October 4, 2015

ပညတ် နှင့် ပရမတ် (၃)


ဝိပဿနာ ဉာဏ်ချင်းတူသော်လည်း ၀ိပဿနာ အာရုံချင်း မတူတတ်ပါ။ ၀ိပဿနာ ဉာဏ်ဆိုတာ ပရမတ်ရုပ်နာမ်ကို အနိစ္စအစရှိသော လက္ခဏာရေးသုံးပါးထင်အောင် ရှု၍သွားရင်း ထင်မြင်လာသော သဘောတရားအမျိုးမျိုးကို ခေါ်ပါသည်။ ရှုမြင်ရတော့လည်း နာမရှုပ ပရိစ္ဆေဒ ဉာဏ်မှစ၍ အနုလောမဉာဏ် အဆုံးအထိ တစ်ဆင့်ပြီး တစ်ဆင့် အဆင့်ဆင့် သိမြင်သွားအောင် ရှုရတာချည်းပင် ဖြစ်ပေသည်။ ၀ိပဿဉာဏ်ဆိုတာ လိုချင်သလို လုပ်၍ယူလျှင် ရတာမျိုးမဟုတ်ပါ။ လုံ့လပါရမီနှင့် သမာဓိအားလျော်စွာ ဖြစ်၍ သွားတာမျိုးဖြစ်ပါသည်။

သို့ရာတွင် ခိပ္ပါဘိညပုဂ္ဂိုလ်များမှာ လျင်မြန်စွာ မဂ်ဖိုလ်ကို ရ၍ သွားတတ်သည်ဖြစ်၍ ၀ိပဿနာဉာဏ်များကို ကွဲကွဲပြားပြား ထင်ရှားစွာ မပြောပြတတ်ကြပေ။ ဒန္ဓာဘိည ပုဂ္ဂိုလ်များမှာ တစ်မျိုးစီ တစ်မျိုးစီတို့၌ ကြာကြာကြီးရှုမြင်၍ နေရတတ်သောကြောင့် ၀ိပဿနာဉာဏ်အကြောင်းကို တစ်မျိုးစီ ခွဲခြား၍ ပြောတတ်ကြသည်။

ထို့ပြင် ပထမမဂ်မှ အထက်မဂ်များသို့ရအောင် ကြိုးစားအားထုတ်သော ယောဂီများမှာပို၍ပင် ကြာတတ်သဖြင့် ၀ိပဿနာဉာဏ်အရာမှာ ပို၍ပင် ကြာတတ်သဖြင့် ၀ိပဿနာဉာဏ်အရာမှာ ပို၍ပင် သေချာစွာ ပြော၍ပြတတ်လေသည်။

ထို့ကြောင့် မဂ်ဖိုလ်ကို ရတာချင်းတူပေမယ့် စေ့စပ်သေချာစွာ ပြောတတ်ပုံ မပြောတတ်ပုံတို့မှာ တစ်ဦးနှင့် တစ်ဦး ညီတူညီမျှ မဖြစ်နိုင်ကြပေ။ ကိုယ်မြင်ရသလောက်သာ ကိုယ်ပြော၍ ပြတတ်ကြပေသည်။

တစ်ခါ ၀ိပဿနာချင်းတူသော်လည်း ၀ိပဿနာအာရုံချင်း ကျတော တစ်ဦးနှင့်တစ်ဦး တူချင်မှတူပါသည်။ ပရမတ်ရုပ်ဆိုတာ ဖောက်ပြန်တတ်သည်။ နာမ်ဆိုတာ အာရုံသို့ ညွှတ်တတ်သည်ဟူသော သဘောချင်းက တူသော်လည်း ထိုရုပ်နာမ်ဆိုတဲ့ ၀ိပဿနာအာရုံကျတော့ အမျိုးမျိုး ရှိပြန်ပါသည်။

ဝိပဿနာအာရုံများတွင် ခန္ဓာအားဖြင့် ငါးပါး၊ အာယတနအားဖြင့် ၁၂ ပါး၊ ဓာတ်အားဖြင့် ၁၈ ပါး ဟူ၍ ရှိသည်။ ထိုခန္ဓာ အာယတန ဓာတ်တို့ကို အကုန်လုံး တစ်ပြိုင်နက် ရှုရမည်ဟု မဆိုလိုပါ။ မိမိအလိုရှိသော အာရုံ တစ်မျိုးမျိုးကိုဖြစ်စေ၊ ပို၍ဖြစ်စေ မိမိဉာဏ် ကျက်စားနိုင်သလောက်ကိုသာ ရွေး၍ ရှုရပါသည်။ သို့ဖြစ်၍ တစ်ဦးနှင့်တစ်ဦး အာရုံချင်း တူချင်မှတူသည်။ အတိတ်ဘ၀များက ဆည်းပူးခဲ့သော အာရုံမျိုးကို ရှုမိလျှင် မြန်မြန်ထင်မြင်လွယ်ပေသည်။

အာရုံအမျိုးမျိုးရှိသောကြောင့် ကြည့်တတ်လျှင် ပရမတ်အာရုံချည်း ဖြစ်ပါလျက် ပုဂ္ဂိုလ်အသီးသီးတို့၏ မဂ်ဖိုလ်ကို ရကြသော ၀ိပဿနာအာရုံကျတော့ အမျိုးမျိုးကွဲပြားလေသည်။

အာရုံတွေ ဘယ်လောက်ပင် များသော်လည်း အကျဉ်းချုံးလိုက်လျှင် ခန္ဓာ အာယတန ဓာတ်တို့သည်သာလျှင် ဖြစ်ကြရကုန်သည်။ ထို့ထက်အကျဉ်းချုံးပြန်လျှင် ရုပ်နှင့်နာမ်ပင် ရှိတော့သည်။ သို့ဖြစ်သောကြောင့် လောက၌ ရှိသမျှသော သဘောတရားတို့သည် ယောနိသော မနသိကာရ ထားတတ်လျှင် ၀ိပဿနာအာရုံချည်း ဖြစ်သည်။

ထို့ကြောင့် သစ္စာလေးပါးနှင့် လွတ်သော တရားမရှိ၊ ၀ိပဿနာ ကမ္မဋ္ဌာန်းနှင့် လွတ်သောတရား မရှိဟု မြတ်စွာဘုရား ဟောတော်မူခြင်း ဖြစ်သည်။

အဘယ်ကြောင့် ဤသို့ ဟောတော်မူပါ သနည်းဟူမူ -- ၀ိပဿနာ ကမ္မဋ္ဌာန်းဟူသည် နာမ်ရုပ်တို့၏ ဖြစ်မှုပျက်မှုကို မြင်အောင် ရှုရ၏။ ဒုက္ခသစ္စာကို ကောင်းစွာမြင်လျှင် သစ္စာလေးပါးကို သိရ၏။ ထို့ကြောင့် သစ္စာလေးပါးကို သိရရန် ဒုက္ခသစ္စာကို ကျကျနန မြင်အောင် ကြည့်ရမည်ဟု ဆိုခြင်းဖြစ်သည်။ ဒုက္ခသစ္စာဆိုတာ ၀ိပဿနာ ကမ္မဋ္ဌာန်း၏ အာရုံဖြစ်၏။ ၀ိပဿနာကမ္မဋ္ဌာန်း၏ အာရုံမှန်သမျှ ပရမတ်ရုပ်နာမ်ပင်ဖြစ်၏။ ပရမတ်ရုပ်နာမ်ဟူသည်မှာလည်း လောက၌ ရှိသမျှသော အာရုံများကို ခေါ်ပေသည်။

လောက၌ ကမ္မဋ္ဌာန်းနှင့် လွတ်သော ၀ိပဿနာအာရုံနှင့် လွတ်သော သစ္စာလေးပါးနှင့် လွတ်သော တရားမရှိဟူ၍ ဟောတော်မူသည်နှင့်အညီ အဋ္ဌကထာအရှင်များ မိန့်တော်မူသည့်အတိုင်း ယောနိသော မနသိကာရ ထားတတ်လျှင် ၀ိပဿနာ၏ အာရုံနှင့် လွတ်သော တရားမရှိကြောင်း သန္နိဋ္ဌာန်ကျ ယုံကြည်ရမည်။ ယုံကြည်သည့်အတိုင်း မိမိအလိုရှိသော အာရုံကို ၀ိပဿနာဖြစ်အောင် ရှုတတ်ဖို့ရာ အရေးကြီးသည်။ မရှုတတ်လျှင် ပရမတ်အာရုံ မဖြစ်ဘဲ ပညတ်အာရုံဖြစ်၍ နေတတ်သည်။ အဘယ်ကြောင့်ဆိုသော ပရမတ်နှင့် ပညတ်ဆိုတာ တခြားစီကွဲ၍နေတာမဟုတ်။ ပရမတ်ရုပ်တွေ စုဝေး၍ နေတာပင် ဖြစ်သည်။ သို့ရာတွင် ၀ိပဿနာရှုသောသူမှာ ပညတ်တည်းဟူသော ပုံသဏ္ဍာန်ကို ဖယ်လျှက် ပရမတ်အာရုံတည်းဟူသော အမူအရာ ကြိယာသဘောမျှကိုသာ တွေ့ရမြင်ရအောင် ရှုရမည် ဖြစ်သည်။ ပညတ်အာရုံကို ဖယ်ရမည်ဆိုပေမယ့် ယူ၍ ပစ်ရသလို ဖယ်ရတာမျိုးမဟုတ်ပေ။ ပညတ်အာရုံကို အရေးမလုပ် ဂရုမစိုက်ဘဲ ပရမတ်အာရုံကိုသာ အသိအမှတ် လုပ်၍ ရှုနေရခြင်း ဖြစ်ပေသည်။

ပရမတ်ကို ကြည့်လိုလျှင် ပုံသဏ္ဍာန်တည်းဟူသော ပညတ်ကို အသိမလုပ်ရ။ ပရမတ်ဖြစ်ရုံမျှထက် ပို၍ မသွားစေရ၊ ပို၍ သွားလျှင် ပညတ်ဖြစ်၍သာ သွားတော့သည်။

ပညတ်နှင့်ပရမတ်သည် နို့နှင့်ရေပမာ တစ်သားတည်းနေသောကြောင့် အခွဲရခက်၏။ ပညတ်နှင့် ပရမတ်သည် တစ်ခုစီ တစ်ခြားစီ ကွဲကွာ၍နေသည် မဟုတ်၊ တရားကိုယ်မှာ တစ်ခုတည်း သဘောလက္ခဏာသာ ကွဲပြား၏။ မူလပင်ကို သဘောကတော့ ပရမတ်ချည်းဖြစ်၏။ ပရမတ်တွေ စုဝေးနေသောအခါ ကြီး ငယ် တို ရှည် အရည် အဖတ် ဒြပ်သဏ္ဍာန် လူဟတ် နတ်သွင် သစ်ပင် တောတောင် စသည်တို့ဖြင့် ပုံသဏ္ဍာန် အလျောက် ခေါ်ဆိုပညတ် သမုတ်အပ်၏။ ထို့ကြောင့် သမုတိ ပညတ်ဟုဆို၏။ ထိုပညတ်ဟုဆိုတဲ့ ပုံသဏ္ဍာန်တစ်ခုလုံးသည် စင်စစ်တော ပရမတ်ချည်း သက်သက်သာဖြစ်သည်။ ပရမတ်မို့လို့လည်း စက္ခုဝိညာဉ်ဖြင့် မြင်ရခြင်းဖြစ်သည်။ သို့ပေမယ့် မြင်ရသောအခါ ပုံသဏ္ဍာန်က ပါ၍နေသောကြောင့် ပရမတ်တည်းဟူသော အဆင်းသည် ပုံသဏ္ဍာန်တည်းဟူသော ပညတ်နှင့် မကင်းနိုင်ရကား မြင်တိုင်း မြင်တိုင်း ပုထုဇဉ်တို့၏ စိတ်၌ သက္ကာယဒိဋ္ဌိ ဖြစ်မှန်းမသိ ဖြစ်၍ နေတတ်ကြရသည်။ မြင်တိုင်း မြင်တိုင်း ပုံသဏ္ဍာန်မပါမှ အဆင်းရူပါရုံ ဟူသော ပရမတ် အစစ် ဖြစ်နိုင်သည်။ သို့မှသာ သုတ္တနိပါတ် အဋ္ဌကထာ၌လာရှိသည်နှင့်အညီ ပရမတ်မှန်သမျှ ပုံသဏ္ဍာန်မှ ကင်း၏ဟူသောစကားနှင့်ညီပေမည်။

မြင်တိုင်း မြင်တိုင်း ပုံသဏ္ဍာန် မပါအောင်ရှုရသည်မှာ လွယ်သည်မဟုတ်ပါ၊ ၀ိပဿနာ အားထုတ်နေသူ ယောဂီ များတောင်မှ ဘင်္ဂဉာဏ်သို့ ကောင်းစွာ ရောက်မှသာ ဖြစ်နိုင်၏။ သို့ဖြစ်၍ လူကို မြင်လျှင် မြင်ရတာဟာ လူမဟုတ်ဘူးဟု စိတ်ကူး၍ သိရုံနှင့် ပညတ် ကွာသည်မမည်။ ဥပမာ နွားနို့ဟူသည် အရည်ဖြစ်၏။ အရည်သည် ရေ၏သဘောဖြစ်သည်။ သို့ရာတွင် ရေဟု ဆိုရမှာလည်း ဖြူ၍နေသော အနှစ်သဘောတွေကို မြင်ရ၏။ ထို့ကြောင့် နွားနို့နှင့်ရေကို လက်ဖြင့်လည်း ခွဲ၍မရ၊ အ၀တ်နှင့်စစ်လျှင်လည်း မဖြစ်၊ စိတ်ကူးဖြင့်လည်း မခွဲနိုင်၊ ဖြစ်နိုင်သောနည်းမှာ သံပုရာရည် ညှစ်ထည့်မှ နွားနို့မှာ ခဲသွား၏။ နို့ခဲကို ဖယ်ပစ်လျှင် ရေချည်း မြင်ရ၏။ သို့ဖြစ်၍ နွားနို့နှင့်ရေကို ကွဲအောင် သံပုရာမှ တတ်နိုင်၏။ ပညတ်နှင့် ပရမတ် ကိုလည်း ၀ိပဿနာဘာဝနာမယဉာဏ်ဖြင့် သန္တတိပျောက်အောင် မြင်ရသော ခဏိက အနိစ္စမှသာ တတ်နိုင်၏ ဟူ၍ သတိထားအပ်ပေသည်။

ဝိပဿနာအလုပ်တွင် အနိစ္စလက္ခဏာကိုမြင်ရန်သာ လိုရင်းဖြစ်၏။ အနိစ္စကိုမြင်လျှင် ဒုက္ခနှင့် အနတ္တ လက္ခဏာကိုလည်း အစဉ်အတိုင်း မြင်ရသည်ဟုဆိုပါသည်။ သို့ဖြစ်၍ ၀ိပဿနာအားထုတ်လိုလျှင် ပညတ်အာရုံကိုခွာ၍ ပရမတ် အနိစ္စကို ရှေးဦးစွာ မြင်အောင် ရှုရမည်ဖြစ်သည်။

ရုပ်နာမ်ကိုသိတယ်ဆိုတာ သုတမယ သိ၊ စိန္တာမယ သိ၊ ဘာဝနာမယ သိ၊ ပဋိဝေဓ သိဟူ၍ လေးမျိုး ရှိ၏။ သုတမယ သိ နှင့် စိန္တာမယ သိတို့မှာ ရုပ်နာမ်အကြောင်းကို ထိုက်သည့်အားလျော်စွာ အကြောင်းအကျိုးနှင့်တကွ သရုပ်ကွဲရုံမျှထက် မပိုလှပါ။ ဤသို့သိခြင်းကို ဒေသနာက္ကမနည်းအရ နာမရူပပရိစ္ဆေဒဉာဏ်၊ နာမရူပပစ္စယပရိဂ္ဂဟဉာဏ်ဟု ခေါ်ရပေသည်။ ခေါ်ရပေမယ့် ပရမတ္တသစ္စာအစစ်၏ အနေအားဖြင့် သိရသည်တော့မဟုတ်ပေ၊ ပရမတ္တသစ္စာအနေအားဖြင့် သိရတယ်ဆိုတာသည် အတ္တပစ္စက္ခ ပရမတ် အနိစ္စကို ဘာဝနာမယ ဉာဏ်အာဖြင့် သိမှသာလျှင် အမှန်အတိုင်း သိရာရောက်၏။ ဘာဝနာမယဉာဏ်ဖြင့် သိရသောအခါ ပညတ်ကို ကြဉ်ဖယ်ခွာထုတ်ပြီးဖြစ်၍ နေတော့သည်။ ဤသို့ ဘာဝနာမယဉာဏ်ဖြင့် သိရသည်ကိုလည်း နာမရူပ ပရိစ္ဆေဒဉာဏ် ဟူ၍ပင် ခေါ်ရပါသည်။ သို့ရာတွင် အဆင့်အတန်းမှာ မြင့်ပါသည်။ ဥပမာမှာ ထီထိုးပြီး စိတ်ကူးနှင့် ပေါက်သောသူနှင့် တကယ်ပေါက်၍ တကယ် ရသောသူ နှစ်ဦးကဲ့သို့ ပမာတူပါသည်။ ပဋိဝေဓသိမှာ မဂ်ဉာဏ်ဖြင့် သိရခြင်းကို ခေါ်ပါသည်။

အနိစ္စံ ခယဋ္ဌေနာတိ ဟုတွာ အဘာဝါကာရောတိ ပ၀ုစ္စတိ။

ပရမတ် အနိစ္စဆိုတာ ဖြစ်ပေါ်လာပြီး၍ အကြွင်းမရှိပျောက်၍ သွားသော သဘောကို ဆိုလိုပါသည်။

အနိစ္စာတိ ဟုတွာ အဘာဝဋ္ဌေန အနိစ္စာ။

ဖြစ်ပြီး ပျောက်သွားတာကို အနိစ္စခေါ်သည်ဟု ဆို၏။ ဥပမာ လျှပ်လက်သကဲ့သို့ ရုတ်တရက်အကြောင်းကြောင့် ဖြစ်ပြီး ချက်ချင်းပျောက်၍ သွားခြင်းမျိုးဖြစ်၏။

ပရမတ်ဝိပဿနာ အစစ်ဖြစ်ဖို့ရာ အတိတ်က ရုပ်နာမ်တို့ကိုလည်း မလိုက်နှင့်၊ အနာဂတ် ရုပ်နာမ်တို့ကိုလည်း လိုက်၍မရှာနှင့်၊ အတိတ်ရုပ်နာမ်တို့မှာ ဖြစ်ပြီး၍ မရှိတော့ သဖြင့် မတွေ့နိုင်၊ အနာဂတ် ရုပ်နာမ်တို့မှာလည်း မဖြစ်ရသေး၍ မတွေ့နိုင်၊ ပစ္စုပ္ပန် မျက်မှောက်၌ ခဏခဏ ဖြစ်ပေါ်လာသော ရုပ်နာမ်တို့ကိုသာ ဖြစ်ခိုက် ဖြစ်ခိုက် ခဏတိုင်း ခဏတိုင်းတို့၌ မလွတ်တမ်း ရှု၍နေရမည်ဟူ၍ ဖြစ်၏။ ရှေးပညာရှိများပေးသော ဥပမာမှာ ကတွတ်ဝတွင် စောင့်နေသော ဥဗျိုင်းကဲ့သို့ အတိတ်ကပေါ်လာပြီး ပျောက်သွားသော ငါးကိုလည်း လိုက်၍မရှာ။ အနာဂတ်၌ ပေါ်လာလတ္တံ့သော ငါးကိုလည်း ဖမ်းရန် စိတ်မကူး။ ပစ္စုပ္ပန်အခိုက်၌ ပေါ်လာသော ငါးတို့ကိုသာ ပေါ်လည်သည်နှင့် တစ်ပြိုင်နက် မလွတ်တမ်းဖမ်း၍ စားသကဲ့သို့ ဥပမာပေးပါသည်။

ဝိပဿနာအစစ်ဆိုတာ ပစ္စုပ္ပန်ကိုသာ ရှုရပါသည်။ အတိတ်အနာဂတ်တို့ကို လိုက်၍ နာမူနာထုတ်ပြီး စဉ်းစားခြင်းအလုပ်မှာ ၀ိပဿနာ အလုပ်ကို နားမလည်သေးသော နေယျပုဂ္ဂိုလ်တို့၏ အလုပ်သာဖြစ်ကြောင်း သတိရှိအပ်ပါသည်။ စဉ်စားဆင်ခြင် ဝေဖန်တယ်ဆိုတာ ကမ္မဋ္ဌာန်းခွင်သို့ မ၀င်မီနှင့် ကမ္မဋ္ဌာန်းခွင်မှ ထွက်သောအခါတို့၌သာ ပြုလုပ်သင့်ပါသည်။ စဉ်းစားခြင်းကို မဟာ ၀ိပဿနာ မဟုတ်ဟု ၀ိသုဒ္ဓိမဂ်၌ မိန့်ဆိုထားပါသည်။

ဒိဋ္ဌေ ဒိဋ္ဌမတ္တေန ၀ါ သုတေ သုတမတ္တေန ၀ါ မုတေ မုတမတ္တေန ၀ါ ၀ိညာတေ ၀ိညာတမတ္တေန ၀ါ ဧသေ၀န္တော ဒုက္ခဿာတိ .. ဆိုသည့်အတိုင်း မြင် ကြား နံ လျက် ထိ သိမှုတို့ဖြစ်သော အခါ မြင် ကြား နံ လျက် ထိ သိရုံမတ္တမျှတို့သည်သာလျှင် ဆက်ကာ ဆက်ကာ အစဉ်မပြတ် ဖြစ်အောင် အားထုတ်၍ နေနိုင်မည်ဆိုလျှင် မြင်ပျက် ကြားပျက် နံပျက် ထိပျက် သိပျက်မှုတို့ကို သာလျှင် သိ၍ နေရသောကြောင့် ပညတ်အာရုံများ မထင်ရှားတော့ဘဲ ဖြစ်ပျက် အနိစ္စကိုချည်း သိနေရသောကြောင့် ဤသို့သိရှိလျက် နေရခြင်းသည် နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်း တရားအစစ် အနိစ္စ ၀ိပဿနာဖြစ်၍ နေတော့သည် ဟု ဆိုလိုရင်း ဖြစ်၏။

အသိအမြင် စင်ကြယ်မှန်ကန်ကြပါစေ ..

မေတ္တာဖြင့်

tno

မှတ်ချက်။ ။ ၀ိပဿနာပါရဂူဆရာကြီးရေးသားသော ၀ိပဿနာပါရဂူကျမ်း ၄ စောင်တွဲမှ ထုတ်နှုတ် မှတ်သားဖော်ပြပါသည်။

https://www.facebook.com/kotheinnaingohn

https://www.facebook.com/%E1%80%93%E1%80%99%E1%81%BC%E1%80%95%E1%80%AB%E1%80%9C-1451534851734569/timeline/

No comments:

Post a Comment