October 12, 2015

မူတိမ်ကင်း၍ ရှင်းစေသော်( ဗုဒ္ဓဂါယာခရီးသွားသံဝေဂ )


"အရှင်ဘုရား.. ဟိုကျောက်တုံးကြီးဟာ ဘုရားလက်ထက်က ဘာလဲဘုရား...။"
"မသိဘူးဗျာ...။"
"ဟင်...ဘာတစ်ခုမှ မေးလို့မရပါလား၊ မသိဘူးချည်းပဲ။"
"ခင်ဗျားက တွေ့ကရာ မေးတာကိုး အဆောက်အဦးအဟောင်းကစ မြင်သမျှ မေးနေတော့
ကျုပ်ကဒါတွေအကုန်လုံး ဘယ်လိုလုပ်သိ မှာလဲ။"
"အရှင်ဘုရား သိတာကော ရှိသေးလို့လား။"

"ရှိတယ်၊ သိတယ်၊ အကုန်သိတယ် မဖြေချင်လို့မဖြေတာ ရှင်းပြီလား...။"
"အရှင်ဘုရားက ဂိုက်ပဲ မေးရင် ဖြေရမှာပေါ့။"
"ဟုတ်ပြီဗျာ...ခင်ဗျားကြီးမေးသမျှ ကျွန်တော်မျိုးတစ်ခုမကျန် အကုန်ဖြေပါ့မယ်ဗျာ။ ကိုင်းကျေနပ်ပြီလား...။"
ဘုရားဖူးအဖွဲ့ထဲ လျှာရှည်တဲ့ သီလရှင် ကြီးတစ်ပါးပေါ့။ စာပေတော်တော် ဖတ်ထားပုံရတယ်။
ဗဟုသုတကလည်း ကြွယ်မှကြွယ်။ ဟိုစပ်စပ် ဒီစပ်စပ်။ ပါးစပ်က အငြိမ်မနေ။ တွေ့ကရာရှောက်မေး၏။
အစကတော့ ဂိုက်ဘုန်းကြီး က သူ့ကို တော်တော်လန့်နေ၏။ အကြောင်းသိ သွားတော့လည်း အဆင်ကိုပြေလို့။
မေးချင်ရာ မေး ဂိုက်ဘုန်းကြီးကလည်း ဖြေချင်ရာဖြေတော့၏။ သူတို့နှစ်ဦး အပေးအယူတည့်သွားတာ ကိစ္စမရှိ။
အတူသွားခရီးဖော်တွေ မရူးသွားတာပဲ ကံကောင်း...။
***************************
ဂင်္ဂါရေ အတုလုပ်နည်း
-----------------------
ဗာရဏသီမြို့တွင် တသွင်သွင် စီးဆင်းနေသော မြစ်ချောင်းတစ်ခုရှိ၏။
ဘုရားလက် ထက်ကတည်းက ဂင်္ဂါမြစ်ဟူသောအမည်ဖြင့် ယနေ့တိုင် တည်ရှိနေခြင်းဖြစ်၏။
ဒေသခံပြည် သူတို့သည် ထိုမြစ်ရေကိုချိုးကာ ကိလေသာ
အပြစ်များ ကင်းစင်သည်ဟု အယူရှိကြ၏။ ရေချိုးနေကြသူများ အဝတ်လျှော်နေကြသူများ သောက်သုံးရေခပ်
နေကြသူများဖြင့် စည်ကားစွာ တွေ့မြင်နေရ၏။ ကျွဲ၊ နွားတို့၏ ကျင်ကြီးကျင်ငယ်များ ဒေသခံပြည်သူတို့၏ ကျင်ကြီး၊
ကျင်ငယ်များ မြောင်းကြိုမြောင်းကြားမှ အညစ်ကြေးများဖြင့် ရောထွေးညစ်ပက်နေသော ထိုမြစ်၌ မရွံမရှာရေချိုး
ခြင်းကြောင့် ကိလေသာ အပြစ်ကင်းစင်၏ဟူသည် အံ့ဖွယ်တစ်ခုပင် ဖြစ်နေတော့၏။
ရွေမြန်မာတို့အဖွဲ့ ထိုမြစ်သို့ သွားရောက်ကြည့်ရှူရင်း သီလရှင်၏စကား ထွက်ပေါ်လာ၏။
"အော်...ကိလေသာ အပြစ်တွေ ကင်းစင်ဖို့ အတွက် ဂင်္ဂါမြစ်ထဲ ရေချိုးနေကြတာကိုး၊ ဆင်းချိုးချင်လိုက်တာ...။ "
"ဆရာလေးက ကျူးလွန်ထားတဲ့ အပြစ် တွေ တော်တော်များနေပြီနဲ့တူတယ်။ "
" မရှိပါဘူး...။အရှင်ဘုရားကို စိတ်ဆိုးတဲ့အကုသိုလ်ပဲရှိတယ်။"
"အဲဒီ အကုသိုလ်က ရေချိုးလို့ပျောက်မှာ မဟုတ်ဘူး၊ ဒေါ်လာနဲ့တောင်းပန်တောင်မှ ပျောက်ချင်မှ ပျောက်မှာ၊
ချိုးမနေနဲ့ အချိန်မရှိဘူး။ "
" ဒါဖြစ်ရင် မြန်မာပြည် ယူသွားချင်လို့ ဂင်္ဂါမြစ်ရေတစ်ဗူးလောက် ခတ်ပေးစမ်းပါ။ "
" လုပ်ပြန်ပြီ ဆရာလေးကလဲ၊ လေယာဉ်ပေါ် ရေသယ်ခွင့် မရှိဘူးဗျ...။ "
" အင်း ...ဟုတ်သားပဲ ၊ ဒီဂင်္ဂါမြစ်ရေတွေ အခြောက်လှန်းပြီး ယူသွားလို့ရရင် ကောင်းမှာပဲ...။ "
"လွယ်ပါတယ်ဆရာလေး...။ ရေသန့်ထဲ နွားချီးနဲ့ကုလားမစင်ရောမွေလိုက်ရင် ဂင်္ဂါမြစ်ရေ ဖြစ်သွားမှာပဲ၊
ဒီတော့ ကုလားမစင်ခြောက် တစ်ပုံလောက် ကောက်ထည့်သွားပေါ့။"
" အရှင်ဘုရားက ပြောလိုက်ရင် အပေါက်လမ်းကိုမတည့်ဘူး တစ်လမ်းလုံး ဘုကန့်လန့်ကြီးပဲ၊
ကိုယ့်အမေလောက် ရှိတဲ့ဟာကို အဆင်ပြေအောင်ပြောမှပေါ့။ "
" အဆင်ပြေအောင်ပြောတာပဲ ဒီထက် အဆင်ပြေချင်ရင်တော့
ကုလားတွေနဲ့ရောပြီး ဂင်္ဂါမြစ်ထဲနေခဲ့ရုံပဲ။ "
တကယ်တော့ ဂင်္ဂါမြစ်ရေချိုးလို့ ကိလေသာအပြစ်ဘယ်နည်းနဲ့မှ မကင်းစင်နိုင်ဘူးဆိုတာလေးလောက်တော့
ဗုဒ္ဓဘာသာ ရွေမြန်မာတို့ သိသင့်ပါတယ်လေ။
**************************
အမေ မတော်ပါရစေနဲ့
............................
"ရှေးရေစက်ကြောင့် ဒီနေရာကိုရောက်လာရတာ ဘုရားနဲ့ဆွေမျိုးတော်ခဲ့လို့ပဲဖြစ်မှာ- မဟုတ်လားဘုရား...။"
ရာဇဂြိုလ်မြို့၌ ဘုရားဖူး လှည့်လည်ရင်း သီလရှင်ကြီး၏မေးခွန်းဖြစ်၏။
" အင်း ...ဟုတ်မှာပေါ့။ "
"ဟုတ်မှာပေါ့ ..တဲ့၊ ပေါ့ပျက်ပျက်နိုင်လိုက်တာ ဟုတ်ကိုဟုတ်တယ် အတိကျပဲ၊
ကြိုက်တဲ့ ပညာရှင်ကို သွားမေး။
အော်...သတိရတုံးမေး ရဦးမယ်၊ ဒေဝဒတ်မြေမျိုခံရတာ ဘယ်နေရာလဲ ဘုရား...။ "
" သတိရနေရင်လည်း လိုက်သွားဗျာ။ ဟို...ချောက်ကြီးထဲ ဆင်းသွား။ "
" မေးကြည့်တာပါဘုရား၊ တကယ်ပဲ ဒေဝဒတ်က သူ့အဖေ မို့လားမသိဘူး။ "
အမလေး..ခင်ဗျားကို အမေ မတော်ပါရစေနဲ့ဗျာ- ဟု ဂိုက်ဘုန်းကြီးက ပြန်ပက်လိုက်၏
သီလရှင်ကြီးကို ဒေဝဒတ်၏ဇနီးဟု ပရိယာယ်သုံးလိုက်ခြင်းဖြစ်၏။
" ကုသိုလ်ရမလားလို့ ပိုက်ဆံအကုန်ခံပြီး ဘုရားဖူးထွက်လာပါတယ်၊ ကုသိုလ်မရတဲ့အပြင် ဒေဝဒတ်နဲ့တောင်
အပေးစား ခံရသေးတယ်။ အေးလေ...ဝဋ်ကြွေးရှိရင်လည်း မြန်မြန်ကုန်ပါစေလို့ ဆုတောင်းရမှာပဲ။ "
" ဆရာလေးပဲ အမျိုးတော်ခဲ့တယ်ဆို။ "
" ဘုရားနဲ့တော်ခဲ့တယ်လို့ ပြောတာပါ။ "
"ဘုရားနဲ့ဒေဝဒတ်ကလည်း အမျိုးတွေလေ ဘုရားနဲ့ဆွေမျိုးဆိုရင် ဒေဝဒတ်နဲ့လည်း အမျိုးတော်သွားမှာပဲ။ "
"တပည့်တော်က ဒေဝဒတ်သွေး မပါပါဘူး။ "
" ဒေဝဒတ်သွေးမပါရင် နိဗ္ဗာန်ရောက်တာ ကြာပြီ။ "
" ဒါဆို အရှင်ဘုရားလည်း ဒေဝဒတ်သွေး ပါနေလို့ပဲ။ "
" ဟာ...သားအမိ မတော်ချင်ပါဘူး ဆိုနေမှ။ "
" ဒီကလည်း မတော်ချင်ပါဘူးတော်... ပိုက်ဆံလှူရမှာစိုးလို့ကို မတော်ချင်တာ ကဲ..မှတ်ကရော။ "
သူကပ်စေးနည်းတာ သူများသိအောင် ထည့်ကြေငြာနေသေးတယ်။
အမှန်တော့ ဘုရားနဲ့ဆွေမျိုးတော်ချင် နေကြတဲ့သူတွေ တရားမရှိရင် ဒေဝဒတ်ရဲ့အမျိုးပဲဆိုတာ သိကြပါတော့လေ...။
********************
လျှာရှည်မိတာ ငါ့အမှား
............................
" အရှင်ဘုရား...ဟို..အရှေ့နားက တောအုပ်က ဘာလဲဘုရား။ "
" အော်...ဟိုတောအုပ်လား၊ ဆရာလေး ရှိခိုးလိုက်။ "
ဂိုက်ဘုန်းကြီး၏စကားကြောင့် ဆရာလေး ထိုတောအုပ်ကို ထိုင်ရှိခိုးလိုက်၏။ ကျန်ဘုရားဖူး အဖွဲ့သားများကလည်း
ဘုမသိ ဘမသိ ထိုင်ရှိခိုး လိုက်ကြ၏။ ဆရာတော်ကြီးတစ်ပါးလည်း ရောယောင်ပြီး ရပ်လျှက်ပင် လက်အုပ်ချီမိုး
ရှိခိုးလိုက်သေး ။ အမှန်ကိုဝန်ခံရရင် မိမိလည်း ထို့အတူ။
ဆရာလေးက ဂိုက်ဘုန်းကြီးကို အမိန့်ပေးလိုက်၏၊ ရှင်းပြဦးလေ...။
" ဟုတ်ကဲ့၊ အာရုံပြုထားပါ၊ အဲဒါအရှင် အာနန္ဒာ မစင်စွန့်ခဲ့တဲ့ နေရာပေါ့။ "
" ဟာ...အရှင်ဘုရားကလဲ၊ အေးလေ ... ငါကိုက လျှာရှည်မိတာကိုး ခံရမှာပေါ့။ "
ဆရာလေးခံရတာ ကိစ္စမရှိဘူး၊ ကျုပ်တို့ပါခံလိုက်ရတယ်..ဟု ဘုရားဖူးတစ်ဦးက ဝင်ပြော၏။
"အမလေး၊ မစင်ယိုတဲ့နေရာရှိခိုးလို့ ငရဲ မကြီးပါဘူးတော်၊ လိမ်ညာပြီး ရှိခိုးခိုင်းတဲ့သူသာ ငရဲကြီးတာ။ "
" ငရဲကြီးတော့ ချောင်ချောင်ချိချိနေလို့ ရတာပေါ့။ "
***********************
ရှိမခိုးနဲ့
.. ...........
"အရှင်ဘုရား...ဟိုမှာ ကျောက်ခဲလေးတွေတန်းစီချထားတဲ့ ရေအိုင်လေးကဘာလဲ ဘုရား။"
"သွားမရှိခိုးနဲ့။ "
" ဘာကြီးမို့လို့လဲ။ "
" အဲဒါဘုရားလက်ထက် ဆဗ္ဗဂ္ဂီရဟန်းဆိုးတွေ ကျင်ငယ်စွန့်ခဲ့တဲ့နေရာ။ "
" လုပ်ပြန်ပြီ။ "
ဟုတ်ချင် ဟုတ်နေမှာ ဆရာလေးရဲ့....ဘာဖြစ်လို့လဲဆိုတော့ ဒီကုလားတွေက စိတ်ထင် ရာကိုးကွယ်ကြတာ၊
ဂိုက်ဘုန်းကြီး၏ လက်ထောက် ဦးဇင်းတစ်ပါးက ဝင်ရှင်းပြ၏။ သူတို့ကလေ နွားတွေ့လည်း ဘုရားဆိုပြီး
ရှိခိုးလိုက်တာပဲ တောတွေ တောင်တွေ ကျောက်တုံးတွေ သစ်ပင်တွေ ပူစီနံပင်လေးကအစ တွေ့ကရာရှိခိုးကြတာ
လူတွေကိုလည်း ဖြူနီအညိုတစ်ခုခု ထူးထူးခြားခြား ဝတ်ဆင်ထားတဲ့သူတွေ ပုတီးကြီးကြီး တောင်ဝှေး ရှည်ရှည်
အချွန်အတက် တစ်ခုခု ထူးထူးခြားခြား ကိုင်ထားတဲ့သူတွေတွေ့ရင်လည်း ကိုးကွယ်လိုက်တာပဲ သူကဘုရား
ငါကဘုရားနဲ့ ကိုးကွယ်စရာ ဘုရားတွေက သူတို့မှာ မရေရာဘူး၊ အများကြီးပဲ။
" အင်း...သီလရှင်ဆိုတာ ဒီမှာမရှိတော့ သူတို့အတွက် ထူးခြားနေမှာပဲနော်ဘုရာ့၊ တပည့် တော်လည်း ဂိုဏ်း
တစ်ခုထောင်ပြီး ဘုရားလို့ ကြွေးကြော်လိုက်ရင် ကိုးကွယ်ကြမှာပဲ။ "
" ဂိုက်ဘုန်းကြီးက အမြင်ကပ်ကပ်နဲ့ အော် ပြောလိုက်၏၊ အမလေး...ဘုရားလက်ထက်က စိဉ္စမာနတို့
မာဂန္ဓီတို့လို မိန်းမဆိုးတွေတောင် ဘုရားလို့ မကြွေးကြော်ခဲ့ပါဘူးဗျာ၊ ခင်ဗျားကျမှ။ "
" ဘာဖြစ်လဲ၊ မိန်းမဘုရားပေါ်ပြီဟေ့..လို့ ကမ္ဘာ တောင်ကျော်သွားဦးမယ်
နွားကိုးကွယ်တာနဲ့ စာရင်တော်သေးတာပေါ့။ "
" ဒါဆို ကြွေးကြော်လိုက်လေ၊ ကျုပ်က ဒေဝဒတ်လုပ်ပြီး ကျောက်ခဲကြီးနဲ့ကို ဖိသတ်ဦးမှာ။ "
" အလကား ပြောတာပါ၊ မြတ်စွာဘုရားက သမီးမိုက်မဲလေးကို ခွင့်လွတ်ပါ၊ သြကာသ, သြကာသ...။ "
‘‘အတ္တာဟိ အတ္တနော နာထော’’ ကိုယ့်ကိုယ်ကိုသာအားကိုးရမယ်-ဆိုတဲ့ ဗုဒ္ဓစကား ကုလားတွေကပြောင်းပြန်ယူပြီး
မိမိမှတစ်ပါးကျန် အရာအားလုံးကို ကိုးကွယ်နေကြတာကို ရွေမြန် မာတို့ သံဝေဂမယူပဲ အတုယူမှားသွားမှဖြင့်...။
*************************
အပြစ် မဆိုသာပေမဲ့
..........................
" ဘုရားဖူးသူတော်စင်အပေါင်းတို့ ... ဒီနေရာကတော့ အရှင်သာရိပုတ္တရာ သင်္ဂါယနာ တင်သွားခဲ့တဲ့နေရာပေါ့။ "
"အရှင်သာရိပုတ္တရာက သင်္ဂါယနာ တင်လို့လား ဘုရားအရင်ပရိနိဗ္ဗာန်ပြုသွားတဲ့ ဟာကို။ "
" ခင်ဗျားသိရင်လည်း အသာနေလိုက်စမ်းပါဗျာ၊ ဒီကမသိတဲ့သူတွေကို ရှင်းပြနေတာ...
ခင်ဗျားမွှေလို့ ကျုပ်ဦးဏှောက်တွေတောင် ဘာဖြစ်ကုန်မှန်း မသိတော့ပါဘူး။ "
" နဂိုကတည်းက ဘာဖြစ်နေမှန်းမှမသိတာ သူများက တရားခံကိုဖြစ်လို့ သတိပြန်လည်လာလို့ တော်သေးတာပေါ့။ "
" နဂိုကအကောင်းဗျ ခင်ဗျားနဲ့တွေ့မှ လူကို ရူးချင်သလိုလို ဖြစ်သွားတာ။ "
"ခုနတုန်းကလည်း ဟိုကျောက်တုံးက ဘာလဲမေးတော့ ရှင်မဟာကသပ သင်္ကန်းလှမ်းတဲ့နေရာ
ဟိုနေရာကဘာလဲမေးရင် ဥပါလိ အပန်း ဖြေတဲ့နေရာ၊ ဟိုနေရာကကောဆိုတော့ ဘုရား မောလို့
ခဏနားတဲ့နေရာလို့ ရမ်းမှန်းပြီး ဖြီးဖျန်းနေတာ။ အရှင်ဘုရားကိုက ပေါက်ကရရှစ်ဆယ်။ "
" အင်း...ခင်ဗျားက ပေါက်ကရကိုးဆယ် ငါရှင်းပြတာ အသာနားထောင်တာ မဟုတ်ဘူး တောမေးတောင်မေးနဲ့။ "
" မသိလို့မေးတာပဲ ဘုရာ့။ "
" အေးလေ.. ဒီကလည်း မေးလို့ ဖြေတာ ပဲ၊ မဖြေရင် ဆရာလေးပဲ စိတ်ဆိုးဦးမှာ။ "
တကယ်တော့ မေးသူက ကြားဖူးသမျှ မေးနေတော့လည်း ကြံဖန်ပြီး ဖြေရ၊ ကုလားတွေကလည်း ကြံဖန်ပြီး
ပုံဖေါ်ပေးရ၊ အပြစ်မဆိုသာပေမဲ့ ရွေမြန်မာတို့တစ်နှစ်ကို ကုဋေတစ်ထောင် ကျော် ... တဆယ့်ခြောက်သန်းကျော်
ဆိုတဲ့ ကုန်ကျငွေနဲ့ ထိုက်တန်တဲ့ ရလာဘ်လေး ရသွားသင့်တာပေါ့။
*********************
သဲပိပြီး သေသွားပြီ
.........................
ဒါကတော့ နေရဉ္ဇရာမြစ်လို့ခေါ်ပါတယ်၊ မိုးတွင်းမှာ ရေအနည်းငယ် စီးဆင်းတာက လွဲလို့ ကျန်တဲ့အချိန်မှာ
အခုလိုသဲပြင်ကြီးပဲ ဖြစ်နေပါတယ်၊ သဲပြင်ကို တစ်တောင်လောက် တူးယက်လိုက်ရင် ရေထွက်ပါတယ်၊
ကုလားတွေဟာ ဒီမြစ်ထဲမှာ ကျင်ကြီးစွန့်ကြပါတယ်၊ ပြီးရင် ဒီရေနဲ့ပဲ သန့်စင်၊ ဒီရေနဲ့ပဲ မျက်နှာသစ်၊ ဒီရေနဲ့ပဲ
ပလုပ်ကျင်း၊ သောက်သုံးခြင်းအမှုတို့ကို မရွံမရှာ ပြုလေ့ရှိပါတယ်၊ လူတွေ နွားတွေ သေရင်လည်း
ဒီမြစ်ထဲမှာပဲ သဂြိုလ်လေ့ရှိကြပါတယ်။
ဂိုက်ဘုန်းကြီး စကားဆုံးသည်နှင့် သီလရှင်၏မေးခွန်း ပေါ်ထွက်လာ၏၊ အရှင်ဘုရား
ဘုရားရှင်ရွေခွက်မျှောတဲ့ နေရဉ္ဇရာမြစ်ဆိုတာ ဒါလား ဘုရား။
" ဟုတ်ပါတယ်...။ "
"ရေလည်းမရှိဘူးဆိုတော့ ဘုရားအဆူဆူ မျှောခဲ့တဲ့ ရွေခွက်ကိုစောင့်နေတဲ့ ကာဠနဂါးကြီး
အခုဘယ်ရောက်သွားလဲဘုရား။ "
" အခုမရှိတော့ဘူး၊ သဲတွေပိပြီး သေသွားပြီ။ "
" ဟော...လုပ်ပြန်ပြီဘုကန့်လန့်၊ အရှင် ဘုရားကို ဘယ်သူပြောတာလဲ။ "
" မယုံရင် သွားဖော်ကြည့်ပေါ့။ "
" အင်း ...ရွေခွက်တွေ့လို တွေ့ငြား သွားတော့ ဖော်ကြည့်ချင်သား။ "
" ကုလားမစင်တွေ လက်မှာပေသွားရင် ကျုပ်တာဝန်မဟုတ်ဘူးနော်...။ "
" တပည့်တော်မေးရင် ကောင်းကောင်း ဖြေဖို့ အရှင်ဘုရားမှာ စိတ်ကူးမရှိတော့ဘူးလား။ "
" မရှိတော့ဘူး။ "
ဒါဆိုလဲ ပြီးရော၊ ဘယ်တော့မှ မမေးတော့ဘူး။
သာဓုဗျာ...သာဓု, စိတ်ချမ်းသာလိုက်တာ၊ မမေးတော့ဘူးဆိုလို့။
********************
ဆွမ်းဆန်ခံပြီး စုထားတဲ့ ပိုက်ဆံ
................................
" အရှင်ဘုရား။ "
" ဟော...မေးပြန်ပြီ။ "
" မေးတောင် မမေးရသေးပါဘူး၊ အဖြစ်သည်းနေလိုက်တာ။ "
" အခုမေးမလို့ မဟုတ်လား။ "
မေးမှာပဲ၊ ဆယ့်ရှစ်နှစ်လုံးလုံး ဆွမ်းဆန်ခံပြီး စုထားတဲ့ပိုက်ဆံတွေ ဆယ်သိန်းကျော်ကြီးတောင် မှ
အကုန်ခံပြီး လာရတာ၊ ကုလားတွေ အပေါ့အပါးသွားတာချည်းပဲ မြင်သွားလို့ မကိုက်ဘူး။
(အော်...တစ်ယောက်ကို ဆယ်သိန်း ကျော်ကုန်တယ်ဆိုပဲ၊ မြန်မာနိုင်ငံက ဘုရားဖူးသူဦးရေ တစ်နှစ်မှာတစ်သောင်း
လေးထောင်ကျော် ထွက်လာကြတယ်ဆိုတော့ ကုဋေပေါင်း များစွာကုန်မှာပဲ...ဟု ဆွေသုဝဏ်-တွက်ချက်ရင်း
အတွေးနယ်ချဲ့နေမိ၏)
အမြတ်အစွန်းလေးရအောင် မေးစရာ ရှိမေးမှာပဲဦဟု ဆရာလေးက ဆက်ပြောနေ၏။
အေးလေ...ဆရာလေးက အရှုံးနဲ့ ချည်း ရင်ဆိုင်နေရသလားမှ မသိတာ၊ ဒီတစ်ခါ အမြတ်ထွက်အောင်မေးတာလေးကို
ဖြေဆိုပေးရမှာပေါ့၊ ကဲ...မေး....မေး၊ ဘာမေးဦးမလို့လဲ။
" မေးချင်စိတ်တောင် မရှိတော့ဘူး၊ တပည့်တော်ဘဝမှာ အရှုံးဆိုတာ ဘာတစ်ခုမှ မရှိဘူး မှတ်ထား။ "
" လိမ်မနေပါနဲ့ လိုတာမရလို့ သီလရှင် ဝတ်လာတာမဟုတ်လား- ဟု ဂိုက်ဘုန်းကြီးက ရယ်စရာ ပြောလိုက်၏။ "
" အမလေး...မျက်လုံးတစ်ဖက် မှိတ်ပြလိုက်ရင် တစ်ပြုံကြီးရောက်လာလို့ ခေါင်း ခေါက်ယူလို့ရတယ်။ "
" ဒီအရွယ်ကြီးနဲ့လား။ "
" ငယ်ငယ်က ပြောတာပါ၊ တကယ်ပဲ ဘယ်လိုဘုန်းကြီးနဲ့ တိုးနေမှန်းတောင်မသိဘူး၊ ဒီက ဒါတွေစိတ်မဝင်စားလို့
သီလရှင် ဝတ်လာတာပါနော်၊ ယူမယ်ဆိုရင် ကျော်ဟိန်းကိုတောင် ယူလို့ရတယ် မှတ်ထား။ "
" ကဲလေ... ထားပါတော့ ကြွားမနေပါနဲ့၊ မေးစရာရှိတာသာ မေးပါ၊ ဘာမေးဦးမလို့လဲ။ "
" တော်ပြီ...တော်ပြီ တစ်သက်လုံး မမေးတော့ဘူး။ "
*********************
ဘယ်ဘုရားမှ ချွတ်မရ
............................
အရှင်ဘုရား..ဒီဂါယာမြို့က ကုလားတွေဟာ တော်တော်အောက်တန်းကျတာပဲနော်၊ ဘုရားပွင့်ခဲ့တဲ့နေရာက
လူတွေဆိုတော့ ဘုရား ဆွေတော်မျိုးတော်တွေမို့ တော်တော်ယဉ်ကျေး သိမ်မွေ့ကြမှာပဲ-လို့ ထင်ခဲ့တာ၊
ခုတော့... တခြားစီပဲ၊ အဲဒါ ဘာဖြစ်လို့လဲဘုရား။
ဘုရားဖူးခရီးမှအပြန် ဆရာဝန်တစ်ဦး က မိမိအား မေးလာ၏ ထိုဆရာဝန်ကား မြန်မာ နိုင်ငံသား အင်္ဂလန်
နိုင်ငံမှာနေတဲ့ မျက်စိဆရာဝန်ပါ သူက ဗုဒ္ဓဂါယာဘုရားဖူးခရီးတလျှောက် အောက်တန်းစား ကုလားတွေကို
မြင်ခဲ့ရပြီး အတော်စိတ်ပျက်နေပုံရ၏။ အမှန်တော့ အိန္ဒိယနိုင်ငံဟာ ကြီးမားသော တိုးတက်သော နိုင်ငံတစ်
နိုင်ငံဖြစ်၏။ သို့သော်လည်း ဘုရားပွင့်ခဲ့သော နေရာ၊ ဗုဒ္ဓအထိမ်းအမှတ်ရှိသော နေရာများ၌ကား
ယခုအခါ တောတောင်အဖြစ်နှင့်သာ တည်ရှိပြီး ထိုဒေသဝန်းကျင်၌ ဆင်းရဲသူ လူတန်းစားတို့သာ ရှိကြ၏။
စကားအပြောအဆိုကြမ်းတမ်းလှ၏။ ဆက်ဆံရေး မပြေပြစ်။ ကားသမား လန်ချားနင်းသမား ဈေးသည်များသည်
နိုင်ငံခြားသားများ အပေါ် ညစ်ပတ်ကြ၏။ ပစ္စည်းတစ်ခုခုဝယ်လျှင် ဘယ်ဈေးလဲဟု မေးလိုက ကစ်တနား ဟဲ ဟု
သူတို့ဘာသာဖြင့်မေးက ဈေးနှုန်း အမှန် ရနိုင်သော်လည်း ဟောင်းမတ်ခ်ျ (How Much) ဟု အင်္ဂလိပ်ဘာသာဖြင့်
မေးက တစ်ဆယ်တန် ကို ငါးဆယ်တောင်းတော့၏။ ကျင်ကြီးကျင်ငယ် စွန့်ရာ၌လည်း လူရှေ့သူရှေ့မရှောင်
လမ်းနဘေး၌ အရှက်ကင်းမဲ့စွာ စွန့်လေ့ရှိကြ၏။ လစ် ရင်လစ်သလို လုယက်ခိုးယူတက်ကြ၏။
စည်းကမ်းမဲ့ သူတောင်းစားများ အလွန်ပေါများ၏။ ထိုအခြင်းအရာကို မျက်စိဆရာဝန် မြင်ခဲ့ရ၍ အတော်
စိတ်ပျက်နေပုံရ၏။ နဂိုအထင် ကြီးစိတ်တွေပျောက်ပြီး သူကိုးကွယ်နေသော ဗုဒ္ဓဘာသာအပေါ် အထင်သေး
သွားဟန်တူ၏။ ထိုကြောင့်လည်း ဘုရားပွင့်သော နေရာက လူ တွေဘာကြောင့် အောက်တန်းကျနေရတာလဲ
ဟူသောမေးခွန်းကို မေးနေခြင်းဖြစ်၏။
မိမိက ထိုဆရာဝန်အား ဖြေသိမ့်စကား ပြောကြား၏။ ဒီလိုရှိတယ် ဒကာကြီးရဲ့၊ ဘုရားက သူ့သက်တမ်း
တစ်လျှောက်လုံး ဟောလို့ရသမျှ ချွတ်လို့ရသမျှ နိဗ္ဗာန်ကိုအကုန်ခေါ်သွားပြီ၊ ကျန် တဲ့ ကုလားတွေက
ဘယ်လိုမှ ဟောမရ ပြောမရ ချွတ်မရလို့ ဘုရားတောင် လက်လျှော့ခဲ့ရတဲ့ သူတွေပဲ
ဒီဂါယာမြို့မှာ စုပုံနေကြတာ။
"အော်...ဟုတ်မှာပဲ၊ ဒီကုလားတွေက ဘယ်ဘုရားမှ ချွတ်မရလို့ ကျန်နေခဲ့တာကိုး။ "
" ဟုတ်တာပေါ့ ဒကာကြီး။ "
" ဒါနဲ့ အရှင်ဘုရားတို့ကော ဘာဖြစ်လို့ ကျန်နေတာလဲ၊ ဘုရားက ကျွတ်အောင်မဟော သွားလို့လား။ "
"ဟင်...ခက်ပြီ၊ ဒကာကြီးကလည်း အချင်းချင်းရန်,စနေပြန်ပြီ၊ ချွတ်မရလို့မဟုတ် ဘူးဗျ၊ အနာဂတ်သာသနာအတွက်
လုပ်စရာတွေရှိသေးလို့ ဘုရားကသက်သက်ချန်ထားခဲ့ တာ၊ ဒကာကြီးကိုတော့ ဘုရားက ချွတ်သွားသင့်တာပေါ့။ "
" ဟာ...ဘယ်ဖြစ်မလဲ၊ တပည့်တော်က အရှင်ဘုရားတို့ကို မျက်စိကုပေးရအုံးမှာလေ၊ ဒီအတွက် ဘုရားက
သက်သက်ချန်ထားခဲ့တာ။ "
" ဒါဖြစ်ရင် အခမဲ့ကုပေးပါလားဗျ၊ ဘာဖြစ်လို့ ပိုက်ဆံယူရတာလဲ။ "
" ဘုရားက တပည့်တော်ကို ဆေးမှ အလကားမပေးခဲ့ပဲ၊ ကိုယ့်ဟာကို ဆေးဝယ်ပြီးကုရတာဆိုတော့
ပိုက်ဆံယူမှဖြစ်တော့မှာပေါ့။"
" တော်ကြပါစို့ဗျာ၊ ကျုပ်တို့ပြသနာထဲ ဘုရားကို ဆွဲမထည့်ပါနဲ့။ "
တကယ်တမ်းတော့ သံသရာခရီးသွား တွေချည်းမို့ အတူတူလောက်ပါပဲလေ။
**************************
သူတောင်းစား ကရုဏာ
---------------------------
အခု သွားနေတာကတော့ ဆရာဇီဝက ရဲ့ ဆေးဥယျာဉ်ပဲဖြစ်ပါတယ်၊ မကြာခင်မိနစ် အတွင်းမှာပဲ ရောက်ကြမှာပါ၊
အဲဒီဥယျာဉ်ကို ရောက်တဲ့အခါ မိမိမှာရှိတဲ့ကုသိုလ်တွေကို အာရုံ ပြုပြီး ကျန်းမာရေးအတွက် ဆုတောင်းနိုင်ပါတယ်၊
ဟော...ပြောရင်းနဲ့ပဲ ဆေးဆရာဇီဝကရဲ့ ဥယျာဉ်သို့ရောက်ပါပြီ၊ ကြည့်ရှုလေ့လာနိုင်ပါပြီ။
ဂိုက်ဘုန်းကြီး၏ စကားသံအဆုံး မြန်မာ ဘုရားဖူးအဖွဲ့သည် ကားပေါ်မှ အသီးသီးဆင်းကြပြီးဥယျာဉ်အတွင်း
ဝင်ကြ၏၊ ရွေငွေအပြည့် ဝတ်ဆင်လာသော မြန်မာအဖွဲ့ကို တွေ့ရသဖြင့် သူတောင်းစားလေးများ အားတက်သရော
ပြေးလွားကာ ရောက်လာကြ၏၊ သူတို့လက်ထဲ ဘီစကွတ် မုန့်တစ်ခုစ နှစ်ခုစ ကိုင်ထားကြသည်ကို တွေ့ရ၏၊
ရှေ့ဘုရားဖူးဧည့်သည်များ ပေးသွားဟန်တူ၏။ မြန်မာဘုရားဖူးအဖွဲ့သည် ဥယျာဉ်အတွင်း ကြည့်ရှုရင်း
လူတစ်ရပ်သာသာခန့်ရှိသော ဇီးပင်အုပ်လေးတစ်ခုစီ ပြေးကပ်ကြ၏၊ ထိုဇီးပင် လေး၌ လက်သန်းဖျားလောက်
ဇီးကင်းလေး များကို တွေ့ရသဖြင့် ဆေးဖက်ဝင်တယ်ဆိုပြီး မြန်မာများ သူ့ထက်ငါ လုယူခူးဆွက်စားနေကြသည်ကို
တောင်းရန်ရောက်လာသော ကလေးများက တအံ့တသြငေးမော ကြည့်ရှုနေလေတော့၏၊ တချို့မတောင်းကြတော့ဘဲ
စိတ်ပျက်စွာ လှည့်ပြန်သွားကြသည်ကိုလည်း တွေ့ရ၏။
တို့မစားတဲ့ ဇီးကင်းတွေကို မြိန်ယှက်စွာ လုယူခူးစားနေမှဖြင့် တို့ကိုပေးဖို့နေနေသာသာ သူတို့တောင်
ငတ်ပြတ်လာတယ်ထင်ပါရဲ့၊ သူတို့ဆီကရဖို့ရာ မျော်လင့်ချက်မရှိဦဟု တွေးမိကြဟန်တူ၏။
ထို့နောက် ဒူးမကောင်း၍ နောက်မှ ရောက်လာသော အဒေါ်ကြီးတစ်ယောက် ရောက်လာပြီး ဇီးကင်းတွေ့လိုတွေ့ငြား
သဲသဲမဲမဲ ရှာဖွေနေ၏၊ သူတောင်းစားတစ်ဦးလည်း ထိုအဒေါ်ကြီးအား ကရုဏာသက်စွာ ရပ်ကြည့်နေ၏၊
ဇီးကင်းရှာမတွေ့သဖြင့် ဇီးရွက်လေး တစ်ရွက် ခူးဝါးလိုက်၏၊ သူတောင်းလေး မျက်လုံးပြူးသွား၏၊
အတော်သနားသွားဟန်တူ၏၊ ထိုအဒေါ်ကြီးကို သူ့လက်ထဲရှိ ဘီစကွတ် မုန့်လေးတစ်ခု လာပေး၏။
သိပ်ဆာနေရင် ဒါလေးကို စားပါဗျာ..ဟု ကြင်နာသော အမူအရာ ဖြင့်စိတ်မကောင်းစွာ ပေးလာ၏။
ထိုအဒေါ်ကြီး က အင်္ဂလိပ်စကား တော်တော်ကျွမ်းကျင်ပုံရ၏။ နိုး.. နိုး..၊ ဂိုး....ဂိုး ..ဟု လေသံမာမာနဲ့ အော်ဟစ်
ငေါက်ငန်းလိုက်၏၊ သူတောင်းစားလေး ခမျာ မျက်စိ ကလယ်ကလယ်နဲ့ လှည့်စောင်းကာ ထွက်သွားရှာလေတော့၏။
(ဘုရား၊ တရား၊ သံဃာ တည်းဟူသော) ရွေငွေရတနာတွေ အပြည့်အဝရှိသော်လည်း
(အနှစ်မဲ့ တောတောင်တည်းဟူသော) ဇီးကင်း ကိုမှ သူတို့ကြိုက်နှစ်သက်နေကြပါလားဦဟု
ထိုသူတောင်းစား တွေးမိပေလိမ့်မည်။ ရွေမြန်မာ တို့က ဤသို့တွေးမိကြလိမ့်မည်မထင်
မိမိတော့ အဲဒီလိုမတွေးရဲလို့ အံကြိတ်ရင်း အရှက်ပြုံးလေးနဲ့ ခေါင်းငုံ့ကာ ခေတ်ပေါ်တေး တစ်ပုဒ်ရေးစပ် နေလေ၏။
တစ်နှစ်ကို ကုဋေတစ်ထောင်ကျော် အကုန်ခံကြ၊
ကုလား မသမာတွေက ဘုရားဘဂဝါကို အတုလုပ်ပြ...ယို့..ယို့..ယို့..၊
ဘုရားမမြင် ကုလားဖင်သာ မြင်သွားကြ၊
ဆွေသုဒို့တောင် သိလျှက်သားနဲ့ ခံနေရ၊ အာဟ...၊ အာဟ...။
**********************************
တက္ကသိုလ် ဆွေသုဝဏ်
အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်ရဟန်းတော်များ သာယာဖွင့်ဖြိုးရေးအဖွဲ့
(M . M . W . A . I) နှစ်ပတ်လည် မဂ္ဂဇင်းမှ

No comments:

Post a Comment