလ်စိတ်။

ပြောင်းပြန်ပြန် အဓိပ္ပါယ်ကောက်လိုက်တော့ အပြစ်နှင့်တကွဖြစ်ခြင်း၊ မကောင်းသောအကျိုးကို ပေးခြင်း၊ အဲဒီလက္ခဏာ နှစ်ပါးနှင့် ပြည့်စုံရင် အကုသိုလ်စိတ်။ ဒါကြောင့်မို့ အကုသိုလ်စိတ်နှင့် ကုသိုလ်စိတ် ကို ကွဲလောက်ပါပြီ။

ကုသိုလ်နှင့်အကုသိုလ်ကွဲသွားပြီ။ သူ့ကို ကိုယ်နေ့စဉ်ပြဿနာတွေအပေါ်မှာ အသုံးချလို့ ရသွားပြီ၊ အကုသိုလ် ဆိုတာ သိသွားပြီ၊ ကိုယ်ရှောင်နိုင်ပြီ၊ ကုသိုလ်ဆိုတာသိရင် ပိုပြီးတော့ လုပ်နိုင်ပြီ၊ နဂိုကလဲမသိဘူး မဟုတ်ဘူး သိပါတယ်။ အခု ပိုပြီးတော့ သိသွားပြီပေါ့။

အဲဒီ အကုသိုလ်စိတ်ဟာ ၁၂ မျိုးတောင် ရှိတယ်။ အဲဒီ အကုသိုလ်စိတ် လောဘ ဒေါသ မောဟ စသည်နှင့် တွဲပြီးတော့ ဖြစ်တဲ့စိတ်ကို အကုသိုလ်စိတ် မြန်မာလိုပြောရင် မကောင်းတဲ့ စိတ်။

အကုသိုလ်စိတ် ၁၂ ပါးမှာ လောဘမူစိတ်က ၈ ပါး၊ ဒေါသမူစိတ်က ၂ ပါး၊ မောဟမူစိတ်က ၂ ပါး၊ လောဘမူစိတ်က ၈ ပါး၊ ဒေါသမူစိတ်က ၂ ပါး၊ မောဟမူစိတ်က ၂ ပါး။

လောဘမူစိတ်ဆိုတာ လောဘ မောဟနှင့်တကွ ဖြစ်တယ်။ ဒေါသမူလစိတ်ဆိုတာ ဒေါသမောဟနှင့်တကွ ဖြစ်တယ်။ မောဟမူစိတ်ဆိုတာ မောဟတစ်ခုထဲနှင့်ဖြစ်တာ။

စိတ်အမျိုးအစားအားဖြင့် ခွဲခြားတော့ ကုသိုလ်စိတ်၊ အကုသိုလ်စိတ်၊ ၀ိပါက်စိတ်၊ ကြိယာစိတ်တဲ့၊ လေးမျိုးတစ်ခါခွဲတယ်။

အကုသိုလ်စိတ်ဆိုတာ အပြစ်နှင့်တကွ ဖြစ်ခြင်း၊ မကောင်းသောအကျိုးကိုပေးခြင်း လက္ခဏာရှိတယ်။

ကုသိုလ်စိတ်ဆိုတာက အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကိုပေးခြင်း၊ လက္ခဏာနှစ်ပါးနှင့် ပြည့်စုံတဲ့စိတ်၊ သူတို့က (active) ဖြစ်တဲ့စိတ်တွေပေါ့။

ဝိပါက်စိတ်ဆိုတာက အကျိုးဖြစ်တဲ့စိတ်တွေလို့ ဆိုလိုတယ်။ ပါဠိစကား ၀ိပါကဆိုတာ အင်္ဂလိပ်လိုပြန်တော့ (resultant) ပြန်တယ်၊ အကျိုးလို့ ဆိုလိုတယ်။

နောက်ဘ၀တွေက ပြုခဲ့တဲ့ကံကြောင့် ဒီဘ၀မှာ ဒီစိတ်တွေ လာဖြစ်တာ၊ နောက်ဘ၀ကပြုခဲ့တဲ့ ကံတစ်ခုခု ကြောင့် ဒီဘ၀မှာ ဒီစိတ်တွေ လာဖြစ်တာ၊ နောက်ဘ၀ကပြုခဲ့တဲ့ ကံတစ်ခုခုကြောင့် ဒီဘ၀မှာ လာပြီးတော့ ဖြစ်တဲ့စိတ်တွေကို ၀ိပါက၊ ၀ိပါက်စိတ်လို့ခေါ်တယ်။

ဝိပါက်စိတ်ဆိုတာ သူများက ပစ်ချလိုက်လို့ ဖြစ်ရတဲ့ စိတ်တွေဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့ကိုယ်တိုင်မှာ ဗျာပါရ၊ ထထကြွကြွရယ်လို့ မရှိဘူး၊ သူတို့က ငြိမ်တဲ့သဘောရှိတယ်၊ ဒါကြောင့် ၀ိပါက်စိတ်တွေက နောက်ထပ် အကျိုးမပေးတော့ဘူး၊ သူတို့ကိုယ်တိုင်က အကျိုးဖြစ်နေတယ်၊ သူတို့က အကျိုးပေးတဲ့စိတ်ထဲ မပါဘူး။

ကြိယာစိတ်ဆိုတာကတော့ ကြိယာဆိုတာ ပါဠိစကားမှာပြုခြင်းဆိုတဲ့ အဓိပ္ပာယ်ရှိတယ်၊ ပြုခြင်းဆိုတာ ပြုခါမတ္တပဲလို့ ဆိုလိုတယ်၊ ပြုတော့ ပြုတယ်၊ ပြုတဲ့အတွက်ကြောင့်မို့တော့ အကျိုးမရှိတော့ဘူး၊ အကျိုးမပေးတော့ဘူး၊ ဖြစ်ခါမတ္တ ပြုခါမတ္တဖြစ်တဲ့စိတ်မျိုးကို ကြိယာစိတ်လို့ခေါ်တယ်၊ အဲဒီ ကြိယာစိတ်က စိတ် ၂ ခုက လွဲရင် ဘုရားရဟန္တာမှာသာဖြစ်တယ်၊ အောက်တန်းအရိယာနှင့် ပုထုဇဉ်မှာ ကြိယာစိတ်ဆိုတာ မဖြစ်ဘူး။

ကြိယာစိတ်အများကြီးရှိတဲ့အနက်က ၂ ခုကတော့ဖြင့် ပုထုဇဉ်မှာလည်း ဖြစ်တယ်၊ အရိယာမှာလည်းဖြစ်တယ်၊ ဘုရားရဟန္တာမှာလည်းဖြစ်တယ်၊ ကျန်တဲ့ ၁၈ ခုကတော့ ဘုရားရဟန္တာမှာသာဖြစ်တယ်၊ ဘုရားရဟန္တာမှာဖြစ်တော့ မြတ်စွာဘုရား ရဟန္တာတို့မှာ ကုသိုလ်ဆိုတာလည်း မရှိဘူး၊ အကုသိုလ်ဆိုတာလည်း မရှိဘူး။

ရဟန္တာမှာက ကုသိုလ်၊ အကုသိုလ်ကို ဖြစ်စေတတ်တဲ့ မူလအမြစ်သဘောတရားတွေကို ကုသိုလ်လို့ မခေါ်ရတော့ဘူး၊ ကြိယာလို့ခေါ်ရတယ်၊ ဒီစိတ်တော့ ဒီစိတ်ပဲ၊ ရဟန္တာကျတော့ ကုသိုလ်မဟုတ်တော့ဘူး၊ ကြိယာလို့ ခေါ်တော့တယ်၊ ကြိယာဆိုတော့ သူကပြုခါမျှပဲ။

ဒီလိုပြုတဲ့အတွက်ကြောင့်မို့ နောက်ထပ် အကျိုးမပေးတော့ဘူး၊
စိတ် လေးမျိုးရှိတယ်၊ ကုသိုလ်စိတ် အကုသိုလ်စိတ်၊ ၀ိပါက်စိတ်၊ ကြိယာစိတ်။
ဝိပါက်စိတ်နှင့် ကြိယာစိတ်အချို့ကို လေ့လာကြည့်မယ်ဆိုယင် အဟိတ်စိတ်လို့ ခေါ်တဲ့ စိတ်တွေကို တွေ့ရပါမယ်၊ အဟိတ်စိတ်အားလုံး ၁၈ပါး ရှိပါတယ်။

ဟိတ်ဆိုတဲ့ စကားလုံး ပထမနားလည်ရပါလိမ့်မယ်၊ ဟိတ်ဆိုတာ ဟေတုကလာတာ။ ဒီမှာ ဟိတ်ဆိုတာက မူလ အရင်းအမြစ်ကို ဆိုလိုတာ (root) ဟိတ် ၆ ပါး ရှိတယ်တဲ့။

လောဘရယ်၊ ဒေါသရယ်၊ မောဟရယ်၊ သူတို့က အကုသိုလ်ဟိတ်။

ပြီးတော့ သူ့ရဲ့ ဆန့်ကျင်ဖက် အလောဘရယ်၊ အဒေါသရယ်၊ အမောဟရယ်၊ သူကတော့ အကုသိုလ်မဟုတ်တဲ့ ကုသိုလ်တို့ အဗျာကတတို့ ခေါ်တယ်၊ ဟိတ် ၆ ပါး ရှိတယ်၊ အဲဒီ ဟိတ် ၆ ပါးနှင့် တွဲပြီးတော့ မဖြစ်တဲ့စိတ်ကို အဟိတ်စိတ်လို့ ခေါ်ပါတယ်။

အဟိတ်စိတ်ဆိုတာ - အ ဆိုတာ မရှိတာ မဟုတ်တာ၊ ဒီနေရာမှာ မရှိတာ ဟိတ်၊ မရှိတဲ့စိတ်၊ ဟိတ်နဲ့ မယှဉ်တဲ့စိတ်လို့ ဆိုလိုတယ်၊ rootless လို့ ပြန်ပါတယ်။

ဟိတ်နှင့် မယှဉ်တာကို အဟိတ်လို့ခေါ်တယ်။ သူတို့က ၀ိပါက်စိတ်တွေ အကျိုးတွေဆိုတော့ ဒီစိတ်တွေဟာ တခြား ကုသိုလ်ဟိတ်တွေကြောင့် ဖြစ်တာ၊ အကုသိုလ်ဟိတ်တွေကြောင့်ဖြစ်တာပေါ့၊ သူတို့ကိုယ်၌က ဒီဟိတ်တွေနှင့် မယှဉ်တဲ့ အတွက်ကြောင့်သာ သူတို့ကို အဟိတ်စိတ်လို့ခေါ်တာ။

( လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ ဟိတ်ခြောက်ပါးနဲ့ မယှဉ်တဲ့ တွဲပြီးတော့ မဖြစ်တဲ့ စိတ်ကို အဟိတ်စိတ်လို့ခေါ်ပါတယ်။

သူတို့က ၀ိပါက်စိတ်တွေ အကျိုးတွေဆိုတော့ ဒီစိတ်တွေဟာ တခြား ကုသိုလ်ဟိတ်တွေ၊ အကုသိုလ်ဟိတ်တွေကြောင့် ဖြစ်တာပါ။ သူတို့ကိုယ်၌က ဒီဟိတ်တွေနဲ့ မယှဉ်တဲ့အတွက်ကြောင့် သူတို့ကို အဟိတ်စိတ်လို့ ခေါ်တာပါ။

ဥပမာ - အပြည့်အစုံတော့ မဟုတ်ဖူးပေါ့နော်၊ စက္ခုဝိညာဏ်စိတ် သောတ၀ိညာဏ်စိတ် ဃာန၀ိညာဏ်စိတ် ဇိဝှာဝိညာဏ်စိတ် ကာယ၀ိညာဏ်စိတ် တွေမှာ ကုသလ၊ အကုသလ ၀ိပါက်စိတ်အနေနဲ့ဖြစ်တာပါ။ အကုသလ၀ိပါက်စိတ်က ၇ပါး၊ အဟိတ်ကုသလ၀ိပါက်စိတ်က ၈ပါး၊ အဟိတ်ကြိယာ စိတ် ၃ပါး၊ ပေါင်း အဟိတ်စိတ် ၁၈ ပါးလို့ ခေါ်တာပါ။

အထက်ပါ အချက်အား မှားယွင်းဖော်ပြမိတဲ့အတွက် ခွင့်လွှတ်ပေးပါရန် မိတ်ဆွေများအား တောင်းပန်ပါတယ်ခင်ဗျာ။ ကျေးဇူးပါခင်ဗျာ။ tno )

နောက်တစ်ခုက

အဗျာကတ ပြောရဦးမယ် ခုန ပြောခဲ့တယ်၊ စိတ်ကို လေးမျိုးခွဲတော့ ကုသိုလ် အကုသိုလ် ၀ိပါက် နဲ့ ကြိယာ၊ အဲဒီ ၀ိပါက်နှင့်ကြိယာကို အဗျာကတလို့ခေါ်တယ်။ အဗျာကတစိတ်လို့ပြောရင် ၀ိပါက်နှင့်ကြိယာနှစ်မျိုးကို ဆိုလိုတယ်။

ဝိပါက်နှင့်ကြိယာကို အဗျာကတလို့ ခေါ်တယ်။ ရုပ်ကိုလည်းပဲ အဗျာကတလို့ခေါ်လိမ့်မယ်။ နိဗ္ဗာန်ကိုလည်း အဗျာကတလို့ခေါ်မယ်။ ကုသိုလ် အကုသိုလ်မဟုတ်တာမှန်သမျှ အဗျာကတထဲ ထည့်ရမှာပါ။

အဗျာကတရဲ့ အဓိပ္ပာယ် အဗျာကတဆိုတာက (literal meaning) က မပြောကြားအပ်သောလို့ ဒီအဓိပ္ပာယ်ရှိတယ်။ မပြောကြားအပ်သောဆိုတာ ကုသိုလ်ဟူ၍လည်းကောင်း, အကုသိုလ်ဟူ၍လည်းကောင်း, ထင်ထင်ရှားရှား မပြောကြားအပ်သောလို့ ဆိုလိုပါတယ်။

ဒါကတော့ စိတ် လေးမျိုးဖြစ်တဲ့ ကုသိုလ်စိတ် အကုသိုလ်စိတ်၊ ၀ိပါက်စိတ်၊ ကြိယာစိတ် တို့ အကြောင်း အကျဉ်းလေးပါ။ ကျနော့်ရဲ့ပို့စ်က ကုသိုလ်စိတ် နဲ့ အကုသိုလ်စိတ် တို့အကြောင်း မှတ်သားမိသမျှ တင်ပြတာပါ။ ဒါကြောင့် အကျယ်ကိုတော့ စာပေမှာ အသေးစိတ်ဆက်လေ့လာကြည့်ကြပါခင်ဗျာ။

ကိုယ်စိတ်ချမ်းမြေ့တရားတွေ့ကြပါစေ။
မေတ္တာဖြင့်
tno

https://www.facebook.com/kotheinnaingohn

https://www.facebook.com/pages/%E1%80%93%E1%80%99%E1%81%BC%E1%80%95%E1%80%AB%E1%80%9C/1451534851734569?fref=ts

1 comment:

  1. Credit ပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    ReplyDelete